Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“ မိုးမခ” ချစ်တဲ့ အိမ်ကလေး



 
 “အောက်အီးအီး……အွတ်”

ကြက်တွန်သံတွေအဖြိုင်ဖြိုင်ကြားရပြီဆိုတော့ မိုးမခတို့မေမေတစ်ယောက် ခုချိန်ဆို မီးဖိုထဲရောက်နေလောက်ပြီပေါ့ ၊ မိုးမခတို့မှာ ဖေဖေဦးနေမင်းခ၊ မေမေ ဒေါ်နှင်းနှင်းနဲ့အတူ မောင်လေးနေမခဆိုပြီး မိသားစုလေးယောက်ပေါ့….

ဖေဖေက သူတတ်ကျွမ်းတဲ့ မွေးမြူရေးလုပ်ငန်းလေးနဲ့အတူ တိုင်းပြည်ကပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း မေမေကတော့ ဖေ့ဖေ့ကို တစ်ဖက်တလမ်းကနေ ပဲပြုတ်လေး ဈေးတောင်းခေါင်းပေါ်ရွက်ပြီး ရွာရိုးကိုးပေါက်လျှောက်လည်ရောင်းရင်း အိမ်မီးဖိုချောင်စရိတ်လေး ဖာထေးအောင် ကူညီပေးခဲ့တယ်လေ
မိုးမခက ဒီနှစ်ဆို ၈တန်းကျောင်းသူဖြစ်ပြီး နေမခကတော့ ၅တန်းတက်ရတော့မှာပေါ့
“သမီးရေ မိုးမခ ၊ ထတော့လေ ၊ အမေဈေးရောင်းသွားတော့မယ်လေ၊ ကျောင်းသွားဖို့ထမင်းချက်တော့လေ”
မိုးမခ အိပ်ချင်မူးတူးဖြင့် ဟင်း…..အင်း…..အား…
“ဟုတ်……” အမေ
“သမီးလေး….ထတော့နော်၊ပြန်အိပ်ပျော်သွားအုံးမယ်၊ ကျောင်းသွားကာနီးရင် သမီးဖေဖေကို နှိုးလိုက်အုံးနော်၊ ဒီနေ့ တနင်္လာနေ့ဆိုတော့ တန်းစီရမယ့်နေ့လေ”
ဖေဖေက စစ်မှုထမ်းဆိုတော့ စစ်တပ်ထဲမှာ တနင်္လာနေ့နဲ့ သောကြာနေ့ဆိုရင် စစ်ရေးပြကွင်းမှာ တန်းစီရတယ်လေ၊ တပ်မှာအုပ်ချုပ်တဲ့ တပ်ရင်းမှူးကြီးက စစ်သည်၊အကြပ်၊တပ်သားအားလုံးကို လိုက်ပြီးစစ်ဆေးကြည့်ရှုတဲ့နေ့ပေါ့၊ မိုးမခတို့ ဖေဖေကတော့ သာမာန် တပ်ကြပ်ကြီးရာထူးအဆင့်လောက်ပါပဲ စစ်တပ်မှာ တပ်ကြပ်ကြီးအဆင့်ဆိုရင် အရစ်ကလေး ၃ရစ်ကို ယူနီဖောင်းအင်္ကျီ စစ်စိမ်းရောင်လေးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ တပ်ထားလို့ရပြီလေ…. ပြီးတော့ ဖေဖေ တာဝန်ထမ်းဆောင်ရတဲ့စစ်တပ်က ဆေးတပ်ဆိုတော့ ရှေ့တန်းထွက်စရာမလိုဘူးပေါ့ တစ်ပတ်ကို ၁ရက်ဆိုသလို လုပ်အားပေး(သို့) စစ်တပ်အခေါ်အဝေါ် ဖက်ထိပ်လုပ်ရပြီး ကျန်တဲ့အချိန်ကျတော့ လွတ်လပ်ခွင့်ရခဲ့ပါတယ် ဖေဖေ့ရဲ့ ပညာအရည်အချင်းက တခြားစစ်သည်တွေလို ၁၀တန်းမအောင်ခဲ့ပါဘူး အဲတော့ ဆေးတပ်ဆိုပေမယ့် medical workထဲမှာ မနေရပဲ ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာပဲ ကျင်လည်ခဲ့ရပါတယ် ဒါပေမယ့် မိုးမခတို့ဖေဖေက ဆေးဝါးအကြောင်းကို တစေ့တစောင်း နားလည်ထားသူဖြစ်ပြီး တခြား သူနာပြုစစ်သည်တွေလိုတော့ ဆေးထိုးအပ် မကိုင်ရတဲ့အတွက် ဆေးပညာ မတတ်ခဲ့ပါဘူး တပ်တွင်းထဲမှာ “အစည်းအဝေးတက်” ဗဟိုကင်းစောင့် ဆတ်သားတာဝန် စတဲ့တာဝန်ကြီးငယ်တွေကိုပဲ ထမ်းဆောင်ရပါတယ် “ဆတ်သား”ဆိုတာကတော့ စားလို့ရတဲ့ ဆတ်သားခြောက်ကိုပြောတာမဟုတ်ပါဘူး ရုံးရဲ့ တပ်တွင်း exchange phone dutyကို ပြောတာပါ ကြောင်းကျိုးကြီးငယ်ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်သည်တော်တွေကို ဆက်သွယ်တဲ့အခါ အဲဒီ“ဆတ်သား”တာဝန်ကျတဲ့သူက မဖြစ်မနေ ဆက်သွယ်ပေးရပါတယ် သူ့အတွက်တော့ တာဝန်အကြီးဆုံးပေါ့ ထမင်းစားရ နောက်ဖေးသွားရတာကအစ မလွယ်လှပါဘူး ထမင်းချိုင့်လေးကို ရဲမေတွေက လိုက်ပို့ပေးရပါတယ် အိမ်ပြန်ပြီး ဇိမ်ကျကျစားလို့မရတာတော့ အမှန်ပါပဲ “ရဲမေ“ဆိုတာကတော့ စစ်တပ်မှာ စစ်သည်တော်တွေရဲ့ ဇနီးမယားကို “ရဲမေ”လို့ အထက်အရာရှိတွေက ခေါ်ကြတဲ့ အခေါ်အဝေါ်လေးတစ်ခုပါ ဖေဖေ့ရဲ့ ပါရမီလားတော့မသိ ဖေဖေ့ကိုဆို တပ်ရင်းမှူးကြီးက သိပ်သဘောကျပြီး ဖေဖေ့ရဲ့အရည်အချင်းကိုလည်း လေးစားခဲ့တယ် အဲဒါကြောင့်လည်း ဖေဖေက အမြဲတမ်းဆိုသလို ထိုက်သင့်တဲ့အခွင်းအရေးတွေ ရရှိခဲ့ပါတယ်…..
မေမေကတော့ ဈေးသည်ပီပီ တွတ်တီးတွတ်တောက်နဲ့ ပြောဆိုပြီး ထွက်သွားရော၊ မိုးမခလည်း အိပ်ချင်မပြေသေးတဲ့မျက်လုံးလေးကို လက်နဲ့ပွတ်ပြီး နာရီလေးကြည့်ကာ…
“ဟင်….ငါးနာရီတောင်ခွဲနေပြီ၊ ကျောင်းက ရှစ်နာရီလေးဆယ့်ငါးမိနစ်တက်ရမယ်၊ ကျောင်းကားဖယ်ရီက ရှစ်နာရီထွက်မယ်ဆိုတော့ အင်း…ဟင်း…. ထတော့မှပါ”
မိုးမခ ထမင်းအိုးလေးဆေးပြီး တယ်ထားလိုက်သည်၊ ဟင်းချက်ဖို့ ကပျာကရာပြင်ပြီး ဖေဖေအလုပ်မသွားခင် ရေနွေးကြမ်းလေးသောက်ရအောင် ရေနွေးအိုးလေးလည်း အဆင့်သင့်ပြင်ပြီး ပန်းကန်များကို ဆေးကြောနေလေရဲ့…
အလုပ်တွေလုပ်ရင်းကပင် မနက်ခုနစ်နာရီတောင်ထိုးနေပါရောလား၊ ဖေဖေ့ကိုနှိုးရအုံးမယ်၊ နေမခလည်းမထသေးပါလားနော်…
“ဖေဖေရေ….ဒီနေ့ တန်းစီရမယ်မလား…. ထတော့လေ”
“မောင်လေး နေမခရေ…ထတော့လေ…..ကျောင်းသွားရတော့မယ်”
“ ရေမိုးချိုးပြီး အ၀တ်အစားလဲထားတော့လေ”
ဖေဖေနဲ့မောင်လေးကိုနှိုးရင်း မိုးမခ ထမင်းချိုင့်အတွက် ပြင်ဆင်နေတော့သည်၊ ထမင်းချိုင့်လေးပြင်ပြီး “ဖေဖေ…ဖေဖေ့အတွက် ထမင်းကြမ်းနဲ့ ရေနွေးကြမ်း ပြင်ထားတယ်နော်“
“ စားလိုက်အုံး၊ သမီး ရေချိုးတော့မယ်နော်”
“အေးပါ သမီးရယ်…..မောင်လေးနေမခရော နိုးပြီလား သမီး”
“ဟုတ်ကဲ့ဖေဖေ….နိုးနေပြီလေ….ရေချိုးနေလေရဲ့”
မိုးမခ ရေချိုးပြီး အလှတွေပြင်နေတုန်း မေမေရောက်လာသည်
“ဟော….သမီးကျောင်းသွားဖို့ပြင်နေပြီလား”
“ဟုတ်ကဲ့ မေမေ”
“အမေ ဘာဝယ်လာလဲဟင်”
“ပါပါ့တော်၊ ဒီမှာ….အကြော်လေ”
မေမေကသိသည်၊ မေမေဈေးရောင်းကပြန်လာရင် မိုးမခတို့မောင်နှမတွေ ထမင်းကြမ်းစားဖို့ အကြော်(သို့) အသုတ်စုံဝယ်လာတတ်သည်ပင်၊ မေမေရောင်းတဲ့ ပဲပြုတ်ကိုတော့ ရံဖန်ရံခါသာစားကြသည်၊ မကြိုက်ကြပေ။ မေမေက ငယ်ငယ်တည်းက မနက်ထမင်းကြမ်းစားတာ အကျင့်လုပ်ထားပေးတော့ မိုးမခတို့က ထမင်းကြမ်းစာရင်လည်း ဟင်းကြွင်းဟင်းကျန်နဲ့မစားတတ်ကြ၊ အကြော်လေး အသုတ်လေးနဲ့ စားတတ် ကြသည်မို့ မေမေက အလိုက်သိသည်။ ထမင်းကြမ်းကို သုတ်ချေတင်စားကြပြီး…..
“အမေ”
“အေး…ဘာလဲသမီး”
“သမီးနဲ့မောင်လေးအတွက် မုန့်ဖိုး”
မိုးမခ လက်ဝါးလေးဖြန့်ပြီး မုန့်ဖိုးတောင်းလိုက်သည်…
“ကဲ….ရော့ ငါးကျပ်၊ မောင်နှမနှစ်ယောက်စာနော်”
မေမေက ဈေးသည်ဆိုတော့ ငွေရွှင်သည်၊ အိမ်မီးဖိုချောင်စရိတ်ကို မေမေပဲပြုတ်ရောင်းရတဲ့ဝင်ငွေက ဖာထေးနိုင်သည်၊ ပဲပြုတ်ဆိုပြီးတော့ မိုးမခတို့ အထင်မသေးရဲပါ မေမေတစ်နေ့ရောင်းရတဲ့ဝင်ငွေလေးသည် မိုးမခတို့မိသားစုအတွက်တော့ ဟင်းဖိုးလေးဖာသည် ရတဲ့အမြတ်ကို မိသားစုက စားပြီး အရင်းလေးကိုတော့ မေမေက စားတော်ပဲဝယ်ရန် ရင်းနှီးမြုပ်နှံရပြန်သည် ဖေဖေ့ရဲ့လခလေးနဲ့ မွေးမြူရေးလုပ်ငန်းလေးက ရတဲ့ဝင်ငွေကို စီးပွားလုပ်ကြသည်၊မကြာခဏဆိုသလိုပင် ရုံးအားရက်များတွင် ဖေဖေက အရောင်းအ၀ယ် လေးလည်းလုပ်ရင်း ပွဲစားအလုပ်ကိုလည်း လိုက်လုပ်တတ်သေးသည် ဖေဖေ့ရဲ့ ၀န်ထမ်းလစာက လေးထောင့်ငါးရာ၊ ကြားထဲတွင် တစ်ပတ်တစ်ခါဆိုသလို ဖေဖေ့အတွက် ခွဲတမ်းရိက္ခာအစိုနှင့် ရိက္ခာအခြောက်ကလည်း ရသေးသည်၊ ရိက္ခာအစို ဆိုတာကတော့ စစ်သည်တော်တစ်ယောက်အတွက် တစ်ပတ်ကိုတစ်ခါ တစ်လကို လေးရက် အသားပေးပါသည် အသားအစား ပိုက်ဆံကိုသာပေးတတ်ပါသည် အသားဆိုတာကတော့ မိုးမခတို့ ပြင်ပမှာဝယ်စားနေကြရတဲ့ အမဲသား၊ကြက်သား၊ငါးကိုပြောတာပါ ရိက္ခာအခြောက်ဆိုတာကတော့ ဆန်၊ဆီ၊ နို့ဆီ၊ငရုတ်သီးခြောက်၊ကုလားပဲခြမ်း၊လက်ဖက်ခြောက်အချို၊သကြား တို့ကိုလည်း ခွဲတမ်းအရ ထုတ်ပေးတတ်ပါသည် တစ်လလျှင် တစ်ခါဆိုသလို တပ်တွင်းရှိ စစ်သည်ဝန်ထမ်းများအား သက်သာဆန် မိသားစုတစ်စုလျှင် တစ်အိတ်နှုန်းကို သက်သာသောဈေးနှုန်းဖြင့် လည်း ထုတ်ပေးတတ်ပါသည် ပြင်ပမှ ၀ယ်စားစရာမလိုလောက်အောင်ပင် မိုးမခတို့ မိသားစုအတွက် ဖူလုံနေသည်၊ မိုးမခတို့မိသားစုက တပ်တွင်းရှိ အိမ်ထောင်သည်လိုင်းတွင် နေရသည်၊ မိသားစုမွေးမြူရေးအပြင် အိမ်နောက်ဖေးတွင်လည်း တပိုင်တနိုင်စိုက်ပျိုးရေးကိုလည်း လုပ်ကြတာမို့ မိုးမခတို့မိသားစုရဲ့ လုပ်တတ် ကိုင်တတ်၊ချွေတာတတ်မှုတွေနဲ့အတူ ရသမျှဝင်ငွေလေးကိုလည်း စုဆောင်းတတ်မှုတွေကြောင့် အစစအရာရာ ဆိုသလို အဆင်ပြေနေသည်….
“အမေ…ကျောင်းသွားပြီနော်”
“အေး….အေး….သမီး”
မိုးမခ မောင်လေးကို လက်ဆွဲပြီး ကျောင်းကားရှိရာသို့ ပြေလာပြီး…
“မောင်လေးရေ….မြန်မြန်လာပါကွ၊ ကားမမှီဘဲနေအုံးမယ်”
“ဟာ….မမကလည်း၊ သားလွယ်အိတ်ကြီးနဲ့၊ မနိုင်တော့ဘူး၊ ကူသည်ပါအုံး..”
မောင်လေးနေမခက အမြဲတမ်း မိုးမခကို အနိုင်ကျင့်တတ်သူပင်…
ညနေစောင်းလာတော့ မိုးမခတို့ကျောင်းပြန်လာပြီး၊ မိုးမခက အကြီးဆုံးဆိုတော့ ကျောင်းကပြန်လာတာနဲ့ အိမ်ကြမ်းတိုက်၊ ရေခပ်၊ ထမင်းချက်အလုပ်တွေ ကူလုပ်ရသူ၊ ညရှစ်နာရီထိုးအချိန်ရောက်တော့မှ စာအုပ်နဲ့မျက်နှာကပ်ရသူပင်….
“တစ်ညမှာတော့….ဖေဖေနဲ့မေမေ အကြီးအကျယ်ကို ရန်ဖြစ်ကြပါတော့တယ်”
“ခလွမ်……လွမ်….လွမ်…ဗုတ်…..အား…”
“မိနှင်း နင့်ကိုငါပြောထားတယ်၊ ဒီထဲက ပိုက်ဆံအုပ်ကို ယူမသုံးပါနဲ့လို့ပြောထားတာကို နင်ဘာလို့ယူသုံးရတာလဲ”
“ကိုနေမင်း…ရှင် တရားလွန်တယ်နော်၊ ကျွန်မ ရှင့်ပိုက်ဆံကိုသုံးတာ အကြောင်းမဲ့မရှိဘူးနော်၊ ကျွန်မဒီထဲကမသုံးလို့ ဘယ်ထဲကယူသုံးရမလဲ၊ ရှင့်ငွေက ကျွန်မငွေမဟုတ်ဘူးလား”
“အို….ဘာမှလာပြောမနေနဲ့၊ အဲဒါတွေ ငါမသိဘူး”
“ဂလွမ်….လွမ်….ဖြောင်း”
“မိုးမခ မနေနိုင်တော့ပါ…. “အီး….ဟီး….ဟီး….”
“တော်ပါတော့ ဖေဖေရယ်၊ တော်ကြပါတော့၊ အမေ့ကို ဘာလို့ရိုက်နေရတာလဲအဖေရဲ့…..အဖေမှားနေပြီလေ”
“အီး….ဟီး….ဟီး”
မောင်လေးနေမခ ငိုနေသည်၊ ခြင်ထောင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရင်း လန့်နိုးလာသည်
“အဖေရယ် ဇလုံတွေလည်း ပိန်ကုန်ပြီ၊ ပန်းကန်တွေလဲ ကွဲကုန်ပြီ၊ တော်ပါတော့ အဖေရယ်”
“သမီး…..အဖေပြောနေတယ် ကြားလား၊ မောင်လေးကို ချော့သိပ်လိုက်တော့”
ဖေဖေက မောင်လေးကို ချစ်ရှာသည်၊ မေမေ့ကို ဖေဖေရိုက်တာမြင်မည်စိုး၍ ချော့သိပ်ခိုင်းသည်၊ ဖေဖေက အရက်သောက်လာလျှင် သွေးဆိုးသည်၊ ညစ်ညစ်ပတ်ပတ်အဆဲမှန်သမျှ ဖေဖေဆဲတတ်သည်၊ ရန်ဖြစ်လျှင် မေမေ့ကို အမြဲတမ်းရိုက်သည်ပင်၊ အိုးခွက်ပန်းကန်များသည် ဖေဖေခွဲသမျှ ကုန်လုနီးပါပင်ရှိနေသည်၊ ၀ယ်ခဲ့ရသည်လည်း မနဲတော့ပါ၊ ဖေဖေက ငွေကြေးကိစ္စနဲ့ပတ်သက်လာရင် သူသာသုံးချင်သည်သာ ပြောရလျှင် တကိုယ်ကောင်းနဲနဲဆန်သလိုပင် ဖေဖေက အပေါင်းအသင်းဝင်ဆံ့သည်၊ တပ်တွင်းတွင် တပ်ရင်းမှူးက အခွင့်အရေးပေးထားသူတစ်ယောက်ဖြစ်တာကြောင့် ဖေဖေ့အတွက် ရောင်းရေးဝယ်တာအလုပ်များ လုပ်နိုင်သည်၊ အလုပ်ဖြစ်ရင်ဖြစ်သလိုပင် ၀င်ငွေတွေရသည်၊ ၀င်ငွေတွေရတိုင်းလည်း မေမေနဲ့ ရန်ဖြစ်သည်၊ ရန်ရှာသည်….
ဒီိလိုနဲ့…နောက်တနေ့မှာတော့
“ဟေ့ ဘိုနေမင်း၊ ဒီနေ့ ဟိုဟာလေး အလုပ်ဖြစ်လားဗျ”
“လာခဲ့လေ၊ ခင်ဗျားဘယ်လောက်ပေးမလဲ၊ ကျုပ်အတွက် ဘယ်လောက်ရမလဲ”
“ရပါတယ်ဗျာ….ပွဲသာဖြစ်ပလေ့စေ၊ ခင်ဗျားအတွက် လာပြီးသားပဲ”
ဖေဖေ့ရဲ့အပေါင်းအသင်းတွေက ဖေဖေ့ကို ချစ်စနိုးနဲ့ အဖျားဆွတ်ခေါ်ကြသည်….
“ဒီနေ့ ၀ိုင်းရှိတယ်နော်၊ အေးပါဗျာ….”
“အိမ်မှာ ဆင်မယ်လေ”
ဖေဖေက အရက်ဆိုရင် အသားလား ငါးလားမှတ်သည်၊ အပြင်မှာသောက်ရင်သောက်ခဲ့သည်၊ မသောက်ရင်လည်း အိမ်တွင် အမြဲဆိုသလို ၀ိုင်းဖွဲ့၍သောက်တတ်သည်၊ သောက်တိုင်းလဲ မိုးမခနှင့် မေမေ….
“မိုးမခ…. ရေယူခဲ့စမ်း”
“ဟေ့ မိနှင်း…ကြက်ဥကြော်အမြည်း မရသေးဘူးလားဟ”
“နင်တို့ဟာ…ကြာလိုက်တာလွန်ရော….ဘာဖြစ်နေကြတာလဲ”
“ဟာ….ဘိုနေမင်းကလည်း ကလေးတွေကို ရပါတယ်ဗျာ”
ဖေဖေက အမြဲတမ်းဆိုသလိုပင် သူဖြစ်ချင်တာသာသိသည် သမီးရယ်ဘာရယ်မသိ အိမ်တွင် အမြဲတမ်းလိုပင် အရက်ဝိုင်းဆင်သည် မေမေကတော့ ဖေဖေ့ကို အပြစ်ပြောသည် သမီးပျိုမိန်းကလေးရှိရဲ့နဲ့ အရက်ဝိုင်းဆင်ရကောင်းလားဆိုပြီးပေါ့ ဒါပေမယ့်လည်း မရပါ အပေါင်းအသင်းမင်သည် အပေါင်းအသင်းများနဲ့ဆို စကားကောင်းပြောပြီး မိုးမခတို့မိသားစုနဲ့ဆို ဘုနဲ့ဘောက် ဘယ်လောက်ပဲလုပ်ပေးနေနေ အကောင်းမြင်ခံရသည်မရှိ အဲဒါကြောင့်လည်း မေမေနှင့် ရန်ဖြစ်ရသည်သာ ဖေဖေထွေလာပြီဆိုတာ မိုးမခသိလိုက်ပါပြီ၊ ဖေဖေ အရက်သောက်တာများလာပြီဆိုတာနဲ့ “စောက်” တလုံးအသုံးချ ဆဲတော့တာပါပဲ၊ အဆိုးဆုံးကတော့ သောက်တာများသွားလို့ မူးလာရင်တော့ သူငယ်ချင်းများနှင့်ပင်မဖြစ်တော့ပါ ရင်ထဲက စကားမှန်သမျှ အန်ထွက်ပြီး သူပြောချင်တာပြောသည် သူများပြောတာလက်မခံ “No Problem Don’t Speak” ဆိုသော စကားကို အမြဲတမ်းပြောသည် အရမ်းမူးတိုင်းပြောတတ်သောစကားတစ်ခွန်းပင်ဖြစ်သည် တကယ်တော့ မိုးမခတို့ဖေဖေက အတန်းပညာနည်းခဲ့သူဆိုတော့ ရှေးကလူတွေက မြန်မာစာသာ တတ်ကျွမ်းသည် အင်္ဂလိပ်စာကိုတော့ ကျေညက်ဟန်မတူ အဲ့ဒီစကားရဲ့အဓိပ္ပါယ်ကိုမသိ သူပြောချင်တာသာသိသည် တခါတရံ သောက်ဖော်သောက်ဖက်သူငယ်ချင်းတွေနဲ့ပင် ရန်ထဖြစ်ရသည် တွေးကြည့်ပါအုံးနော် သူများတွေက အင်္ဂလိပ်စာတတ်သည် အဲ့ဒီအဓိပ္ပါယ်ကို နားလည်သည် ဖေဖေကတော့ နားမလည် အဲ့တော့ ဖေဖေပြောတဲ့စကားက တစ်ဖက်လူကို စောက်နဲ့ထွင်းသလိုဖြစ်နေသည်သာ ဖေဖေသောက်တိုင်းလည်း မိုးမခ စိတ်ညစ်ရသည်သာ၊ မိုးမခမောင်လေး နေမခကတော့ ဖေဖေ့ရဲ့မွေးမြူရေးလုပ်ငန်းတွေကို ၀ါသနာပါသူပီပီ နွားခြံထဲတွင် ပျော်နေရှာသည်၊ အရွယ်နှင့်မလိုက်အောင် မေမေနှင့် တောင်ပေါ်သို့ မြက်များလိုက်ရိတ်သည်၊ မေမေကတော့ နေပူပူ မိုးစိုစို ဆယ့်နှစ်လရာသီ ဈေးလည်းရောင်းရင်း အိမ်အလုပ်ပါလုပ်ရသည်…..
“ပဲပြုတ်……ပဲပြုတ်…. ”အသံလေးသာသာနှင့် အော်လိုက်တဲ့ မေမေ့အသံကို မိုးမခ မကြာခဏဆိုသလိုပင် ကြားခဲ့ရပါသည် ရွာရိုးကိုးပေါက် ခြေထောက်တိုအောင်လျှောက်ပြီး ခေါင်းလေးပေါ်မှာ ဈေးတောင်းလေးထဲက  ပဲပြုတ်ပူပူအငွေ့တွေကိုရွက်ရင်း ဆံပင်တွေလည်း ကျွတ်ရှာလို့ပေါ့…မေမေ့ကိုကြည့်ပြီး မိုးမခ သနားလို့သာလာတော့သည်၊ မိုးမခတို့ မိသားစုမှာ အဖေက ၀န်ထမ်းဆိုသလို မေမေကလည်း တဖက်တလမ်းက သူမ တတ်ကျွမ်းတဲ့ ဈေးရောင်းအလုပ်လေးနဲ့ ကြိုးစားကြတော့ စီးပွားရေးလေးက ချက်ချင်းဆိုသလိုပင် တက်ချင်းမလှတက်လာခဲ့ပြီ…..မိုးမခအတွက် ဖေဖေက ရွှေတစ်ဆင်ဆာ၊ မေမေ့အတွက် ရွှေတစ်ဆင်ဆာ၊ အပေါ်စက်အောက်စက် စည်းစိမ်အပြည့်အပြင် ဖေဖေအငြိမ်းစားယူတဲ့အခါ နေဖို့ အိမ်လေးနဲ့ခြံလေးတစ်ကွက် ၀ယ်ထားခဲ့ကြသည်၊ တပ်တွင်းအိမ်ထောင်သည်လိုင်းမှာ မိုးမခတို့မိသားစုက စီးပွားရေးအပြေလည်ဆုံးဖြစ်သည်မို့ မနာလိုသူများလည်းရှိကြပြီပေါ့….အဲဒီမှာဘဲ မိုးမခတို့မိသားစု ကံဆိုးမိုးမှောင်ကျလာခဲ့ပါပြီ…….
ဖေဖေနဲ့ အပေါင်းအသင်းဖြစ်သူ ရောင်းရေးဝယ်တာလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးထွန်းလှဆိုသူမှ…
“ဟေ့လူ“
“ ခင်ဗျား ဒီနေ့ ကျွန်တော်တို့အိမ်မှာ အိပ်မယ်မလား၊ လာခဲ့နော် ကျုပ်စောင့်နေမယ်”
“အင်းဗျ”
ခုတလော ဖေဖေ့ကိုကြည့်ရတာ အိနြေ္ဒမရ ယိုးတိုးရွတဖြစ်နေသည်၊ အပြင်တွေလည်း ခဏခဏထွက်သည် အရက်ကလည်း နေ့တိုင်းသောက်တတ်လာသည်၊ အပြင်ကပြန်လာတိုင်းလည်း မေမေ့ကိုရန်ရှာသည် စကားကောင်းမပြော၊ ဖေဖေ ဘာတွေဖြစ်နေတာလဲ၊ မိုးမခ စဉ်းစားမရဖြစ်လာသည်….. တစ်နေ့တော့ မေမေ့ကို ဖေဖေ့ရဲ့အပေါင်းသင်းမိတ်ဆွေတစ်ဦးမှ…
“ဒေါ်နှင်းရေ….ခင်ဗျားယောက်ျား ဘိုခတော့ မဏိစန္ဒာချောချောလေးတယောက်ရနေပြီနော်၊ ကြားမိရဲ့လား”
“အို….သူ့ဘာသူ မဏိစန္ဒာမကလို့……သဉ္ဖာဝင့်ကျော်ပဲယူယူ၊ သူလုပ်ကျွေးနိုင်လို့ကတော့ မိနှင်းတို့ကတော့ ဇိမ်တောင်ကျသေး”
မေမေက ပါးစပ်ကသာ ပြောလိုက်ပေမယ့် မေမေ့ရင်ထဲမှာတော့ တွေဝေတဲ့အတွေးတစ်ခုဝင်နေပြီဆိုတာ မိုးမခ သိလိုက်ပါပြီ၊ မေမေနဲ့ မိုးမခက သူငယ်ချင်းလို၊ သားအမိလို ညီမလို စကားတွေပြောပြီး နေထိုင်တတ်ကြသည်….ဒီလို့နဲ့ပဲ နေ့စဉ်နဲ့အမျှ ဖေဖေ့သတင်းက မွှေးပျံ့လာတော့ မေမေ မခံချိမခံသာ ဖြစ်လာပြီ…..
“ ကိုနေမင်း….ရှင် ဒီလတွေမှာ ပိုက်ဆံတွေအရမ်းသုံးတယ်နော်”
“အို….ဘာဖြစ်လဲကွာ….ငါရှာထားတာ ငါသုံးတာပဲ”
“ဟုတ်ပါတယ် ….ရှင်ရှာထားတာက လွယ်လွယ်ရထားတဲ့ငွေမဟုတ်ဘူး ကိုနေမင်း”
“ပိုက်ဆံဆိုတာ ရတုန်းအချိန်ပဲရှာလို့ရတာ…..မရတဲ့အချိန်ကျရင် ရှင်ဒုက္ခရောက်မယ်”
“မိနှင်းရာ….နင်အသာနေစမ်းပါ….ငါ ဘယ်တော့မှ ဒုက္ခမရောက်ဘူး သိလား”
“အင်းပါ…..ရှင် ဒုက္ခမရောက်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”
ဖေဖေက အတ္တကြီးသည် သူမှသူပင် ပိုက်ဆံကိုရေလိုသုံးပြီး ငါရှာနိုင်တယ် ငါရှာတာငါသုံးတယ် ပိုက်ဆံရှာတာသုံးဖို့ပဲ အဲဒီလို မရှိသင့်တဲ့အတ္တမျိုး ဖေဖေ့မှာရှိသည် ဖေဖေ့ကိုကြည့်ရတာ တစ်နေ့တခြား ပိုပိုပြီး ဆိုးလာပါပြီ၊ ပိုက်ဆံတွေလည်း တဖြည်းဖြည်းနဲ့ လျော့နဲနေပါပြီ၊ တော်ကြာနေ ဘာအတွက်၊ တော်ကြာ ဘာအရောင်းအ၀ယ်လုပ်ဖို့ဆိုပြီး ပိုက်ဆံတွေ ယူသွားလိုက်၊ ခရီးတွေကလည်း ခဏခဏထွက်လို့ ၊ ပြန်လာတဲ့အခါ အိတ်ထဲမှာပါသွားသမျှက မြင်ရတယ်မရှိပါဘူး၊
“ဟင်း…….ဖေဖေ့ကို ကြည့်ရတာ မိုးမခ မသင်္ကာမှုတွေပိုလာပါပြီ”
“ဖေဖေ… ဘယ်သွားမလို့လဲ”
“တောင်တွင်းကြီးမြို့ကို သွားမလို့လေ…..သမီး ဘာမှာမလို့လဲ”
“မမှာပါဘူး ဖေဖေရယ်….မြန်မြန်ပြန်လာခဲ့နော်”
“အေးပါ….သမီးရယ်”
မေမေကတော့ ဖေဖေ့ကို သံသယစိတ်တွေပိုပြီး
“သမီးရယ် သူ့ဟာမနဲ့ သွားတွေ့မှာနေမှာပေါ့”
“ဒီမှာ တွေ့ရတာ အားမရလို့ ခရီးထွက်ပြီးတွေ့မလို့နေမှာပေါ့”
မိုးမခ ဘာပြောရမည်မသိတော့ပါ၊ ဖေဖေနဲ့ မေမေ့ကြားမှာ စိတ်တွေညစ်လို့သာနေတော့သည်
“မိနှင်း….မင်း ဘာစကားတွေပြောနေတာလဲ…ကလေးရှေ့မှာ”
“အော် …..မဟုတ်လို့လား”
“မင်းနော်… ခရီးသွားရမှာမို့လို့….မဟုတ်လို့ကတော့….ဟင်း…”
“အမလေးတော် သူကပဲ ကြီးကြီးကျယ်ကျယ်”
ဖေဖေ ဒီတခေါက် ခရီးသွားမှာကလည်း ပိုက်ဆံတွေအများကြီး၊ ငွေဆယ်သိန်းတောင်မှပါလား၊ ငွေဆယ်သိန်းဆိုတာ အများကြီးပေါ့၊ အလုပ်တွေ အခွင့်အလမ်းတွေကလည်း ကောင်းချိန် ပိုက်ဆံတွေကလည်း ရှားပါးတဲ့အချိန်ဆိုတော့ ဖေဖေထည့်ယူသွားတဲ့ ငွေဆယ်သိန်းဆိုတာ မနည်းလှပါဘူး၊ အဲဒီအချိန်က မိုးမခတို့မိသားစုက တခြားသူတွေနဲ့ယှဉ်ရင် စီးပွားရေးမှာ ပြေလည်တဲ့သူတွေပေါ့၊ သူများတွေ ၀ယ်မစီးနိုင်သေးတဲ့ Vipa Suzuki၊ သူများတွေ ၀ယ်မကြည့်နိုင်သေးတဲ့ Video အပေါ်စက် အောက်စက်၊ သူများတွေမ၀တ်နိုင်သေးတဲ့ ရွှေတွေကို အထည်လဲ ၀တ်ခဲ့ကြသည်သာ၊ ဒါပေမယ့် မိုးမခတို့မိသားစုက အောက်ခြေလွတ်တတ်သည်မဟုတ်၊ ပုံမှန်နေ၊ ပုံမှန်လေး စားပြီး အနေတတ်ခဲ့သူတွေသာ…..
“ကဲ သမီးရေ….ဖေကြီး သွားတော့မယ်နော်”
“ဟုတ်ကဲ့ပါ”
ဖေဖေ ခရီးရောက်ပြီး ၃ရက်လောက်အကြာမှာတော့ ဖေဖေ့ရဲ့သူငယ်ချင်းဖြစ်သူရဲ့ ဇနီးလုပ်သူက ဖုန်းလေးဆက်လာပါတော့တယ်….
“ကလင်…..ကလင်….ကလင်….”
“ဟဲလို…..”
“ဟုတ်ကဲ့ အမိန့်ရှိပါရှင့်”
“ဟုတ်ကဲ့….မိုးမခနဲ့ ပြောချင်လို့ပါရှင်”
“ခဏလေးကိုင်ထားပါအုံးရှင်….သွားခေါ်ပေးမယ်နော်”
“ဟုတ်ကဲ့”
မိုးမခတို့ရဲ့ အိမ်နီးနားချင်းအစ်မတယောက်မှ မိုးမခကို
“မိုးမခရေ…..ဖုန်းလာနေတယ် ညီမလေး”
“ဟင်…..”
ဖုန်းလာတယ်ဆိုတော့ မိုးမခရင်ထဲ ထိတ်လန့်သွားမိသည်
“ဟဲလို…”
“အော်…..သမီးက မိုးမခလားဟင်”
“ဟုတ်ကဲ့ပါ အန်တီ….အန်တီက ဘယ်သူလဲမသိဘူးနော်”
“အင်း…..အန်တီ အခု တောင်တွင်းကြီးမြို့နယ်က ဖုန်းဆက်တာပါ”
“ဦးအောင်ကြီးရဲ့ အမျိုးသမီးပါ”
ဦးအောင်ကြီးဆိုတဲ့သူက မိုးမခဖေဖေ တည်းခိုနေတဲ့အိမ်က ဖေဖေ့သူငယ်ချင်းမဟုတ်ပါလား…..
“ဟုတ်ကဲ့…. ပြောပါ အန်တီ”
“သမီးရယ်  စိတ်တော့မကောင်းပါဘူး….”
“ဘာဖြစ်လို့လဲ အန်တီရဲ့”
“သမီးရဲ့အဖေ ဘိုနေမင်းလေ……နောက်မိန်းမယူထားတယ်လေ”
“ရှင်………..”
မိုးမခရင်မှာ မျှော်လင့်မထားတဲ့အရာတွေ ဗြောင်းဆန်နေခဲ့ပြီပေါ့…..“ဖေဖေရယ်…..”
ဦးအောင်ကြီးရဲ့ဇနီးဆိုသူက မပြောတတ်သည် တစ်ကယ်တော့ ဖေဖေ နောက်မိန်းမယူသည်မဟုတ် သူငယ်ချင်းတွေရဲ့ စေလိုရာမှာ မျောပါပြီး ချောက်ကမ်းပါးထဲကို ဆင်းသွားနေသည်သာ…မိုးမခစိတ်ထဲမှာ ရေရွတ်မိလိုက်သည်၊ သမီးသိပ်ချစ်တဲ့သူကို သမီးရင်ထဲက ဆွဲထုတ်သွားသလိုခံစားရတယ်ဖေဖေရယ်… မိုးမခ သတိပြန်ဝင်လာသည်..
“ဟုတ်ကဲ့ အန်တီ၊  ဆက်ပြောပါနော်”
“သမီးအမေတော့ မသိပါစေနဲ့နော်….ပြီးတော့လေ အန်တီဖြင့်လေ အဲဒီမိန်းမကို အမြင်တွေကပ်လိုက်တာ အရမ်းပါပဲ…. အမလေး ဘာတဲ့…..ကိုနေမင်း…..ကိုနေမင်းဆိုပြီးတော့လေ ပတ်ချွဲနှပ်ချွဲ နဲ့ ပြောနေလိုက်တာများ မကြားဝံ့မနာသာပဲ…သိလား…အမလေး..ဘိုနေမင်းကလည်းလေ အဲဒီမိန်းမကိုလေ ဖိနပ်တွေဝယ်ပေး….ကတ္တီပါဘိနပ်မှစီးမယ်တဲ့လေ……အ၀တ်အစားတွေဝယ်ပေး….ပိုက်ဆံတွေဆိုတာကတော့ အထပ်လိုက်ပဲ သမီးရေ…မပြောချင်တော့ပါဘူး”
ဦးအောင်ကြီးရဲ့အမျိုးသမီးကတော့ စကားတွေကို တွတ်တွတ်မြည်အောင် မနားတမ်းပြောနေပေမယ့် မိုးမခမှာတော့ အတွေးတစ်ခုစီကို မျောလွင့်နေခဲ့ပြီလေ….ဖေဖေရယ်…
“ကဲကဲ သမီး မိုးမခ”
“ရှင်….ဟုတ်ကဲ့ အန်တီ”
“ဒါပဲနော် သမီး…..အန်တီ ဖုန်းချလိုက်တော့မယ်”
“ဟုတ်ကဲ့ပါ အန်တီ”
မိုးမခ ဘာလုပ်ရမှန်းမသိတော့ပါ မောင်လေးနေမခကို တိုင်ပင်ရမလား… ဒါမှမဟုတ် မေမေ့ကိုဖွင့်ပြောလိုက်ရမလား….ဒါမှမဟုတ် ဖေဖေရဲ့သူငယ်ချင်းတယောက်ကို ဖွင့်ပြောပြီး တိုင်ပင်ရင် ကောင်းမလား….. အို….အတွေးတွေများနေပါပြီ… မိုးမခ အိမ်ပြန်ရောက်တော့ မေမေ့ကို ဖွင့်ပြောဖို့ စိတ်ကူးလိုက်ပါတော့သည်..
“မေမေ…..ဘာလဲသမီး”
“မေမေ့ကို ပြောစရာရှိတယ်”
“ဘာများလဲ သမီးရယ်…မေမေနဲ့သမီး အမြဲတမ်း ဒီလိုပဲပြောနေကြလေ”
“ဟုတ်”
“ဖေဖေလေ……ဖေဖေ ခု တောင်တွင်းကြီးမြို့နယ်မှာ နောက်မိန်းမနဲ့တဲ့မေမေ”
“ဟင်……ဟုတ်လား သမီး”
“မေမေ ထင်ပါတယ် သမီးရယ်….သူ ဟိုနေ့ကသွားတုန်းက သူ့အမူအယာတွေပျက်နေတယ်လေ”
“ကိုနေမင်းရယ်… ရှင် ဘာကြောင့် မိုက်ရတာလဲ”
မေမေတယောက် ပြောပြောဆိုဆိုနဲ့ပင် ချုံးပွဲချ ငိုပါတော့သည်….. မိုးမခ မေမေ့ကို ကိုယ်ချင်းစာမိသည်၊ သနားလာမိသည်၊ မေမေ့အတွက် အိမ်ထောင်ရေးကံမကောင်းပါလားနော်….ဖေဖေဟာ မိုးမခတို့အတွက် ဖခင်ကောင်းတယောက်ပီသခဲ့ပေမယ့် မေမေ့အတွက်တော့ လင်ယောက်ျားရဲ့တာဝန်ဝတ္တရားတွေ ပျက်ကွက်ခဲ့ပါတယ်….မောင်လေးနေမခကတော့ လတ်တလော မသိရှာသေးဘူးပေါ့…… ရက်သတ္တပတ် ကြာတဲ့အခါမှာတော့ ဖေဖေပြန်လာပြီး…..
“ပင်ပန်းလိုက်တာ မိန်းမရယ်….အလုပ်တွေကလည်း၊ ခရီးတွေကလည်း ပြောမနေပါနဲ့ကွာ…”
“သမီးလေး မိုးမခ ဖေဖေပြန်လာပြီလေ”
မိုးမခ မချိပြုံးလေ့ဖြင့် ဖေဖေ့ကို ငေးကြည့်နေမိသည်….ဖေဖေတစ်ယောက် တတွတ်တွတ်ပြောရင်းက…
“ဟေ့ မင်းတို့သားမိတွေ ဘာတွေဖြစ်နေကြတာလဲကွ”
“ဒီမှာ အဖေတစ်ယောက်လုံး ခရီးကပြန်လာတာကို မျက်နှာတွေက ဘာတွေဖြစ်နေကြတာလဲ”
အဲဒီမှာဘဲ မေမေက…
“အော်….တော်တော့်ကို အလုပ်တွေပင်ပန်းလာတယ်ပေါ့လေ….”
“ရှင် ဘာတွေလုပ်ခဲ့လဲဆိုတာ ရှင်မသိဘူးလား”
“မယားငယ်နဲ့ တနေကုန်ပျော်….တည်းခိုခန်းတွေ သွား…..”
“ဟေ့….မိနှင်း မင်းဘာတွေလာပြောနေတာလဲ”
“ဒီမှာ အလုပ်တွေအဆင်မပြေရတဲ့အထဲ…….”
“အင်းပေါ့..ရှင် တသက်လုံးပြေမှာမဟုတ်တော့ဘူး…..ရှင့်လိုလူကိုလည်း ဘယ်သူက ဘယ်အပေါင်းအသင်းကမှ လေးစားမှာမဟုတ်တော့ဘူး”
“ဟာ…… ဒါ ငါ့အလုပ်ပါ….မင်းနဲ့မဆိုင်ပါဘူး”
“ဘာပြောတယ် မင်းနဲ့မဆိုင်ရအောင်….ခု ဘယ်မှာလဲ ကျွန်မရဲ့ ပစ္စည်းတွေလည်း ကုန်ပြီ၊ ရှင်သုံးနေတာလည်း ဘယ်မလဲ၊ ကျွန်မမှာ ဘာမှမကျန်တော့ဘူး…..၀ယ်ထားတဲ့အိမ်လေးနဲ့ခြံလည်း ကုန်ပြီ…..ရှင်သုံးထားလို့ အခု ကျွန်မ မဆက်နိုင်လို့ ဆွဲကြိုးလေးလည်း သူများလက်ထဲ ထိုးအပ်လိုက်ရပြီလေ”
မေမေပြောသလိုပါပဲ မိုးမခတို့ရဲ့ စီးပွားရေးလေး တစ်စတစ်စနှင့် ယိုယွင်းစပြုလာပါပြီ…
“ရှင်နဲ့ ကျွန်မ ကွာမယ် ကိုနေမင်း….ရှင်နဲ့မပေါင်းနိုင်တော့ဘူး”
မေမေက ဖေဖေနဲ့ရန်ဖြစ်တဲ့အခါတိုင်း ကွာမယ်၊ ပြတ်မယ်၊ သူ့ဇာတိကိုပြန်မယ် အဲဒီအသုံးအနှုံးတွေကိုသုံးပြီး ဖေဖေ့ကို ပြောခဲ့ပေမယ့် ဖေဖေက ကွာရှင်းခွင့်လည်း မပေးခဲ့ပါဘူး၊ မေမေ့ကိုလည်း အမြဲဆိုသလို ရိုက်နှိက်တတ်လာခဲ့တယ် “စောက်”တစ်လုံးအသုံးချပြီးလည်း ဆဲတတ်လာခဲ့သည်….မေမေ့ခမျာမှာတော့ ဆုတ်လည်းစူး စားလည်းရူးဖြစ်ခဲ့ရပြီပေါ့….မေမေက မိုးမခတို့မောင်နှစ်မနှစ်ယောက်ကို ငှဲ့ညှာပြီး…..
“သမီးရယ်……..အမေ သမီးတို့မျက်နှာလေးတွေ ရှိနေလို့ပေါ့…မဟုတ်ရင်တော့လေ ကြာပြီ”
“သူ့လိုလူနဲ့ မေမေ မပေါင်းနိုင်ဘူး”
အဲဒီလိုတွေပြောပြီး မေမေတယောက် ငိုပါလေရောလား…….မေမေရယ်..
ဒီလိုနဲ့ပဲ မေမေနဲ့ဖေဖေ နေ့တိုင်းဆိုသလိုပင် အဆင်မပြေတော့ပါ…တကျက်ကျက်နဲ့ ရန်ဖြစ်လို့သာ နေပါတော့သည်…ဖေဖေကလည်း သူမှားပေမယ့်လည်း မမှားသလိုပင်…..မေမေကလည်း မလျှော့….. စဉ်းစားကြည့်ကြပါအုံးနော်….ဒီလိုကိစ္စမျိုးဆိုတာ ဘယ်လိုမိန်းမမျိုးကမှ လက်မခံနိုင်တဲ့ကိစ္စဖြစ်နေတာကိုး… ဘယ်လောက်ပဲ သဘောထားပြည့်ပါစေ မုန့်ကိုသာ ဝေစားနိုင်ကြပေမယ့် အချစ်ကိုတော့ ဝေမျှမပေးနိုင်ကြဘူး လေ…ဟုတ်တယ်မလား…. ဟိုး.အရင်က သိပ်ပြီးပျော်ရွှင်အေးချမ်းခဲ့တဲ့ မိုးမခတို့မိသားစု ခုတော့ ကမ္ဘာပျက်သလိုဖြစ်ခဲ့ရပြီပေါ့…..မိုးမခ စဉ်းစားမိသည် ဖေဖေတယောက် ဟိုမိန်းမရဲ့ ဆေးတွေများမိနေသလား မိုးမခ ဗေဒင်ဆိုတာကိုမယုံပါ ဘုရားကိုသာ ယုံကြည်သည် ကံကံ၏အကျိုးတရားကို လက်ခံသည်၊ ဒါပေမယ့်လည်း တခါတရံ ဗေဒင်ဆိုတာထက် ဟိုရှေးခေတ်ကထက် ထူးဆန်းများပြားတဲ့ ဓာတ်ရိုက်ဓာတ်ဆင် တို့ ဘာတို့ဆိုတာတွေ စုန်းကဝေအတတ်ပညာတွေကိုတော့ မိုးမခကြောက်မိသလိုပင်….ဒီလိုကိစ္စမျိုးတွေကို တော်ရုံသာမန်လူတွေက မလုပ်တတ်ကြပေမယ့် အဆင့်အတန်းနိမ့်တဲ့လူမျိုးတွေကတော့ လုပ်ကြစမြဲပင် မဟုတ်ပါလား…. ဗေဒင်၊ယတြာဆိုတာ လူတိုင်းလုပ်ခဲ့ကြပေမယ့် သာမာန်လောက်သာပင်….ခုတော့…ဖေဖေက သာမန်ထက်ပိုပြီး မိန်းမတစ်ယောက်ကို စွဲစွဲလန်းလန်းဖြစ်နေပြီမို့ မိုမခ သံသယနဲ့အတူ ဖေဖေ့ကို ပြန်ရအောင်ယူချင်စိတ်တွေ ပေါ်လာမိသည်….ဟုတ်ပြီ…မေမေ့ကို တိုင်ပင်ရမယ်ဆိုပြီး မိုးမခတစ်ယောက် တိုးတိုးသာသာဆိုသလို ဖေဖေမသိအောင် အကြံအဖန်တွေလုပ်တော့သည်….
“မေမေ….ဘာလဲ သမီး”
“သမီးတို့ ဗေဒင်မေးရအောင်လားဟင်.. ဖေဖေ့ကို ဒီတိုင်းမထားချင်ဘူး…..”
“သမီးရယ်…..ညည်းအဖေအတွက်များ ပိုက်ဆံအကုန်ခံ စိတ်ပင်ပန်းခံပြီး လုပ်မနေစမ်းပါနဲ့အေ…”
“အော်…အမေရယ် အဲလိုလည်း ဘယ်ဟုတ်ပါ့မလဲ….သမီးတို့တွေ ခုဆို စီးပွားတွေ ကုန်သင့်သလောက် ကုန်နေပြီလေ….ပြီးတော့ သမီး အဖေ့ကိုပါ ထပ်ပြီးဆုံးရှုံးရမယ်ဆိုရင် မတန်ပါဘူးအမေရယ်….နော်…နော်”
“အေးပါ သမီးရယ်….အမေ့လို ဆိုလို့ကတော့လေ ဒင်းကို လုံးဝပဲ ကြာပေါ့….သမီးတို့မျက်နှာကြောင့်သာ အမေ သည်းညည်းခံနေရတာ…”
“သမီးသိပါတယ် အမေရယ်”
မိုးမခ မေမေ့ရဲ့ စေတနာကို နားလည်သလို ဖေဖေ့ကိုလည်း အပြင်မတင်ရက်သာ…ဖေဖေ့မှာ အဲ့လိုစိတ်မျိုး မရှိခဲ့ဘူးဆိုတာ မိုးမခသိနှင့်ပြီးသား.. ဟိုး…အရင်က ဖေဖေက ဒီလိုမဟုတ်ခဲ့… စီးပွားရေးကြောင့်သာ သူငယ်ချင်းတွေရဲ့ သွေးထိုးမှု မနာလိုမှုကို အငိုက်မိသွားရှာသူပင်မဟုတ်ပါလား….မိုးမခ ကြားဖူးနားဝရှိဘူး သည် ဒီလိုကိစ္စမျိုးဆိုတာ သာမန်စွဲလန်းမှုမျိုးမဟုတ်ဘဲ ကြားဖူးနားဝရှိထားသလိုပါပဲ…. လူကြီးတွေ ပြောသလိုဆို….ဟိုကောင်မ ဆေးများမိထားသလားဆိုသလိုပါပဲ…ဖေဖေတစ်ယောက်လည်း အဲဒီလိုဖြစ်နေလိမ့် မည်ဟု မိုးမခထင်မိပါသည်…ဒီလိုနဲ့ပဲ မိုးမခနဲ့မေမေတို့ ဗေဒင်ဆရာစီသွားကြပြီး ဗေဒင်ဆရာပြောသည့် အတိုင်းပင် ယတြာချေခဲ့ကြသည်…တစ်ပတ်လောက်အကြာမှာတော့…..ဖေဖေ ခရီးထွက်အုံးမယ်ဆိုပါလား…
“သမီးရေ….မိုးမခ….”
“ရှင် …..ဖေဖေ”
“ဖေဖေ မနက်ဖြန် ရန်ကုန်ကို သွားရမယ်….ခရီးဆောင်အိတ်တွေ အဆင်သင့်ပြင်ထား”
“ဖေဖေ ဘာကိစ္စနဲ့လဲဟင်”
“အော် သမီးရယ်…အရောင်းအ၀ယ်ကိစ္စနဲ့ပေါ့ကွယ်”
“အော် သမီး….ဒီတခါသွားရင် သမီးမောင်လေး နေမခကိုလည်း ဖေဖေခေါ်သွားမယ်..ကြားလား”
“ဟုတ်ကဲ့….ဖေဖေ”
ဖေဖေကသာ အဲဒီလိုပြောလိုက်ပေမယ့် မိုးမခရဲ့ စိတ်ထဲမှာတော့…အင်း….ဖေဖေ ဟိုမိန်းမနဲ့မှ ဟုတ်ပါလေစ.. မောင်လေးနဲ့ ဖေဖေတို့ ည (၁၀)နာရီကားဖြင့် ရန်ကုန်ကို သွားကြလေပြီ၊ ဟင်း…. မောင်လေးနေမခ ခမျာ ဘာမှမသိရှာသေးဘူး….ဖေဖေနဲ့ ဘယ်လိုတွေများ နှစ်ပါးသွားကြပါမလိမ့်နော်… မိုးမခ အတွေးတွေဖြင့် စိတ်ပူလို့သာနေပါတော့သည်…..မောင်လေးနေမခက ဖေဖေ့ရဲ့အလုပ်တွေမှန်သမျှကို ၀ိုင်းကူတဲ့နေရာမှာ မိုးမခထက်ပင် အားကိုးရသည် မိုးမခကတော့ ကျောင်းစာနဲ့ အိမ်အလုပ်မှတစ်ခြားအလုပ်ကြမ်းဆို ဘာမျှပင် မလုပ်နိုင်….နေမခကတော့ သူ့ကိုလည်းထိရင်မကြိုက် သူစိတ်ဆိုးရင် ကြောက်စရာကောင်းသည်…. ယောက်ျားလေးဖြစ်သည့်အလား စွဲမှတ်တတ်သည့်စိတ်နှလုံးရှိသည်….မိုးမခလိုမဟုတ်…မိုးမခကတော့ မေမေ့ရဲ့ သွန်သင်ဆုံးမှုမှု မေမေနဲ့ တီးတိုးဖော်နေရသူမို့ စိတ်တွေကို ဟိုဟိုဒီဒီမတွေးတတ် မကောက်တတ်ပေ….မောင်လေး နေမခကတော့ စကားပြောရင်ပင် အထအန အကျကောက်ကာ နားလည်တတ်သူမို့ ဘာမျှပင်မပြောရဲလောက်အောင်ပင်……ဟော…မောင်လေး ပြန်လာပြီ၊  ဖေဖေတော့ ဘယ်ကျန်နေခဲ့တယ်မသိ…မောင်လေး နေမခ မျက်နှာမကောင်းပါ….မိုးမခ ရိပ်မိသယောင်ယောင်ရှိသွားပြီ၊ နေမခ မေမေ့အနားနားတိုးလာပြီး….
“အမေ….အဖေ့လုပ်ပုံ ကောင်းသေးရဲ့လားဗျာ”
“ဘာလဲ သားရယ်…ဘာတွေဖြစ်လာလို့လဲ”
“အဖေဗျာ တော်တော်ရက်စက်တယ်…..ဒီကိစ္စကို မေမေနဲ့ မမ သိပြီးပြီလား”
“ဘာများလဲ သားရယ် ရင်တွေထိတ်လိုက်တာ…”
တကယ်တော့ မိုးမခနှင့်မေမေ သိထားပြီးသားကိစ္စတွေမို့ မပြောရက်သာ..
“အဖေလေ နောက်မိန်းမကြီးနဲ့ဗျာ….ပြီးတော့ ကျွန်တော့်ကိုလည်း အခု သူနဲ့ ကားတစ်စီးတည်းထည့်လိုက်တယ်ဗျာ”
“ကျွန်တော် အဲ့မိန်းမကြီးကို မုန်းတယ် အမေ….“
“သား အခုလည်း အဲ့မိန်းမကြီးကိုပြောပစ်ခဲ့တယ်၊ ကျွန်တော့်အဖနဲ့ ဘယ်တော့မှ လာပြီးမပတ်သက်ပါနဲ့တော့ လို့လေ”
“သူက သားကို ဘာပြောလိုက်သေးလဲ”
“နင်တို့ပိုင်တဲ့ စည်းစိမ်တွေ ကုန်သွားစေရမယ်တဲ့ အမေရယ်”
“အမလေးတော်……ကြားလို့မှကောင်းကြသေးရဲ့လား…..ကိုနေမင်းရယ် ရှင် အဲလောက်တောင် မိုက်လုံးကြီးနေပါလား”
“ရှင့်ရဲ့ သားလူပျိုလေးကို ဒီမိန်းမနဲ့ ထည့်ပေးရလောက်အောင် ရှင် ဒီလောက်တောင် အသိတွေခေါင်းပါးလှချည်လား လူ့အတ္တကြီးရဲ့”
“ဘယ်မလဲ မင်းအဖေ….ဘယ်ကျန်ခဲ့လဲ နေမင်းခ”
“အလုပ်ကိစ္စတွေမပြီးသေးလို့ ကျန်ခဲ့တယ်မေမေ”
မိုးမခ မေမေနဲ့မောင်လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည် ဖေဖ့ကိုလည်း ဒေါသထွက်မိသည်….ဖေဖေရယ် မေမေ့ခမျာ မိုးလင်း နေထွက် နေပူမရှောင် မိုးရွာမရှောင် ပဲပြုတ်လေးဈေးတောင်းခေါင်းပေါ်ရွက်ပြီး ရောင်းရတာတမျိုး၊ ဒီကြားထဲက အိမ်မှာရှိနေကြတဲ့ တိရိစ္ဆာန်တွေကို လုပ်ရတဲ့အလုပ်ကတမျိုး ဒီလောက် ကိုယ်ပင်ပန်းနေတဲ့ကြားက စိတ်ပင်ပန်းမှုဒုက္ခတွေကို ဖေဖေ ပေးရက်လိုက်တာနော်…..မိုးမခ တိတ်တခိုးလေး ရေရွတ်ရင်းက….သက်ပြင်းလေးချမိနေတော့သည်… အဲဒီလိုနဲ့ နေ့စဉ်နဲ့အမျှဆိုသလို မိုးမခတို့မိသားစုမှာ ပျော်ရွှင်စရာအချိန်တွေလည်းကွယ်ပျောက် စီးပွားရေးလည်း လုံးပါးပါးခဲ့ရပြီး….ဘယ်သူ့ကို အပြစ်တင်ရပါ့ မည်နည်း… ဖေဖေ့ကို အပြစ်တင်ဖို့ရာလည်း …မေမေက…
“သမီးရယ်….. အမေကတော့ သူ့ရဲ့ မယားဆိုတော့ မေ့မေ့မှာ ပြောပိုင်ခွင့်ရှိတယ်လေ…”
“သမီးက သူ့ရဲ့သမီးဆိုတော့ မပြစ်မှားရဘူးနော်”
“အဖေဟာ အဖေပဲလေ…”
“သူ့ဟာသူ နောက်မယားငယ်ပဲထားထား ယူလို့ပဲသွားသွား….သူတောင်းစားကြီးပဲဖြစ်ဖြစ် အမေ့သမီးလေးက မပြစ်မှားရဘူးနော်….”
“ငါ့သမီးလေး ငရဲတွေကြီးမှာစိုးလို့ အမေကပြောတာပါ”
“ဟုတ်ကဲ့ပါ….အမေ”
မေမေ့ရဲ့ ဆုံးမသံတွေနဲ့အတူ မိုးမခတစ်ယောက် ၁၀တန်းစာမေးပွဲကို နှစ်ချင်းပေါက် အောင်ခဲ့ပြန်ပြီပေါ့.. မောင်လေး နေမခကတော့ ၇တန်းကျောင်းသားဖြစ်သွားတော့ ကျောင်းစရိတ်က ပိုကြီးလာခဲ့ပြီ…. စီးပွားရေးအခြေအနေကလည်း မမွဲရုံတမယ်ပင်ရှိတော့သည်….မိုးမခ စဉ်းစားမိသည်…. အဝေးသင်ကျောင်းလေးတက်ပြီး အလုပ်လုပ်ဖို့ရာ ဆုံးဖြတ်ခဲ့တော့သည်….မိုးမခတို့မြို့လေးမှာရှိတဲ့ နီးစပ်ရာ စတိုးဆိုင်လေးမှာ အရောင်းစာရေးမအလုပ်လေး ၀င်လုပ်ရင်း မေမေ့ကို ကူညီခဲ့သည်….စီးပွားရေးတွေကလည်း ကျလာသလို ဖေဖေလည်း အသိတွေပြန်လည်လို့ နောင်တတွေပွေ့ပိုက်ရင်း……
“မိနှင်း….သမီးလေး မိုးမခ”
“ဖေဖေ အသိမိုက်မဲတဲ့အလုပ်ကို လုပ်ခဲ့လို့ ငါ့သမီးလေးနဲ့ ငါ့မိန်းမ ခုလို မျက်နှာငယ်ခဲ့ရပြီ”
“ဖေဖေ နောင်တတွေ ရခဲ့ပါပြီ သားတို့ သမီးတို့ရယ်”
“မိန်းမ ငါ တောင်းပန်ပါတယ်ကွာ”
“မင်းတို့မိသားစုအတွက် ဒီနေ့ကစပြီး
 အိမ်ထောင်ဦးစီးယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ပြုပြင်နေထိုင်ရင်း….
ဘ၀တခုကို အသစ်ကနေ ပြန်စကြပါစို့ကွာ….နော်”
ဖေဖေရဲ့ ရင်ထဲကလာတဲ့ မေတ္တာတွေကြောင့် မေမေ့ခမျာ ရင်ထဲမှာ ခံစားနေခဲ့ရပေမယ့် မသိသလိုနဲ့ပဲ သားတွေသမီးတွေရဲ့ အားငယ်နေတဲ့ မျက်နှာလေးတွေကြည့်ပြီး….
“အေးပါ… ရှင် နောက်ထပ် ဆက်မမိုက်ဖို့ပဲလိုပါတယ် ကိုနေမင်းရယ်…..”
“ခုချိန်ကစပြီး ကျွန်မတို့မိသားစုတွေ ဟိုး….အရင်ကလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေသွားကြတာပေါ့….”
“အရင်က ကိစ္စတွေကိုလည်း မေ့ထားလိုက်ကြရအောင်နော်……”
ပြောပြောဆိုဆိုပါပဲ… မိုးမခနဲ့ မောင်လေးနေမခတို့ မောင်နှစ်မနှစ်ယောက်သား ဖေဖေနဲ့ မေမေတို့ရဲ့ အပြုံးတွေကိုယ်စီကို စိတ်ကူးပုံဖော်ပြီး…..မိုးမခရင်ထဲက အဖြစ်ချင်ဆုံးဆန္ဒလေး မိသားစုဘ၀အသိုက်အမြုံကို ပြန်လည်ရရှိခဲ့ပြီပေါ့…..ဖေဖေနဲ့မေမေရယ် ဒီကမ္ဘာမှာလေ မိုးမခလောက် ကံကောင်းပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးကို ရခဲ့တာ ဘယ်သူမှ မမှီနိုင်ပါလား….ဖေဖေနဲ့မေမေ့ကို မိုးမခ ကျေးဇူးတင်ပါတယ်နော်…. မိုးမခကို အဲဒီလို စိတ်ချမ်းသာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကို ဖေဖေနဲ့မေမေက ပေးခဲ့လို့ပေါ့  … မိုးမခသိပ်ချစ်တဲ့ ဖေဖေရယ် မေမေရယ် မောင်လေးရယ် အဲ့ဒီအရာတွေကို ပေးခဲ့တဲ့ လောကကြီးကိုလည်း မိုးမခ အော်ဟစ်ပြီးပြောပြလိုက်ချင်ပါတော့တယ်…..”
“လောကကြီးရေ………………..မိုးမခကို ကံကောင်းခြင်းတွေ ဒီထက်ပိုပြီးပေးကြပါအုံးလား……”
 “အဟား…..ဟား…..ဟား……”
မိုးမခတစ်ယောက် ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပေါ့ပါးတဲ့ ကိုယ်လေးကိုဝှေ့ယမ်းရင်း……
“မိုးမခ အပျော်ဆုံးပဲ လောကကြီးရေ……” “အဟား…..ဟား….ဟား…..”
“လောကကြီးရေ……….”
“ဘ၀မှာ တောင့်တ လိုချင်တာမရ
သဘာဝရဲ့ လောက ကြုံရတဲ့ အချိန်တိုင်းမှာ
ပြုံးရွှင်ကာ ရယ်မော ပျော်လွန်းတဲ့ဘ၀တွေနဲ့အတူ
မနက်ဖြန်အတွက် အသင့်ပြင်
ကြိုးစားချင် ဒီစိတ်တွေက
မိသားစုဘ၀တဲ့လေ……”
“သောကတွေကင်းဝေးခြင်းနဲ့အတူ လှပပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့……”

(ကြိုးစားပါအုံးမည်)
နေခြည်သစ်နွယ်(ပြည်)

No comments: