Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, November 13, 2012

နေခြည်လေးရဲ့ (ဘ၀အမြင်)

ဘ၀ဆိုတာ နေခြည့်အတွက်တော့ လျှို့ဝှက်ဆန်းကြယ်တဲ့ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေရသလိုပါပဲ၊ ရှေ့စာမျက်နှာတွေမှာ ဘာတွေများဆက်ဖြစ်လာနိုင်မလဲဆိုတာတွေကို တွေးရင်းဖြင့်..ခရီးရှည်ကြီးတစ်ခုကို သွားနေရသလိုပါပဲ၊ ငယ်ဘ၀ဆိုတဲ့ အချိန် ကာလတွေမှာ ဘာဆိုဘာမှမသိခဲ့ရသလို..ပူပန်တတ်ခြင်း၊ စိုးရိမ်ခြင်းဆိုတာတွေကလည်း၊ အသက်အရွယ်နှင့်ပင်ဆိုင်သလားမသိ ပေါ့ပါးလန်းဆန်းနေခဲ့ပါတယ်၊ ၀တ်ချင်တာတွေကို ရှက်ရမှန်းမသိပင်၊ စားချင်တာကိုလည်း ရှက်ရမှန်းမသိခဲ့သလောက်ပင်၊ လှချင် တဲ့အတိုင်းလေး ပြင်ဆင်ပြီး…ပေါ့ပါးစွာနဲ့ဖြတ်သန်းခဲ့ရပါတယ်၊ ခတ်ဆတ်ဆတ်စိတ်ကလေးနဲ့၊ မဟုတ်ရင်မခံ၊ ချစ်တတ်တဲ့ စိတ်ကလေးတော့ရှိနေတတ်ခဲ့တယ်၊ လိုတိုင်းတရနိုင်ခဲ့တယ်၊ ပတ်ဝန်းကျင်နဲ့ သင့်မြတ်တယ်၊ ဘော်ဒါသူငယ်ချင်းတွေနဲ့ သွားချင်တဲ့နေရာတွေလည်း သွားနိုင်ခဲ့တယ်၊ အရာရာက လှပနေခဲ့ပါတယ်လေ၊ နေ့စဉ်အချိန်တွေဟာ တက်ကြွလန်းဆန်းတဲ့ အပြုံးတွေနဲ့ပဲ ရှင်သန်နေလာခဲ့ရတယ်၊ ဒီတော့လည်း နေခြည့်အတွက်က ဘ၀ဆိုတာ ပျော်စရာကောင်းတယ်ပေါ့….။
အသက်အရွယ် နှစ်ဆယ်ကျော်ကျော်မှာတော့ တာဝန်ယူစိတ်၊ ပူပင်စိတ်တွေနဲ့အတူ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေက ရာခိုင်းနှုန်းအပြည့်မရခဲ့တော့ပါဘူး၊ အချိန်တွေဟာ တစ်နေ့ထက်တစ်နေ့ ကုန်နိုင်ခဲသလို…ဖြတ်သန်းရတဲ့ဘ၀ကလည်း ကြာရှည် လာခဲ့သလို ခံစားမိလာရတယ်၊ အချို့လူပုဂ္ဂိုလ်တွေက ဒီလိုလေးဖွင့်ဆိုကြတယ်..” Time is money” တဲ့…အချိန်ဆိုတာငွေတဲ့ လေ…၊ တကယ်ရော ဟုတ်လို့လားလို့ နေခြည့်စိတ်ထဲ အကြိမ်ကြိမ်တွေးမိပြန်တယ်၊ မရေရာတဲ့ မေးခွန်းတွေထဲမှာ ရောယှက်နေ ခဲ့ရတယ်၊ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်လာခဲ့မိသလို..ကိုယ့်ရဲ့စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်မလာတော့တာကို တွေ့လာခဲ့ရတယ်၊ အဲ့ဒီအခါ ငယ်ဘ၀ကို ပြန်လိုချင်မိတဲ့စိတ်တွေဖြစ်လာခဲ့ရပြန်တယ် “အချိန်ဆိုတာ ငွေတဲ့”…သူတို့ပြောတာ ဟုတ်မယ်ထင်တယ်လို့ ခတ်ဆတ်ဆတ်လေး ခေါင်းကိုငြိမ့်ပြီး အဖြေတွေ တသီကြီး ဖြေနေခဲ့မိတော့တယ်၊ ၀တ်စားဆင်ယင်မှုတွေ က မနေ့ကထက် ပိုလို့ပြောင်းလဲသွားခဲ့ပြန်ပြီ၊ ပြောဆိုတဲ့ ဟန်အမူအယာတွေက လူကြီးဆန်လာသလိုလိုနဲ့ စုဆောင်းချင်တဲ့စိတ် လေးတွေကလည်း အစပျိုးလာခဲ့သယောင်ယောင် ဖြစ်လာခဲ့ပြန်ပါတယ်၊ “အော်…ဒါဟာ အသက်(၂၀)ပါလားလို့” တွေးမိပြန် ပါတယ်…။

ဘ၀ရဲ့ သုံးပုံပုံရင် တစ်ပုံကျော်လောက် အရောက်မှာတော့ ဘ၀ဆိုတဲ့အရာကို နေခြည် ကောင်းကောင်း မှတ်မိလာခဲ့ပါပြီ၊ တကယ် တော့ ဘ၀ဆိုတာ.. ရေတွင်းထဲကရေကို ခပ်နေရတာနဲ့ အတူတူပါပဲ၊ ရေတွင်းထဲကရေတွေဟာ ဘယ်လောက်ပဲ ခပ်ခပ်၊ ခပ်သ လောက်လည်းပါသလို၊ ပါလာတဲ့ရေတွေကလည်း ရေတွင်းထဲ ပြန်ကျတတ်ပါတယ်၊ အခန့်မသင့်တဲ့အချိန်တွေမှာတော့..ဆွဲငင် လျက်သားရှိတဲ့ ရေပုံးလေးကလည်း ကြိုးတွေပြေလျော့ပြီး ပြုတ်ကျသွားတတ်တာမျိုး၊ နက်နဲလွန်းတဲ့အခါ..ပတ်ဝန်းကျင်ရဲ့ အကူအညီ၊ (သို့မဟုတ်)တစ်စုံတစ်ခုသောအရာဝတ္ထုရဲ့ အကူအညီတွေကြောင့် ရေပုံးလေးက အပေါ်ကိုပြန်ရောက်သွားတတ် ပါတယ်၊ ရေတွင်းထဲမှာ ရေညှိစိမ်းတွေကွာကျလာပြီး ရေထဲမှာ ရေညှိတွေပြည့်နေတတ်သလို၊ ဘ၀ဆိုတာဟာလည်း နေခြည့်အတွက်တော့ တစ်ခါတစ်ရံ အမှိုက်သရိုက်တွေရောယှက်နေခဲ့ရတယ်၊ ပတ်ဝန်းကျင်ရဲ့ စကားလေးတစ်ခွန်းကြောင့် နေခြည့်ရဲ့စိတ်ဓာတ်တွေ မြေကြီးပေါ်ကိုရောက်သွားခဲ့သလို၊ တစ်ခါတစ်ရံတော့လည်း စိတ်ဓာတ်တွေ မြင့်တက်နေခဲ့ရပါတယ်…။
ဘ၀ကို ဖြတ်သန်းရတာ နေခြည့်အတွက်တော့ မောပန်းလွန်းလှပါတယ်၊ တစ်တောင်ပြီးတစ်တောင် ခရီးဆက်သလို၊ နေ့စွဲတိုင်းမှာ လည်း မတူညီသော အကြောင်းအရာတွေနဲ့အတူ၊ ထူးဆန်းအံ့သြဖွယ်ကောင်းလောက်တဲ့ အဖြစ်အပျက်တွေကလည်း ကြုံတွေ့ရ တယ်၊ စိတ်ခံစားမှုတွေ ရင့်ကျက်လာတဲ့အခါ ဘ၀ဟာ ပျော်စရာကောင်းပါတယ်၊ ရောင့်ရဲတင်းတိမ်တတ်တဲ့အခါတွေမှာ ဘ၀ဟာ ပိုပြီးအဖိုးတန်လာသလို၊ ဖြတ်သန်းရမယ့်အချိန်ကာလတွေကလည်း တိုတောင်းနေသလိုပါပဲ၊ တကယ်တော့ ဘ၀ကို ကြိုးကိုင်သူ ဟာ နေခြည်ကိုယ်တိုင်ပါပဲ၊ ကြိုးကိုင်သူနေခြည်သာလျှင်အဓိကပဲလို့ ယူဆမိပါတယ်၊ ဘာကြောင့်လဲဆိုတော့ တွေးမိပါတယ်၊ ဘ၀ဆိုတာ စိတ်တစ်ခုပါပဲ၊ မိမိရဲ့စိတ်ကို မိမိက လှည့်စားနေတာပါပဲ၊ အပူအပင်တွေဟာ မမျှော်လင့်ဘဲ ရှိလာခဲ့တာတွေ၊ စိတ်ချမ်း သာခြင်းပျော်စရာတွေဟာ မိမိရှေ့ကိုရောက်လာတတ်တာတွေ၊ အဲ့ဒီအရာတွေအားလုံးကို ကိုယ်တိုင်ပြန်သုံးသပ်ကြည့်တဲ့အခါ ဘာလုပ်သင့်သလဲဆိုတဲ့အဖြေတွေကို တွေ့လာရတတ်ပါတယ်…။
နေခြည် ဒေါသတွေလည်းဖြစ်တတ်ပါတယ်၊ လောဘတွေလည်း ဖြစ်တတ်ခဲ့ပါတယ်၊ လောဘနဲ့ဒေါသဆိုတာ တကယ်တော့ နေခြည့်ရဲ့ စိတ်တစ်ခုပဲဖြစ်နေပါတယ်၊ နေခြည့်ရဲ့စိတ်ကို အကြိမ်ကြိမ်မေးမိတယ်၊ ဘာဖြစ်ချင်နေတာလဲ၊ ဘာလိုချင်နေတာလဲ၊ မကျေနပ်ဘူးလား၊ ရောင့်ရဲနေတာလား၊ ဖြစ်နေတတ်တဲ့စိတ်တွေကို ဆန်းစစ်မှုတွေများလာတဲ့အခါ…ဘ၀ဟာ နေတတ်ရင် ကျေနပ်စရာပဲလို့ ဖြစ်လာခဲ့ရတယ်…၊ လူတစ်ယောက်ရဲ့စရိုက်ဆိုတာ စိတ်ကနေဖြစ်ပေါ်လာတတ်ခဲ့တာပါ၊ ထိုသူရဲ့စိတ်ကို ပြောင်းလဲလို့မရနိုင်သလို၊ နေခြည်တို့ရဲ့စိတ်ကိုလည်း ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှရနိုင်မှာပါ၊ ဒါဟာ နေခြည့်ရဲ့ဘ၀မှာ သတ်မှတ် ထားတဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုလို့ ယူဆထားပါတယ်….။
ဘ၀ဆိုတာ နိမ့်ချည်တစ်လှည့် မြင့်ချည်တစ်လှည့်လို့ ပြောကြပါတယ်၊ နေခြည်ကိုယ်တိုင် လက်ခံမိပါတယ်၊ ဘ၀ဆိုတာ ကိုယ်တိုင် လည်း ပြုပြင်ပြောင်းလဲနေထိုင်နေရသလို..ကံကြမ္မာရဲ့ အလှည့်ပေးမှုကိုလည်း စောင့်နေရပါသေးတယ်၊ တစ်ခါတစ်ရံ နေခြည်ဝါသ နာပါလွန်းတဲ့ အလုပ်လေးတွေကို လုပ်နေရင်း အောင်မြင်မှုတွေနဲ့ လွဲချော်နေခဲ့ပြီ၊ နှေးကွေးနေပြီဆိုလာရင်..ကျေနပ်မှုတွေမရှိ တတ်သလို၊ စိတ်တိုင်းကျဖြစ်နေခဲ့ပြီဆိုရင်လည်း ပျော်ရွှင်တတ်ခဲ့ပါတယ်၊ ဒီလိုကိစ္စရပ်တွေကို ကြည့်ခြင်းအားဖြင့် ဘ၀ဆိုတာ.. သူ့ရဲ့နောက်ကွယ်မှာ နောက်ထပ်ကြိုးကိုင်နိုင်သူဖြစ်တဲ့ “ကံ”ဆိုတဲ့ အကြောင်းတရားတစ်ခုပါနေပြီဆိုတာ သိလာခဲ့ရပါတယ်၊ ဒါ့ အပြင် ဥာဏ်၊ ၀ီရိယ အဲ့ဒီနှစ်ခုကိုလည်း “ကံ”ရဲ့နောက်မှာ ပေါင်းစပ်ပေးရတတ်ပါတယ်၊ နေခြည့်ရဲ့ ကောင်းသောကံတွေ ကျဆုံးနေချိန်မှာ၊ ဥာဏ်နဲ့ ၀ီရိယရဲ့ အရှိန်အဟုန်တွေကြောင့်..ဘ၀ဟာ ပုံမှန်လေးလည်ပတ်နေတတ်ခဲ့ရပါသေးတယ်…။
နေခြည်ကတော့ ဘ၀ကို အပျော်ဆုံးဖြစ်အောင်နေသွားမယ်၊ ထာဝရပြုံးနေနိုင်အောင် ကြိုးစားမယ်၊ စိတ်သောကတွေ ရှိလာတဲ့ အခါ စာအုပ်ထဲမှာ ချရေးမယ်၊ ပျော်နေတဲ့အခါ လွမ်းစရာသီချင်းတွေနဲ့အတူ… . ငိုစရာတွေဖြစ်လာတဲ့အခါ Hip Hopသီချင်းလေး တွေနဲ့ ပျော်နေမယ်၊ ဘ၀မှာပေးလာတဲ့အဆိုးတွေ လူတိုင်းမလိုချင်ကြသလို..နေခြည်ကိုယ်တိုင်လည်း မလိုချင်ပါဘူး…သို့ပေမယ့်  မြတ်စွာဘုရားဟောကြားခဲ့သလိုပါပဲ ပညတ်နဲ့ ပရမတ်ကို ခွဲခြားလို့မသိမချင်းတော့ နေခြည်တို့တွေ အဆိုးတွေရော အကောင်း တွေကိုပါ မလွဲမသွေကြုံတွေ့နေရမှာပေါ့…ဒါကြောင့်လည်း ကြုံတွေ့လာရမယ့် အဆိုးအကောင်းတွေကို လက်ပိုက်ကြည့် မနေဘဲ… ဘယ်လို ကျင့်ကြံနေထိုင်ရမလဲဆိုတဲ့ပုံသေနည်းတွေကိုပဲ နေ့စဉ်လို ဝေဖန်နိုင်ခြင်းဟာ အကောင်းဆုံးနိယာမတစ်ခုလို့ပဲ ပြောချင်ပါတယ်….။
အဆုံးသတ်မှာတော့ ဘ၀ဆိုတာ..လိုက်လေ…ပြေးလေပါပဲ…သူ့နောက်ကိုမလိုက်ဘဲ…မှန်မှန်လေးဘဲ ပြေးနေမယ်ဆိုရင် တာဝေး အပြေးသမားလိုပဲ…ပန်းတိုင်ကိုရောက်သွားမှာပါ…နေခြည့်ရဲ့ ပန်းတိုင်နဲ့ အသင်တို့ရဲ့ပန်းတိုင် မတူညီကြသလို..အသင်တို့ရဲ့ ဘ၀နဲ့ နေခြည့်ရဲ့ဘ၀နဲ့လည်း တူညီနိုင်မှာမဟုတ်ပါဘူး….တစ်ခုလေးပဲပြောပြခဲ့ချင်ပါတယ်…ဘယ်လိုပဲ ပန်းတိုင်တွေ… ဘ၀တွေ မတူညီနိုင်ကြပါစေ…နည်းလမ်းကျစွာနဲ့ ဖြတ်သန်းနေနိုင်ကြမယ်ဆိုရင်တော့..အနည်းဆုံးတော့ စိတ်ချမ်းသာမှုတစ်ခုတော့ ရနေပါလိမ့်မယ်…နေခြည့်ရဲ့ဘ၀အမြင်လေးကတော့…ဒီလောက်ပါပဲ…ဘ၀တွေရဲ့ဖြတ်သန်းပုံချင်းမတူညီမှုတွေကြောင့် အမြင် လေးတွေကလည်း တူညီနိုင်ကြလိမ့်မယ်မထင်ပါဘူး…ဘယ်လိုပဲဖြစ်နေပါစေ..နေခြည့်လိုပဲ..ဘ၀ရဲ့ အနိမ့်အမြင့်တွေ ကြုံတွေလာ တဲ့အခါ…ကိုယ်ပိုင်စိတ်တွေကို အကြိမ်ကြိမ်ဝေဖန်ဆန်းစစ်ရင်း…နေခြည့်လိုပဲ…အဖြေတွေကို ရှာတွေ့နိုင်ကြပါစေလို့… ဆုမွန် ကောင်းတောင်းပေးရင်း..ဘ၀ရဲ့အမြင်ရသ စာစုလေးကို အဆုံးသတ်ခဲ့ပါရစေလားရှင်….။

“ဘာသာတရားနဲ့ယှဉ်တွဲ…အမြင်မလွဲတဲ့ နိယာမတွေနဲ့အတူ…ဘ၀ရဲ့ပုစ္ဆာတွေကို အဖြေရှာတွေ့နိုင်ကြပါစေလို့…..”

နေခြည်သစ်နွယ်(ပြည်)



No comments: