ဘ၀ဆိုတာ နေခြည့်အတွက်တော့
လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေရသလိုပါပဲ၊ ရှေ့စာမျက်နှာတွေမှာ ဘာတွေများဆက်ဖြစ်လာနိုင်မလဲဆိုတာတွေကို
တွေးရင်းဖြင့်..ခရီးရှည်ကြီးတစ်ခုကို သွားနေရသလိုပါပဲ၊ ငယ်ဘ၀ဆိုတဲ့ အချိန် ကာလတွေမှာ
ဘာဆိုဘာမှမသိခဲ့ရသလို..ပူပန်တတ်ခြင်း၊ စိုးရိမ်ခြင်းဆိုတာတွေကလည်း၊ အသက်အရွယ်နှင့်ပင်ဆိုင်သလားမသိ
ပေါ့ပါးလန်းဆန်းနေခဲ့ပါတယ်၊ ၀တ်ချင်တာတွေကို ရှက်ရမှန်းမသိပင်၊ စားချင်တာကိုလည်း ရှက်ရမှန်းမသိခဲ့သလောက်ပင်၊
လှချင် တဲ့အတိုင်းလေး ပြင်ဆင်ပြီး…ပေါ့ပါးစွာနဲ့ဖြတ်သန်းခဲ့ရပါတယ်၊ ခတ်ဆတ်ဆတ်စိတ်ကလေးနဲ့၊
မဟုတ်ရင်မခံ၊ ချစ်တတ်တဲ့ စိတ်ကလေးတော့ရှိနေတတ်ခဲ့တယ်၊ လိုတိုင်းတရနိုင်ခဲ့တယ်၊ ပတ်ဝန်းကျင်နဲ့
သင့်မြတ်တယ်၊ ဘော်ဒါသူငယ်ချင်းတွေနဲ့ သွားချင်တဲ့နေရာတွေလည်း သွားနိုင်ခဲ့တယ်၊ အရာရာက
လှပနေခဲ့ပါတယ်လေ၊ နေ့စဉ်အချိန်တွေဟာ တက်ကြွလန်းဆန်းတဲ့ အပြုံးတွေနဲ့ပဲ ရှင်သန်နေလာခဲ့ရတယ်၊
ဒီတော့လည်း နေခြည့်အတွက်က ဘ၀ဆိုတာ ပျော်စရာကောင်းတယ်ပေါ့….။
အသက်အရွယ် နှစ်ဆယ်ကျော်ကျော်မှာတော့
တာဝန်ယူစိတ်၊ ပူပင်စိတ်တွေနဲ့အတူ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေက ရာခိုင်းနှုန်းအပြည့်မရခဲ့တော့ပါဘူး၊
အချိန်တွေဟာ တစ်နေ့ထက်တစ်နေ့ ကုန်နိုင်ခဲသလို…ဖြတ်သန်းရတဲ့ဘ၀ကလည်း ကြာရှည် လာခဲ့သလို
ခံစားမိလာရတယ်၊ အချို့လူပုဂ္ဂိုလ်တွေက ဒီလိုလေးဖွင့်ဆိုကြတယ်..” Time is money” တဲ့…အချိန်ဆိုတာငွေတဲ့
လေ…၊ တကယ်ရော ဟုတ်လို့လားလို့ နေခြည့်စိတ်ထဲ အကြိမ်ကြိမ်တွေးမိပြန်တယ်၊ မရေရာတဲ့ မေးခွန်းတွေထဲမှာ
ရောယှက်နေ ခဲ့ရတယ်၊ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်လာခဲ့မိသလို..ကိုယ့်ရဲ့စိတ်နဲ့ ပတ်ဝန်းကျင်နဲ့
အံဝင်ခွင်ကျဖြစ်မလာတော့တာကို တွေ့လာခဲ့ရတယ်၊ အဲ့ဒီအခါ ငယ်ဘ၀ကို ပြန်လိုချင်မိတဲ့စိတ်တွေဖြစ်လာခဲ့ရပြန်တယ်
“အချိန်ဆိုတာ ငွေတဲ့”…သူတို့ပြောတာ ဟုတ်မယ်ထင်တယ်လို့ ခတ်ဆတ်ဆတ်လေး ခေါင်းကိုငြိမ့်ပြီး
အဖြေတွေ တသီကြီး ဖြေနေခဲ့မိတော့တယ်၊ ၀တ်စားဆင်ယင်မှုတွေ က မနေ့ကထက် ပိုလို့ပြောင်းလဲသွားခဲ့ပြန်ပြီ၊
ပြောဆိုတဲ့ ဟန်အမူအယာတွေက လူကြီးဆန်လာသလိုလိုနဲ့ စုဆောင်းချင်တဲ့စိတ် လေးတွေကလည်း အစပျိုးလာခဲ့သယောင်ယောင်
ဖြစ်လာခဲ့ပြန်ပါတယ်၊ “အော်…ဒါဟာ အသက်(၂၀)ပါလားလို့” တွေးမိပြန် ပါတယ်…။