Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, December 10, 2012

“သံလွင်မှတ်တမ်း”



တစ်ခါကဆီ ရောက်ခဲ့ပေသည်

“ကရင်ပြည်နယ်”….

လမ်းမှဖြတ်သွား ပဲခူးအစ

ညောင်ခါးရှည်လေ ဆက်၍လှမ်းနေ

တောင်ပြာတန်းတွေ တွေ့မြင်ရနေ

ကနဦးရဲ့အစလေ….။

မှန်းမျှော်အရောက် တွေးဆချင့်သည်

ရောက်ပင်သော်ငြား သထုံအပါး

နားခိုရာမှ ဖူးတွေ့မြင်ရ

ရွှေစာရံက သပ္ပာယ်ရှုမဆုံး

ကြည်နူးမြင်ရ အထင်ကရ…..။

ရှေ့ဆက်ကာမျှော် တောင်ပေါ်တခေါ်

ပေါ်လာပါသော် လှမ်းတွေ့မြင်ရ

ဘားအံပြည်ရဲ့အလှ…။

ညှို့မှိုင်းကာနေ တောင်တန်းတွေလေ

စိမ်းလန်းစိုနေ မြူခိုးတဝေေ၀

သဘ၀တရားရဲ့ အလှတွေ….။

ယာဉ်ဆက်ကာစီး အမှတ်ကြည့်သည်

ရောက်လုပြန်ပြီ ကော့ကရိတ်ဆီ….။

လမ်းဖြတ်အကြည့် အတွေ့ထိသည်

မင်္ဂလာဆင်နွှဲ ဓလေ့ထုံးတမ်း

ရိုးရာအဆင် အမြင်သာလျှင်

တွေ့ရပါလျှင် အပြုံးတွေပင်

ရင်ထဲဘ၀င်ကြည်နူးမိပါသည်…။

တောင်ပေါ်စကား ၀ဲသံအလှ

ဖြူစင်တမျှ တိုင်းရင်းတို့က

ဧည့်ဝတ်ပျူငှာ တလပေါ့ဟာ

စိမ့်ဝင်ရသာ ရင်မှာစွဲတာ

တမ်းတမိတာ သူတို့လက်ရာပါ…..။

ချိုမြိန်သစ်သီး ဒူးရင်းသီးက

မမေ့နိုင်စရာ သထုံပြည်မှာ

ဘာသာတရား လွန်လွှမ်းမိုးတာ

ပျူငှာယဉ်ကျေး သူတို့လေးတွေ

တောင်ယာလုပ်ကာပျော်ပျော်နေ….။

လွမ်းတေးဆိုနေ ဒေါနတောင်ခြေ

လှမ်း၍ကြည့်နေ ဇွဲကပင်မြေ…။

အဝေးကဆီ ကျန်နေခဲ့ပြီ

လွမ်းနေပြီလေ သံလွင်ရေ…။


နေခြည်သစ်နွယ်(ပြည်)

“ဂုဏ်ပြုအလွမ်း”

“မေမေ”….လို့ ခေါ်ခွင့်ရတာ ကျေနပ်ခဲ့ပါတယ်…သက်ဦးဆိုတော့ အရူးဆုံးပဲလို့ပြောခဲ့ပေမယ့်၊ သိပ်ချစ်ခဲ့ရတဲ့မေမေ၊ သမီးကို မေမေလွယ်ထားချိန်..အချိန်ကာလတွေဟာ ၉လသော်မှ ၁၀လတာပင်ကြာခဲ့ပါတယ်၊ မွေးဖွားဆဲလုလု အချိန်နာရီ (၁)ရက်နှင့် နေ့တ၀က်ပင်ကြာခဲ့လေပြီ၊ ချို၊ ချဉ်၊ စပ်၊ ခါး၊ ပူ၊ ဖန် စားချင်သော်လည်း မစားသာ၊ အိပ်ပင်သော်မှ မတတ်သာလှပါဘူး၊ သမီးရဲ့ လမ်းဆုံးတွေ…လျှောက်လှမ်းလို့ မဆုံးခင်မှာ အသိစိတ်တွေကို မွေးဖွားပေးခဲ့တယ်..။
သမီးရဲ့အနား ဘယ်သူတွေမှမရှိသည့်တိုင်အောင် မေမေက အနားမှာရှိနေခဲ့တယ်၊ ဆုံးဖြတ်ချက်တွေခိုင်မာလာအောင်၊ အသိတရားတွေ ရင့်ကျက်လာစေရန်၊ လူ့ဘောင်အသိုင်းအ၀ိုင်းဝင်ဆံ့စေရန်၊ ပြောဆိုတတ်စေရန်၊ ဆုံးမမှုတွေက ထပ်ကာထပ်ကာ၊ ဘယ်တော့မှလည်းရိုးစင်းမသွားသလို၊ မထပ်စေနိုင်သော သတိပေးဆုံးမတားမြစ်မှုတွေကလည်း အနှိုင်းမရခဲ့ ဘူးပေါ့၊ သမီးလေးရဲ့ အတွေးအခေါ်..လိမ္မာယဉ်ကျေးမှုတွေကို..သင်တန်းတက်စရာမလိုအောင် မေမေက သွန်သင်ဆုံးမခဲ့တယ်၊ ပညာရေးတွေမှာ အနှောက်အယှက်မဖြစ်စေရအောင်၊ လျှောက်သောလမ်းတွေဖြောင့်ဖြူးလာအောင် အိပ်ယာဝင်သတိပေးပုံပြင် တွေကလည်း အခါခါပဲပေါ့….။
ဘ၀ရဲ့လမ်းမပေါ်ကို လျှောက်လှမ်းတဲ့နေရာမှာ စေတနာ၊ မေတ္တာတွေနဲ့အတူ စိတ်ထားဖြူစင်စွာထားတတ်ဖို့က မေမေ့ရဲ့ ရှေးရိုးလက်စွဲနဲ့ ပင်ကိုယ်ဓလေ့စရိုက်လေးဆိုရင်လည်း မှားနိုင်မယ်မထင်ပါဘူး၊ တစ်ပါးသူကို ကြည့်နေဖို့ထက် ကိုယ့်ကိုကိုယ် စောင့်ကြည့်နိုင်ဖို့ သတိမချပ် အမြဲမှာခဲ့သူက “မေမေရယ်”ပါ၊ ဘယ်နေရာကိုသွားသွား…သမီးလေးအနားမှာအမြဲ…ဒီအရွယ်ကြီးလို့ ပြောကြပေမယ့်လည်း ကလေးတစ်ယောက်လို ပါးပြင်ကို ဖွဖွလေးနမ်းကာ စောင့်ကြည့်နေတတ်သူကလည်း “မေမေ”ပါ၊ လျှောက် သောလမ်းတွေကို ယိုင်လဲမသွားရအောင်၊ ဖြောင့်ဖြူးသောလမ်းတွေကို ဆက်လျှောက်စေနိုင်ခဲ့တာလည်း “မေမေ”ပါ၊ ထမင်းပန်းကန်ပြားထဲက ထမင်းတို့ကို… မဝေငှလောက်သော ဟင်းတုံးလေးတစ်တုံးဖြင့် ဖဲ့မွကျွေးခဲ့သူ၊ အကြိုက်ချင်းတူသော ဟင်းတစ်ခွက်ဖြစ်ပါစေ....“မေမေ”မစားပါဘူးလို့ အခါခါငြင်းခဲ့ကာ…၀လင်သောအပြုံးတွေဖြင့် ကျွေးမွေးခဲ့တာလည်း “မေမေ”ပါ။
လောကရဲ့ဝန်းကျင်ပေါင်းမြောက်မြားစွာထဲမှာ…သမီးလေးကတစ်ယောက်တည်းပါ၊ အသိုင်းအ၀ိုင်း၊ အဆင့်အတန်း၊ နေရာမျိုးစုံ၊ လောကမျိုးစုံတွေမှာ အန္တရာယ်တွေကျရောက်မလာအောင် ကာကွယ်ရှေ့ရှုလို့ မြတ်ဘုရားရှေ့မှာ ဆုတောင်းပေးခဲ့တာလည်း အခါခါပါ၊ လောကရဲ့အဆိုးအကောင်းတွေကြားမှာ သမီးလေးအားငယ်နေတဲ့အခါ နှစ်သိမ့်ပေးတတ်ခဲ့သလို၊ မျက်ရည်တွေကျလာ ခဲ့ရင်လည်း…ထပ်တူမျက်ရည်တွေနဲ့အတူ…အားပေးချီးမွမ်းတဲ့စကားလုံးတွေကလည်း…မနည်းတော့ပါဘူး….။

“တစ်ခါကသူမနှင့်…ရန်ကုန်”

လွန်ခဲ့သောသုံးနှစ်တာကာလတုန်းကပေါ့…သူမ မယောင်မလည်နှင့်ပင် ရန်ကုန်မြို့ကြီးကို ရောက်လာခဲ့မိသည်၊ မယောင် မလည်ဟုဆိုသော်ငြားလည်း လုံးဝမသိကာမျှတော့မဟုတ်၊ သိသင့်သည်များကိုတော့ သူမသိနေခဲ့သည်။ ရန်ကုန်မြို့ဆိုသည် ကို ကြားဖူးခဲ့သည်မှာ အကြိမ်ကြိမ်အခါခါပင်…အဖော်များနှင့် သွားရောက်လည်ပတ်ဖူးဟန်ရှိသော်လည်း…တစ်ယောက်တည်း ဆိုပြန်ရင်တော့ ကြက်သီးများပင် ထမိခဲ့သည်၊ ထိုနေ့က သူမခရီးစထွက်ခဲ့သည်…ညအချိန်က အတော်လေးမှောင်နေပြီဆိုတော့ ဘာမျှပင်မမြင်ရ၊ သဲသဲကွဲကွဲလည်းရှိဟန်မထင်၊ ကားပေါ်မှ ခရီးသည်များက အိပ်စပြုနေပြီ၊ ကားကြီးတစ်စီးလုံးမှာတော့ ကားမောင်းသူ၊ ကားနောက်လိုက်သူတို့၏ ကားအချက်ပြစကားသံများမှလွဲ၍ ဘာမျှပင်မကြားရချေ။ အေးအေးချမ်းချမ်းဆောင်းဦး ကာလဆိုပေမယ့် ရန်ကုန်မြို့အ၀င် ထောက်ကြံ့အရောက်မှာတော့ တစ်ကိုယ်လုံး နွေးကနဲနေအောင်ဖြစ်သွားရသည်။
သူမတို့ကားဆိုက်သည့်အချိန်က မနက်(၂)နာရီခွဲ၊ ကားပေါ်မှအဆင်း ကြိတ်ကြိတ်တိုးနေသော ဈေးသည်၊ ဈေးဝယ်များက ရောင်းဝယ်ဖောက်ကားလို့နေကြသည်၊ သူမ ဖျတ်ကနဲကြည့်မိသည့်အချိန် မြို့ထဲသို့သွားမည့်ဘတ်(စ်)ကားတစ်စီးရောက်ရှိလာ တော့သည်၊ ထိုကားပေါ်မှ အော်သံတစ်ခုကြားလိုက်ရသည်၊ သူမတို့မြို့နှင့်မတူသော ခေါ်သံတစ်ခုရယ်ပါ…
“သမိုင်း….စော်ဘွားကြီး….မင်္ဂလာဒုံ”ဆိုပါလား..ထိုသို့အော်သံကြားပြီးနောက် သူမသွားချင်သည့်နေရာ မင်္ဂလာဒုံသို့လိုက်ပါရန် ထိုကားပေါ်သို့ အပြေးတက်ခဲ့လိုက်သည်၊ ကားပေါ်တွင်လည်း ခရီးသည်တွေက အနည်းအကျဉ်းမျှသာ၊ ဟိုဟိုဒီဒီလှည့်ကြည့်မိရာ နှုတ်ဆက်မည့်သူမရှိ၊ စကားပြောမည့်သူပင်မတွေ့ရပေ၊ သူမ စဉ်းစားမိလိုက်ပါသည်…“အော်…ကိုယ့်မြို့နဲ့များတော့ ကွာပါ့”ဟုဆို ပြီး နှုတ်ဆိတ်စွာဖြင့်ပင် ဆက်၍စီးလာခဲ့သည်….။
မင်္ဂလာဒုံကိုရောက်လာခဲ့ပြီ…များပြားရှုတ်ပွေလှသော လူများ၊ အငှားယာဉ်များနှင့် ဘတ်(စ်)ကားများကလည်း အစီအရီ၊ သူမ  ခရီးဆက်ရမည်က မဟာဗန္ဓုလပန်းခြံအ၀ိုင်းထိ…သူမတို့မြို့တွင်တော့ ယာဉ်လိုင်းများက တသီးတသန့်နှင့်သာ လူဦးရေကလည်း ထိုလောက်မများပြား၊ မျက်စိလည်စရာလည်းမရှိ၊ ခါးပိုက်နှိုက်၊ အလုအယက်များပေါများသည်ဟု ဆိုထားပြန်တာကြောင့်လည်း  မိမိတွင်ပါလာသည့်ဟန်းဘတ်အိတ်ကို ဂရုစိုက်ရပြန်သေးသည်၊ အတော်အတန်ကြာတော့…
“၈မိုင်…ဘူတာ…မြေနီကုန်း…”ဟုဆိုပြီး အော်သံတစ်ခုကြားလာရပါပြီ..ရန်ကုန်မြို့မှ ကားတွေက သူမတို့မြို့ကလိုမဟုတ်တာ တော့သေချာနေပြီ…တရကြမ်းမောင်း…တရကြမ်းရပ်ပါပဲ…ကားပေါ်သို့ တက်မည်အပြုတွင်..များလှသောလူတွေကြောင့် နောက်ဆုံးမှပင်ကျန်နေခဲ့ရပါသည်..သူမစိတ်ထဲ အတွေးတစ်ခုဝင်လာတော့သည်…