Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, December 31, 2012

“ပြာရီမိုးသားထက်က..ရေပြင်ကျယ်”

“ပြာရီမိုးသားထက်က..ရေပြင်ကျယ်”

ညှို့မှိုင်းပြာရီ၊ တိမ်စိုင်တွေဟာ
ဟိုဒီပြေးလွှား၊ စစ်ခင်းနေတာ
ဝေဟင်ယံတင့်၊ ကောင်းကင်ပြင်ကြယ်မှာ…။
စိမ်းစိုပြာလဲ့၊ ရှမ်းတောင်တန်းလည်း
မြူခြေအုံ့ဆိုင်း၊ ပင်တိုင်းညီညာ
အလှဝေဖြာ၊ သဘာဝရယ်ပါ…။
ကျယ်ပြောအလျင်၊ မြေပြင်တစ်ခွင်
အင်းလေးကန်သာ၊ နှလုံးသားမှာ
ကဗျာဖွဲ့ချင်တာ…။
ကန်ရေပတ်လည်၊ အင်းလေးပြင်ကျယ်
လှေလှော်တောင်သား၊ မျှော်ကြည့်မိရာ
တောင်တန်းဆီမှာ၊ အဖော်ရယ်မပါ….။

“နှုတ်ဆက်ပါတယ်.....ဒီဇင်ဘာရယ်..”

“နှုတ်ဆက်ပါတယ်.....ဒီဇင်ဘာရယ်..”

ညနေ (၆)နာရီထိုးခဲ့ပြီ
နှစ်သစ်ကိုရောက်ဖို့အတွက်
နာရီပေါင်း (၆)နာရီစောင့်ရအုံးမည်
မွန်းကျပ်ကျပ်..အခန်းကျဉ်းလေးထဲ
တစ်ယောက်တည်း...အဖော်တွေမပါခဲ့လဲ
ရင်ဘတ်ထဲကဆန္ဒ...
Happy New Yearရယ်လို့
တစ်ယောက်တည်း..ဟစ်ကြွေး
ဘေးဘေးဘီ..လှည့်ကြည့်မိတယ်
ရင်ဘတ်ထဲကဆန္ဒ...
ယောင်ယောင်တမ်းတလိုက်မိတာပါ...
ဟော..ဟိုမှာ...
လမင်းကလည်း..သာနေပြီ
ကြယ်တွေကလည်း..စုံနေပြီ...
မီးရှုးမီးပန်းတွေက...
ကောင်းကင်ပေါ်..ပြန်ကျဲ့လာခဲ့
ပြုံးရိပ်တစ်ခုက..
ကောင်းကင်ကလမင်းနဲ့အပြိုင်..
ဝါး....ဆိုတဲ့..အံ့သြသံတစ်စုံက
နှုတ်ဖျားကထွက်လာမိတယ်..
ကမ်းလင့်နေတဲ့လက်တစ်စုံက..
မြေပြင်လွှာပေါ်...သက်ဆင်းကြွေကျတယ်

Saturday, December 29, 2012

“ရှင်သန်ခြင်းအလွမ်း”

“ရှင်သန်ခြင်းအလွမ်း”

ခုချိန်မှာ..
ငါ..အရမ်းလွမ်းနေတယ်
မင်းကတော့..သိနိုင်ပါ့မလား..
အထီးကျန်နေ့တွေညတွေတိုင်းမှာ
ငါကတော့..တစ်ယောက်တည်း..
မနက်ဖြန်တွေတိုင်းအတွက်
မျှော်လင့်ချက်အသစ်တွေနဲ့
အတူတူဖြတ်သန်းချင်ခဲ့ပေမယ့်
နေ့စွဲတွေတိုင်းက..
ငါ့အတွက်…မလှပတဲ့နေ့ရက်တွေပဲလေ
လက်တွဲဖို့ကြိုးစားခဲ့ပေမယ့်
ဖေးကူဖို့..လက်တစ်စုံက..
ငါ့အနားမှာမရှိနိုင်ခဲ့ဘူးလေ…
ကြိုးစားမှုအရာတိုင်းက..
တန်ပြန်သက်ရောက်မယ်ဆို…
ငါ့ရဲ့ကြိုးစားမှုတွေဟာ…
အလွဲတွေပဲဖြစ်ခဲ့ပြီထင်တယ်
အားလုံးအတွက် လှတဲ့မနက်ဖြန်တွေဟာ
ငါ့အတွက်..မွန်းကျပ်နေတဲ့အလွမ်းတွေပဲ…ဖြစ်လာခဲ့ပြီနော်…..။


နေခြည်သစ်နွယ်(ပြည်)

“ဆန့်ကျင်ဘက်နှလုံးသား”

“ဆန့်ကျင်ဘက်နှလုံးသား”
ငါဟာ lawyerတစ်ယောက်ဖြစ်ပေမယ့်
ငါ့နှလုံးသားက..နူးညံ့သိမ်မွေ့ပါတယ်။
ခက်ထန်နေတဲ့…စံပုံစံယူနီဖောင်းဝတ်ခဲ့ပေမယ့်
ငါ့ရဲ့စိတ်ဓါတ်ကတော့…
ဖော့ဖယောင်းလို…ပျော့ပျောင်းနေခဲ့ပါတယ်…။
ရုံးတော်မှာ Instructionတွေ…အကြိမ်ကြိမ်ယူခဲ့ပေမယ့်
ငါ့ရဲ့ကိုယ်ရေးကိုတောင်…
ငါကိုယ်တိုင်ပြန်မရေးကြည့်မိသေးပါဘူး။
ရုံးတော်မှာ စွဲချက်တွေတင်ခဲ့ပေမယ့်
ငါ့နှလုံးသားက မယုတ်မာခဲ့ပါဘူး….။
လျှောက်လဲချက်တွေပေးခဲ့တာဟာ
အမှားကို တိမ်းရှောင်ခဲ့ခြင်းမဟုတ်
ပြစ်ဒဏ်ကို…သက်သာစေဖို့ပါ….
ဒါပေမယ့်…ငါ..ဆင်ခြေမပေးတတ်ပါဘူး။
ရုံးတော်မှာ…ထောင်ဒဏ်တွေချမှတ်ခဲ့ပေမယ့်
အပြစ်မရှိဘဲ…ငါ…မရက်စက်တတ်ခဲ့ပါဘူး…။

Thursday, December 27, 2012

“ဇရာပြိုချိန်”

“ဇရာပြိုချိန်”

လုံမကလေး၊ လှပါပေတယ်

ချီးမွမ်းစကား၊ နားဆီကြား၍

ပြုံးရိပ်ရှက်ဖွယ်၊ ပီတိဖြာ….။

လုံမကလေး၊ တသွေးတမွေး

လှရက်နိုင်တယ်၊ ရင်ထဲစိတ်ဝယ်

ကိန်းအောင်းမွေ့လျော်..ပျော်ရတယ်။

လုံမကလေး၊ အလှပြိုတယ်

ဇရာအိုဝယ်၊ နားဆီကြားတယ်

အားငယ်စိတ်တို့၊ ကြုံရတယ်…။

Wednesday, December 26, 2012

(၂၀၁၃)ခုနှစ် ချစ်သူများနေ့အတွက် ကဗျာစာအုပ်လေးပါ


(၂၀၁၃)ခုနှစ်....ဖေဖော်ဝါရီ(၁၄)ရက်မှာ ကျရောက်လာမယ့် ချစ်သူများနေ့အတွက်...ထုတ်ဝေမယ့်
နေခြည်သစ်နွယ်(ပြည်)ပါဝင်သော..ကဗျာစာအုပ်မျက်နှာဖုံးဒီဇိုင်းလေးပါရှင်
ဖေ့ဘွတ်တွင် ၀င်ရောက်ကြည့်ရှုလိုပါက....
http://www.facebook.com/naychithitnweပါရှင်....

