Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 12, 2012

“သင်ခန်းစာမှ…အမှတ်တရသို့”

ဒီနေ့ ကျွန်မ ကဗျာလေးတစ်ပုဒ် တင်ဖြစ်ခဲ့ပါတယ်။ ကဗျာခေါင်းစဉ်လေးကတော့ “ကဗျာဟူသည့်အကြောင်း” ဖြစ်ပါတယ်။ ယခုပို့စ်လေးကို ရေးဘို့ဖြစ်လာခဲ့ရသည့် အကြောင်းအရင်းလေးကို အစမပျိုးမီ ကျွန်မရဲ့ ခံစားချက်၊ အတွေ့အကြုံလေးကို ဖော်ပြပါရစေ……
ကျွန်မက အမှန်ဆိုတော့ ကဗျာကိုမချစ်တတ်သလို၊ ကဗျာတွေကိုလည်း နှစ်ခြိုက်စွာ မဖတ်တတ်ခဲ့သူရယ်ပါ။ စာအုပ်လေးတွေများ ၀ယ်ဖြစ်ခဲ့ရင် မှတ်သားစရာ သုတစာလေးတွေနဲ့အတူ ဘာသာရေးစာအုပ်တွေကိုသာ ၀ယ်ဖြစ်ခဲ့သူပါ….။
ကဗျာတွေကို စိတ်ဝင်စားစွာ မဖတ်ဖြစ်ခဲ့ပုံလေးကို “ငါကဗျာဆရာမဟုတ်ပါဘူး…ဒါပေမယ့် အနုပညာကို ချစ်တယ်” ဆိုသည့် ပို့စ်လေးမှာ ရေးသားခဲ့ဘူးပါတယ်။ အမှန်တကယ်ပါပဲ ကျွန်မ ကဗျာကို မလိုက်စားခဲ့ပါဘူး။ ရောင်ဝါးဝါးဖြစ်နေပြီး လွယ်အိတ်တစ်လုံးနဲ့ စာရွက်ဖြူဖြူလေးတွေကိုင်လာတတ်တဲ့ ကဗျာဆရာပေါက် စလေးတွေကို တွေ့မြင်တိုင်း ပြောတတ်ခဲ့တဲ့စကားလေးတစ်ခွန်းကတော့ ….

“လှပစွာ ဖူးပွင့်စေချင်”

နှလုံးသားမှသည်..ကဗျာအစချီ

ကာရန်မညီသည်..စာပမာခြယ်ဆီ

ပုံပမာသည်..မော်ဒန်ကဗျာဆီ….။

ရေးတော့လေ..အချိုးနည်း

တွေးတော့လေ..အရိုးဆုံးကွဲ့

သြော်…တုံးအအ ကဗျာဆရာမဟဲ့…။

“ကဗျာဟူသည့်အကြောင်း”

ကဗျာဟူသည် ကာရန်ညီသည်

ဆိုစကားသည် ကြားဘူးကြသည်

မှတ်သားရသည် စကားအလှရည်

မာယာကြွယ်သည် ကဗျာကာရန်ညီ

ရင်တွင်းစကားသည် ကဗျာအလှသီ

ထာဝရဖွဲ့သီ နှလုံးသားအစမှီ

နက်ရှိုင်းမွှေးသည် ကဗျာရဲ့အလှပေသည်…။

“ရှိပါစေတော့ကွယ်”

သူ့နာမည်က မိုးစက်လေးလို့ခေါ်ပါတယ်၊ ကောင်းကင်ပေါ်မှာ တိမ်စိုင်က ပြေးလွှားဆော့ကစားနေတော့ သူဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်လေ။ သူက တစ်နှစ်မှာ လေးလသာ လူ့ပြည်သို့ ကြွေဆင်းခွင့်ရတာမို့..
“တိမ်စိုင်တွေရယ်…ဒီအချိန်ဟာ ငါ့အချိန်ပဲလေ”
“မင်းတို့ ဘာတွေလုပ်နေကြတာလဲ”
“အေးပါ မိုးစက်ရာ…တိမ်စိုင် ခုမှ ကစားကောင်းတုန်းပဲရှိသေတာလေ”
“မိုးစက်ကို သူတို့မျှော်နေမှာဘဲ….”
“ဘယ်သူတွေလဲ မိုးစက်…”
“ဘယ်သူတွေ ရှိရမှာလဲ…လူ့ပြည်ကပေါ့ကွာ”
ဒီအချိန်ဆို လူ့ပြည့်က သူတို့တွေ မျှော်နေကြရောပေါ့၊ လွန်ခဲ့တဲ့ လေးလတုန်းက သူတို့ခမျာ ပူအိုက်နေကြရရှာတာလေ၊ ပြီးတော့လည်း..သူတို့ရဲ့ စားဝတ်နေရေးအတွက် မိုးစက်က အဓိကပဲမဟုတ်လား၊ တိမ်စိုင်တို့ရယ်…မင်းတို့မြန်မြန်ကစားကြပါတော့နော်….
မိုးစက် လူ့ပြည့်ကိုဆင်းရန်အတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်နေရသည်…ထိုအချိန်တွင်မတော့ တိမ်စိုင် တို့က လူးကာလွင့်ကာဖြင့် အရှေ့မှအနောက် တောင်မှမြောက် ဟိုသည်ပြေးလွှားကောင်းနေကြသည်။
“တိမ်စိုင်…မိုးစက်ပြောစရာရှိတယ်”