Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, November 14, 2012

“ချစ်တတ်သူတို့ရဲ့..နှလုံးသား”

လူတိုင်းရဲ့ နှလုံးသားကိုယ်စီဟာ ချစ်တတ်ခြင်းတွေနဲ့ စတင်လာကြပါတယ်၊ ချစ်တဲ့သူတွေတိုင်း ချစ်တတ်ဖို့ကတော့ လွယ်ကူနိုင် မယ့်အလုပ်မျိုးမဟုတ်ပါဘူး၊ လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ လုပ်ယူလို့လည်းမရသလို၊ ဖန်တီးယူပိုင်ခွင့်လည်းမရှိပါ၊ မွေးရာပါ ဘယ်ဘက်ရင်အုံမှာရှိတဲ့ နှလုံးသားရဲ့ ရင်ခုန်သံနှုန်းနဲ့သာ သက်ဆိုင်နေပါတယ်နော်၊ အချစ်ဆိုတာကို ဖွင့်ဆိုရခက်ခဲတဲ့ အနက်တွေအမျိုးမျိုးကြားမှာ အဓိပ္ပါယ်တစ်ခုချင်းစီတော့ သက်ရောက်မှုရှိနိုင်ပါတယ်လေ၊ အချစ်ဆိုတဲ့အနက်ဟာ လူသားတိုင်း တစ်ဦးချင်းစီရဲ့ ခံစားခဲ့ရမှု၊ တွေ့ကြုံရမှုဆိုတာတွေရဲ့အောက်မှာ မွေးဖွားရှင်သန်လာခဲ့ကြတဲ့ ခေါင်းစဉ်လေးတွေပါပဲ… ထို့ကြောင့်လည်း အချစ်ဆိုတဲ့ စကားလေးနှစ်လုံးကို ဖွင့်ဆိုရခက်ခဲနေကျပြန်တာပေါ့..။
လူတိုင်းကိုယ်စီ ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အရာလေးတွေတော့ ရှိနေကြမှာပါဘဲ…အချို့ကလည်း ချစ်ခဲ့ဖူးလို့ အချစ်ကို စိုးရွံ့ထိတ်လန့် သွားကြတယ်၊ အချို့ကလည်း ရူးရူးမူးမူးပေါ့၊ ခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့..မိုက်ရူးရဲလေးတွေပေါ့၊ တကယ်ဆိုတော့ အချစ်ကို မိုက်မဲတယ်လို့ မခေါ်ဆိုချင်ပါဘူး၊ ချစ်တတ်တဲ့ နှလုံးသားလေးကသာ မိုက်မဲနေခဲ့တာပါ..။
အချစ်နဲ့အတူ ရှင်သန်လာမယ့် ဒုက္ခတွေကို ရင်ဆိုင်ရမှာစိုးသူတွေ၊ အချစ်က ဒုက္ခပေးခဲ့တယ်လို့ဆိုကြသူတွေလည်း တပုံတပင်နဲ့ ပါပဲ..တကယ်ဆိုတော့ အချစ်မှာ အပြစ်မရှိပါဘူး…အချစ်ကြောင့် မဟုတ်ပါဘဲလျက်နဲ့ ဘ၀ရဲ့အချိုးအကွေ့၊ အကောက်၊ အဖြောင့် များစွာတွေကလည်း ဒုက္ခဆင်းရဲခြင်းတွေပါပဲလေ..၊ လူသားဆိုတာတွေဖြစ်လာခဲ့မယ်ဆိုရင် သာဓကတစ်ခုကို ပုံသေယူလို့မရ သလို၊ ပုံသေယူထားမိတဲ့ သာဓကကိုလည်း နေရာတိုင်းမှာ သုံးယူဖို့ အဆင်မပြေလှပါဘူး..။

ချစ်တတ်သူတို့ရဲ့ နှလုံးသားလေးတွေဟာ ပင်ပန်းလှတယ်..စိုးထိတ်မှုတွေမပါပေမယ့် ခံစားရတယ်၊ နာကျင်ရတယ်၊ ချစ်တတ်သူ တိုင်းရဲ့ အတွင်းစိတ်တွေဟာ ကြေကွဲမှုတွေက တပုံတပင်၊ ဘယ်ဘက်အခြမ်းရင်အုံမှာရှိတဲ့ နှလုံးသားလေး ကြေမွကုန်ပြီဆိုတဲ့ အရာဟာ တကယ်တော့ တင်စားမှုတစ်ခုလို့ ဆိုပေမယ့်..မြတ်မြတ်နိုးနိုးချစ်တတ်သူတွေမှာတော့..နှလုံးရောဂါလေးတစ်ခုပင် အစားထိုးဝင်ရောက်လာခဲ့လေပြီပေါ့..နှလုံးသားလေးက ချစ်တတ်တဲ့အပြင်..ဝေဒနာတစ်ခုကိုလည်း အစားထိုးယူဆောင်လာခဲ့ လေပြီ။
ချစ်တတ်သူတို့ရဲ့ နောက်ဆုံးအချိန်တွေဟာ..အထီးကျန်စိုးမိုးခြင်း၊ သောက၊ ဗျာပါဒ၊ မောဟတွေက တပုံတပင်၊ ရိုက်နှက်ထား စရာမလိုတဲ့ ဒဏ်ရာတွေက ချစ်တတ်သူတွေကို ပေးတတ်စမြဲဖြစ်တဲ့ လက်ဆောင်မွန်တစ်ခုပေါ့၊ ထိုလက်ဆောင်မွန်လေးတွေကို ချစ်တတ်သူတိုင်းက မြတ်နိုးစွာနဲ့ ထွေးပိုက်မိတတ်ကြတယ်၊ အဘယ်ကြောင့်ဆိုသော် ထိုသူဟာ နှလုံးသားရဲ့ အလိုကျ စေညွှန်ရာ ချစ်တတ်သူတွေဖြစ်နေခဲ့လို့ပါပဲ….။
လေပြင်းတွေက အပြင်မှာ တိုက်ခတ်နေတယ်..မိုးမှောင်တွေကလည်း ကျနေလေရဲ့၊ နှင်းတွေကလည်းတဖွေးဖွေး..နှလုံးသားတွေ ကလည်း အေးခဲသွားလေမလား၊ ပူလောင်ပြင်းရှတဲ့ နွေနေပူနဲ့အတူ နှလုံးသားလေးကလည်း လောင်ကျွမ်းနေလေမလား၊ ချစ်တတ်သူတွေ စိုးရိမ်နေမိကြပါတယ်၊ ဘယ်သူ့အတွက်လဲ မေးကြည့်ခဲ့မိတော့..ချစ်တတ်သူတွေအတွက် မဟုတ်ဘူးတဲ့လေ၊ သူတို့ရဲ့ နှလုံးသားလေးမှာ ဒဏ်ရာတွေက ပြည့်နှက်နေတယ်၊ ရာသီဥတုနဲ့ လိုက်ဖက်ညီစွာပါပဲ ပူလောင်ခြင်း၊ စိုစွတ်ခြင်း၊ အေးမြ ခြင်းတွေကိုလည်း ပြင်းထန်စွာခံစားတတ်ရပါတယ်..။ ထိုသို့ ခံစားမှုမျိုးစုံတွေကို ချစ်တတ်သူတိုင်းရဲ့ နှလုံးသားတွေက ကြည်ဖြူစွာ နဲ့ လက်ခံနေကြတုန်းပဲလေ…။
ချစ်တတ်သူတို့ရေ..ပူလောင်မှုတွေရဲ့ အဝေးဆုံးမှာနေကြပါ၊ နှလုံးသားဆိုတဲ့ ရင်ခုန်သံဟာ စိတ်ဆိုတဲ့ စေတသိတ်က ဖြစ်ပေါ် လာတတ်ခဲ့ပေမယ့်၊ ချစ်တတ်သူတို့ရဲ့ ခန္ဓာကိုယ်လေးကို အနားယူစေသလို…ချစ်တတ်ကြတဲ့ စိတ်နှလုံးသားလေးတွေကိုလည်း အနားယူပေးစေချင်ပါတယ်..၊ ချစ်တတ်သူတိုင်းရဲ့နှလုံးသားလေးတွေဟာ အချစ်ကို ပေးဆပ်ချင်ကြတယ်ဆိုတဲ့ စိတ်ကလေးတစ် ခုကြောင့် လောကရဲ့ခါးသီးမှုတွေခံရတတ်တယ်၊ ထို့ကြောင့် ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ရယူပိုင်ဆိုင်လိုခြင်း၊ ထိုအကြောင်းအရာ တွေအားလုံးဟာ ချစ်တတ်သူတိုင်းရဲ့ နှလုံးသားကို ၀ါးမျိုတိုက်စားနေတော့မှာပါ၊ ထိုသို့စိတ်ကူးတွေ ဖြစ်ပေါ်မလာရအောင် ချစ်တတ်သူတို့ရဲ့နှလုံးသားလေးကို အနားယူဆေးကြောသန့်စင်ဖို့အတွက်ကတော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားရေအေးအေးလေး နဲ့မှ စင်ကြယ်လိမ့်မယ်နော်၊ အသိနဲ့ သတိကို နှလုံးသားလေးမှာ စွဲထင်လို့…မုဒိတာတရားပွားများခြင်းတွေနဲ့အတူ.. ချစ်တတ်သူတို့ ရဲ့ နှလုံးသားလေးတွေကို..အနားပေးလိုက်ကြပါတော့နော်….။
(ချစ်ခြင်းတရား၏ ပူလောင်ခြင်း ဒုက္ခ၊ ချစ်နေရခြင်း၏ ဒုက္ခ၊ ချစ်ခြင်းခံနေရခြင်း၏ဒုက္ခများမှ ထာဝရကင်းလွတ်နိုင်ကြပါစေ။)

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: