Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, December 4, 2012

“ဘာကြောင့်လဲ...အမေ”


“မင်းအတွက်ပေါ့...”

တစ်ချိန်က လသာညတွေမှာ
နှစ်ယောက်အတူ လျှောက်ခဲ့ဖူးတယ်
နှစ်ဦးသားလက်ချင်းယှက်လို့
နွေးထွေးစေခဲ့တယ်...။
ရင်ခုန်ခဲ့တဲ့ လသာညတွေဟာ
ခုတော့လည်း ဟောင်းသွားခဲ့ပြီ
ပြောင်းသွားတဲ့ ..နေ့ရက်လေးတွေမှာ
ငါတစ်ယောက်တည်း...
လျှောက်မြဲပဲလျှောက်ရတော့မယ်
ပေါက်ပေါက်ရှာရှာ စကားတွေလည်း..ပြောတတ်ခဲ့တယ်
နှောက်ယှက်တယ်လို့..ထင်ခဲ့မိတာတွေက
ပျောက်ဆုံးညတွေကို...ခေါ်ဆောင်ခဲ့ပြီ။
စိတ်ကူးနဲ့အတူ မှန်းရည်
လှမ်းချီနေကြတဲ့....တို့ခြေလှမ်းတွေ
အားအင်တွေအပြည့်နဲ့ပေါ့...။
အမှားတွေမရှိခဲ့တဲ့...ညလေးတစ်ညမှာ
အလှပဆုံး အိပ်မက်တွေက
ခမ်းခမ်းနားနားဖြစ်နေခဲ့တယ်...။

“အမေမရှိချိန်…..”

အိပ်ယာမှ နိုးထနေချိန်
အမေ့အပြုံးကို မြင်နေမိတယ်
အနားမှာ အဖော်တွေမရှိတဲ့အခါ
အမေ့ကို တမ်းတမိတယ်
သောကတွေပြည့်လို့
မျက်ရည်တွေ ရစ်ဝဲလာတဲ့အခါ
အမေ့ရင်ခွင်မှာ ခေါင်းလေးဝှေ့နေချင်တယ်
ထမင်းဝိုင်းမှာ တစ်ယောက်တည်း
နှုတ်ဆိတ်စွာ စားနေချိန်မှာ
အမေ့ကို သတိရတယ်
အိမ်ပြန်ချိန် အ၀င်လမ်းမှာ
ခေါင်းငိုက်စိုက်ကျနေခဲ့ချိန်
အမေ့ရဲ့ကြိုဆိုမှုကို လွမ်းမိတယ်
ညဥ့်နက်သန်းခေါင်ယံ
တိုးတိုးတိတ်တိတ်ရှိနေချိန်
အမေ့အသံကို ကြားချင်မိတယ်
တစ်ယောက်သောသူ
“အမေ”လို့ ခေါ်နေချိန်
ကျွန်တော်လည်း ခေါ်ချင်မိတယ်
“အမေ”လို့လေ….
အော်ဟစ်ကာခေါ်သော်လည်း
အမေက မကြားနိုင်…။