နေခြည်သစ်နွယ်(ပြည်)

“လမင်းသာတဲ့ညက….ငိုကြွေးတမ်းတချစ်သ၀ဏ်လွှာ”

“လမင်းသာတဲ့ညက….ငိုကြွေးတမ်းတချစ်သ၀ဏ်လွှာ”
ကောင်လေးရေ…ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ အလိုလိုလွမ်းတသသစိတ်တွေက ကောင်မလေးရဲ့ရင်ကို ပူလောင်စေခဲ့ပါတယ်၊ ဒါပေမယ့်လေ အလွမ်းတွေကိုပဲ ကျေနပ်စွာနဲ့ခံယူနေမိတယ်…တိတ်ဆိပ်တဲ့ဆောင်းညမှာ ကောင်မလေးကတစ်ယောက်တည်း.. လမင်းကြီးကို မော့ကြည့်နေမိခဲ့တယ်၊ လမင်းကြီးရဲ့ဘေးမှာ..ကြယ်ဖြူလေးနှစ်လုံးရှိနေတယ်။ အရင်ညတွေကလောက် ကြယ်တွေမစုံခဲ့ပေမယ့် လမင်းကိုကြည့်ရင်း ကောင်မလေး ပြုံးနေခဲ့မိတယ်…ကောင်လေးရော..ငေးကြည့်နေမလားဟင်..။
(၅၂၈)ချစ်ခြင်းရဲ့ကောင်းကင်အောက်မှာ ကောင်လေးနဲ့ကောင်မလေးဟာ သုခုမလိပ်ပြာနှစ်ကောင်အဖြစ် တောင်ပံခတ်သံတွေက နာရီမှန်စည်းချက်တွေနဲ့အတူ ဟာမိုနီစီးမျောဖွဲ့ဆိုခဲ့ရင်း..တဒင်္ဂအချစ်တွေက အထင်ကရအချစ်တွေနဲ့ တိုးလို့သာနေခဲ့ပြန်ပါတယ်၊ မြန်မာပြည်ကြီးရဲ့တစ်နေရာမှာ ကောင်လေးရယ်…ကောင်မလေးရယ် ဆုံဆည်းခဲ့ကြပေမယ့်…မရေမရာအလွမ်းတွေက အချိန် တိုင်း တမ်းတမိရပါတယ်။ ကောင်လေးချစ်တဲ့ ပင်တိုင်စံကောင်မလေးက တစ်နေ့နေ့မှာ မေ့မသွားခဲ့ပါဘူး…အချိန်တိုင်း သတိရနေ ခဲ့တာမို့ ကောင်လေး ထာဝရ၀မ်းသာနေရမှာပါ….။
ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ ဖြူစင်ခြင်းအချစ်တွေရဲ့ ပန်းချီကားတစ်ချပ်ရဲ့တန်ဘိုးကို ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ နှလုံးသားပြတိုက်မှာ မော်ကွန်းထိုးခဲ့လိုက်ပါပြီ…ရင်ခုန်သံစစ်စစ်တွေနဲ့…လမင်းသာသောညတစ်ညမှာ ကုမဒြာပန်းလေးတွေက လမင်းရဲ့အလင်းရောင်ကို ခံယူလို့….လမင်းဖြူက ကုမုဒြာတို့ရဲ့ရနံ့ကို ကောင်းကင်ကနေ ခေါင်းငုံ့နမ်းရှိုက်လို့..ကောင်းကင်နဲ့မြေ လွှာ နေရာချင်းမနီးစပ်ပေမယ့် လမင်းနှင့်ကုမုဒြာတို့ရဲ့ ရှင်သန်မှုမှာ ထိတွေ့ခွင့်မနီး..ပေါင်းစည်းခွင့်မကြုံ…ခိုင်မြဲသောသစ္စာနဲ့ ဝေးကွာသောနီးစပ်မှုတွေက ကမ္ဘာတည်စေခဲ့ပြီလေ…။

Tuesday, December 25, 2012

“ခိုက်ခိုက်တုန်အောင်ချမ်းတဲ့..မေ့နှလုံးသား”



“ခိုက်ခိုက်တုန်အောင်ချမ်းတဲ့..မေ့နှလုံးသား”

အေးလွန်းလှ ဆောင်းတစ်ည

အကွယ်အကာ အတွယ်အတာရယ်မရှိ

သာသောညမှာ….။

လမင်းက သာသာယာယာ

မခွါချင်ရက် လာစေချင်ကွဲ့

ဒီဆောင်းတစ်ညမှာ….။

မျှော်လျက်သာလွမ်းရ ချမ်းလှပါတယ်

မေ့သဲ(သည်း)တွေ ခိုက်ခိုက်တုန်အေး

အနွေးဓာတ်လေး..မောင်အနားလာပေး…။

စောင့်မျှော်ကာတမ်းတ အိပ်မက်မြူမှုံတွေကြား

လူကြုံလေး..ပါးလိုက်ချင်ပါရဲ့

မေ့နှလုံးသား..အအေးဓာတ်လေး

ပါဆယ်လေးထုတ်ပေးချင်တယ်..

ဒီဆောင်းကုန်အမှီလေး…။


နေခြည်သစ်နွယ်(ပြည်)

နေခြည်ရဲ့ (၂၀၁၁)ကဗျာစရေးစဉ်မှ ကဗျာရှိုးများ

ယခုကဗျာလေးတွေဟာ နေခြည် ၂၀၁၁ခုနှစ်တုန်းက စပြီးရေးခဲ့တဲ့ကဗျာလေးတွေပါ..ကဗျာရှိုးလေးအတွက် ပေးပို့ခဲ့တာပါ ဒီနေ့ အမှတ်မထင် ပေးပို့လာမှုကြောင့်...တစ်ခါမှမဖတ်ဖူးသေးတဲ့ ကဗျာချစ်သူတွေအတွက်

ပြန်လည်မျှဝလိုက်ပါတယ်

ပျော်ရွှင်မှုတွေမရှိခဲ့တဲ့အချိန်မှာ..မှတ်မှတ်ရရပို့လာပေးတဲ့ ရွှေမြို့တော်မှ မထသမင်းသားလေးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်..

ဒီကဗျာလေးတွေကစတင်ပြီး...နေခြည်သစ်နွယ်ဆိုတဲ့ကလောင်ပန်းလေး ပွင့်လန်းလာခဲ့ရတာပါ...

------------------------------------------------------------  

★ ကဗျာရှင် နေခြည်သစ်နွယ်{ပြည်} ရဲ့ နားလည်မှုတွေထပ်တူ ကဗျာ Show ♪♫

ကဗျာရှင် နေခြည်သစ်နွယ်{ပြည်} ရဲ့ နားလည်မှုတွေထပ်တူ ကဗျာ Show

★ကဗျာရေးသူ၏ ခံစားချက် ♪♫
အစကတော့ ဘဝ
နောက်ကျတော့ ခံစားချက်
ခံစားချက်ကို စာသား စာသားတွေကို ကဗျာတွေအဖြစ် ပြောင်းလဲ
ပြောင်းလဲနေတဲ့ကဗျာစာသားတွေကို သံစဉ်တွေအဖြစ်ကျူးရင့်တတ်တဲ့
ချိုသာလွန်းတဲ့ ကဗျာဆိုတဲ့ ရင်ငွေ့မှာ ငါမျောပါနေခဲ့တယ်
ခံစားချက်တွေရဲ့ ရလဒ်အဖြေ ပီတိတွေရွှန်းလဲ့ဝေအောင် ပျော်ရွှင်မှုတွေအပေါင်း
ထာဝရပေးစွမ်းနိုင်တဲ့ အကြင်နာမင်းသမီးလေးတစ်ပါး ရင်ခွင်မှာ
မင်းမှမင်းပါလားလို့...............

တင်စားလို့ခေါ်လိုက်ချင် သူငါတွေမမြင်နိုင်တဲ့ ငါကဗျာဖန်တီးရှင်ရဲ့ မူပိုင်ရှင် ဒါရိုက်တာလေးကတော့ ဟိုးအဝေးမှာ နေထွက် ကြယ်တွေရယ်မစုံလင်နိုင်သေးတဲ့ မေ့ကဗျာရဲ့ မူပိုင်ရှင်........................သူမဟုတ်ပါလား............

★နားမလည်နိုင်သော ချစ်သူ ♪♫


ချစ်သူ အပြစ်မယူပဲ နှစ်အတူပေါင်းသင်းဖို့ရာ
သစ္စာကိုတစ်ခဏ မေတ္တာကိုအလှနဲ့
ချစ်တာတွေကို မျှဝေပေးလို့မရပါဘူးနော်….
မင်းနဲ့ငါ အယူအဆ
ခုတစ်ခါမှားခဲ့ရင် နားလည်နိုင်ပါ့မလား….
တစ်သက်လုံးအတွက် ပြင်မရ
မမြင်ရတဲ့ ချစ်စိတ်တွေက
မင်းငါ့ကို လှည့်စားသွားလေမလား…..
ငါ့ရဲ့အလုပ်က တဒင်္ဂ ခုချိန်မှာပြင်မရ
 မမြင်ရတဲ့အောင်မြင်မှုတွေက
 ငါ့ရင်ကိုပွေ့ဖက် ပြေးထွက်ဖို့ ပြောလာခဲ့ရင်
မင်းငါ့ကို အရင်ကလို မငြူစူစမ်းချင်ပါနဲ့
မင်းမရှိတဲ့ ငါ့ဘ၀ ငါ့အလှရဲ့အောင်မြင်မှုတွေနဲ့
 ရှေ့ဆက်ပြီးသွားမယ်ဆိုရင်
မင်းအထင်ကရ ရင်ထဲမှာမှတ်သားပြီး
ယုံကြည်လိုက်ပါတော့….
ရုပ်ချောရင် ဥစ္စာပေါမို့ ရှေးရိုးလေးအဆိုရှိတယ်
သို့ပေမယ့် ငါ့ရင်မှာ
ရုပ်ချောမလို ပညာပေါသမို့
စိတ်ထားလေးဖြူစင်
 ဖြူဖြူစင်စင်နဲ့ ယဉ်ကျေးစွာစိတ်အလှ
နံပါတ်(၁)မှာ ပထမ မင်း ငါ့ကို ထာဝရချစ်သွားရင်
ငါ့ဂုဏ်ကို ခ၀ါချ
အလှပဆုံးမေတ္တာတရားနဲ့ ကြွားကြွးဝံ့ဝံ့ ချစ်လိုက်ပါရစေ ချစ်သူရယ်…..။
 နေခြည်သစ်နွယ်(ပြည်)
Available♪♫



Globalမှာ onlineရယ်လို့ ဖြစ်နေတာ ငါလေမသိပါ
 chattingဟာ ငါ့အတွက်တော့ အထူးဆန်းဖြစ်နေတာ
 onlineဆို ဘာမှန်းမသိ
ငါ့အတွက်တော့ အတော်အတန် အဟိ
ပကတိနဲ့ သွားကြည့်တာ
 ရောက်ခဲ့တာ Net Shopပါ
ငါမသိလို့ မေးကြည့်မိတယ် Gtalkဆိုတာ ဘာပါလဲ
 တွေ့ခဲ့ပြီ Chattingဆိုဒ်ကို
သူ့နာမည် ဘာတဲ့လဲ ချစ်သူမြို့တော်တဲ့
hi hiလို့ နှုတ်ဆက်တာ ဘယ်သူမှန်းလဲမသိပါ
 တွေ့ခဲ့ပြီ သူ့ကိုပဲ Accလေး ပေးပါအဟဲ.....
Addလိုက်ပြီ မင်းကိုလေ
 Acceptလုပ်ပါ မြန်မြန်လေး.
 “ဟိုင်း ဟိုင်း” လို့စခဲ့တာ မင်းမဟုတ်လားကွာ
 မင်းနာမည်ဘယ်သူလဲလို့
 မေးခဲ့တာလည်း သူပါပဲ
မင်းအသက်ကို ပြောပြပါ သိချင်လို့ပါကွာ
 မင်းဘယ်မှာနေတာလဲ ငါသိချင်လို့ပဲ
 ဒီလိုနဲ့ လတွေကြာ အဆင့်တွေတိုးပွားကာ
 နောက်နေ့မှာ ပြန်ဆုံခဲ့
မင်းကိုငါက ချစ်တယ်တဲ့
ချက်ချင်းလေးအဖြေပေးတာ ရင်တွေခုန်လို့ပါ
 နောက်နေ့မှာ Chattingထဲ ရှာလို့နေပဲအမြဲ
လိုင်းပေါ်မှာကြည့်နေတာ သူအမြဲပဲ မအားပါ
ငါကြည့်ရင် ဒီလိုပဲ ''Busy" ဖြစ်လို့အမြဲ
ငါ့ကိုလေ စာနာပါ အခွင့်ရေးလေးပေးပါ
မင်းအတွက်ဆို ငါအသင့်ပဲ ''Available"
Chattingမှာ လူတွေဟာ စည်ကားလို့နေတာ
ငါမျှော်တာ မင်းတစ်ယောက်တည်း ဘာလို့မသိတာလဲ
 အွန်လိုင်းမှာ ကြူတာဟာ ငါ့အတွက် မဟုတ်ပါ
ချစ်တာဟာ ငါ့အလုပ်ပဲ မင်းမှမသိဘဲ
 တော်ပါပြီ ခုဆိုကွာ ငါလည်းစိတ်ကုန်တာ
အွန်လိုင်းဟာ ထာဝရအမြဲ
ငါ့အတွက်အမုန်းပဲ
မင်းကိုလေ မမုန်းချင်ပါ အချစ်ဆုံးမို့ပါ
 တောင်းဆိုချင်တာ တစ်ခုတည်း ''Available"
Accကို ကြည့်ရတာ ရင်တွေမောလိုက်တာ
ဘယ်သူနဲ့များ ကြူနေမလဲ စိတ်မှမ၀င်စားဘဲ
ချစ်တယ်လို့ပြောခဲ့တာ မင်းအရင်မဟုတ်လားကွာ
ခုတော့လည်း ဘယ်မှာလဲ ''Busy" ဖြစ်လို့အမြဲ
ခုတော့လေ စိတ်မချတာ မင်းမဟုတ်လားကွာ
စိတ်ကောက်တာ အမြဲပဲ
 ချော့ရတာလည်း တကယ်ပါပဲ
အလိုက်သိမလား စောင့်ကြည့်တာ ငါ့မှာအမြဲပါ
သို့သော်လည်း သူကအမြဲ ''Busy" ဖြစ်လို့ပဲ
မင်းအတွက်ဆို ငါအမြဲပါ ''Available" ပါ
ဒါပေမယ့် မင်းကအမြဲ ငါ့အတွက်ဆိုရင် ''Busy" ပဲ
ငါတကယ်ကို စိတ်ညစ်တာ Sign Out လုပ်တော့မှာ
 သွားတော့မယ် bye byeပဲ tomorrowမှ တွေ့မယ်တဲ့
လိုင်းအောက်တာ မင်းအရင်ပါ ငါလေအသိပါ
See you လို့ပြောခဲ့လည်း
နင့်အကြာင်းကိုလေ စဉ်းစားအမြဲ
ဘာ့ကြောင့်မှန်းမသိတာ Accကိုကြည့်နေတာ
အဖြေရှာကာ တွေ့ပြီပဲ
အဲဒါ မင်းကိုချစ်လို့ပဲ.............
 နေခြည်သစ်နွယ်(ပြည်)
★မမုန်းရင်ပြီးတာဘဲ♪♫



နင့်ကိုငါ ချစ်ခဲ့ပါတယ်
အနှစ်သာရတွေ မရှိပေမယ့်
သစ္စာဆိုတဲ့စကားတွေနဲ့ပေါ့
ကံကြမ္မာရဟတ်ရယ်
အဖန်တရာမက ပြန်လည်လာခဲ့ပေမယ့်
နင် ငါ့စီကို ပြန်လာဖို့အတွက် မမျှော်လင့်ရဲခဲ့ပါဘူး.....
 အေးအတူပူအမျှလို့ ပြောပေမယ့်
 ဖေးအတူကူမဖို့အတွက်
နင် ငါ့အနားမှာမရှိဘူးဆိုတာ သိစေချင်တယ်ကွယ်....
အချစ်တွေပေါ့သွားပြီလို့ ပြောပေမယ့်
အချစ်တွေလျော့မသွားဘဲ
နင်မမုန်းရင်ပြီးတာဘဲလို့ ပြောခဲ့တဲ့ နင့်စကားတွေဟာ
ငါ့နှလုံးသားမှာ
အမာရွတ်တစ်ခုကျန်နေပြီဆိုတာ သိစေချင်တယ်ကွယ်...
ထားရင်လည်း နေရမှာပါ...
 စေရင်လည်း သွားရမှာပါလို့ ပြောခဲပေမယ့်
နင်နဲ့အဝေးဆုံးဖြစ်တဲ့ နှလုံးသားရဲ့ အမုန်းကမ္ဘာထဲကို
ငါမသွားပါရစေနဲ့ချစ်သူရယ်...
ချစ်လွန်းလို့ သ၀န်တိုခဲ့ပေမယ့်
နင့်အမုန်းရဲ့ တစ်ခြားတစ်ဖက်မှာ
 ငါမနေချင်တာကတော့ ......ထပ်ပြောမယ်......
 နင့်ကိုငါ ချစ်လွန်းလို့ပါတဲ့.....
အချိန်တန်ရင်
အိမ်ပြန်လာမယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့်
ငါအချိန်မှန် လှမ်းမျှော်နေရတာကို
 နင်သိစေချင်တယ်ကွယ်....
ကိုလာရင် ကြိုမှာလားလို့ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်
ကိုမလာခင်  ကြိုတင်ကာစောင့်မျှော်နေခဲ့တာကို
သိစေချင်တယ်ချစ်သူရယ်...
အမုန်းတွေရဲ့ အဝေးဆုံး
ချစ်ဆုံးသူရဲ့ရင်ခွင်မှာ
နင့်ကိုငါ ထာဝရအချစ်ဆုံးပါလို့
 ပြောခဲ့တဲ့စကားလေးတစ်ခွန်းကို
နင်အမှတ်တရဖြစ်နေရင် ပြီးတာပါပဲလို့.........
နေခြည်သစ်နွယ်(ပြည်)
”♪ ကာလာစုံတွေကြားထဲက အဖြူရောင်သူငယ်ချင်း♫


နင်နဲ့ငါ ငယ်ပေါင်းမဟုတ်ခဲ့ပေမယ့်
လမ်းတ၀က်မှာ ဆုံဆည်းခဲ့တဲ့သူငယ်ချင်းဆိုရင်
အသိအမှတ်ပြုပေးနိုင်မလားတဲ့....
.... နင့်စကားသံရဲ့ အဆုံးမှာ ငါခွင့်ပြုခဲ့တယ်
နင်နဲ့ငါ သူငယ်ချင်းဖြစ်ပြီတဲ့........
 နှစ်တွေကြာခဲ့တဲ့ နေ့ရက်တစ်ခုမှာ
နင် ငါ့ကို ပြောခဲ့တယ်
နင် အရမ်းလှတာပဲတဲ့
မရေတွက်နိုင်တော့တဲ့ နှစ်ကာလတွေမှာ
 ထပ်ပြောခဲ့တယ် စကားလေးတစ်ခွန်းပေါ့....
နင့်ကို ငါ အရမ်းချစ်တယ်တဲ့
နင့်အချစ်တွေကို ပြန်ရုတ်သိမ်းခဲ့ပါတယ်
နင့်ကိုငါ ချစ်တာ
မိုးကောင်းကင်ရဲ့ တိမ်တိုက်တွေကြားမှာ
လင်းလက်နေတဲ့ ကြယ်ဖြူလေးတစ်လုံးလို
 ဖြူစင်စွာချစ်တာပါတဲ့...........
နင် နေများမကောင်းလို့လားလို့ ငါတွေးမိတယ်
 ကြင်နာတဲ့လက်တစ်စုံနဲ့ ထွေးပွေ့ထားလိုက်ချင်ပေမယ့်
နင်ပြောခဲ့တယ်
နင်နဲ့ငါ အဖြူရောင်သူငယ်ချင်းပါတဲ့............
နင်နဲ့ငါ အပြင်သွားတဲ့အခါ
နင် ဗိုက်များဆာနေပြီလား
ကြင်နာတတ်တဲ့လက်တစုံနဲ့ ကျွေးလိုက်ချင်ခဲ့ပေမယ့်
နင်ပြောခဲ့တယ်
နင်နဲ့ငါ အဖြူရောင်သူငယ်ချင်းပါတဲ့..............
နင်အမြဲပြောခဲ့တယ်
နင်ဟာ ငါ့ရဲ့ ကမ္ဘာတည်နေသရွေ့
အကောင်းဆုံးနဲ့ ထာဝရချစ်နေရမယ့်
ကာလာစုံတွေကြားထဲက တန်ဘိုးရှိနေမယ့်
အဖြူရောင်ကြယ်ပွင့်လေးလိုပဲ
အမြဲတမ်းတည်ရှိနေမယ့် အဖြူရောင်သူငယ်ချင်းလေးပါပဲတဲ့.................
ငါဘယ်သွားသွား ငါ့ဘေးမှာ နင်အမြဲရှိနေပေးချင်ခဲ့တာ
ရင်ထဲကဆန္ဒဆိုပေမယ့်
အများတွေအမြင်မှာ နင်ပြောခဲ့တာ
 နင်နဲ့ငါ အဖြူရောင်သူငယ်ချင်းပါတဲ့..........
 နေခြည်သစ်နွယ်(ပြည်)
★“ အချိန်နဲ့ နေရာ ”♪♫



ချစ်ရသူရယ်
ဝေးတစ်နေရာ မမေ့သာအောင်
ရင်ခုန်ခြင်းက အထင်ကရမို့
 မျှော်လင့်ချစ်ခြင်း အဦးဆုံးသူမို့
ရင်ခုန်ခဲ့ရ
 တွေ့ဆုံချိန်က မြူမှုန်မျှတဲ့…..
 တွေ့ဆုံကြုံကွဲ ခဏတာပဲမို့
သိနေတော့လည်း ချစ်ခြင်းတွေက
 ခံစားနိုင်ခြင်း အစွမ်းတွေမရှိတာ
ချစ်သူသိစေ ဤကမ္ဘာမြေ.....
အချိန်နဲ့နေရာ ဝေးကွာပါစေ
 ချစ်ခြင်းကိုယ်စီ ရှိနေပါလေ
ဒီကမ္ဘာမြေပြင် တစ်မိုးအောက်မှာလေ
 ဆုံခွင့်မကြုံလည်း ရင်ထဲရှိအမြဲ ဒီအချစ်ပဲမို့
အချိန်နဲ့နေရာ ဝေးကွာသော်ငြား
ငါ့ရင်ထဲမှာ ရှိနေတာဟာ
 မင်းတစ်ယောက်တည်းပါ ချစ်ရသူရာ...
ချစ်ရသူရယ် ဘယ်အချိန်ဆုံမလဲ ….
ဘယ်နေရာတွေ့မလဲ
ယုံကြည်နေခဲ့ ရင်ခုန်ခြင်းက
ချစ်ဦးသူမှာ အမြဲပင်ထာဝရ ရှိနေခဲ့မှာ
 အချိန် နှင့် နေရာ….
 နေခြည်သစ်နွယ်(ပြည်)
★“ ချယ်ရီသက်သေ တည်ပါစေ ”♪♫


အလွမ်းတွေဖွဲ့ ပန်းတွေလည်း ငိုနေပြီ ချစ်သူ
ပုဝါပါးကြက်သားထုပ်တော့ စွန်းတတ်တယ်
တစ်ရွာသား ရည်စားလုပ်တော့ လွမ်းရတတ်တယ်တဲ့
 ပြောဖူးတဲ့စကားတွေနဲ့အတူ
တည်ဆောက်ခဲ့ကြတယ် ချစ်ကြိုးတွေပေါ့
အလွမ်းတွေကို စမ်းရေတွေလို
တသွင်သွင်စီးဆင်းစေခဲ့ပြီ ချစ်သူ.....
 မေ့နိုင်လို့လားလို့ ပြောခဲ့ဘူးပေမယ့်
မမေ့ရက်နိုင်သူမို့
ဒီအချိန်ဆို ချယ်ရီတွေတောင် ငိုနေရောပေါ့နော်
စတော်ဘယ်ရီသီးပင်လေးရဲ့အောက်မှာ
 နှစ်ယောက်အတူလျှောက်ကြမယ်လေလို့
တီးတိုးငြင်သာ နှုတ်ဖျားထက်က စကားသံတွေက
အပိုကြွားခဲ့ပေမယ့် ငိုထားခဲ့ရဖူးတဲ့ မျက်ရည်တွေကတော့
ခုတိုင် မမေ့နိုင်စရာပဲလို့ပြောခဲ့ရင်
မင်းယုံကြည်နိုင်ပါ့မလားချစ်သူရယ်....
ကျောခိုင်းထွက်ခွာသွားသူကို လက်ပြနှုတ်ဆက်ရင်း
မမေ့ပါနဲ့လို့ မှာကြားခဲ့တဲ့
ချစ်သူရဲ့ ချိုသာတဲ့စကားတွေနဲ့အတူ မျက်ရည်တွေအကြိမ်ကြိမ်ကျရင်း
 ပြန်လာမယ့်ရက်တွေကို
 ပြက္ခဒိန်ပေါ်မှာ အမှတ်အသားလုပ်လို့
လက်ချိုးလည်း ရေတွက်နေတတ်ပြီပေါ့ ချစ်သူရယ်....
မင်းပြန်လာမယ့်ရက်ကို
ချယ်ရီတွေတောင် သိနိုင်ပါ့မလား ချစ်သူ
 ချယ်ရီနဲ့အတူ ငိုကြွေးနေတဲ့ ငါ့နှလုံးသားမှာ
နစ်ဝင်နေတဲ့ စူးတစ်ချောင်းပမာ
ထားရစ်ခဲ့ရောလားချစ်သူရယ်.....
 နှင်းရည်စက်တွေနဲ့အတူ အရမ်းအေးချမ်းပြီး
 ကြည်လင်နေတဲ့ ချစ်သူမျက်နှာလေးရယ်
အလင်းရောင်တွေပေးတဲ့ လမင်းကြီးနဲ့အတူ
 ဟောဒီချယ်ရီပင်ကြီးရဲ့အောက်မှာ
 နှစ်ယောက်အတူ သစ္စာဆိုခဲ့ကြတယ်
တစ်ယောက်ကိုတစ်ယောက်
လက်တွဲအားပေး အဖော်ပြုရင်း......
မငိုပါနဲ့လား ချစ်သူရယ်လို့.....
တစ်ခေါက်တစ်ခါ အရောက်ပြန်လာမယ့် ချစ်သူနဲ့အတူ
အလွမ်းတွေပြေငြိမ်း နှလုံးသားရင်မှာ
ကျခဲ့မျက်ရည် ကုန်ဆုံးပါစေ
ချစ်သောချယ်ရီ သက်သေတည်ပါစေသားကွယ်......
 နေခြည်သစ်နွယ်(ပြည်)
“ နှစ်ကိုယ်တူ ချစ်သမျှကို”♪♫
 



နှစ်ကိုယ်တူချစ်သမျှ
အလိုတူ ရှစ်ဆကဲသမို့
တူနှစ်ကိုယ်ချစ်မ၀ဘူးဆိုတာ မင်းသိတယ်မဟုတ်လား?....
 နှစ်ကိုယ်တူချစ်သမျှကို
သူငါအကုန်သိဖို့
လူတကာကိုလိုက်ပြောဖို့ လိုသေးလို့လား?.....
 နှစ်ကိုယ်တူချစ်သမျှကို
အလိုတူရင် သုခလို့ သတ်မှတ်ပြီး
 ကြုံဆုံရင် လုံးဝပဲလို့ မင်းပြောချင်နေသလား?.....
 နှစ်ကိုယ်တူချစ်သမျှကို
အကုန်သာယူ ချစ်မ၀ပဲလို့ ပြောပေမယ့်
 နုံအလို့ မင်းက ငါ့ကို ထားခဲ့တော့မှာလား?.....
 နှစ်ကိုယ်တူချစ်သမျှ
အလိုတူရင် ချစ်ကြ
ကြုံဆုံရင် မင်းက ငါ့ကို စွန့်ပစ်သွားမလား?.....
 နှစ်ကိုယ်တူချစ်မဝ
 ကြုံဆုံရင်ဒုက္ခ
ဒီအရာတွေကို မင်းခံနိုင်ရည်ရှိပါ့မလား?......
 နေခြည်သစ်နွယ်(ပြည်)
★“ ဘ၀နဲ့ ကဗျာ ”♪♫



သံစဉ်တွေမရှိတဲ့
ကာရံမဲ့ ကဗျာတွေကို ငါဖန်တီးခဲ့မိပြီ
ဘ၀ဆိုတဲ့ လေပွေရိုင်း
တိုက်ခတ်နေတဲ့ စိတ်သောကလှိုင်းတွေကြားမှာ
ကဗျာဆိုတဲ့ ငါ
တစ်ခါတစ်ရံလည်း မှားခဲ့မှာပေါ့…
 ခြေလှမ်းတွေကို ဆက်တိုးလို့
ဒုက္ခကို ပင်လယ် စိတ်ဓာတ်ကိုရွက်လွှင့်လို့
အိမ်အပြန် တစ်မိုးချုပ်ခဲ့ပေမယ့်
ငါ အရင်ကလို မငိုချင်တော့ပါဘူး….ကဗျာရယ်
ကာရံတွေ အခြေအနေမဲ့
 တွေဝေကာနေခဲ့မိပေမယ့်
အကြိမ်တစ်ရာမကလာမယ့်
အစဉ်ထာဝရသောကတွေကို
ငါ အရင်ကလို အစဉ်ရွှင်ကာပြုံး
 ရင်ဆိုင်နိုင်ပါသေးတယ်…
ပညာတွေဖွေရှာ
 ကြင်ယာတော်တွေ ရွေးမယ့်ပွဲမှာလည်း ငါမပါပါဘူး
ကလီကမာတွေနဲ့ ဇီစာတွေကြောင်တဲ့
အရင်ကအကြောင်းအရာတွေဟာ
တဒင်္ဂကဗျာတွေရယ်ပါလို့
စပ်ဆိုကာ သီကုံး
ရွှင်ပြုံးသောစကားလုံးတွေက
ဘ၀ကို ညီမျှခြင်းချ
အချိုးကြတဲ့ဒုက္ခတွေက
သံသရာတစ်ဖက်ကမ်းမှာ
ဒီတစ်ခါ ငါ လွတ်မြောက်ခဲ့ပါပြီလို့…… ကဗျာရယ်
 နေခြည်သစ်နွယ်(ပြည်)
★“နားလည်မှုတွေ ထပ်တူ”♪♫
ကောင်းကင်တစ်ခုမှာ
ဆုံမှတ်တွေ သတ်မှတ်လို့
နားလည်မှုတွေဖြစ်လာဖို့
ထပ်တူပြု ချစ်ကြိုးတွေနဲ့ပေါ့....
မဆုံနိုင်ခင် ပစ်ခွါ နားလည်မှုတွေထပ်တူရယ်ပါလို့
ပြောနေကျ ချစ်ခွန်းတွေကို
အဓိပ္ပာယ်တွေ ဖော်ဆောင်ကာ
ဆောင်ယူလေပြေ ချစ်ခြင်းတွေက
နှလုံးသားတစ်ခုဝယ် ချစ်ခြင်းတွေဖလှယ်ကာရယ်နဲ့
ရင်ထဲမှာ ဖြူစင်စွာနဲ့ချစ်ခဲ့တာမို့..
အော်......အော်....အော်.......
အချစ်တစ်ခုရဲ့ဆုံမှတ် နားလည်မှုတွေထပ်တူတဲ့....
 စကားရယ်အသံသာ ရှောင်ဖယ်ကာနေခဲ့ရင်ဖြင့်
အချစ်စစ်ရယ်ဘယ်မှာ....ရှာဖွေကာနေရမည်နည်း......
နေခြည်သစ်နွယ်(ပြည်)
 ★“နှလုံးသား မြို့တော်”♪♫
  နှလုံးသားမှာ ကမ္ဗည်းတင်စရာကောင်းလာက်အောင်
ချစ်စရာကောင်းတဲ့ နှလုံးသားမြို့တော်ရယ်
အချစ်တွေကိုလည်း သယ်ဆောင်ပေးခဲ့တယ်
အလွမ်းတွေကိုလည်း သယ်ဆောင်ပေးခဲ့တယ်
မင်းရှိနေတဲ့မြို့တော်မှာ ငါခြေချခွင့်ရခဲ့တာ
 ကျေးဇူးတင်စရာကောင်းလှပါပေတယ်..

အိပ်မက်တွေကို လက်တွေ့ဖြစ်အောင်
 ခေါ်ဆောင်ပေးခဲ့တဲ့ နှလုံးသားမြို့တော်ရဲ့
ဟာသလူရွှင်တော် “konyein shwebo” ရေ
“konyein”နဲ့အတူ ပါဝင်ခဲ့ကြတဲ့ zeus နဲ့ Akt
သူတို့တွေဟာလည်း နှလုံးသားမြို့တော်ရဲ့ အဖော်မွန်တွေပဲပေါ့
ဘာရယ်မသိ ညာရယ်မသိ
 နှလုံးသားရေစက်တွေနဲ့ chat box ရဲ့ အိမ်ဂေဟာမှာ
နားခိုခွင့်ပေးခဲ့ကြပါတကား...
နည်းပညာတွေကိုရှုစား
ကဗျာစာသားတွကို အလှတရားတွေအဖြစ်
ဖန်တီးခဲ့တဲ့ naychi ရယ်လို့
မင်းသမီးလေးလို တင်စားပေးခဲ့တဲ့
“ နှလုံးသားမြို့တော်” ရဲ့ “konyein shwebo” ရေ
မပြီးဆုံးနိုင်တော့တဲ့ ကျေးဇူးတရားတွေနဲ့အတူ
ထပ်တူပြု အားပေးစကား ဆိုခဲ့ပါရစေနော်...
 လောကရဲ့အတွေးတွေကိုဖယ်ထား
chat boxရဲ့ ဟာသအားတွေနဲ့အတူ
 နောက်ဆိုရင် အတူမရှိနိုင်တော့ပေမယ့်
ဘယ်ချိန်မဆို တံခါးဖွင့်ထားပေးပါလို့
“konyein ”နဲ့အတူ ရောင်းရင်းတို့အား
 နှုတ်ဆက်ခဲ့ပါရစေသား...
အချိန်ဆိုတာ မကြာခဲ့ပေမယ့်
 စေတနာဆိုတာ ရောင်ပြန်ဟပ်ခဲ့တာမို့
ဒီချိန်အခါရယ်မှာ  တင်စားလိုက်ချင်ပါတယ်
 “ချစ်သူမြို့တော်” (သို့) “နှလုံးသားမြို့တော်” ရယ်လို့............
အဖော်ရယ်မပါ တစ်ကိုယ်တည်းလာချင်ပါတယ်ဆိုရင်
 မြို့တော်ရဲ့ ထာဝရတံခါးက
အလှတရားတွေနဲ့အတူ
အားလုံးသောသူငယ်ချင်းများအား “WELCOME” ပါလို့
“ချစ်သူမြို့တော်” (သို့) “ရွှေမြို့တော်” (သို့) “နှလုံးသားမြို့တော်” ရဲ့ကိုယ်စား
ကမ်းလင့်ကြိုဆို လက်တစ်ကမ်းအလိုက 
ဖိတ်ခေါ်လိုက်ရပါတယ်...........
 နေခြည်သစ်နွယ်(ပြည်)
★"ဇွဲကပင်မြေမှ ဖားစည်သံနှင့်အတူ(ချစ်သောနော်မေဖေါ့)"♪♫


တောင်ပြာတန်းတွေ ၀ိုင်းကာရံထားတဲ့ ဇွဲကပင်ကို
အလည်တစ်ခေါက်ရယ်လို့ ခေါ်ဆောင်ချင်သူက သူမဟုတ်ပါလား….. လှပတဲ့ဇွဲကပင်တောင်ကို
 နှစ်ယောက်အတူ တက်ချင်ပါသတဲ့လို့
 ပြောခဲ့တဲ့ မင်းနှုတ်ဖျားက ချစ်စကားသံတွေက
 တောင်ပေါ်က ဖားစည်သံတွေလို
တဝေေ၀နဲ့ ကြားနေဆဲပေါ့လေ…..
လှပလွန်းတဲ့ သံလွင်တံတားကြီးမှာ
 နှစ်ယောက်အတူ ပြေးလွှားဆော့ကစားခဲ့ကြတာကို
 မေ့နိုင်ခဲ့လို့လား ချစ်သူရယ်….
 သံလွင်မြစ်ရေတွေ ကုန်ခမ်းကာမှ
မင်းနဲ့ကိုယ်တွေ့ဆုံရမယ်ဆိုရင်
ခုချိန်လို အလွမ်းတွေနဲ့ ချစ်နေရတာက
 ဇွဲကပင်မြေရဲ့အလှကို ပိုပြီးအသက်ဝင်စေပါတယ် ချစ်သူ….
ဝဲလွန်းတဲ့ စကားသံတွေကြားထဲမှာ
 ပျော်နေပါတယ်လို့ ပြောခဲ့တဲ့ ချစ်စကားသံတွေက
ခုဆိုရင် သံလွင်မြစ်ရေတွေနဲ့အတူ
စီးမျောရင်းနဲ့ ထားခဲ့ရက်နိုင်ပြီလားချစ်သူရယ်…

တစ်ကြိမ်တစ်ခါလောက်တော့ဖြင့် ဆုံချင်ပါသေးတယ်
 ဇွဲကပင်မြေရဲ့ ဖားစည်သံတွေနဲ့အတူ
 နှစ်ယောက်အတူ တောင်ပေါ်တက်ရင်း
အတူတူကကြရအောင်လား ချစ်သူရယ်….
အရမ်းချစ်ပါတယ်လို့ ပြောခဲ့တဲ့
မင်းရဲ့ ချစ်စကားတွေက
ခုဆိုရင် ရှည်လျားလွန်းလှတဲ့ သံလွင်တံတားကြီးလိုပဲ
အလွမ်းတွေနဲ့ ရှည်လျားစွာထားရစ်ခဲ့တာကို
မင်းမသိနိုင်တော့တာလား (သို့)
မသိချင်ယောင်ဆောင်နေခဲ့တာများလား ချစ်သူရယ်….
ဒီလောကကြီးထဲမှာ တို့မရှိတော့ပေမယ့်
တို့ရဲ့ ဖြူစင်စွာချစ်ခဲ့တဲ့ အချစ်တွေကိုတော့
လှပလွန်းတဲ့ ဇွဲကပင်တောင်တန်းကြီးက
မင်းကို ပြောပြပေးပါလိမ့်မယ် ချစ်သူရယ်…..
 နေခြည်သစ်နွယ်(ပြည်)
★“ ကြယ်တွေစုံတဲ့ည ”♪♫


ကြယ်တွေစုံတဲ့ညမှာ
 ငါငိုနေရတဲ့ မျက်နှာလေးကို
 မြင်ယောင်ကြည့်မိတယ်
ဘာကြောင့်လဲလို့အဖြေရှာ
 ဖွေရာရန် ငေးမိသော်လည်း
ငါ့အနားမှာ မင်းမရှိခဲ့တဲ့
 ကြယ်တွေစုံတဲ့ညတစ်ညကို
လွမ်းမိပါတယ်ချစ်သူ....
 ပြည့်ဝန်းနေတဲ့ လ၀န်းနဲ့အတူ
ရွှန်းလဲ့နေတဲ့ မင်းရဲ့အပြုံးတွေကို
ရူးလောက်အောင် ငါခံစားချင်ခဲ့ပေမယ့်
 ကြယ်တွေစုံတဲ့ညရဲ့ နင် ငါ့နားမှာမရှိခဲ့တဲ့ အချိန်တွေကို
 နှမြောမိပါတယ်ချစ်သူ.....
တို့နှစ်ယောက်ဟာ ကမ္ဘာတွေခြားနေပေမယ့်
ဟိုး.... မိုင်ထောင်ချီဝေးနေတဲ့
လင်းလက်ကြယ်လေးတွေကို
 နှစ်ယောက်အတူ ကြည့်ခွင့်ရမယ်ဆိုရင်
 ကြယ်တွေစုံတဲ့ညတွေဟာ
 ငါရင်အခုန်ဆုံးညတွေပဲဖြစ်လိမ့်မယ်ချစ်သူ.....
လမင်းကြီးဟာ ငါ့ရဲ့နောက်မှာ အမြဲတမ်း လိုက်ပါနေသလို
မင်းရဲ့အနားမှာ ငါ အမြဲတမ်းနေခွင့်ရှိမယ်ဆိုရင်
ကြယ်တွေစုံတဲ့ညမှာ
ငါအချစ်ဆုံးသူမင်းနဲ့
အတူတူရှိနေချင်ပါတယ်ချစ်သူရယ်....
နေခြည်သစ်နွယ်(ပြည်)
“ကျေးဇူးတင်လွှာ”

ကျွန်မက ချစ်သူမြို့တော်စတင်တည်ထောင်စဉ်
ကာလတည်းက ကဗျာတွေရေးတတ်ခဲ့သူပါ ကဗျာရေးတဲ့ကာလကတော့ မြို့တော်ကို စပြီးတည်ထောင်စဉ်ကတည်းကပေါ့ ကဗျာရေးသားရာမှာ အဖွဲ့အနွဲ့တွေ စီကုံးရေးသားမှုတွေက ၀ါရင့်ဆရာသမားတွေလို မတော်လှပါဘူး ရင်ထဲမှာရှိနေတဲ့ ခံစားချက်တွေနဲ့အတူ ပတ်ဝန်ကျင်းရဲ့ ရှုထောင့်အမျိုးမျိုးကို ခံစားပြီး ရေးသားထားတဲ့ကဗျာလေးတွေပါ ကျွန်မရဲ့ ကဗျာလေးတွေ ရေးတင်တိုင်း အမြဲအားပေးခဲ့တဲ့ မြို့တော်မှ သူငယ်ချင်းများအားလုံးနှင့် ယခုလို အထူးတလည်စီစဉ်ပေးနိုင်ခဲ့တဲ့ “မထသမင်းသားလေး”ကိုလည်း ဒီနေရာကနေ ကျေးဇူးအများကြီးတင်မိပါတယ် ကဗျာရှင်တွေအားလုံးဟာ မိမိတို့ရဲ့ဝါသနာအလျောက်ရေးသားခဲ့ကြတာဖြစ်တဲ့အတွက် သူတို့ရဲ့ ခံစားချက်တွေအားလုံးကို ရင်ခုန်commentလေးတွေ ၀င်ရောက်ရေးသားခဲ့ကြလို့ ပီတိကိုစား အားတွေတအားရှိခဲ့ကြတဲ့အတွက် ကဗျာလေးတွေကို ဆက်လက်ရေးသားနိုင်တာဖြစ်ပါတယ် ဒါ့ကြောင့် ယခုလို ၀ါသနာရှင်ကဗျာဆရာလေးတွေရဲ့ ကဗျာတွေကို တင်ခွင့်ပေးခဲ့တဲ့ “ရွှေမြို့တော်”ကြီးနဲ့ အတူ စီစဉ်တင်ဆက်ပေးခဲ့တဲ့ “မထမင်းသားလေး”တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းလို့ ပြောကြားပါရစေရှင်။
 (ဖြူစင်ရိုးသားသောနှလုံးသားဖြင့်)
နေခြည်သစ်နွယ်(ပြည်)
 ကြိုးစားပါအုံးမည်
★နေခြည်သစ်နွယ်(ပြည်)♪♫
16.11.2011

Thursday, December 20, 2012

“အလှစစ်”



“အလှစစ်”

ငါ၏အလှ၊ ငါ့စိတ်မှာရှာ

မုန်းမာန်စိတ်ထား၊ ငြှိုးမပွားဘဲ

တန်ခိုးစေတနာ..တိုးဝေဖြာ။

စိတ်ယဉ်အသွင်၊ နှလုံးဖြူစင်

အဆုံးမြင်စေချင်..အလှပင်။

အရိုင်းမာန်ဆိုး၊ စိတ်နှလုံးနဲ့

မြင်ကြည့်ပမာ၊ သူ့ရုပ်သွင်မှာ

အလှစစ်ရှာ၊ ပျောက်ဆုံးထင်ပ

ကျည်းတန်စေရာ..ခန္ဓာမှာ။

“မေတ္တာလွှမ်းဝေ”



“မေတ္တာလွှမ်းဝေ”

ဘယ်ရှေးရေစက်၊ ဘယ်သဘောရယ်

ဆုံတွေ့လာတယ်၊ လောကအလယ်…။

တွေ့ဆုံကြုံကွဲ၊ ဖြစ်ပျက်မလွဲ

ခိုင်မြဲမေတ္တာ ရှိကြပါကွယ်..။

ဘ၀တစ်ကွေ့၊ ခဏတွေ့တယ်

ဒေါသအမုန်း၊ ပျောက်ဆုံးသို့လေ

ရင်၌တည်စေ မေတ္တာတွေ….။

Tuesday, December 18, 2012

“သူ့သဘော”



“သူ့သဘော”

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု

အစပြု၍…ထူထောင်သမာဓိ..။

အမှတ်သတိ၊ ရှုပါနာမ်သိ

ခန္ဓာမြင်အောင်ကြည်…။

ရှုရှိုက်မပြတ်၊ သတိနှင့်ကပ်

ငါဘယ်မရှိ၊ ပိုင်းခြားကြည့်မြင်

ရုပ်နာမ်နှစ်ခု လွန်ပေါ်ထင်….။

ရှုပါမှတ်ပါ၊ အကြိမ်ကြိမ်ခါ

ဥာဏ်မျက်စိ၊ အမှတ်သတိဖြင့်သာ…။

“အတွေး…”



“အတွေး…”

အေးချမ်းဆောင်းရိပ် လမိုက်ည၀ယ်

ဟိုဒီတွေးတော ငေးမာကြည့်တယ်

ကောင်းကင်ပြင်ကျယ်ဝယ်…..။

တိမ်ညိုဖုံးလွှမ်း အမှောင်လမ်းထဲ

လျှောက်သွားချင်တယ်..တစ်ယောက်တည်းကွယ်။

Monday, December 17, 2012

“လွတ်လပ်ရေး”

“လွတ်လပ်ရေး”
တစ်ထောင့်ကိုးရာ၊ လေးဆယ့်ရှစ်ခု
လွတ်လပ်ကာလ၊ ယနေ့ကမ္ဘာ
ဟစ်ကြွေးသီလာ၊ ခြောက်ဆယ့်ငါးနှစ်
တိုင်ခဲ့လေပြီ …ဇန်န၀ါရီ…..။
နှစ်ဟောင်းအမွေ မပျောက်ပျက်ပေ
တို့ပြည်သူတွေ..ထိန်းသိမ်းမလေ….။
ဘိုးဘေးဘီဘင် အသက်သွေးချွေး
ရင်းနှီးကာပြု တိုက်စစ်ဆင်သည်
အောင်ဆန်းဇာနည်…အပါအ၀င်…။
နယ်ချဲ့စံနစ်ဆိုး ဖက်ဆစ်မျိုးမှ
သူ့ကျွန်မခံ တော်လှန်တွန်းကန်
သွေးချွေးဆပ်ခဲ့…လွတ်လပ်ရေးအမှန်…။
သမိုင်းမှတ်တမ်း၊ တွင်ကျန်ရစ်နေ
ယနေ့မြန်မာတွေ…လွတ်လပ်ပျော်ရွှင်နေ….။


နေခြည်သစ်နွယ်(ပြည်)

“ကျောင်းဖွင့်ချိန်”



“ကျောင်းဖွင့်ချိန်”

ကျောင်းဖွင့်ပြီပေါ့

ငါရပ်စောင့်နေ ကျောင်းထိပ်နားမှာ …။

နင်တစ်ယောက်ကို

အတန်းသွားဖို့ အတူတူပေါ့….။

အခန်းဝမှာ နင်ရပ်နေတယ်

ငါ့ကိုစောင့်လို့ အတူတူဝင်……။

စာသင်ခန်းထဲ နှစ်ယောက်အတူ

ထိုင်ကာအတူပျော်နေ…..။

စာသင်နေချိန် နင့်မျက်နှာလေး

ငါခိုးကြည့်နေ တစိမ့်စိမ့်လေ

နင်မသိစေ…ငါချစ်တယ်လေ….။

“အမှတ်မထင်”



“အမှတ်မထင်”

ငါ၏ခန္ဓာ အကျွန်ုပ်သည်

ငါပဲသမုဒ် ငါပဲဟုတ်သည်

ငါလည်းပဲထင် ငါပဲဖြစ်သည်

မရှုခန္ဓာ ဤဘ၀မှာ…။

ငါပဲသူပဲ ခွဲခြားတတ်သည်

ခန္ဓာရုပ်နာမ် မကွဲပြားပြီ

အလွဲမှားပြီ ဤဘ၀တွင်…။

အရေလည်းဖုံး မပျက်သုဉ်းသော်

အစွဲမှတ်ထင် ငါပြင်သည်ဟု

ရေးကြောင်းမထင် ဇရာတွင်သည်

ငါပဲငြင်းသည် ဤခန္ဓာတွင်…။

Saturday, December 15, 2012

“အချစ်စိတ်”

“အချစ်စိတ်”
တိတ်တဆိပ်အရိပ် တထိပ်ထိပ်သာ
တွေးဆကြံကာ မှန်းဆကာဖြင့်
တမ်းတမိတာ သူ့မျက်နှာ….။
အတွေးစိုးထိတ် အချစ်စိတ်က
နှစ်သက်တစ်ခါ အိပ်မက်တူစွာ
မက်တဲ့အခါ မဖျောက်ဖျက်တာ
ရင်မှာတသ သိမ်းဆည်းလျှက်က
မြတ်နိုးမိတာ သူ့အချစ်ပါ….။
တွယ်တာရစ်ငင် သူ့အသွင်သည်
ဖွဲ့နွဲ့အလှ ကဗျာတစ်မျှ
ပကာသန ဖက်မမျှတည့်
အလှစစ်၏ ပုံရိပ်အသွင်
ဆောင်ကြဉ်းမိသည် သူ့ရင်ခွင်…..။

နေခြည်သစ်နွယ်(ပြည်)

Thursday, December 13, 2012

“စေတနာရှင်”


“စေတနာရှင်”

နံနက်ခင်းက ၊ ကျောင်းသွားဖို့ပြင်
ညီမလေးခင်၊ အစဉ်သာပင်…
အကြင်နာပေး၊ ရင်မှာအေးသို့
အလှတို့ဖြင့် ဂုဏ်ဝင့်နေ…..။

ပါးပြင်နှစ်ဖက်၊ သနပ်ခါးစက်
လိမ်းခြယ်ကြံသ၊ ၀ိုးတ၀ါးလည်း
မွေးပျံ့နေစေ၊ ရင်မှာအေးပေ
ညီမလေးရဲ့ အလှတွေ…..။

ကျောင်းစာအတွေး၊ ဗျာမနှေးနဲ့
“က”ကလေးငယ်၊ ညီမလေးရယ်
စာတွေရေးမယ်၊ သင်အံတွေးကွယ်
အနာဂါတ်အတွက် ချစ်စဖွယ်…..။

ကျောင်းကြီးပိတ်ကာ၊ ညီမလေးသာ
စာတွေရေးလာ၊ အမှာပေးကာ
တစ်ခါကကဗျာ… ဆရာမသာ
ဖြစ်စေချင်တာ …စေတနာ…..။


နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

Monday, December 10, 2012

“သံလွင်မှတ်တမ်း”



တစ်ခါကဆီ ရောက်ခဲ့ပေသည်

“ကရင်ပြည်နယ်”….

လမ်းမှဖြတ်သွား ပဲခူးအစ

ညောင်ခါးရှည်လေ ဆက်၍လှမ်းနေ

တောင်ပြာတန်းတွေ တွေ့မြင်ရနေ

ကနဦးရဲ့အစလေ….။

မှန်းမျှော်အရောက် တွေးဆချင့်သည်

ရောက်ပင်သော်ငြား သထုံအပါး

နားခိုရာမှ ဖူးတွေ့မြင်ရ

ရွှေစာရံက သပ္ပာယ်ရှုမဆုံး

ကြည်နူးမြင်ရ အထင်ကရ…..။

ရှေ့ဆက်ကာမျှော် တောင်ပေါ်တခေါ်

ပေါ်လာပါသော် လှမ်းတွေ့မြင်ရ

ဘားအံပြည်ရဲ့အလှ…။

ညှို့မှိုင်းကာနေ တောင်တန်းတွေလေ

စိမ်းလန်းစိုနေ မြူခိုးတဝေေ၀

သဘ၀တရားရဲ့ အလှတွေ….။

ယာဉ်ဆက်ကာစီး အမှတ်ကြည့်သည်

ရောက်လုပြန်ပြီ ကော့ကရိတ်ဆီ….။

လမ်းဖြတ်အကြည့် အတွေ့ထိသည်

မင်္ဂလာဆင်နွှဲ ဓလေ့ထုံးတမ်း

ရိုးရာအဆင် အမြင်သာလျှင်

တွေ့ရပါလျှင် အပြုံးတွေပင်

ရင်ထဲဘ၀င်ကြည်နူးမိပါသည်…။

တောင်ပေါ်စကား ၀ဲသံအလှ

ဖြူစင်တမျှ တိုင်းရင်းတို့က

ဧည့်ဝတ်ပျူငှာ တလပေါ့ဟာ

စိမ့်ဝင်ရသာ ရင်မှာစွဲတာ

တမ်းတမိတာ သူတို့လက်ရာပါ…..။

ချိုမြိန်သစ်သီး ဒူးရင်းသီးက

မမေ့နိုင်စရာ သထုံပြည်မှာ

ဘာသာတရား လွန်လွှမ်းမိုးတာ

ပျူငှာယဉ်ကျေး သူတို့လေးတွေ

တောင်ယာလုပ်ကာပျော်ပျော်နေ….။

လွမ်းတေးဆိုနေ ဒေါနတောင်ခြေ

လှမ်း၍ကြည့်နေ ဇွဲကပင်မြေ…။

အဝေးကဆီ ကျန်နေခဲ့ပြီ

လွမ်းနေပြီလေ သံလွင်ရေ…။


နေခြည်သစ်နွယ်(ပြည်)