လောကကြီးထဲမှာ မွေးဖွားလာခဲ့တဲ့ကျွန်မ
ကံကောင်းလာတယ်လို့ဆိုရမှာပါ..၊ လောကကြီးရဲ့အလယ်မှာ ရပ်တည်နိုင်ဖို့အတွက် ပညာတွေနဲ့အတူ၊
ခွန်အားတွေပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတွေတင်နေမိခဲ့ပါတယ်…။ ငယ်စဉ်ကတည်းက အဖေကို ခင်တွယ်တဲ့စိတ်၊
ချစ်ခင်တဲ့စိတ်၊ လေးစားခဲ့တဲ့စိတ်တွေဟာ အရွယ်တွေသာပြောင်းလဲသွားခဲ့ပေမယ့် အဖေ့အပေါ်ထားတဲ့ ကျွန်မရဲ့စိတ်တွေကတော့ ပြောင်းလဲမသွားခဲ့ပါဘူး…။
ငယ်ဘ၀က အဖေပေးခဲ့ဖူးတဲ့
မုန့်ဖိုးလေးတွေ စုဆောင်းလို့..ကျောင်းသုံးပစ္စည်းလေးတွေ ၀ယ်ခဲ့တယ်၊ နေ့စဉ်အမြဲလို မုန့်ဖိုးပေးခဲ့တဲ့
အဖေ့ရဲ့မုန့်ဖိုးတွေဟာ ကျွန်မအတွက်တော့ အဖေ့ဆီက မေတ္တာလောက်တော့ တန်ဘိုးမကြီးမားခဲ့ပါဘူး။
ဆီတွေပြန်နေအောင် ချက်ကျွေးတဲ့ ဟင်းတွေကို ကျွန်မ မစားချင်ပါဘူး၊ အခြားသူတွေလို အကောင်းဆုံးအိမ်တွေနဲ့
မနေချင်ပါဘူး၊ ဘ၀မှာ စိတ်ချမ်းသာခြင်းဆိုတဲ့ အခြေအနေတွေကိုပဲ လိုချင်မက်မောမိခဲ့သူပါ…။
“အဖေ”ဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုကြောင့် အဖေ့ရဲ့လောင်းရိပ်အောက်မှာ
အစွန်းအထင်းမရှိနေခဲ့ရပေမယ့် အဖေ့ရဲ့ အတ္တကြီးမှုတွေကတော့ ကျွန်မအတွက် ဘ၀တစ်ခုကို ရင့်ကျက်မှုတွေပိုစေခဲ့ပါတယ်…။
သိတတ်စအရွယ်တွေမှာ အဖေ့ရဲ့မေတ္တာကို နည်းပါးစွာ ရရှိခဲ့ရတယ်..၊ အမေဟာ ကျွန်မရဲ့ နားအလည်ပေးနိုင်ဆုံး
လက်တွဲဖော်တစ်ယောက်ပါ၊ အနာဂါတ် အတွက် စိတ်ဓာတ်တွေပြိုလဲမသွားအောင် ပဲ့ပြင်ထိန်းကျောင်းရင်း..ကျွန်မရဲ့စိတ်တွေကို
မားမားမတ်မတ်ဖြစ်တည်လာခဲ့ရတယ်၊ အဲ့ဒီစိတ်တွေကြောင့်ပဲ ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဟာ
ပီပြင်လာခဲ့ရတော့တယ်…။
အဖေ့ရဲ့အတ္တကြီးမှုတွေဟာ
ကျွန်မအတွက် အနေခက်စေခဲ့ပေမယ်..အဖေဟာ အဖေပဲဆိုတဲ့ အသိစိတ်တစ်ခုဟာ၊ အဖေ့ အတွက် ကျွန်မရဲ့သောကတွေကို
စတေးခဲ့လိုက်ရတာပါပဲ…။ အဖေ့ရဲ့ အတ္တတွေဟာ ကျွန်မရဲ့စိတ်တွေကို လှောင်အိမ်ထဲက ငှက်ကလေးသဖွယ်
ပျံသန်းခွင့်မပေးတော့သလိုပါပဲ…။