Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, August 10, 2012

“နှလုံးသားကိုပင်..အပြစ်တင်ချင်”


သူမကို သနပ်ခါးလေးနဲ့ အမြင်အေးစရာမို့ သိပ်ချစ်စရာကောင်းတဲ့ ညီမလေးရယ်လို့ သူက ဆိုခဲ့ဘူးပါတယ်။ “မြန်မာဆန်စွာ ချိုမျက်နှာနှင့် ရူပါရွှေပန်းချီ ဘွဲ့ထူးတည်”ဆိုသည့် စကားလေးတစ်ခွန်းက အစပြုခဲ့လို့ နှောင်ဖွဲ့ မေတ္တာ သံယောဇဉ်ကမ္ဘာလေးတွေဖြစ်လို့လာခဲ့ပြန်ပါတော့သည်။
“နေ့”ဆိုသည့်အချိန်ကာလတွေမှာ အလွမ်းတွေကို သိမ်းဆည်းထားခဲ့ကြရင်း၊ “ည”ဆိုသည့် အချိန်တွေမှာတော့ အတွေးကမ္ဘာကိုယ်စီတွေဖြင့် အနုပညာပန်းခင်းလမ်းလေးတစ်ခုမှာ မေတ္တာတွေကိုအတွေးနယ်ချဲ့လို့ မိုင်ပေါင်း ကုဋေဝေးကွာနေရခြင်းသည်က သူနှင့်သူမတို့နှစ်ဦးအတွက် ဘယ်တော့များမှ ဆုံးစေတော့မလဲကွယ်။

သူမတို့နှစ်ဦးရဲ့ အပျော်ရွှင်ဆုံးအချိန်လေးဆိုသည်မှာ..နှစ်ယောက်အတူလက်တွဲလို့ သီချင်းလေးတွေ ဆိုညည်း နေချိန်၊ တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ လိပ်ပြာစုံသံစဉ်တွေက တီးခတ်နေလို့..သဘာဝတရားကြီးက လှပလွန်း နေခဲ့ပါတော့သည်။
သူမတို့နှစ်ယောက်အတူရှိနေသော အချိန်လေးတွေဟာ ခွန်အားတွေပြည့်နှက်နေကာ စိုးရွံ့စိတ်မရှိ၊ ချစ်သတ္တိ တွေ အပြည့်နှင့်သာ၊ လောကကြီးကို အံတုလို့ တွဲလက်မဖြုတ်စတမ်း လျှောက်လှမ်းနေရမည်ဆိုသော်ဝ်….. ပျော်စရာအတိတွေဟာ  သူနှင့်သူမတို့အတွက် မည်သည့်အရာနှင့်မျှ လဲနိုင်တော့မည်မဟုတ်တော့ပါ။
သူမတို့နှစ်ဦးအတွက် တခါတရံ ကြေကွဲခြင်းတွေက ထိုးနှက်လာပြန်တော့ သောကတွေက မျက်ရည်မိုးအဖြစ် ရွာသွန်းစေခဲ့ပြန်ပါတော့သည်။ အိပ်မက်တွေနှင့်သာ ဆောက်တည်ခွင့်ရရှိခဲ့သော သူမတို့နှစ်ဦး၏ ကံကောင်း ခြင်းနေ့ရက်တွေသည် ဘယ်ဆီရယ်မသိ..မှန်းမျှော်ရာ ဦးတည်ချက်ကင်းမဲ့နေသော လမင်း၏ ညှို့ချက်ပြင်းရှ သော အလင်းရောင်လေးတစ်ခုသာပင် ဖြစ်နေခဲ့သည်လား….။
အတွေးတွေကိုနယ်ချဲ့၊ ကောင်းကင်ကိုမော့ကြည့်စဉ်မှာတော့ သူလည်းပဲကြည့်နေသည်။ သူမလည်းပဲကြည့်နေ ခဲ့မိသည်။ လမင်းကသာပြန်သော်လည်း..ကြယ်တွေမစုံတဲ့ညတစ်ညဟာ သူနှင့်သူမတို့နှစ်ဦးအတွက်တော့ မှောင်လွန်းသည့် လမိုက်ညတွေသာပင် ဖြစ်နေတော့ပါသည်။
သြော်….ဘယ်ဆီမှာလဲကွယ်….
ရှာတွေ့ပေမယ့်လည်း….ငေးကြည့်ရုံသာ….
အလှတရားတို့ရှိပေမယ့်လည်း….နမ်းရှိုက်ခွင့်မရှိရာ…
နှလုံးသားကိုပင် အပြစ်တင်ချင်ပါတော့သည်….။

(စိတ်ကူးနှင့်နှလုံးသား…အနုပညာကို တန်ဘိုးထားပုံဖော်သည်။)

နေခြည်သစ်နွယ်(ပြည်)

No comments: