သူ့နာမည်က
မိုးစက်လေးလို့ခေါ်ပါတယ်၊ ကောင်းကင်ပေါ်မှာ တိမ်စိုင်က ပြေးလွှားဆော့ကစားနေတော့ သူဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်လေ။
သူက တစ်နှစ်မှာ လေးလသာ လူ့ပြည်သို့ ကြွေဆင်းခွင့်ရတာမို့..
“တိမ်စိုင်တွေရယ်…ဒီအချိန်ဟာ
ငါ့အချိန်ပဲလေ”
“မင်းတို့
ဘာတွေလုပ်နေကြတာလဲ”
“အေးပါ
မိုးစက်ရာ…တိမ်စိုင် ခုမှ ကစားကောင်းတုန်းပဲရှိသေတာလေ”
“မိုးစက်ကို
သူတို့မျှော်နေမှာဘဲ….”
“ဘယ်သူတွေလဲ
မိုးစက်…”
“ဘယ်သူတွေ
ရှိရမှာလဲ…လူ့ပြည်ကပေါ့ကွာ”
ဒီအချိန်ဆို
လူ့ပြည့်က သူတို့တွေ မျှော်နေကြရောပေါ့၊ လွန်ခဲ့တဲ့ လေးလတုန်းက သူတို့ခမျာ ပူအိုက်နေကြရရှာတာလေ၊
ပြီးတော့လည်း..သူတို့ရဲ့ စားဝတ်နေရေးအတွက် မိုးစက်က အဓိကပဲမဟုတ်လား၊ တိမ်စိုင်တို့ရယ်…မင်းတို့မြန်မြန်ကစားကြပါတော့နော်….
မိုးစက်
လူ့ပြည့်ကိုဆင်းရန်အတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်နေရသည်…ထိုအချိန်တွင်မတော့ တိမ်စိုင်
တို့က လူးကာလွင့်ကာဖြင့် အရှေ့မှအနောက် တောင်မှမြောက် ဟိုသည်ပြေးလွှားကောင်းနေကြသည်။
“တိမ်စိုင်…မိုးစက်ပြောစရာရှိတယ်”
“ဘာလဲ…ပြောလေ”
“သူတို့တွေက
တိမ်စိုင် ပြေးလွှားဆော့ကစားနေတာကိုကြည့်ပြီး မိုးစက်ကို မျှော်နေကြပြီ”
“မိုးစက်…နင်
ဘာလို့သိနေရတာလဲ”
“အော်…မနေ့က
သက်တန့်လာသွားတယ်လေ…”
“အင်း…သက်တန့်က
ဘာပြောလို့လဲ”
“သူတို့ပြောတာကို
သက်တန့်က ကြားခဲ့တယ်တဲ့လေ…”
“အင်း..ဆိုစမ်းပါအုံး…”
“သက်တန့်က
အနောက်ဘက်ကို သွားနေရင်…မိုးစက်ကတော့ လာမှာအသေအချာပဲတဲ့လေ”
“အော်…ဒီလိုလား”
“တိမ်စိုင်ရယ်…ငါက
အကောင်းပြောနေတာပါဟာ..”
ပြောပြောဆိုဆိုနှင့်ပင်
တိမ်စိုင်က ပြေးလွှားဆော့ကစားပြီးချိန်….မကြာခင်အချိန်မှာဘဲ….မိုးစက်က မြေပြင်ပေါ် သို့
ဆင်းသက်ကြွေလာခဲ့ပါပြီ။
မိုးစက်
စတင်ပြီး သူတို့ဆီကိုလာတော့ သူတို့ပိုင်ဆိုင်ကြသော ထီးကလေးတွေဖြင့် လုံခြုံနေကြသည်၊
လယ်ကွင်းတွေ၊ မြေယာတွေထွန်ယက်ဘို့အတွက် အတော်အသင့်လုံလောက်ကြသည်၊ သူတို့၏အပြုံးတွေကို
ကြည့်ရင်းဖြင့် မိုးစက်ပျော်နေရသည်၊ မိုးစက်လေ…သူတို့တွေ ခုလို ပြုံးပျော်နေရင်ပဲ ကျေနပ်နေရပါပြီ၊
ဒါပေမယ့် သူတို့ကတော့ မိုးစက်ကို….
“ဒီကောင်
မိုးစက်…နှမ်းဖြူးသွားတယ်…တို့ယာတွေ…ချောင်းတွေအတွက် များများစားစား ရွာချမပေးဘူး၊
ပူလိုက်အိုက်လိုက်တာမှလည်းကွာ၊ နွေတုန်းက ချွေးမိတ်တွေကလည်း ခုထိကို မပျောက်နိုင်သေးပါဘူး”
သူတို့၏အပြောအဆိုကို
မိုးစက် ရုတ်တရက်ကြားလိုက်ရတော့ဖြင့် စိတ်မကောင်းဖြစ်မိပါသည်။ နောက်တော့… ရှိပါစေတော့ကွယ်….။
“ခြိမ်း….ခြိမ်း…ခြိမ်း….”
“ဒုန်း…..၀ုန်း…….ဒုန်းဒုန်း……၀ုန်း”
မိုးစက်၏
စိတ်မကောင်းသည့်မျက်နှာလေးကို တိမ်စိုင်မြင်လိုက်ရသည့်အခါတွင်တော့ တိမ်စိုင် ကောင်းကင်ပေါ်
တွင် အပြင်းအထန်စိတ်ဆိုးနေဟန်တူပါသည်။ ၀ရုန်းသုန်းကားဖြင့် ခြေကို အားကုန်နင်းချလိုက်ပြီး…..
“အမလေး…..အမလေး
မိုးစက်ရယ်…နင် ဘယ်လိုလုပ်ရတာလဲ…မရွာဘဲနဲ့ ခြိမ်းရသလားဟဲ့”
“မိုးစက်က
ဘာတစ်ခုမျှ ပြန်မပြောခဲ့…” ဒီအခါမှာတော့ တိမ်စိုင်က အော်၍ပြောလိုက်သည်…
“ဟဲ့…အဲ့ဒါ
မိုးစက်မဟုတ်ဘူးဟ…ငါ..တိမ်စိုင်ပဲ…ဘယ့်နှယ့် နဲနဲရွာတော့လည်းရွာလို့၊ ခြိမ်းတော့လည်းခြိမ်းလို့
တဲ့”
“တိမ်စိုင်ရယ်…ပြောမနေပါနဲ့တော့ဟာ….သည်းခံလိုက်ပါ…ငါ့ထိုက်နဲ့ငါ့ကံပဲရှိပါစေတော့ဟာ”
“အေးအေး…နင်ပဲ
ကျပ်ကျပ်သည်းခံကြားလား…နောက်မှလေ နင့်ကို သူတို့က နင်းဖြတ်သွားရင်တော့ နင်မငိုနဲ့”
“အေးပါဟာ…ငါ
မငိုပါဘူးနော်”
ဒီနေ့တော့…မိုးစက်
စိတ်ကူးလေးရလာသည်၊ သူတို့တွေ လိုအပ်နေကြပြီထင်ပါရဲ့..
“မိုးစက်ရေ….ငါတို့
လယ်တွေ ရေပြတ်နေပြီဟေ့….”
“ဟော…သူတို့
ခေါ်နေကြပြီ….”
“ဖြောက်….ဖြောက်…ဖြောက်….ဝေါ…..ဝေါ….ဝေါ”
အရှိန်အဟုန်ပြင်းစွာဖြင့်
သည်းထန်စွာ ရွာသွန်းပေးလိုက်သည်၊ ထိုအချိန်တွင်မတော့ မိုးစက်တစ်ယောက် လယ်ကွင်းထဲတွင်မက
ကတ္တရာလမ်းမထက်တွင်လည်း ၀ပ်ဆင်းခစားခဲ့ရသည်။ လမ်းမထက်တွင် သူတို့၏ စီးတော်ယာဉ်များက
မိုးစက်ကို မညှာမတာ နင်းဖြတ်သွားခဲ့ကြသည်၊ တချို့ကလည်း ပျော်ရွှင်မြူးတူးနေခဲ့ကြ သည်။
တချို့ကြပြန်တော့လည်း မိုးစက်ကို အပြစ်ပင် တင်ချင်ကြသည်။ တချို့ကျတော့လည်း မိုးစက်ကို
နှင်လွှတ်ကြသည်။ တချို့ကျပြန်တော့လည်း…
“အမလေး..ခုမှဘဲ
အေးချမ်းလိုက်တာ….ပူအိုက်နေတာတွေ မိုးစက်လာမှဘဲ…”
“အင်း…ဒီနေ့တော့
မိုးစက်လေးလာတော့ ကြည်ကြည်လင်လင်ရှိတဲ့ ရေလေးကို သောက်ရပြီပေါ့”
အကောင်းအဆိုးတွေကို
အစုလိုက်ပြောဆိုသံတွေ ကြားရသည့်အခါ သူတို့၏ ပြောဆိုဝေဖန်မှုတွေက မိုးစက် နားထဲတွင် မခံစားနိုင်တော့ပါ၊
တိမ်စိုင်ရယ်….
မိုးစက်…ဘာလုပ်ရမည်လဲ….အို….မိုးစက်ပြန်ရတော့မှလား…မိုးစက်
ငိုရတော့မှာလား၊ သူတို့ဆိုတဲ့ လူ့လောက ကြီးက ဒီလိုတွေပဲလား၊ တိမ်စိုင်ရယ် နင်ပြောခဲ့တာတွေက
ခုတော့လည်း အမှန်တရားတွေပဲပေါ့နော်၊ ငါကတော့ အလှဆင်ပေး၊ အေးမြခြင်းတွေ ပေးခဲ့ပေမယ့်
ကြည်ဖြူတဲ့သူက ကြည်ဖြူနေလို့ ငြူစူတဲ့သူက ငြူစူကြပြန်တယ်၊ ငါ့ကို နင်းချေသွားတဲ့သူတွေကလည်း
နင်းချေသွားကြတယ်နော်…ရက်စက်လိုက်ကြတာဟာ…ဒါပေမယ့်လေ မိုးစက် ဘယ်သူ့ကိုမှ ရက်စက်ဘို့အတွက်
ကြိုတင်စိတ်ကူးမရှိပါဘူး…
အင်းပေါ့လေ…ဘယ်တတ်နိုင်ပါ့မလဲ….ငါကိုယ်က
မိုးစက်ကလေးတစ်ခုဖြစ်လာခဲ့တာပဲ…ငါ့ထိုက်နဲ့ငါ့ကံပဲ ရှိပါစေတော့ကွာ…..။”
(စိတ်ကူးပုံဖော်ရေးသားသည်။)
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment