Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“မှော်ရုံပြတိုက်ထဲက နှလုံးသား”

“မှော်ရုံပြတိုက်ထဲက နှလုံးသား”
နေ့စဉ်လို ဆိုင်အလုပ်တွေ၊ ၀န်ထမ်းတွေနဲ့ အလုပ်အမြဲရှုတ်နေတတ်တဲ့ သီရိမေတစ်ယောက် စိတ်ဖိစီးမှုတွေက တစ်နေ့တခြားဆိုသလိုဖြစ်လာသည်…အားလပ်ရက်မရှိလောက်အောင်ကို သီရိမေဆိုင်လေးက
အရောင်း အ၀ယ်ကောင်းလွန်းလှသည်….မေ့အနားတွင် တိုးတိုးဖော်ရယ်လို့ ချယ်ရီဆိုသော secretaryမလေး တစ်ယောက်သာရှိသည်….။
သီရိမေက ဗိုလ်ချုပ်ဈေးတွင် အထည်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားသည်မဟုတ်ပါလား…. မိဘတွေမရှိတော့သည့်နောက်ပိုင်းမှာတော့ မေတစ်ယောက်တည်း ဘ၀ကိုရုန်းကန်နေခဲ့ရသည်… အဖော်ဖြစ်သူ ချယ်ရီလေးသာမရှိခဲ့ရင် မေ့အတွက် ဘ၀ကအထီးကျန်ဆန်နေမည်သာပေါ့….။
နှစ်တွေကကြာလာတော့လည်း မေတစ်ယောက် အလုပ်တွေစေညွှန်ရာ စိတ်ဖိစီးမှုတွေကြားမှာ ဗုန်းဗုန်းလဲနေတော့ပါသည်….။
“ဟင်း….အဟင်း…..ဟင်း…..၊ ”မမမေ” ”

“ဟင်…အဖျားတွေကြီးနေပါလား…မဖြစ်ပါဘူး….ဒုက္ခပါပဲ…ညဥ့်နက်သန်းခေါင်ကြီး ဘယ်သူမှလည်းမရှိဘူး၊ ဘယ်လိုလုပ်ရပါ့မလဲ….”
ချယ်ရီတစ်ယောက် ပျာယာခတ်နေပြီ …မိန်းမသားတယောက်တည်းမို့ ဘာလုပ်လို့ဘာကိုင်ရမည်မသိဖြစ်နေ တော့သည်….မမမေအတွက် ဆရာဝန်သွားခေါ်ဖို့ရာ ညကလည်း အချိန်မတော်ဖြစ်နေပြီ…မမမေရယ် ကံဆိုးလိုက်တာနော်……ဟု ညင်သာစွာ ရေရွတ်နေမိတော့သည်….။
ပါးလွှာသောမျက်နှာသုတ်ပုဝါလေးကို ရေထဲကိုနှစ်လိုက်…ရေလေးမခြောက်တစ်ခြောက်ပုဝါလေးကို မမမေရဲ့ နဖူးလေးပေါ်တင်လိုက်နဲ့သာ ကျေနပ်နေရတော့သည်…မမမေရယ်…မြန်မြန်နေကောင်းပါစေတော့နော်…။
“အဟင်း…ဟင်း…..ဟင်း….”
မမမေရဲ့ ညည်းတွားသံတွေကတော့ အဆက်မပြတ်ပါပဲ…။
မေကတော့ အဖျားကြီးနေတဲ့အရှိန်နဲ့ စိတ်ရဲ့မသိမသာခေါ်ဆောင်ခဲ့တဲ့ အိပ်မက်တစ်ခုဆီကို ရောက်ရှိနေခဲ့ပါပြီ
ချယ်ရီကတော့ မနက်မိုးလင်းဖို့ကိုသာ အကြိမ်ကြိမ်ဆုတောင်းနေမိတော့သည်….။
မိုးအလင်းမှာတော့ ချယ်ရီတစ်ယောက် ဆရာဝန်အပြေးအလွှားခေါ်ပြီး မမမေကို ပြသခဲ့သည်….
“ဆရာ…မမမေ ဘာဖြစ်တာလဲဟင်…”
“စိတ်ပင်ပန်းမှု၊ ဖိစီးမှုတွေကများလွန်းတယ်…နောက်ပြီးတော့ သူ့မှာ…
ဝမ်းနဲ၊ ၀မ်းသာမခံစားနိုင်တဲ့ နှလုံးရောဂါအစပြုနေပြီ….သူ့ကို အလုပ်တွေက ရပ်ပြီး (၁)လလောက်တော့ အနားယူခိုင်းပါ….ဒါမှလည်း စိတ်လည်းလန်းဆန်းသွားမှာပေါ့..ဖြစ်နိုင်ရင်…လေကောင်းလေသန့်ရပြီး စိတ်ဖိစီးမှုကင်းဝေးတဲ့ နေရာမျိုးကို ခရီးထွက်စေချင်ပါတယ်….”
“ဟုတ်ကဲ့ပါ…ဆရာ”
“မမမေရယ်….မမမေကျမှ ဘာလို့ ဒီလိုရောဂါဝေဒနာတွေ ခံစားခိုင်းရတာလဲဟင်…မမမေ မြန်မြန်နိုးထပါတော့နော်….”
တစ်နေ့လုံး၊ တစ်ညလုံးဆိုသလို မှေးစက်အိပ်ပျော်နေတဲ့ မေတစ်ယောက် မျက်လုံးကလေး အသာအယာပွင့်လာပြီး…ဟိုဟိုဒီဒီကြည့်နေမိသည်…မေ့ကိုယ်မေ ဘာတွေဖြစ်သွားလဲဆိုတာ မသိလောက် အောင်ပင်….။
အတန်ကြာတော့မှ တံခါးဝမှ ချယ်ရီရောက်လာတာကိုမြင်တော့…..
“မမမေ….သတိရလာပြီနော်….”
ခေါင်းလေးအသာယာညိမ့်ကာ “အင်း”ဆိုတဲ့ အဖြေမျိုးကို “မေ” ဖြေလိုက်မိသည်…။
ချယ်ရီကတော့ မသိမသာနဲ့ပင် မမမေရဲ့ ခံစားနေရတဲ့ဝေဒနာအကြောင်းကို ဖွင့်ဟမပြောမိဖို့ ကြိတ်ပြီးကြိုးစားနေခဲ့သည်….။
ကုတင်ပေါ်မှာ လဲလျောင်းနေသော မမမေကို ကျန်းမာလာအောင် ပြုစုနေတော့သည်…. မမမေကျန်းမာလာတဲ့အခါ ခရီးထွက်ဖို့ကိစ္စ ဖြောင်းဖြောင်းဖြဖြနဲ့ ပြောရအုံးမည်သာ….အလုပ်တွေကိုသာ လောဘကြီးပြီး အမြဲလုပ်တတ်တဲ့ မမမေကို ချယ်ရီပြောဖို့ရာ ၀န်လေးနေမိသည်….။
ရက်သတ္တပတ်ကြာလာတဲ့အခါမှာတော့ မေတစ်ယောက် သာမန်လူတစ်ယောက်လို ကျန်းမာလာခဲ့တော့သည် ဒါတွေကလည်း မေ့ရဲ့ ညီမလေးလို သူငယ်ချင်းလိုချစ်ရတဲ့ ချယ်ရီကြောင့်ပါပဲ….။
“မမမေ….”
“ဘာလဲ…ချယ်ရီ…ပြောလေ”
ချယ်ရီတစ်ယောက် တွန့်ဆုတ် တွန့်ဆုတ်နှင့် မပြောမပြီး ၊ မတီးမမြည်လိုဖြစ်နေတော့လည်း ပြောရတော့မည်သာ…
“ပြောလေ..ချယ်ရီ…ဘာပြောချင်လို့လဲ”
“ဘာရယ်တော့မဟုတ်ပါဘူး…မမမေရယ်…ဟိုလေ..မမမေ…ချယ်ရီတို့ ခရီးထွက်ကြမလားလို့ပါ….”
“ဘယ်သူထွက်မှာလဲ ချယ်ရီရဲ့…ချယ်ရီလား…ဘယ်သူနဲ့လဲ…”
“မ…မဟုတ်ပါဘူး မမမေရဲ့…ချယ်ရီပြောတာက…မမမေအတွက်ပါ…..”
“ဆရာဝန်ကလည်း ပြောတယ်လေ..မမမေက အလုပ်တွေအများကြီးလုပ်တော့ တစ်ပတ်တန်သည်ဖြစ်စေ၊ နှစ်ပတ်တန်သည်ဖြစ်စေ အနားယူရမယ်တဲ့လေ…အဲဒါကြောင့် ချယ်ရီက…တနေရာရာကို မမမေကို ခရီးထွက်ဖို့အတွက် ပြောတာပါ….”
ချယ်ရီပြောလိုက်တော့မှ “မေ” စဉ်းစားမိတော့သည်….အဟုတ်ပါပဲ…မေ့ဘ၀ဟာ ဖေဖေမေမေတို့မရှိတည်း အချိန်က အထီးကျန်နေခဲ့သည်မဟုတ်ပါလား….အလုပ်နဲ့မေနဲ့၊ မေနဲ့အလုပ်နဲ့ပဲဖြစ်နေခဲ့ရသည်…အတန်ကြာ စဉ်းစားပြီးတော့မှ ချယ်ရီကို ပြန်ဖြေမိလိုက်တော့သည်….။
“အင်း…ကောင်းသားပဲ ချယ်ရီ…မမမေတို့ တနေရာရာကို သွားကြရအောင်လေ…”
“ဟုတ်..မမမေ…ဒါဆို ချယ်ရီ စီစဉ်လိုက်တော့မယ်နော်…”
ချယ်ရီတစ်ယောက်တော့ ၀မ်းသာပြီး အပျော်ကြီးပျော်နေခဲ့မိသည်….ဘယ်ကိုသွားမလဲ စဉ်းစားမိပြန်တော့… အရမ်းကို စိတ်ကြည်နူးစရာကောင်းပြီး….ရှေးဟောင်းဘုရားတွေရှိရာ… ပုဂံမြို့လေးဆီကိုသာ ဦးတည်မိခဲ့ ကြပါတော့သည်….။

လှပလွန်းပြီး တမာရနံ့တွေသင်းနေတဲ့ အညာမြေရဲ့ အလှကျက်သရေက ရင်ခုန်စရာကောင်းလှပါသည် အဲ့ဒီနေရာလေးကတော့ မြစ်ဧရာဝတီရဲ့ ကမ်းနဖူးမှာ ရှိနေတဲ့ ပုဂံဆိုတဲ့ နေရာလေးပါ ….ပုဂံမြို့လေးကို မရောက်ခင် ညောင်ဦးမြို့လေးရဲ့ နတ်သမီးကမ်းပါးကတော့ ရေတွေဖွေးဖွေးသားပေါ့….။
ယိမ်းနွဲ့နေတဲ့ ပန်းလေပြေတွေနဲ့အတူ တန်ခိုးကြီးမားတဲ့ အာနန္ဒာ၊ သဗ္ဗညုတ၊ ရွှေစည်းခုံ၊ ဂေါ့တော့ပလ္လင်(ကန်တော့ပလ္လင်)ဘုရားစေတီတွေကလည်း ရှေးမူလက်ရာမပျက် အံ့မခန်းပါပဲ…။
“သာယာလိုက်တာ ချယ်ရီရယ်…မမမေလေ…တသက်နဲ့တကိုး ဒီလိုနေရာမျိုးကို အိပ်မက်တောင် မမက်ခဲ့ဘူးပါဘူး…ချယ်ရီကို မမမေ ကျေးဇူးအရမ်းတင်သွားပြီ….”
“ရပါတယ် မမမေရယ်…မမမေအတွက်ဆို ချယ်ရီက အသင့်ပါပဲ…”
မမမေအကြောင်းကို သိနှင့်နေပြီးသော ချယ်ရီကတော့ မချိပြုံးလေးပြုံးပြီး နှစ်သိမ့်နေရှာ တော့သည်…အကြောင်းစုံကိုတော့ မမမေ မသိရှာ၊ သိခဲ့မည်ဆိုရင်လည်း…မမမေ ခံစားနိုင်မည်မဟုတ်… သြော်…မမမေရယ်…..။
ပုဂံမြို့လေးကို ရောက်လာတဲ့အချိန်မှာတော့ မေတို့ သီရိမာလာဟိုတယ်မှာ အနားယူကြပါ တော့သည်…ရန်ကုန်မြို့ကနေ တစ်ညလုံးစီးနှင်လာရတဲ့ ခရီးတွေကြောင့် မေ ပင်ပန်းနေတော့သည်…. ဘယ်လိုဖြစ်နေသည်လဲမသိ…အရင်ကအခြေအနေနှင့်မတူ…စကားလေးပြောတာ ခြေလှမ်းလေးလှမ်းနေတာမှပင် မောချင်သလိုလို ….မူးချင်သလိုလိုပင် ဖြစ်နေသည်…မေ ဘာတွေဖြစ်နေမှန်း ပင်မသိတော့….။
“မမမေ…breakfastစားရအောင်လေ…”
“မစားတော့ပါဘူး”
“မမမေ နေမကောင်းဘူးလားဟင်”
“ကောင်းပါတယ် ချယ်ရီရယ်…အော် ဒါနဲ့ မမမေ ညနေစောင်းအချိန်ရောက်ရင် ရွှေစည်းခုံဘုရားဘက် သွားချင်တယ် ချယ်ရီ”
“ဟုတ် မမမေ သွားကြတာပေါ့”
နေ၀င်ချိန်စ ဖြိုးဖြိုးဖြဆိုသလို နေမင်းကြီးရဲ့ ညနေစောင်းဆို ၀င်လာတတ်တဲ့ လှပတဲ့ နေခြည်နုနုလေးတွေက ကြည်နူးစရာကောင်းလောက်အောင်ပင်၊ နီရဲလုံးဝန်းနေသော နေရောင်ခြည်အောက်မှာ မြို့ကြီးပြကြီးတွေမှာ မြင်တွေ့ရခက်ခဲတဲ့ အညာမြေရဲ့ ဖုန်လုံးလေးတွေက တလိမ့်လိမ့်နဲ့သာပေါ့ မေတို့နှစ်ယောက် ရွှေစည်းခုံဘုရားကြီးဆီသို့ ချစ်စရာမြင်းလှည်းလေးနဲ့အတူ ထွက်လာခဲ့ကြသည်သာ….။
“ချယ်ရီ ဟိုးမှာကြည့်လိုက်ပါအုံး….”
မမမေ ပြောသည်နှင့် ချယ်ရီ လှည့်ကြည့်မိလိုက်သည်…
“ဘာတွေလဲ မမမေ….အော် လက်ညှိုးညွှန်ရာမလွဲ ရှိနေတဲ့ ဘုရားတွေပေါ့..ပြီးတော့ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုသလိုပဲလေ၊ မမမေတို့ ရန်ကုန်မြို့မှာ ဒီလို သဘာဝလေပြေအေးအေးလေး ခံစားဖို့ဆိုတာ မလွယ်ဘူးမဟုတ်လား၊ အဲ့ဒီအတွက်လည်း ချယ်ရီကို မမမေက ကျေးဇူးတင်ရအုံးမယ်နော်”
“အော်..ဘာများလဲ မမမေရယ်..ရပါတယ် ချယ်ရီနဲ့မမမေကြားမှာ ဒီလိုစကားတွေ ပြောစရာမလိုပါဘူးနော်”
မေတို့နှစ်ယောက် ခွာရှိန်ပြင်းသံခပ်သွက်သွက်လေးမောင်းနှင်လာတဲ့ မြင်းလှည်းလေးနဲ့အတူ အတွေးတွေ ကိုယ်စီ လွင့်မျောရင်း လိုက်ပါလာခဲ့ကြသည်….။
“အမလေးတို့ ရောက်ပြီခင်ဗျ”
“အော်..ဟုတ်ကဲ့”
မြင်းလှည်းဆရာ ပြောလိုက်သည်မှပင် အတွေးစတို့ဖြတ်ရင်း မေတို့ ဘုရားကို လျှောက်လာခဲ့မိကြသည်၊ ဘုရားပေါ်ကို တက်လိုက်သည်နှင့်ပင် ဘုရားရဲ့ ကမ်းပါးယံအပြင်မှာ ထိုင်နေတဲ့ လူရွယ်လိုလို လူငယ်လိုလို အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်….အဲ့ဒီအမျိုးသားကိုကြည့်ပြီး မေတစ်ယောက် အမှတ်တမဲ့ဆို လန့်သွားခဲ့ရသည်ပင်…။
“ဟယ်..”
“မမမေ ဘာဖြစ်သွားတာလဲဟင်”
“ဟိုမှာ…ဟိုမှာလေ…အော် မမမေရယ် အဲ့ဒါလူပါ”
ချယ်ရီပြောမှပင် မေ ကြည့်လိုက်မိတော့၊ ဟုတ်ပါရဲ့ လူပုံစံကတော့ ငယ်အုံးမည်သာ ဒါပေမယ့် ရှည်လျားပြီး စုတ်ဖွာကြမ်းတမ်းတဲ့ဆံပင်တွေရယ်၊ ညစ်နွမ်းပြီး ရိပြဲနေတဲ့ အင်္ကျီကိုဝတ်ပြီး ၊ သူ့ရဲ့ အမူအယာက ခက်ထန်ကြမ်းတမ်းသယောင်ထင်ရပေမယ့် စိတ်နှလုံးသားက နူးညံ့မယ့်ပုံစံမျိုး ၊ တစ်စုံတစ်ခုကို ထိခိုက်ခံစားနေရပုံပင်….မေ တဖြည်းဖြည်းနဲ့ဆိုသလို သူ့ကို အံ့သြစိတ်ဝင်စားဟန်ဖြင့် အနားကို ရောက်လာသည်နှင့် သူက မေ့ကို မော့ကြည့်လိုက်သည်၊ မေ သူ့ကိုကြည့်မိတော့ သူက မေနဲ့ပင် တူရလောက်အောင် အမျိုးသမီးပုံတူကို ရေးဆွဲနေသည်၊ မေ အံ့သြမှုတွေဖြင့် ငေးကြည့်နေစဉ်မှာတော့….
“ရှင်ငယ်…ရှင်ငယ်မဟုတ်လားဟင်”
“ရှင်ငယ်ရယ်…ကို့ကို ဘာလို့ တစ်ယောက်တည်းထားခဲ့တာလဲဟင်”
“ကိုလေ…ဒီရွှေစည်းခုံဘုရားကြီးမှာ ညနေစောင်းတိုင်း ရှင်ငယ့်ကို မျှော်နေခဲ့တာ..သိလား”
“ရှင်ငယ်ရယ်…ဘာလို့အကြာကြီး ထွက်သွားရတာလဲကွယ်…ကို့ကို မချစ်တော့လို့လားဟင်..”
သူက မေ့ပုခုံးလေးကို လှုတ်ယမ်းပြီး ပြောနေသည့်စကားများ၊ မေ့ရင်ထဲ စိုးရွံ့ထိတ်လန့်မှုတွေအစား သူ့မျက်ဝန်းတစ်စုံကိုကြည့်ရင်း သနားကြင်နာမှု၊ ကရုဏာတွေဖြစ်ပေါ်နေခဲ့မိသည်၊ သူ့ကိုကြည့်ပြီး မေ့ပုခုံးလေးပေါ် တင်ထားမိတဲ့ သူ့ရဲ့လက်တစ်စုံကို ဖယ်ရှားဖို့ပင် မေ ၀န်လေးနေမိခဲ့သည်၊ ဘာကြောင့်လဲ၊ ဘာတွေများဖြစ်သွားတာလဲ၊ မေ့ကိုယ်မေလည်း အံ့သြထူးဆန်းမှုတွေနဲ့အတူ တွေဝေတဲ့အတွေးစိတ်တို့ဖြင့် ငြင်းဆန်ဖို့ရာ ခက်ခဲနေမိခဲ့သည်….အတန်ကြာတော့မှ….
“ချယ်ရီ…ချယ်ရီ လုပ်ပါအုံး…မမမေ ရုန်းမရတော့ဘူး”
“အော်..ဟုတ်ပါရဲ့..ဒီမယ်…ဒီမယ်ရှင့်…ရှင်လူမှားနေပြီထင်တယ်…ဒါ ရှင်ငယ်မဟုတ်ဘူးရှင့်၊ သီရိမေ”
“ရှင် မလွှတ်သေးဘူးလား…ကျွန်မ အော်လိုက်မှာနော်”
ပြောပြောဆိုဆိုနှင့်ပင် ချယ်ရီက အနီးအနားရှိ လူတွေကို အော်ခေါ်မည်ပြုတုန်း မေက…သူ့မျက်ဝန်းအစုံကိုကြည့်ရင်း သနားနေမိခဲ့သည်….သတိတွေနဲ့ ထိန်းသိမ်းရင်း…
“ဟဲ့ဟဲ့…ချယ်ရီ..မအော်ပါနဲ့ဟယ်..မမမေ တောင်းပန်ပါတယ်”
“ဘာလို့လဲ မမမေ…သူက ဒီလောက် မမမေကို မလွှတ်ဘဲနေတာ”
“နေပါစေ ချယ်ရီရယ်…သူ့အကြောင်းနဲ့သူရှိမှာပေါ့…”
မေနဲ့ ချယ်ရီတို့ အငြင်းအခုန်ဖြစ်နေတဲ့အချိန်မှာဘဲ သူက မေ့ပုခုံးပေါ်မှ လက်ကလေးဖြုတ်ချရင်း ခေါင်းလေးငိုက်စိုက်ကျသွားခဲ့သည်၊ ပြီးတော့ ထိုင်လက်စဖြစ်တဲ့ ကမ်းပါးယံလေးမှာဘဲ ဆွဲလက်စ ပန်းချီကားလေးကို အသက်သွင်းနေတော့သည်၊ မေတို့လည်း ဘုရားကို လှည့်ပတ်ဖူးမြော်ရင်း ဟိုတယ်ရှိရာကို ပြန်လာခဲ့ကြတော့သည်…။
ညဦးပိုင်းရောက်တာနဲ့ ညနေစောင်းအချိန်က ဘုရားမှာဖြစ်ပျက်ခဲ့သည့်မြင်ကွင်းများကိုတွေးမိရင်း မေတစ်ယောက် သူ့အကြောင်းကို စိတ်ဝင်စားနေမိခဲ့သည်၊ သူ့မျက်လုံးတွေကိုကြည့်ပြီး မေ့စိတ်ထဲ ခံစားမှုတစ်ခုခု ဖြစ်နေသည်လား၊ ကပိုကရိုဆန်လှတဲ့ သူ့အသွင်အပြင်က ကြောက်စရာကောင်းလှပေမယ့် သူ့နှလုံးသားထဲမှာတော့ နူးညံ့တဲ့မေတ္တာတရားတွေ ဖုံးလွှမ်းနေတယ်ဆိုတာ မပြောဘဲနှင့်ပင် သိသာလွန်းလှပါသည်…မေ သူနဲ့ နောက်တစ်ခါ ဆုံချင်သေးသည်၊ သူ ဘယ်မှာနေလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘာကြောင့်ရော ဒီလိုဖြစ်သွားတာလဲ ဘာဆိုဘာမှမတော်စပ်သည့်တိုင်အောင်ပင် သိချင်သည့်ဆန္ဒများ ပြင်းပြနေလွန်းသည်၊ ထူးဆန်းသည်က မေနဲ့ပင် ချွတ်စွတ်တူရလောက်အောင်ပင် ခွဲမရသည့်သူမျိုး တကယ်ပဲ ရှိနေခဲ့သလား၊ မေ မတွေးမိတတ်တော့ပင်၊ စိတ်တွေလေးလာသည်၊ အို…မေနဲ့ ဘာဆိုင်တာမှတ်လဲ တခါမှလည်း မတွေ့ဘူးမမြင်ဘူးဘူး၊ ဘယ်သူဘယ်ဝါမှန်းလဲမသိဘဲ၊ ဘာဖြစ်လို့ စွဲလန်းနေရတာလဲ၊ မေ ဘာတွေဖြစ်နေတော့သည်လဲ မေ့ကိုယ်ပင် မသိတော့…။
အတွေးတွေက တညလုံးဆိုသလိုပင် စိုးမိုးလွန်းပြီး မေ အိပ်မပျော်နိုင်ပင်….။
ပုဂံရဲ့ နေမင်းကြီး ထွက်စပြုချိန်မှာတော့ တမာရနံ့တွေသင်းတဲ့ ပုဂံမြေရဲ့ အငွေ့အသက်ကို မေ တ၀ကြီးရှူရှိုက်နေမိတော့သည်၊ ဟိုကြည့် ဒီကြည့် အကြည့်လေးများဖြင့် သမင်လည်ပြန်ကြည့်နေမိသည်၊ သူ့ကို ရှာဖွေချင်စိတ်၊ တွေ့မိနေချင်သောစိတ်တို့က အရုဏ်ဦးမှာ စိုးမိုးနေတော့သည်၊ ဒီနေ့လည်း ရွှေစည်းခုံဘက်ကို ချယ်ရီကို အဖော်ပြုရင်း သွားမည်ဟု မေ စဉ်းစားလိုက်မိတော့သည်…။
“ဟင်…မမမေ အစောကြီးနိုးနေပါလား…ဟုတ်တယ် ချယ်ရီ…မမမေ ညက အိပ်မပျော်ဘူး”
“ဘာလို့လဲ မမမေ.. နေများမကောင်းဘူးလားဟင်…”
“ကောင်းပါတယ်..ချယ်ရီ…အော် ဒါနဲ့ မမမေတို့ ဒီနေ့ ဘုရားကို ထပ်သွားရအောင်နော်..”
“ဘယ်ဘုရားကိုလည်း မမမေ….ရွှေစည်းခုံကိုပါ…မမမေကလည်း ပုဂံမှာ ဘုရားတွေအများကြီးဥစ္စာ ဘာလို့ ရွှေစည်းခုံကိုမှ သွားချင်နေရတာလဲ”
“မဟုတ်ပါဘူး…အဲ့ဒီဘုရားလေးက ကမ်းနားနဖူးဆိုတော့ လေကောင်းလေသန့်လည်း ရတယ်လေ.. အဲ့ဒါကြောင့်ပါ၊ ဒါဆိုလည်း မမမေသဘောပါပဲ၊ ချယ်ရီကတော့ လိုက်ဆိုလိုက်ခဲ့ရမှာပေါ့…”
ညနေစောင်းအချိန် ညင်သာစွာတိုက်ခတ်လာတဲ့ အေးမြတဲ့ ပုဂံလေပြေနဲ့အတူ မေ့စိတ်ထဲ ကြည်နူးနေခဲ့၊ မေ တွေ့ချင်ခဲ့သော သူ့ကိုလည်း ဟိုဟိုဒီဒီ ဝှေ့ကာရှာဖွေရင်းနဲ့၊ တွေ့မှတွေ့ရပါတော့မည်လားဆိုတဲ့ စိတ်အသိတို့က မေ့ရင်ကို ခုန်နေဆဲ၊ သူနဲ့တွေ့ခဲ့မည်ဆိုရင် မေ ဘာလုပ်ရမှာလဲ၊ စကားတွေ ထိုင်ပြောရမလား၊ ဒါမှမဟုတ် သူ့အကြောင်းတွေ မေးရမှာလား၊ မေနဲ့ပုံတူ ပန်းချီကားလေးအကြောင်းကို စပ်စုရမှာလား၊ တလမ်းလုံး စိတ်တွေ လေလွင့်နေအောင်ပင် တရစပ်စဉ်းစားနေခဲ့တော့သည်….။
ဘုရားကြီးရဲ့ ခြေတော်ရင်းကနေ လှမ်းအကြည့်မိမှာတော့ မေသိပ်တွေ့ချင်ခဲ့တဲ့ သူ…. ဘယ်သူဆိုတာမသိပေမယ့် စိတ်ဝင်စားနေခဲ့မိတာအမှန်ပင်၊ အပျော်တွေနဲ့အတူ တက်လာခဲ့ချိန်မှာတော့… ယစ်မူးနေတဲ့ ခေါင်းတွေမှ သွေးများတစိမ့်စိမ့်ကျလာလေသလို ခံစားနေရပြီး သူရှိရာနေရာလေးဆီကို မေ အရောက်မသွားနိုင်ခဲ့တော့သည်သာ…။
“မမမေ….မမမေ….လာကြပါအုံးရှင်…လာကြပါအုံး”
ချယ်ရီတစ်ယောက် အနီးအနားလူတွေကို အော်ဟစ်ကာ အကူအညီတောင်းခံခဲ့ပေမယ့် လူသူမရှိ၊ မြင်းလှည်းဆရာကို လှည့်ကြည့်မိမှာတော့ မရှိတော့ပြီ…ဒါနဲ့ပဲ ချယ်ရီ “သူ”ဆိုသော လူကိုသာ အကူအညီတောင်းခံနေတော့သည်….။
“ဟို…ဟို..ဟိုလူ…မဟုတ်ပါဘူး…ဟိုအကို…အဲ့လေ…ဒီမှာရှင့်…ဒီမှာ၊ ခေါ်နေတာကြားလားမသိဘူး….”
ချယ်ရီခေါ်သံအပြီးမှာတော့ “သူ”ဆိုသောသူက လှည့်ကြည့်မိစဉ်..ဟိုဟိုဒီဒီဆိုသလို “သူ”ဆိုသော သူလည်း တစ်စုံတစ်ခုခုကို ရှာဖွေနေသလိုပင်…အတန်ကြာမှာတော့ ဘုရားရဲ့ ခြေတော်ရင်းတ၀က်မှာ လဲလျောင်းအိပ်ပျော်နေရှာတဲ့ မေ့ကို “သူ” တွေ့မြင်သွားခဲ့သည်… ပျာသီးပျာယာဆိုသလိုပင် ဘုရားခြေတော်ရင်း ဆင်းပြီး မေ့ကို ထွေးပွေ့ထားနေသည်…. ချယ်ရီတစ်ယောက် အူကြောင်ကြောင် မျက်ဝန်းသေလေးများဖြင့် စက္ကန့်တွေအကြာ ရပ်ကြည့်နေပြီးမှ….
“ဟေ့လူ..ဟေ့လူ..ရှင် ဘာလုပ်နေတာလဲ…ဒီမှာ မမမေ ဘာဖြစ်သွားမှန်းမသိရတဲ့အထဲ…ရှင်က လာလွမ်းနေပြန်ပြီ….”
“ဒီမှာ…ကျွန်တော့်နောက်က လိုက်ခဲ့တော့”
ချယ်ရီ ပို၍ မျက်လုံးများ ပြူးကျယ်သွားရသည်ကတော့..တစိုးတစိမှ ပြန်မပြောတဲ့သူက ကျွန်တော့်နောက်ကလိုက်ခဲ့တဲ့ဆိုတဲ့အသံကြားမိသည်နှင့် “သူ”ဆိုတဲ့သူက စကားတော့ပြောသားပဲ၊ ရူးနေတာတော့ မဟုတ်ပါဘူးဆိုတာကို ချယ်ရီ နားလည်လိုက်မိသည်…။
“ဟုတ်…ဟုတ်ကဲ့…ဟုတ်ကဲ့”
ချယ်ရီလည်း ဘာမှပြောမနေတော့ပဲ “သူ”ဆိုတဲ့ ခေါ်သွားရာနောက်ကိုသာ လိုက်လာခဲ့တော့သည်….
“သူ”ဆိုတဲ့သူ ဘယ်ကိုခေါ်သွားမည်နည်းဆိုတာကို ရင်တထိတ်ထိတ်နှင့်ပင် လိုက်လာရသည်၊ အဆောက်အဦတစ်ခုအတွင်း ရောက်ရှိသွားကာမှ…အော် ဆေးရုံကို ခေါ်လာတာပါလားဆိုပြီး ချယ်ရီတစ်ယောက် ခပ်တိုးတိုး သက်ပြင်းသံရှည်လေးကို ချလိုက်မိတော့သည်…။
ဆရာဝန်တွေ၊ ဆရာမတွေအားလုံးက မေ့ကို အခန်းတွင်း ခေါ်ဆောင်ပြီး လိုအပ်သည်များ ပြုစုစောင့်ရှောက်ဆဲ “သူ”ကတော့ အခန်းအပြင်ဘက်မှ ရတက်မအေးနိုင်၊ “သူ့”နှုတ်ဖျားမှလည်း တလှုတ်လှုတ်နှင့် တစ်ခုခုကို ရေရွတ်နေသလိုလိုပင်…
“ရှင်ငယ်…ရှင်ငယ်…မင်း ဘာမှမဖြစ်ရဘူးနော်..မင်းအနားမှာ ကိုရှိတယ် သိလား”
ချယ်ရီကတော့ မမမေ မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းရင်း “သူ”ဆိုတဲ့သူကိုလည်း သနားနေမိသည်..သူ့ခမျာ မမမေကို ဘုရားကနေ ဆေးရုံရောက်သည်ထိ သူ့ကျောပြင်ပေါ် ထမ်းပိုးရင်း ခေါ်လာခဲ့ရသူမဟုတ်လား…။
အတန်ကြာမှာတော့ ဆရာဝန်ကြီးတစ်ယောက်ထွက်လာခဲ့ပြီး…“သူ”ကတော့ အပြေးအလွှားနဲ့ ဆရာဝန်ကြီးအနားကို ရောက်နှင့်နေသည်…
“ဆရာ…ရှင်ငယ် ဘာဖြစ်သွားလဲဟင်…”
“သူငယ်က…..ကျွန်တော်က ရှင်ငယ်ရဲ့ ချစ်သူပါဆရာ…”
“ဒါဆို…ဆရာနဲ့ ခဏလိုက်ခဲ့ပါကွယ်…”
“ဟုတ်…ဟုတ်ကဲ့ပါဆရာ”
ပြောပြောဆိုနှင့်ပင် “သူ”ဆိုတဲ့သူကတော့ ဆရာဝန်ကြီးနောက် ပါသွားခဲ့ပြီး ချယ်ရီကတော့ မမမေအခန်းတွင်းသို့ စိုးရိမ်စိတ်တွေနဲ့အတူ ၀င်လာခဲ့သည်….
“မောင်ရင့်လူနာရှင်က နှလုံးရောဂါ ရှိနေတယ်… လူနာခံစားနေရတဲ့ ဝေဒနာက သက်တမ်းကကြာနေပြီ…ဒီတော့ လူနာကို အတတ်နိုင်ဆုံး စိတ်အချမ်းသာဆုံးဖြစ်အောင် ထားရလိမ့်မယ်၊ နောက်တစ်ခုတော့ လူနာကို ၀မ်းနဲဝမ်းသာ၊ အံသြမှု စတဲ့ ရုတ်တရက်စိတ်ထိခိုက်စေမယ့်အကြောင်းအရာ၊ စကားတွေကို မပြောပြဖို့ လိုအပ်လိမ့်မယ် မောင်ရင်…ဒီလိုမှမဟုတ်ရင်တော့ လောကကြီးမှာ အသက်ရှင်ဖို့က အနှေးနဲ့အမြန်ဆိုသလိုဖြစ်လာလိမ့်မယ်….”
“ဟုတ်ကဲ့ပါဆရာ”
ရှင်ငယ်ရယ်…မင်းနဲ့တူလွန်းတဲ့ မိန်းကလေးတစ်ယောက်ကို လူ့ပြည်ကို လွှတ်လိုက်ပြီးမှ မင်းလိုပဲ ရောဂါဝေဒနာတွေနဲ့ လူ့လောကကြီးကနေ ဆွဲခေါ်သွားတော့မှာလား….မသွားရဘူး…မင်း လုံးဝ မသွားရဘူးနော်…ငါ့ဘ၀ထဲကနေ ဘယ်တော့မှထွက်မသွားပါနဲ့ကွာ…မင်းဘ၀လေးရှင်သန်အောင် “ကို” အစွမ်းကုန်ကြိုးစားမယ်..မင်းလေးအနားမှာ ဖြည့်ဆည်းပေးမယ်ကွာ….အတွေးတွေနဲ့ ပြည့်နှက်နေတဲ့ မင်းထင်ရဲ့ ရင်ထဲမှာ ကောင်မလေးအတွက် ပူပန်စိတ်တွေနဲ့သာ ပြင်းပြနေပါတော့တယ်..။
အခန်းတွင်သို့ ၀င်ရန်ပြင်လိုက်ပြီး အခန်းမှပြန်ထွက်လာသော ချယ်ရီနှင့် ပုခုံးချင်းတိုက်မိသလိုပင်…မင်းထင် ခပ်တည်တည်ဖြင့် သူမအနားသို့ ချဉ်းကပ်ဝင်ရောက်လာခဲ့သည်…မင်းထင်တစ်ယောက် သူမအနားလေး ရောက်လာချိန်မှာတော့….ကယောင်ကတမ်းဖြင့် ရေရွတ်နေသော သူမရဲ့ တီးတိုးညင်သာသော အသံလေးကို ကြားလိုက်မိတော့သည်…။
“သူ…သူ…သူဘယ်သူလဲဟင်..မေ့ကို ပြောပြပါလားဟင်….မေလေ သူ့ကို…..”
ကယောင်ကတမ်းဖြင့် ပြောဆိုနေသော မေ့ကို မင်းထင် စူးစူးစိုက်စိုက်ကြည့်မိနေပြီး….
အော်…သူမနာမည်လေးက “မေ”တဲ့လား…နာမည်လေးနဲ့လိုက်အောင် ချစ်စရာကောင်းတဲ့သူလေးရယ်… မင်းကို စတွေ့စဉ်တည်းက ရှင်ငယ်အမှတ်နဲ့ အရူးတစ်ယောက်လိုဖြစ်နေခဲ့ရတာ….မင်းသိရဲ့လားကွာ.. မင်းကိုလေ…ကို….
ခန္ဓာကိုယ်လေး လှုတ်ရမ်းစပြုလာသော သူမကိုကြည့်ရင်း….မင်းထင်စိတ်ထဲမှာ ညင်သာစွာ ရေရွတ်မိသော စကားလမ်းစတို့ ပြတ်တောက်သွားခဲ့သည်…..မျက်လုံးကလေး အသာအယာပွင့်လာပြီး အံ့သြမှုတို့ဖြင့် စူးစိုက်ကြည့်နေသော သူမက…မင်းထင်ရဲ့ လက်ကလေးကို အသာအယာဖိညှစ်ဆုပ်ကိုင်လိုက်ပြီး… တစ်စုံတစ်ခုကို ဖွင့်ဟပြောချင်သလိုလို…သူမကို မထားခဲ့ပါနဲ့ဆိုတဲ့ အားငယ်တဲ့အမူအယာမျိုးတွေနဲ့ မင်းထင်ကို ကြည့်နေသည်က…မင်းထင်ရင်ထဲမှာ ရှင်ငယ်ဆိုတဲ့အသိစိတ်တွေရယ်… “မေ”ဆိုတာကိုသာ သိလိုက်သော ချစ်စရာကောင်းတဲ့ သူမကို ငေးရင်း ရင်ခုန်သံတွေက မနေ့တစ်နေ့ကလိုပင် ဖြစ်နေခဲ့ရသည်….။
ရက်တွေအတန်ကြာအောင် သူမရဲ့ ဝေယျာဝစ္စတွေကို ပြုစုပေးရင်း မင်းထင်တစ်ယောက် ဟိုးအတိတ်က ရှင်ငယ်နဲ့ပတ်သက်တဲ့ ပုံရိပ်များသဖွယ် အသစ်တစ်ဖန် အသက်ပြန်ဝင်ရှင်သန်လာခဲ့ရသည်….သူမ နေကောင်းလာတဲ့အခါ သူမရဲ့အကြောင်းစုံကို မေးမြန်းဘို့ မင်းထင် အားခဲထားခဲ့သည်…။
“မေ…..”
အံ့သြမှုတွေပြည့်နေပြီး ပြူးဝိုင်းကျယ်တဲ့မျက်ဝန်းအစုံတို့ဖြင့် မင်းထင်ကို မေ ကြည့်လိုက်မိသည်…..
“အံ့သြသွားသလား…မေ၊ မအံ့သြပါနဲ့နော်…မေ နေမကောင်းဖြစ်တဲ့ရက်တွေက ကယောင်ကတမ်းနဲ့ “မေ”လို့ ပြောခဲ့လို့ ကျွန်တော် သိခဲ့တာပါ….”
မင်းထင် ပြောလိုက်တော့မှ မေတစ်ယောက် ကိုယ့်ကိုကိုယ်ပင် ရှက်မိနေပါတော့သည်….
“မေ့အကြောင်းလေးများ သိခွင့်ရမလားလို့…”
“ဟုတ်….”
“မေက ရန်ကုန်ဇာတိပါ…မေ့နာမည်အပြည့်အစုံက သီရိမေပါ၊ ရန်ကုန်မှာ အထည်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်….“မေ့”မှာက မိဘတွေမရှိတော့ပါဘူး…မေနဲ့ချယ်ရီ နှစ်ယောက်တည်းပဲနေတာပါ…အလုပ်တွေ ပင်ပန်းတယ်ဆိုပြီး အပန်းဖြေခရီးထွက်ဖို့ ချယ်ရီကခေါ်လာတာနဲ့ ဒီပုဂံကို ရောက်လာခဲ့တာပါ….”
“သြော်…..သူမရဲ့ရောဂါအကြောင်းကို သူမ မသိရှာသေးပါလား…..မေရယ်…..”ဆိုပြီး ဘယ်သူမှမသိအောင် သက်ပြင်းရှည်လေး ချလိုက်မိသည်…။
“ဒါနဲ့…..သူ….သူကရော…”
”ဟုတ်သားပဲ….”
“ကျွန်တော့်နာမည်က မင်းထင်ပါ…ကျွန်တော်က ပုဂံသားပါ…ကျွန်တော့်မှာလည်း မိဘတွေမရှိတော့ပါဘူး…”
“ဒါနဲ့ ကိုမင်းထင်က ဘာဖြစ်လို့ ဒီလိုပုံစံတွေဖြစ်နေရတာလဲဟင်….“မေ”သိချင်လို့လား… ကျွန်တော် ပြောပြပါ့မယ်”
“သိခွင့်ရှိရင် သိချင်ပါတယ် ကိုမင်းထင်”
မေတစ်ယောက် ကိုမင်းထင်ကိုကြည့်ပြီး စတွေ့စ အပြုအမူမျိုးမဟုတ်ဘဲ လန်းဆန်းတက်ကြွနေသည် ဘာရယ်ကြောင့်ဆိုတာတော့ မေကိုယ်တိုင်လည်းမသိခဲ့ပါ….။
“ဒီလိုပါ…ကျွန်တော့်မှာ “မေ”နဲ့ မတွေ့ခင်က အရမ်းသိပ်ချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ဘူးပါတယ်၊ သူ့နာမည်က ရှင်ငယ်တဲ့..ရှင်ငယ်ကလည်း ပုဂံသူပါ….ကျွန်တော်တို့နှစ်ယောက်က သိပ်ချစ်ကြတာပေါ့… ရှင်ငယ်က ဘုရားမှာ ပုဂံလက်ဆောင်ပစ္စည်းလေးတွေ ရောင်းတယ်လေ….ကျွန်တော်ကတော့ ပုဂံသားဆိုတော့ ပုဂံကိုလာတဲ့ ဧည့်သည်တွေကို ပုဂံရဲ့သမိုင်းကြောင်းလေးတွေ ရှင်းပြတာပေါ့…ဧည့်သည်တွေကပေးတဲ့ မုန့်ဘိုးလေးတွေကို စုဆောင်းတယ်လေ…အဲ ပြီးတော့ ကျွန်တော်က ပန်းချီလည်းဆွဲပါတယ်.. ရတဲ့ပိုက်ဆံတွေကိုစုပြီး ပန်းချီနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေဝယ်ပြီး စုဆောင်းတတ်ပါတယ်…ကျွန်တော်နဲ့ ရှင်ငယ်နဲ့က ညနေစောင်းဆို ဆိုင်သိမ်းပြီး ဒီရွှေစည်းခုံဘုရားလေးမှာ အမြဲတမ်းထိုင်နေကျလေ… စကားတွေဖောင်ဖွဲ့ပေါ့…နောက်တစ်ခုက ကျွန်တော်နဲ့ရှင်ငယ် ဒီဘုရားကြီးမှာ သစ္စာတွေဆိုခဲ့ကြတာ အကြိမ်ကြိမ်ပဲပေါ့ဗျာ….တစ်နေ့တော့ ရှင်ငယ့်ဆီကို မထင်မှတ်တဲ့ ရောဂါဆိုးကြီးတစ်ခု ၀င်ရောက်လာခဲ့တော့တာပေါ့…”
“ရှင်ငယ့်ရောဂါက ဘာရောဂါလဲ ကိုမင်းထင်…ပြီးတော့ မြို့ကိုတက်ပြီးတော့ရော မကုသဘူးလား..ဒီခေတ်မှာ ဆေးဝါးတွေ ဒီလောက်တိုးတက်နေတာလေ…”
“ရှင်ငယ့်ရောဂါက သွေးကင်ဆာတဲ့လေ….ကျွန်တော်ကုတာပေါ့…ဒါပေမယ့်လည်း ရှင်ငယ့်ကို အဲ့ဒီရောဂါဆိုး ကြီးက အနိုင်ယူသွားခဲ့ပါတယ်ဗျာ….ရှင်ငယ်က နောက်ဆုံးထွက်သက်မှာ ကျွန်တော့်လက်ပေါ်မှာပါ…”
“အကို…ရှင်ငယ်သေသွားခဲ့ရင်…အကို လောကကြီးမှာ အသက်ရှင်နေပါနော်…ပြီးတော့ ရှင်ငယ်မရှိတော့ ပေမယ့်လည်း ရှင်ငယ်လေ…အကို့အနားမှာ အရိပ်တစ်ခုလိုရှိနေမယ် သိလား….ရှင်ငယ် အကို့ဆီကို ပြန်လာခဲ့မယ်နော်….အကို ရှင်ငယ့်ကိုစောင့်နေပါနော်..”
“ကျွန်တော့်ကို ရှင်ငယ် ပြောသွားခဲ့တယ်လေ….သူပြောသလိုပဲ….“မေ”က ရှင်ငယ်နဲ့ခွဲမရအောင် တူနေတော့ ကျွန်တော် စတွေ့တုန်းကဆို ရှင်ငယ်အမှတ်နဲ့ ရူးသွပ်သွားခဲ့မိတယ်ဗျာ…”
“အော်…ကိုမင်းထင်နဲ့ ရှင်ငယ်တို့ သိပ်ချစ်ခဲ့ကြတာပဲနော်…”
“ဟုတ်တယ်ဗျာ….ဟောဒီပုဂံမြေကြီးက ကျွန်တော်နဲ့ ရှင်ငယ်တို့ရဲ့ နှလုံးသားပြတိုက်တွေပေါ့ဗျာ၊ ဘယ်နေရာကိုပဲကြည့်ကြည့်၊ ဘယ်နေရာကိုပဲသွားသွား ကျွန်တော်နဲ့ ရှင်ငယ်တို့ရဲ့ အရိပ်တွေ၊ နှလုံးသားတွေက ပုဂံပြည်ကြီးမှာ သစ္စာတွေ တည်ခဲ့ကြတယ်ဗျာ…ကျွန်တော် ယုံကြည်မိတယ်“မေ”….“မေ”ဟာ ရှင်ငယ်က လွှတ်လိုက်တဲ့ ကျွန်တော့်အတွက် သစ္စာနှလုံးသားတစ်စုံပဲဖြစ်လိမ့်မယ်….”
“ရှင်….”
မှေးစင်းနေသော မျက်လုံးလေးတစ်စုံမှာ ပြူးကျယ်သွားရလောက်ပင် မေ ဖြစ်သွားရသည်….
“မေ…ဟုတ်တယ်မို့လားဟင်…ဘာကိုလဲ ကိုမင်းထင်”
“ဆောရီးဗျာ…ကျွန်တော့်ဆန္ဒတွေ စောသွားတယ်ဗျာ….ကျွန်တော့်စိတ်ထဲမှာ ရှင်ငယ်နဲ့ပတ်သက်ပြီး အရူးတစ်ယောက်လို ခံစားနေရလို့ပါ..”
ကျွန်မစတွေ့ခဲ့တဲ့ “သူ”ဆိုတဲ့ ကိုမင်းထင်ရယ်…သစ္စာနှလုံးသားတဲ့လား…မေ့ကို ရှင်ငယ်အဖြစ်နဲ့မဟုတ်ဘဲ “မေ”ဆိုတဲ့ ကောင်မလေးကို ချစ်ကြည့်ပါလားဟင်….“မေ”လေ “သူ”ဆိုတဲ့ ကိုမင်းထင်ကို စတွေ့တည်းက ဘာရယ်မှန်းမသိခဲ့ဘဲ မေ့နှလုံးသားထဲမှာ ရင်းရင်းနှီးနှီးနဲ့ ချစ်နေခဲ့မိတာပါရှင်…ဒါတွေကို “သူ”မသိခဲ့ပါဘူး… “သူ”ပြောသလိုပဲ ရှင်ငယ်ဆိုတဲ့ ကောင်မလေးက မေ့ကို ကိုယ်စားလွှတ်လိုက်တယ်ဆိုရင်ပဲ မေယုံကြည်ပါတယ်…ဘာလို့လဲဆိုတော့ မေနဲ့ ရှင်ငယ်နဲ့က အတော့်ကို ဆင်တူနေခဲ့တာကိုး…ဒါပေမယ့် “သူ”ရယ်….လက်ရှိအချိန်မှာ “သူ့”ရှေ့မှာ ရှိနေတာက ရှင်ငယ်မှမဟုတ်ဘဲ…“မေ”လို့ခေါ်တဲ့ သီရိမေပါ…“သူ”သာ ရှင်ငယ်မဟုတ်တဲ့ မေ့ကို ရှင်ငယ်အမှတ်နဲ့မဟုတ်ဘဲ “မေ”ဆိုတဲ့ကောင်မလေးကို ရှင်ငယ့်လို ချစ်ရင် “မေ”လေ အရမ်းပျော်နေရမှာပါ “သူ”ရယ်…ဆိုပြီး မေတစ်ယောက် မင်းထင်ကိုကြည့်ပြီး တီးတိုးရေရွတ်နေလိုက်မိသည်……။
ပုဂံကိုထွက်လာခဲ့တာ ခုဆို မေတို့ နှစ်ပတ်နီးပါးပြည့်သွားပြီမို့…ရန်ကုန်ကိုပြန်ဘို့ ပြင်ဆင်ရတော့မယ်…..
“ချယ်ရီ…ရှင်…မမမေ”
“မေတို့ မနက်ဖြန် ရန်ကုန်ဆင်းကြမယ်…ဟိုမှာလည်း အလုပ်တွေက ရှိသေးတယ်မဟုတ်လား …. ဘာမှစိတ်ချရမှာမဟုတ်ဘူး….”
“ဟုတ်ကဲ့ပါ မမမေ…အော်..ဒါနဲ့ မမမေ…ဟို…ဟို…ကိုမင်းထင်ကြီးကိုရော…နှုတ်မဆက်တော့ဘူးလား”
“နေပါစေတော့ ချယ်ရီရယ်…..ရှိပါစေတော့….”
မေ့စိတ်ထဲမှာ သူ့ကို အပြေးလေးနှုတ်ဆက်ချင်ခဲ့ပေမယ့် လက်ပြဖို့ အားမရှိတာ သေချာခဲ့ပါပြီ….“သူ”ရေ…သူလည်းပဲ သူ့ရဲ့နှလုံးသားတွေက ပုဂံပြည်မှာ သစ္စာမြေဖြစ်ခဲ့သလို…. မေ့ရဲ့နှလုံးသားတွေကိုလည်း…ဟောဒီပုဂံပြည်ကြီးဆီမှာ “သူ”နဲ့အတူတူ  သစ္စာတွေအပ်နှံထားပြီး… ပုဂံပြည်ရဲ့….မှော်ရုံပြတိုက်ထဲမှာ မြှုပ်နှံထားခဲ့လိုက်ပါပြီ “သူ”ရယ်….။
ပုဂံမြေလေးကနေ “မေ”တို့ ထွက်ခွာလာခဲ့ချိန်မှာတော့ အလွမ်းတွေနဲ့ ကျန်ရစ်ခဲ့တဲ့ ပုဂံမြေကိုကြည့်ရင်း မေ မျက်ရည်တွေကျခဲ့ရသည်…ကားလေးက တလိမ့်လိမ့်နဲ့ဆိုသလိုပင် ပုဂံမြို့လေးကနေ ဖြတ်ကျော်လာခဲ့တာ ခရီးတ၀က်တောင် ရှိခဲ့ပြီ….ကားပေါ်ကနေလှမ်းအကြည့်မိမှာတော့..လက်ပြကာ တားနေတဲ့ လူတစ်ယောက်… သူ..ဘယ်သူပါလိမ့်ဆိုတဲ့ အတွေးမျိုး မေ ၀င်လာခဲ့သည်….
မေတို့ကားလေးထိုးရပ်ပေးချိန်မှာတော့…..
“သူ”..ကိုမင်းထင်….ဟုတ်ပါတယ်..မေ”
“ကျွန်တော် ညက တစ်ညလုံးစဉ်းစားခဲ့ပြီးပါပြီ…ကျွန်တော်လေ…မေ့ကို သံယောဇဉ်တွေ တွယ်ညိနေခဲ့မိပြီ…. မေ့ကိုလည်း အရမ်းချစ်တယ်ဗျာ….ရှင်ငယ်အမှတ်နဲ့မဟုတ်ဘဲ…“မေ”ဆိုတဲ့ သီရိမေလေးကိုပဲ တစ်သက်လုံး ချစ်သွားမယ်ဗျာ…ပြီးတော့လေ…“မေ” ရန်ကုန်ကို မပြန်ပါနဲ့တော့ဗျာ…နော်…ကျွန်တော်နဲ့အတူတူ ပုဂံမြေမှာ နှလုံးသားသစ္စာတည်ကြရအောင်လေ….“မေ” ကျွန်တော်နဲ့အတူ နေခဲ့မယ်မဟုတ်လားဟင်…”
ကြည်နူးနေသော “သူ့”ရဲ့မျက်နှာ၊ “သူ့”ရဲ့ အပြုံး၊ “သူ့”ရဲ့အချစ်တွေနဲ့ပင် မေ့ရဲ့ဘ၀ကို လှပသက်ဝင်စေခဲ့ပါပြီ“သူ”ရယ်….မေ စိတ်ကူးယဉ်ခဲ့ရတဲ့…“သူ”နဲ့အတူ မခွဲဘဲ ပုဂံမြေမှာ သစ္စာတည်ဘို့…သူ့ရဲ့လက်ကိုတွဲပြီး..လျှောက်လှမ်းသွားချင်တဲ့သူပါ….
ရွှန်းလဲ့သောမျက်ဝန်းများဖြင့် မေတစ်ယောက် “သူ့”ကိုကြည့်ပြီး ပြန်ပြောလိုက်မိသည်….။
“သူ”ရယ်….မေလေ…”သူ့”ကို အရမ်းချစ်ပါတယ်ကွယ်
“သူ”ခေါ်မယ်ဆိုလေ….မေလေ ပုဂံပြည်တင်မဟုတ်ပါဘူး….ဟိုး…၀င်္ကဘာထဲထိလည်း လိုက်ခဲ့ပါရစေနော်…”
“သိပ်ချစ်တယ်…မေရယ်….”
“ဒီနေ့ကစပြီး ကိုနဲ့မေ ဘယ်တော့မှမခွဲဘဲ ပုဂံပြည်ကြီးကို သစ္စာတည်လို့…..တို့တွေရဲ့ နှလုံးသားတစ်စုံကို မှော်ရုံပြတိုက်ထဲမှာ သိမ်းဆည်းထားကြမယ်နော်…”
“အင်း…”
“မေ” ခေါင်းလေးကို အသာအယာငြိမ့်ပြီး “သူ”နဲ့အတူ ပုဂံမြို့လေးကို နှစ်ယောက်အတူ ကြည်နူးပီတိရင်ခုန်သံတွေဖြင့် နှလုံးသားတွေရဲ့ သစ္စာပြယုဂ်ကို ပုံဖော်ထုဆစ်ရန် လိုက်ပါလာခဲ့ပါတော့သည်… ဒီအချိန်မှာ ညင်သာတဲ့လေပြေနဲ့အတူ သယ်ဆောင်လာတာကတော့ တမာရနံ့သင်းသင်းလေးက မေ့နှလုံးသားထဲကို ချစ်သောသူနဲ့အတူ စီးမျောသက်ဝင်စေခဲ့ပါပြီ…မေ့နှလုံးသားမှာ၊ မေ့ဘ၀ထဲမှာ ထာဝရပြီးပြည့်စုံခဲ့ပါ…“သူ”ရယ်…ဟု တီးတိုးရေရွတ်မိရင်း…“သူ့”ရဲ့  ပုခုံးလေးအပေါ် အသာအယာမှီတွယ်ရင်း နွေးထွေးခြင်းတွေနဲ့အတူ..မေတစ်ယောက် ပျော်ရွှင်ကြည်နူးချမ်းမြေ့နေခဲ့သည်ပင်……
ခုတော့လည်း…. လောကကြီးက တိတ်ဆိပ်ငြိမ်သက်လွန်းပြီး…..လှပလွန်းနေခဲ့တော့သည်….နေခြည်နုနုလေးတွေနဲ့အတူ… ပန်းကလေးတွေကလည်း အရောင်အသွေးစုံလင်စွာနဲ့ ဖူးပွင့်နေခဲ့ကြပြီပေါ့…….။

“ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

No comments: