Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, October 15, 2014

ဓမ္မစကူးလ်သို့ဆီ အရောက်လှမ်းချီ


နံနက်ခင်းရောက် မိုးသောက်လင်းလျှင်
ဝေဖြာရွှန်းစ ထွန်းပသာသနာ
မညှိုးနွမ်းစေရာ ဆန်းဒေးဓမ္မစကူးလ်ပါ။

သားတို့သမီးငယ် ယဉ်ကျေးလိမ္မာ
တတ်သိစေမှာ ဓမ္မအကြောင်း
တစေ့တစောင်း လမ်းကြောင်းမှန်စွာ
ပဲ့ပြင်ပေးမှာ ဆန်းဒေးဓမ္မစကူးလ်ပါ။
ကဗျာတွေနဲ့ စာတွေအံမယ်
ဘာသာတရားနဲ့ အညီကွယ်
သားတို့သမီးတို့ရယ်
သာသနာပြန့်ပွား တိုးတက်များအောင်
ကြံစည်ရွက်ဆောင် ဆရာတော်များရဲ့ သြ၀ါဒကထာ
လမ်းညွှန်ပြသ နည်းနာယနဲ့
စေတနာထား သင်ကြားပေးတာ
ဆန်းဒေးဓမ္မစကူးလ်ပါ။
လာပါသူငယ်ချင်း မိတ်ရင်းဆွေတို့
ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာ
အသိတရားဝေဖြာ စေနိုင်ဖို့ရာ
လှမ်းကာတက်ချီ ဖိတ်ခေါ်ပါသည်
ဆန်းဒေးဓမ္မစကူးလ်သို့ဆီ.....။


 နေခြည်သစ်နွယ် (ပြည်)

အသိရှိလျက် သတိခက်


ကျွန်ုပ်ခေါင်းပေါ်မှာ မိုးကောင်းကင်
ကျွန်ုပ်ခြေထောက်အောက်မှာ မြေကြီး
တွေးကြည့်ရင် အနီးကလေးပဲဆိုပေမဲ့
ကျွန်ုပ်လျှောက်ရမဲ့ ဘ၀ခရီး
နီးသလား ဝေးသလားမသိ
သတိနဲ့အသိတော့ ရှိရမယ်ထင်ပါရဲ့။

ဧရာဝတီ ဟိုဘက်ကမ်း ဒီဘက်ကမ်း
လှမ်းကြည့်ရင် အနီးကလေးပဲဆိုပေမဲ့
ကျွန်ုပ်ဖြတ်သန်းရမဲ့ ဘ၀ခရီး
နီးသည် ဝေးသည်မသိ
အသိတစ်ချက် သတိမှတ်နဲ့
နီးကပ်စွာ ခရီးဆက်နိုင်မှ
မပြတ်လည်တဲ့ သံသရာ
ဖန်တစ်ရာ ၀ဲဂယက်က
ထွက်မြောက်ရာလွတ်လမ်း
ကျွတ်တမ်းဝင်စေနိုင်မဲ့
အထင်ကရ နိဗ္ဗာန်စခန်းပင်။



အသိနဲ့သတိတရားဖြင့် လောကကြီးကို ဖြတ်သန်းသွားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်
နေခြည်သစ်နွယ် (ပြည်)

လမင်းနှင့် ချစ်ခြင်း

ချစ်သူအနားမှာမရှိပေမဲ့ လမင်းကို ငေးကြည့်ခွင့်ရှိသည်
ချစ်သူ့စကားသံ မကြားရပေမဲ့
ကြယ်လေးတွေကို အဖော်ပြု ခွင့်ရှိသည်
လမင်းနဲ့ကြယ်စင် လင်းလက်နေသမျှ
ငါလည်း မင်းကို ချစ်ခွင့်ရှိသည်။

ကောင်းကင်ပြင်ဟာ ငါ့ရဲ့အတွေးစုဆို
အဝေးကတိမ်သားတွေက အချစ်တွေကို သယ်ဆောင်ပေးလိမ့်မည်
တို့နှစ်ယောက်ရဲ့ချစ်ခြင်းက လမင်း...
သာချင်လည်းသာမယ် မှောင်ချင်လည်းမှောင်မယ်
မပြောင်းလဲတဲ့ သံယောဇဉ်သာ
တို့နှစ်ယောက်ရဲ့ ချစ်ခြင်း
ရင်တွင်းမေတ္တာက အဇ္ဈတ္တနှလုံးသားမှာ ဌာပနာထားတယ်
လှပလွန်းတဲ့ ဒီချစ်ခြင်းဟာ...
တို့နှစ်ယောက်အတွက် သစ္စာမြစ်တစ်စင်းပေါ့....။


 နေခြည်သစ်နွယ် (ပြည်)

ချစ်သောကမ္ဘာမြေပေါ်မှာ


ချစ်သူ့အပြုံးများအား မြင်နိုင်ဖို့ရာ
စက္ကန့်လေးတွေ လက်ချိုးရေတွက်ထားသည်
ချစ်သူ့စကားသံတွေကြားဖို့ရာ
နှလုံးသားက နားစွင့်ထားသည်
လွင့်ပြယ်နေသော ကောင်းကင်ပေါ်တွင်မဟုတ်
တရုတ်ဇာတ်လမ်းထဲကလိုမဟုတ်
ရုတ်တရက် အသက်ရှူ ရပ်မသွားရအောင်
ကျွန်မ အသက်ခဏအောင့်ထားလိုက်သည်
ရောက်တဲ့အရပ်မှာ မျှော်နေခဲ့တာ
ပျော်နေတဲ့ ရေခဲပြင်ထဲမှာ မဟုတ်ပါ
အော်ခေါ်နေတယ် မဟာသမုဒ္ဒရာထဲမှာ မဟုတ်ပါ
ကျွန်မချစ်သော...ချစ်သော ကမ္ဘာမြေပေါ်မှာ....။


 နေခြည်သစ်နွယ် (ပြည်)

အိပ်မက်ထဲက ချစ်သူ့ခေါ်သံ

တို့နှစ်ဦးရဲ့ချစ်ခြင်း
ပြစ်ကင်းကာ နှောင်တွယ်ကြပေမဲ့
အရောင်တွေပြယ်တဲ့တစ်နေ့တော့
ကွေကင်းကာ ဆွေးကြရလိမ့်မယ်။

တစ်နေ့နေ့မှာတော့....
ငါ (သို့မဟုတ်) မင်း....
ချစ်ခြင်းတွေရဲ့အဝေးမှာ ခပ်ခွါခွါနဲ့ နေကြရလိမ့်မယ်
သေခြင်းတရားက တို့နှစ်ဦးရဲ့အနာဂတ်မှာ
ထာဝရဧကန် စောင့်မျှော်နေကြတယ်
မင်း...(သို့မဟုတ်) ငါ အော်ခေါ်နေမဲ့အချိန်တွေမှာ
လိပ်ပြာချင်းတွေလည်း ကွဲပြားခြားနားနေကြလိမ့်မယ်
အခြေအနေဆိုတာ အနာဂတ်မဟုတ်ပေမဲ့
ပစ္စုပ္ပန်မှာ တို့နှစ်ဦးရဲ့ချစ်ခြင်းတွေကို
ရင်နင့်စွာနဲ့ ထွေးပွေ့ထားကြမယ်
ဆွေးဆွေးမြေ့မြေ့ကမ္ဘာထဲမှာ
နှစ်ကိုယ်ယှဉ်ကာ ကြင်နာကြမယ်
အပြစ်အနာအဆာတွေကို ဥပေက္ခာပြု ကြရင်း
ရူးသွပ်စွာနဲ့ အချစ်စစ်စစ်တွေ တည်ဆောက်ကြမယ်
ကွဲလွဲနေတဲ့ ကံကြမ္မာကို အံတုရင်း
နှလုံးသားစစ်တုရင် ကစားကြမယ်
သာသာယာယာ တေးသွားတစ်ပုဒ်က
တို့နှစ်ယောက်အတွက် သံစဉ်တချို့ဆို
ခိုဖြူလေးတွေဖတ်ပြမဲ့ စာတစ်ပိုဒ်ကလည်း
တို့နှစ်ယောက်အတွက် ကဗျာတစ်ပုဒ်
အဟုတ်လို့ ထင်ခဲ့မိပေမဲ့
မမြင်ရတဲ့ ကြမ္မာကိုတော့ တို့နှစ်ယောက် လွန်ဆန်လို့ရမယ်မထင်ဘူး
အစဉ်ခူးချင်ပေမဲ့ ရူးချင်ဟန်ဆောင်ခဲ့မိတယ်
လှောင်ပြောင်ရက်တယ် ပန်းပျိုးသူက
မရိုးမရွနဲ့ ... နှလုံးသားကို အကြင်နာပေးလိုက်တယ်
ဟယ်....တကယ်ပဲ....ဒါ အိပ်မက်တဲ့လေ...။

 နေခြည်သစ်နွယ် (ပြည်)

“ထိုသူတို့၏ ရင်တွင်းမှာ…..”


နံနက်ခင်းသစ်မှာ တေးသီဆိုတယ်….ငှက်ကလေးတွေကပေါ့
တို့နှစ်ဦးရဲ့ ရွှေရောင်ရက်မြတ်တွေလည်း
တေးသစ်ထပ်ထပ်နဲ့ ကြည်နူးခွင့်ရကြလေမလား။
နေမင်းတစ်ရာမက ပူသော်ငြားလည်း
အော်…တို့နှစ်ဦးရဲ့ ရင်ခုန်သံကန္တာရမှာတော့
စိမ့်စမ်းရေနဲ့ ဆေးရောင်တွေကိုခြယ်
အပြုံးရယ်ရွှင်ကာ ဂုဏ်ရှိန်ဝါ၀င့်ထည်လှစွာ
တင့်တင့်တယ်တယ် လှမ်းကာရေတယ်
ခြေလှမ်းတွေက ဣနြေ္ဒမပျက်ခဲ့
မေတ္တာရည်ယှက်တဲ့ တို့နှစ်ဦးရဲ့နေ့သစ်တစ်ရက်
မနက်ဖြန်မှာ ဆုံနိုင်လေမလား။
တေးချစ်တဲ့ နှစ်ကိုယ်တူကဗျာ
အခါခါ ဆိုညည်းခဲ့ကြတယ်
တေးသွားတွေထက်ဝယ် မေတ္တာတွေမယိုင်မလဲ
ခိုင်မြဲကာ လက်တွဲကြည်ဖြူခဲ့တယ်
ညီတူစွာ စိတ်သဘောထားရယ်နဲ့
နိမိတ်ပုံဖော်ရခက်တဲ့….အို….ချစ်ရသူရယ်…။


 နေခြည်သစ်နွယ် (ပြည်)

“အမေ့ရဲ့အိမ်ကလေး”


မြို့ပြညရဲ့ မီးရောင်စုံတွေက
အမေ့အိမ်ထဲမှာ ထွန်းညှိထားတဲ့
ဖယောင်းတိုင်မီးစလောက်တော့ မလင်းလက်နိုင်ပါဘူး။
ချောမွေ့နေတဲ့ ပေတစ်ရာလမ်းမထက်မှာ
မိုင်ပေါင်းများစွာ ခရီးလမ်းလျှောက်နေခဲ့ရပေမဲ့
ရွှံ့တွေ ကပ်စေးစေးဖြစ်နေသေးတဲ့
အမေ့အိမ်ရှေ့က လမ်းကျဉ်းကလေးလောက်တော့
လျှောက်လို့မကောင်းပြန်ဘူး။
မွန်းကြပ်ကြပ်အဆောက်အအုံတွေရဲ့ကြား
ပကာသနတွေ ခြယ်မှုန်းထားတာက အပြည့်
မာယာကြွယ်ပြီး လှည့်စားတတ်တဲ့ လူဦးရေတွေကြားမှာ
နေ့ရက်ပေါင်းမြောက်များစွာ ဖြတ်သန်းနေခဲ့မိပေမဲ့
စိမ်းစိုနွဲ့နှောင်းလှတဲ့ သစ်ရိပ်တွေရဲ့အောက်မှာ
ဝါးကျဲကျဲနဲ့ စီခင်းထားပြီး ဆွေးဆွေးမြေ့မြေ့ရှိတဲ့ ဓနိအမိုးအကာအောက်က
အမေ့ရဲ့အိမ်အိုလေးကို လွမ်းမိလာပြန်တယ်။
လောကဓံရဲ့ရိုက်ချက်တွေကို ခံခဲ့ရတော့
အမေဆူတာကို သတိရမိတယ်
စည်းမျဉ်းတွေမရှိတဲ့ လှည့်စားမှုတွေနဲ့ ကြုံပြန်တော့
အမေ့ရဲ့နွေးထွေးမှုတွေကို တမ်းတခဲ့ရပြန်တယ်။
လူဦးရေတွေထူထပ်တဲ့ မြို့ပြရဲ့အရိပ်ဟာ
အမေ့ရဲ့ ရင်ငွေ့လောက်တော့ လုံခြုံမှုမရှိနိုင်ပါဘူး
နှလုံးသားမှ တမ်းတခြင်း…လွမ်းဆွတ်ခြင်း… ဂါရ၀ပြုခြင်းတွေနဲ့ထပ်တူ
မြတ်နိုးစွာနဲ့ အမေရယ်….
တစ်နေ့တစ်ရက်ရယ်မှ ဝေးမသွားပါဘူး
အနေတွေဝေးနေပေမဲ့ ခြေလှမ်းတွေကတော့
အမေ့အိမ်လေးကို လျှောက်လှမ်းနေဆဲ….လျှောက်လှမ်းနေမြဲပါပဲလေ
ရောက်ရာအရပ်ဒေသကနေ ဆုတောင်းနေပါ့မယ် အမေရယ်
ရသတွေစုံလင်တဲ့ ဘ၀စာမျက်နှာတိုင်းမှာ
လက်ဆယ်ဖြာအခါခါ ဦးထိပ်မှာပန်ဆင်မိပါတယ်
အလှမ်းမသင့်သေးပေမဲ့ လွမ်းချင်းတွေနဲ့ထပ်တူ
နက်နက်ခင်းတိုင်းမှာဆို ….
အမေ့ရဲ့အပြုံး…အမေ့ရဲ့အပြောတွေနဲ့ထပ်တူ ဆုံဆည်းခွင့်ရှိရပါစေသား….။

နေခြည်သစ်နွယ် (ပြည်)