Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, July 15, 2012

“မျက်ရည်တစ်စက်ဖြင့်…ကျောခိုင်းခဲ့သူ”

“မျက်ရည်တစ်စက်ဖြင့်…ကျောခိုင်းခဲ့သူ”

“အင်း…ဟင်းဟင်း….ဟင်း…”
တိတ်ဆိပ်သောညအမှောင်ယံထုက ညည်းတွားသံတို့ကို ကျယ်လောင်စွာ ပိုစေခဲ့ပြီ။ အိပ်မက်ပင်မက်နေသလား လက်တွေ့ပင်ဖြစ်နေသလားဆိုတာ သူမ မသိရှာတော့ပါ၊ ပူပြင်းနေတဲ့ ခန္ဓာကိုယ်လေးကို ညင်သာစွာပွေ့ဖက် ထားသူက သူမ၏မေမေ ဒေါ်နန်းမြင့်မိုရ်……မိုးတွေသည်းထန်စွာရွာသွန်းတဲ့ ညနေစောင်းမှာ သူမ မိုးရေထဲသို့ လျှောက်သွားခဲ့သည်။ နာကျင်ခံစားနေရသော နှလုံးသားတစ်ခုကို မိုးရေတွေနဲ့ ကုစားလို့ရနိုင်မည်တဲ့လား။
“သမီးလေး….မိုးတိမ်ယံ”
“သမီးလေးရယ်…ဖြစ်မှဖြစ်ရလေ”
ဒေါ်နန်းမြင့်မိုလ် သူမ၏ နဖူးပြင်ပေါ်သို့ ပါးလွှာသောလက်ကိုင်ပုဝါလေးဖြင့် ရေပတ်ဝတ်များတိုက်ပေးနေခဲ့သည် အဖျားကြီးလွန်းတာကြောင့် သူမ မနိုးနိုင်ခဲ့သေးပေ၊ စိတ်ရှည်စွာနှင့်ပင် သူမအား အကြိမ်ကြိမ် အ၀တ်အစားများ လဲပေးခဲ့ပြီး အဖျားကျသွားစေရန် ရေပတ်ဝတ်များတိုက်ပေးခဲ့ရာမှ အတော်အသင့်လောက်တော့ အဖျားကျသွား ခဲ့သည်။

မနက်မိုးလင်းတဲ့အချိန်မှာတော့ ဒေါ်နန်းမြင့်မိုရ် သူမ၏ကုတင်ဘေးတွင် အိပ်ပျော်နေခဲ့ပြီ၊ သူမ မျက်လုံးလေးဖွင့် ကြည့်ချိန်မှာတော့ မိခင်ဖြစ်သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကို ညင်သာစွာ လက်ကလေးဖြင့် ခေါင်းလေးပေါ်သို့ ပွတ်သပ်နေတော့သည်၊ ဘာရယ်မသိ မျက်ဝန်းမှမျက်ရည်စတွေက အလိုလိုပင် သူမပါးပြင် ပေါ်သို့ စိုရွှဲကျဆင်းလာခဲ့သည်။
သူမငယ်စဉ်တည်းက သူမ၏ရင်ခွင်တံခါးကို ဖွင့်လှစ်ခွင့်ပေးခဲ့သော မေမေ၊ မေ့မေ့ရဲ့အရိပ်အာဝသအောက်တွင် ကြီးပြင်းခဲ့ရသောသူမ၊ အရွယ်ရောက်လာပြန်တော့လည်း ရင်ဖွင့်ခဲ့ရပြန်သည်၊ သူမ၏ ခံစားချက်အားလုံးကို ပြောပြတတ်ပြီး…သူမအား နှစ်သိမ့်ပေးတတ်သော မေမေ့ကို သူမအသက်လောက်ချစ်ခဲ့သည်။
အတန်ကြာတဲ့အခါ ဒေါ်နန်းမြင့်မိုရ် နိုးလာခဲ့သည်….
“ဟင်…သမီးလေး…တိမ်ယံ…နိုးပြီလား..သမီးလေး သတိရလာပြီနော်”
“မေမေဖြင့် စိုးရိမ်လိုက်ရတာ သမီးရယ်…ဘာတွေဖြစ်တာလဲ…မေမေ့ကိုလည်းပြောပြပါအုံး၊ သမီးလေ တညလုံး အဖျားတွေကြီးပြီး သတိလစ်နေတာ…ညအချိန်မတော်ဆိုတော့….မေမေတစ်ယောက်တည်း ဘာလုပ်လို့လုပ်ရ မှန်းမသိဖြစ်နေတာ…ခုမှဘဲ စိတ်အေးရတော့တယ် သမီးလေးရယ်”
“မေမေရယ်…”ဟုဆိုပြီး ၀မ်းနဲမျက်ရည်များ စီးကျလာခဲ့သည်။
“မေမေ….ကိုကိုလေ…ကိုကို”
“ပြောလေ သမီး”
“ကိုကို မရှိတော့ဘူးတဲ့…”
“ဟင်….”
“အဟင့်….ဟင့်…အီး….ဟီး….”
“မငိုပါနဲ့ သမီးလေးရယ်…တရားနဲ့သာဖြေပါနော်”
“ဖြစ်မှဖြစ်ရလေ…ကမ္ဘာရယ်….မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ မင်းညီမလေးကို တစ်ယောက်တည်း ထားခဲ့ပြီပေါ့နော်၊ ကံကြမ္မာက သေကွဲခွဲသွားခဲ့ပြီပေါ့…”
ကမ္ဘာနဲ့သူမတို့ရဲ့အဖြစ်ကတော့…..
“ကိုကိုရေ….ကိုကို”
“ဟေး…ညီမလေး…တိမ်ယံ”
သူ့နာမည်က ကမ္ဘာတဲ့ သူမတို့အိမ်ဘေးကို မကြာခင်ကမှ ပြောင်းလာခဲ့သူပါ၊ သူမက တစ်ဦးတည်းသော သမီးလေးဖြစ်တာကတစ်ကြောင်း၊ ဖတဆိုးလေးဆိုပြီး ဒေါ်နန်းမြင့်မိုရ်ကလည်း အလိုလိုက်ထားခဲ့သူလေးဖြစ် သည်။ ဒီအချိန်မှာဘဲ တိုက်ဆိုင်စွာဖြင့် အမှတ်မထင်ရောက်လာခဲ့သူက…..“ကမ္ဘာ”ဆိုတဲ့ကောင်လေး တစ်ယောက်… တစ်ခုသောညနေခင်းမှာတော့
“ကျွီ……ဗုန်း….”
“အား….အား…..ကျွတ်…ကျွတ်…ကျွတ်”
“မေမေရေ….မေမေ….နာလိုက်တာ…အား”
“ညီမလေး…ညီမလေး…ဘာဖြစ်သွားသေးလဲ”
ပြာပြာသလဲနေအောင် သူမလဲကျရာနေရာသို့ ကောင်လေးတစ်ယောက်ရောက်လာခဲ့သည်။ သူမလဲကျသွား ခဲ့သော စက်ဘီးလေးကို ပေးထူရင်း…
“ဟုတ်….ဟုတ်ကဲ့..”
“အား….နာလိုက်တာ”
“ညီမလေး….အကို ဘာကူညီပေးရမလဲဟင်…”
“လမ်း…လမ်းလျှောက်လို့မရတော့ဘူး…ညီမလေးကို အိမ်ထဲကို ပို့ပေးပါနော်”
“ကောင်းပြီ..ညီမလေး…”
“လာ…ညီမလေး..အကို့ပခုံးကိုကူတွဲလိုက်နော်…”
“ဟုတ်ကဲ့”
ကောင်လေးရဲ့ပခုံးလေးကို သူမ အသာအယာကူတွဲရင်း အိမ်ထဲသို့လျှောက်လာခဲ့တော့သည်။
“မေမေရေ…မေမေ…”
“လာပါအုံး…..”
“ဟယ်…သမီးလေး…ဘယ်လိုဖြစ်လာရတာလဲ”
“စက်ဘီးစီးရင်းလဲသွားလို့လေ….အာ…အား…ကျွတ်…ကျွတ်…ကျွတ်”
“ဒီသူငယ်လေးက…”
“ဟုတ်..မေမေ…ဒီအကိုလာလို့ပေါ့…မဟုတ်ရင် သမီးတစ်ယောက်တည်း….ထနိုင်မှာမဟုတ်ဘူး”
“အေးကွယ်…သားရယ် ကျေးဇူးတင်လိုက်တာနော်”
“ဒါနဲ့…သားက….”
“ဟုတ်ကဲ့..ကျွန်တော်က အန်တီတို့ဘေးက ကပ်ရပ်ခြံလေးကပါ၊ ပြောင်းလာတာ တစ်ပတ်ပဲရှိပါသေးတယ်၊ ခြံရှေ့ထွက်ရင်း ဒီကညီမလေး လဲနေတာတွေ့တာနဲ့ လာခဲ့တာပါ”
“ဒါနဲ့ သားနာမည်က..”
“ကျွန်တော့်နာမည် ”ကမ္ဘာ”ပါခင်ဗျာ”
“သြော်…နာမည်လေးကလည်းချစ်စရာလေး…လူကလည်း ခန့်ချောပဲ၊ အေးကွယ်..အန်တီတို့မှာက ဒီသမီးလေး နဲ့ ဒီအမေ နှစ်ယောက်တည်းရှိတာကွဲ့၊ နောက်လည်း ၀င်ပါထွက်ပါ၊ လာလည်ပေါ့နော်…အန်တီတို့ကို မိသားစု တွေလိုပဲခေါ်ပြောပေါ့၊ သမီးလေးကတော့…ငယ်ငယ်တည်းက အဖေမရှိတော့ဘူးဆိုတော့ အန်တီက အလိုလိုက်ထားတော့ နည်းနည်းတော့ဆိုးတယ် သားရဲ့”
“ဟုတ်ကဲ့ပါ အန်တီ၊ ကျွန်တော်လည်း တစ်ယောက်တည်းပါပဲ”
“ဒါနဲ့..ခု သားတို့က မိသားစုဝင်တွေဘယ်နှစ်ယောက်လဲကွဲ့”
“မေမေရယ်၊ ကျွန်တော်ရယ် နှစ်ယောက်တည်းပါအန်တီ”
“သြော်…ဒါဆို အန်တီတို့လိုပဲပေါ့၊ အေးကွယ်…သမီးလေးကို မင်းညီမလေးလိုပဲ စောင့်ရှောက်ပါနော်”
“ဒါနဲ့ အန်တီ ညီမလေးနာမည်က…”
“မိုးတိမ်ယံပါကွယ်…အန်တီကတော့ တိမ်ယံလို့ပဲခေါ်တာပေါ့”
“စကားတွေကောင်းနေလိုက်တာ မေမေမျှော်နေတော့မှာဘဲ…အန်တီ…ကျွန်တော့်ကို ခွင့်ပြုပါအုံးနော်”
“ကောင်းပါပြီ သားရယ်”
ကောင်လေးနာမည်က “ကမ္ဘာ”တဲ့…ကောင်လေးဆိုပေမယ့်…သူမထက်တော့ (၇)နှစ်လောက်တော့ကြီးမည်၊ သူမစိတ်ထဲ တွေးနေမိသည်က…“ကမ္ဘာ”ဆိုတဲ့သူသာ သူမရဲ့အစ်ကိုတစ်ယောက်ဖြစ်လိုက်ရင် သိပ်ကောင်းမှာ ဘဲ….အို….သူက တော်ချင်မှန်း..မတော်ချင်မှန်းမသိ…ငါက ဘာလို့ တော်ရမှာလဲဟု အတွေးတွေ ၀င်နေမိသည်။
နောက်တစ်နေ့မနက်ခင်းမှာတော့ ကန်တော်ကြီးဘက်သို့ စက်ဘီးလေးစီးလာခဲ့သည်၊ သူမရဲ့ မနက်ခင်း အိပ်ရာထအလေ့အကျင့်တစ်ခုဖြစ်သည်။ စက်ဘီးစီးရသည်ကို သူမနှစ်သက်သဘောကျသည်၊ မနက်ခင်းရဲ့ လေပြေတွေကို ရှူရှိုက်ပြီးမှ သူမလုပ်ချင်သည့်အရာများကို လုပ်တတ်သည်၊ သူမ ခြံထဲမှ စတင်ထွက်ခဲ့ပြီး လမ်းတ၀က်အရောက်မှာတော့….မနေ့ကတွေ့ခဲ့သော “ကမ္ဘာ”ဆိုသောသူနှင့် ဆုံခဲ့ပြန်သည်၊ သူကပဲ သူမကို စတင်နှုတ်ဆက်ခဲ့ပြီ…
“ဟေး…ညီမလေး…ဘယ်သွားမလို့လဲကွ”
စက်ဘီးလေးနှစ်စီး အပြိုင်ရပ်လိုက်ကြပြီး…
“ဟုတ်အစ်ကို…ကန်တော်ကြီးဘက်လေ…”
“ဒါဆိုအတူတူပေါ့…အစ်ကိုလည်း အဲ့ဒီဘက်သွားမှာလေ”
“ဟာ…ဟုတ်လား…ဒါဆို သွားကြမယ်လေ”
နှစ်ဦးသား စက်ဘီးကလေးနှစ်စီး ကိုယ်စီနင်းရင်းဖြင့် ကန်တော်ကြီးဘက်သို့ရောက်လာခဲ့ကြသည်၊ စက်ဘီးကလေးတွေ ရပ်လိုက်ကြပြီး၊ ကန်တော်ကြီးရဲ့ ကန်ပတ်လည်ရေပြင်ကိုငေးကြည့်ကာ…ထိုင်ခုံလေးပေါ် ထိုင်လိုက်ကြသည်၊ ထို့နောက် သူမနှင့်ကမ္ဘာ အကြည့်ချင်းတွေဆုံသွားခဲ့ကာ ရယ်မောပစ်လိုက်ကြသည်၊ ခဏ အကြာမှာတော့….
“ညီမလေး..”
“ရှင်…”
“ညီမလေးနာမည်က မိုးတိမ်ယံနော်..”
“ဟုတ်…ကိုကို”
“ဟင်….ဘယ်လိုခေါ်လိုက်တာလဲ…ညီမလေး…”
“အာ…အယ်…အဟင်း…”
သူမ ရှက်ပြုံးကလေးပြုံးမိရက်သားဖြစ်သွားခဲ့ပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေခဲ့သည်၊ ထိုအချိန်…
“ကိုကိုလို့ခေါ်လည်း ရပါတယ် ညီမလေးရဲ့..”
“ဟုတ်…ဒါဆို…တိမ်ယံ ကိုကိုလို့ပဲခေါ်တော့မယ်နော်”
“အင်းပါ ညီမလေးရယ်”
“ဟေး….ပျော်လိုက်တာ”
“သြော်….ညီမလေးရယ်…ကိုကိုကမ္ဘာ့မှာလည်း မေမေရယ် ကိုကိုရယ်ပဲရှိတာဆိုတော့…ညီမလေးက ကိုကို့ ညီမလေးပါပဲကွယ်..နောက်ဆိုရင် ကိုကိုရယ် ညီမလေးရယ် ပျော်ရွှင်စွာနဲ့နေထိုင်ကြတာပေါ့နော်” ဟု ကမ္ဘာ ရင်ထဲ တီးတိုးညင်သာစွာ ရေရွတ်နေခဲ့မိလိုက်သည်။
နောက်တနေ့မနက်ခင်းလေးမှာတော့ ကမ္ဘာတို့အိမ်ထဲသို့ သူမ၀င်လာကာ နှုတ်ဆက်လိုက်သည်..
“ကိုကိုရေ..ညီမလေး သင်တန်းသွားတော့မယ်”
“ဟာ..ညီမလေး ဘာသင်တန်းလဲကွ”
“ညီမလေး အင်္ဂလိပ်စာသင်တန်းတက်နေတာလေကိုကိုရဲ့”
“ကောင်းတာပေါ့ ညီမလေးရဲ့”
“ကိုကိုရေ…တာ့တာ”
စက်ဘီးကလေးတစ်စီးဖြင့် ကလေးတစ်ယောက်ပမာ သွက်လက်စွာထွက်သွားခဲ့သော သူမကိုကြည့်ရင်း ကမ္ဘာတစ်ယောက် ငေးကျန်ရစ်ခဲ့ရသည်…ချစ်စရာကောင်းလိုက်တဲ့ ညီမလေးရယ်….
ကမ္ဘာနှင့်သူမတို့ ရင်းနှီးခဲ့ကြပြီး၊ သံယောဇဉ်တွေကလည်း တဖြည်းဖြည်းတွယ်ငြိလာခဲ့ကြသည် သူမတို့ရဲ့ သံယောဇဉ်တွေက တစ်ဦးကိုတစ်ဦး အံသြစရာကောင်းလောက်အောက်ပင် ချစ်ခင်ခဲ့ကြသည်၊ သို့ပေမယ့် ကမ္ဘာဟာ ရောဂါသည်လေးတစ်ယောက်ဆိုတာကိုတော့ သူမ မသိရှာခဲ့သလို ကမ္ဘာကလည်း သူမကို ပြောမပြခဲ့ မိပါ၊ ကမ္ဘာနှင့်သူမတို့ရဲ့ သံယောဇဉ်တွေ တစ်နှစ်လောက်ကြာလာသည့်အခါမှာတော့…
“ညီမလေး..တိမ်ယံ”
“ရှင်..ကိုကို”
“ကိုကိုနဲ့ညီမလေး ခွဲရတဲ့အခါ..ညီမလေး ကိုကို့ကို မေ့သွားမှာလားဟင်..”
“ကိုကိုကလည်း…ဘာလို့မေ့ရမှာလဲ…တိမ်ယံဆိုတဲ့ညီမလေးကလေ ကိုကို့ကို အမြဲတမ်းချစ်နေမှာပေါ့”
“ကိုကိုသေပျော်ပါပြီ ညီမလေးရယ်…”
“ဟင်…ကိုကိုကမ္ဘာ…ဘာတွေလျှောက်ပြောနေတာလဲ..ကိုကိုက ဘာလို့သေရမှာလဲ…ကိုကိုရယ် ညီမလေးရယ် အကြာကြီး အတူတူနေရအုံးမှာလေ”
“အေးပါ ညီမလေးရယ်…အတူတူနေရမှာပါ”
သူမ၀မ်းနဲမည်ကိုစိုး၍ သူမ မသိအောင် မျက်ရည်စတွေကို သိမ်းထားခဲ့ပေမယ် ကမ္ဘာကတော့ သူ့ကိုယ်သူ သိနှင့်နေခဲ့သည်၊ မိုးတွေဖွဲဖွဲကျတဲ့တစ်နေ့မှာတော့..
“ကိုကိုရေ…ကိုကို”
အိပ်ရာပေါ်တွင် လဲနေသော ကမ္ဘာ့ကိုကြည့်ရင်း သူမရင်ထဲ ဆို့နင့်သွားခဲ့ရသည်..
“ကိုကိုကမ္ဘာ…ကိုကိုဘာဖြစ်လို့လဲဟင်..နေမကောင်းဘူးလားဟင်…တိမ်ယံဘာလုပ်ပေးရမလဲဟင်..”
မျက်နှာလေးညှိုးငယ်စွာဖြင့် မေးလာသောသူမကို ကမ္ဘာ မကြည့်ရက်နိုင်ခဲ့တော့…
“ညီ…ညီမလေး…”
“ကိုကို..ပြော…တိမ်ယံအနားမှာရှိတယ်လေ”
မျက်ရည်တွေတလိမ့်လိမ့်ဖြင့်စီးကျသာလာခဲ့တော့သည်..ပြောမထွက်နိုင်ခဲ့တော့သော နှုတ်မှ သွေးများက စီးကျလာခဲ့သည်…
“ဟာ…ကိုကို…သွေးတွေ..သွေးတွေကျလာပြီ..”
သူမလက်ကလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်းပင် ကမ္ဘာတစ်ယောက် သူမနှင့်ဝေးရာကမ္ဘာတစ်ခုဆီသို့ လွင့်မျောသွားခဲ့တော့သည်။
“ကိုကို…ကိုကို….ကိုကို…..မေမေရေ..လုပ်ပါအုံး…ကိုကို့ကိုလည်း ခေါ်လို့မရတော့ဘူး…”
“အီး….ဟီး….အဟင့်…ဟင့်….ကိုကို…တိမ်ယံကိုချစ်တယ်ဆို…ဘာလို့ထားခဲ့တာလဲ…”
“စိတ်ကိုထိန်းပါ သမီးလေးရယ်…”
“ကိုကို..ညီမလေးကိုချစ်တယ်ဆို”
ဒီနှစ် ဇွန်လ(၂၈)ရက်ဆို ကိုကိုကမ္ဘာဆုံးသွားတာ (၁)နှစ်ပြည့်သွားခဲ့ပါပြီ..
“ကိုကိုရယ် ညီမလေးတိမ်ယံလေ ကိုကို့အတွက် ကုသိုလ်တွေလုပ်ပေးမယ်နော်..ကိုကို ကောင်းရာဘုံဘ၀ကို ရောက်ပါစေတော့နော်”
သူမအတွက် တသက်လုံးအတွက် ကမ္ဘာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူမရင်ထဲကနေ ကွယ်ပျောက်သွားနိုင်ဖို့ဆိုတာ ဖြစ်နိုင်မယ်မထင်တော့ပါဘူး။ သူမအတွက် အိပ်မက်တစ်ခုလိုပင်ဖြစ်နေခဲ့ရသည်…သူမနှင့် ကမ္ဘာတို့ရဲ့ ပြီးဆုံးခဲ့သော အတိတ်နေ့ရက်တွေကို နာရီလက်တံတစ်ခုလို ပြန်လှည့်၍ ရလိုက်ချင်ပါသည်၊ သူမနှင့်ကမ္ဘာတို့ရဲ့ဆုံခွင့်တွေဟာ နည်းပါးလွန်းခဲ့ပြီး သူမအတွက်တော့ ရှေ့ဆက်ရမည့် ခရီးလမ်းတွေအတွက် တစ်ယောက်တည်း အထီးကျန်ခြောက်သွေ့စွာနဲ့ လျှောက်လှမ်းနေရအုံးတော့မည်။ အစ်ကိုရင်းတစ်ယောက်လိုပင် သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့တွယ်တာစွာ ချစ်ခဲ့ကြရပေမယ့်လည်း..သေမင်းရဲ့ ခေါ်ဆောင်မှုတွေကိုတော့…ကမ္ဘာအပြင်..သူမတို့သည်လည်း…အားလုံးကို မျက်ရည်စက်တွေဖြင့် ထားရစ်ခဲ့ရပြီး ကျောခိုင်းသွားရအုံးမည်ဆိုတာ…မလွန်ဆန်နိုင်ခဲ့သော သဘ၀ရဲ့ရိုက်ချက်တစ်ခုပင်......။
(နှလုံးသားနှင့်စိတ်ကူး..အနုပညာကိုပုံဖော်ရေးသားဖွဲ့ဆိုပါသည်)


နေခြည်သစ်နွယ်(ပြည်)

No comments: