မောင်ရေ
ရာသီတွေက ပြောင်းလဲကုန်ပြီနော်၊ မောင်ရော ခုချိန် ဘာတွေများလုပ်နေမလဲဟင်၊ နေရောကောင်းရဲ့လားလို့
တွေးနေမိတယ်၊ နေ့ရက်တိုင်းမှာ သတိရနေခွင့်လေးတော့ ရှိမယ်ထင်ပါတယ်နော်၊ ပုလဲလေ ခုချိန်ထိအောင်
မောင့်ကိုလွမ်းနေဆဲပါလေ…
မောင်နဲ့အတူတူ
လျှောက်လည်ခဲ့ဘူးတဲ့ အမှတ်တရနေရာလေးတွေက ခုဆိုရင် ခြောက်သွေစွာနဲ့ အထီးကျန် ဆန်နေခဲ့ပါပြီ၊
အလွမ်းတွေနဲ့အတူ ရှင်သန်နေထိုင်ခဲ့ရတဲ့ အချိန်ကာလတွေက ဟိုးတုန်းကအချိန်တွေလိုပါပဲလား
မောင်ရယ်…မောင့်ကိုပဲ ပုလဲက နားမလည်နိုင်ခဲ့တာလား၊ ဒါမှမဟုတ် မောင်ကပဲ ပုလဲကို နားမလည်နိုင်တာ
လားဟင်….
ပုလဲတို့
မိန်းမသားတွေဘ၀ဟာ မောင်တို့ယောက်ျားတွေက ရင်ဖွင့်မှ တုန့်ပြန်တတ်ရမယ့် သဘာဝတွေမို့..အဲ့ဒီ
သဘာဝဆိုတာတွေကို မလွန်ဆန်နိုင်အောင်ပါပဲလားမောင်ရယ်…ခုတော့လည်းလေ…..
မောင်..ပုလဲကို
စပြီးချစ်ရေးဆိုတဲ့နေ့လေးကို မှတ်မိနေပါသေးတယ်၊ အဲဒီနေ့လေးက မိုးတွေအရမ်းရွာတဲ့ မိုးရာသီကုန်ဆုံးချိန်လေးပေါ့၊
မိုးတွေက ဖွဲဖွဲဆိုပေမယ့်..မောင်က ထီးမပါတော့ မိုးရေတွေစိုရွှဲနေတဲ့မောင့်ကို ပုလဲမျက်လုံးထဲမှာ
ခုထိအောင် မှတ်မိနေခဲ့ပါသေးတယ်။
“မောင်”ဆိုသည်က
ပုလဲသိပ်ချစ်ခဲ့ရတဲ့ နှောင်းသက်ပိုင်ဆိုတဲ့ ကောင်လေးပေါ့၊ မောင်နဲ့စတွေ့စဉ်အချိန်က
ပုလဲက တက္ကသိုလ်ကကျောင်းပြီးချိန်၊ “မောင်”ကတော့ တတိယနှစ်(စီးပွားရေး)တက်နေတာပေါ့၊ ဒါပေမယ့်
အဲ့ဒီအကြောင်းတွေကို မောင်နဲ့ချစ်ပြီးလို့ တစ်နှစ်လောက်အကြာမှ သိခွင့်ရခဲ့တာပါ။
မောင်က
ပုလဲစာသင်တဲ့သင်တန်းကျောင်းလေးကို အလုပ်မရှိမလုပ်ရှာလာတတ်ပါတယ်၊ ပုလဲတို့သင်တန်းမှာ
ကွန်ပျူတာအပိုပစ္စည်းလေးတွေလည်းရောင်းချတတ်တာသိတဲ့“မောင်”က ပစ္စည်းဝယ်တာကနည်းနည်း၊ ပုလဲကို
ပိုးချင်တာကများများဆိုတော့….အဲဒီနေ့လေးကပေါ့..
“သမီးရေ…ပုလဲ..”
“ရှင်…ဦး”
ဆိုင်ပိုင်ရှင်မှ
ခေါ်လိုက်တော့ ပုလဲ ခပ်သွက်သွက်လေးထွက်လာခဲ့မိပါသည်..
“ဒီမှာ…ကွန်ပျူတာပစ္စည်းလေးတွေလိုချင်လို့တဲ့လေ”
“အော်…ဟုတ်ကဲ့....”
ပုလဲ..သင်တန်းခန်းမှ
အပြင်သို့ထွက်လာခဲ့ပြီးနောက်၊ နာရီကိုကြည့်မိပြန်တော့ ညကိုးနားရီခန့်ပင်ရှိနေသည်။ မိုးတွေကလည်း
တဖြောက်ဖြောက်နှင့်ပေါ့…သဲသဲမဲမဲမရွာပေမယ့်လည်း လူတကိုယ်တော့ရွှဲမည်ထင်သည်။
“ဟုတ်ကဲ့…ဘာလိုချင်လို့ပါလဲရှင်”
ပုလဲ…သူ့ကို
မော့ကြည့်လိုက်မိသည်၊ သူ့မျက်နှာကိုတော့ ခပ်တန်းတန်းရှိသလိုပင်…ဒါနှင့်ပင် ပုလဲ ပြုံးပြခဲ့မိ
သည်။ သူက..ပုလဲကို သေချာစိုက်ကြည့်ရင်း…
“ဟိုဒါလေ….”
“ဟုတ်ကဲ့”
ပုလဲ
သူလိုချင်သည့်ပစ္စည်းတွေကို ဘာများပြောလိုက်မည်အတွေးနှင့် နားစွင့်နေခဲ့မိလိုက်သည်။
အတန်ကြာ သည့်တိုင်အောင်..သူ့ဆီမှ လိုချင်သည့်ပစ္စည်းအကြောင်း ကြားမလာခဲ့ပါ၊ သူ့လက်တွင်
ကိုင်ထားမိသော နားကြပ်တစ်ခုက အောက်သို့လွတ်ကျခဲ့ပြီး….
“ပုလဲ
ကောက်လိုက်မယ်”
“ရပါတယ်…ကျွန်တော်..ကောက်လိုက်မယ်”
ပုလဲနှင့်
သူ ပစ္စည်းလေးကို နှစ်ယောက်အတူ ကောက်လိုက်ကြရင်း လက်ချင်းဆုံသလိုရှိခဲ့မိသည်၊ ထို့နောက်
ပစ္စည်းလေးကို နှစ်ဦးသား ကိုင်မိလျက်သားရှိပြီး…ပုလဲကပဲ ခပ်သွက်သွက်လေး ယူလိုက်မိသည်။
ထို့နောက် အကြည့်ချင်းတွေစုံခဲ့ရကာ ပုလဲရင်တွင်းမှ တဒိန်းဒိန်းဖြင့် ရင်တွေခုန်နေခဲ့မိတော့သည်..။
ပုလဲရင်ခုန်သံတွေက
အဆက်မပြတ်ပါဘဲ..ထိုအရာကို အချစ်လို့ခေါ်သည်လားလို့ ပုလဲထင်ခဲ့သည်၊ လူတွေ ပြောကြတဲ့ မြင်မြင်ချင်းအချစ်ဆိုတာမျိုးများလား၊
သူဆိုတာ ဘယ်သူလဲ..ဘယ်ကလဲ၊ ဘာတွေလုပ်သလဲ၊ ဘယ်မှာနေသလဲ..ပုလဲ ဘာမှမသိခဲ့..ပုလဲစိတ်တွေ
ချက်ချင်းဘွားကနဲဆို ရင်ခုန်မှုတွေနဲ့အတူ လက်တွေလည်း တုန်လာခဲ့မိသည်..အတွေးစိတ်တို့ကို
ဖြတ်တောက်ပစ်ခဲ့ရင်းကပင်…..
“ရှင်..ဘာဝယ်မှာလဲ..ပြောလေ”
“ဟို….လူလေ..”
“ဘာပြောတာလဲ…”
“ဟုတ်တယ်လေ..မင်းကိုချစ်လို့”
“ဘာ..ရှင်
ပစ္စည်းမ၀ယ်ဘဲ..ဘာတွေလာပြောနေတာလဲ..ပုလဲ စာသင်ရအုံးမယ်..ရှင် နှောက်ယှက်ဘို့ဆို ပြန်တော့”
“မပြန်ဘူး…အဖြေပေး..”
“ဘာရှင့်…ရှင်..ပုလဲကို
ရောင်းကုန်များမှတ်နေလား”
“မမှတ်ပါဘူး..”
“ရှင်..စကားကိုကောင်းကောင်းပြောနော်…”
“ပြောတော့လည်း..မင်းမှမပြောတာ”
“ဟုတ်တယ်..ရှင်
ဒီအတွက် လာတာဆိုရင် ပုလဲ အခန်းထဲဝင်တော့မယ်..”
ဒီအချိန်မှာဘဲ..
“ပုလဲရေ..သမီး
အထဲမှာ ကလေးတစ်ယောက်က စာမေးချင်လို့တဲ့”
“ဟုတ်ကဲ့..ဟုတ်ကဲ့..လာပါပြီ..ဦး”
ပုလဲ
သင်တန်းခန်းမသို့ဝင်တော့မည်တွင်..သူက ပုလဲရဲ့ လက်တစ်စုံကို ဖမ်းယူဆုပ်ကိုင်လိုက်သည်…
ထိုအချိန်တွင်တော့ ပုလဲရင်ခုန်သံတွေ မရပ်မနားပါပဲ…
“ရှင်…ဘာလုပ်တာလဲ..ဒီမှာ
လူတွေမြင်ကွင်းကြီးထဲ”
“မရဘူးကွာ…မင်းအဖြေရမှ
ပြန်မယ်”
“ရှင်..တယ်ခက်ပါလား..”
“ပုလဲ..တောင်းပန်ပါတယ်…ပြန်တော့နော်”
“ကောင်းပြီလေ…ဒါဆို..မနက်ဖြန်
ကိုယ်ပြန်တော့မှာ..မင်းအဖြေကို စောင့်နေမယ်နော်”
“အင်း”
ပုလဲရဲ့
မျက်နှာတစ်ခုလုံး ရှက်သွေးတွေဖြာနေခဲ့သည်၊ ပုလဲ သူ့ကို တကယ်ပဲချစ်မိသွားခဲ့ပြီလား၊
ပြီးတော့..သူ မနက်ဖြန်ပြန်မယ်တဲ့..သူက ပုလဲတို့မြို့လေးက မဟုတ်ဘူးတဲ့လား..ဒါဆို ပုလဲ
ဘယ်လိုလုပ်ရပါ့မလဲ၊ ယောက်ယက်ခတ်သော အတွေးဗျာပါဒတွေ များနေခဲ့ရတော့သည်..။
နောက်တနေ့
မိုးအလင်းမှာတော့၊ အထုပ်အပိုးတွေဖြင့် သူ့ကို တွေ့လိုက်ရသည်။ သူတကယ် ပြန်တော့မည်ပေါ့
ပုလဲရင်ထဲ ဝေခွဲမရခဲ့သောစိတ်တို့က ဒွိဟတို့ဖြင့် အပြိုင်ဖြစ်နေခဲ့သည်။
“ဟိတ်..ကျွန်တော်ပြန်တော့မယ်နော်၊
လာနှုတ်ဆက်တာ၊ ဟိုရောက်ရင် ဖုန်းဆက်လိုက်မယ်နော်”
“ဟုတ်ကဲ့”
ဘာပြောရမည်မသိတော့..ပုလဲရင်ထဲ
ခံစားနေရသည်တော့အမှန်ပင်၊ ခံစားမှုက အံ့သြဆန်းကျယ်လှသည်၊ သူ့ကားလေးထွက်သွားချိန်မှာတော့..ပုလဲ
ကားနောက်မှ အပြေးကလေးလိုက်လာကာ..လက်ဝါးလေးနှစ်ဖက်ကို ပါးစပ်ကလေးတွင် ဖွင့်ဟလျက်သားအုပ်ထားမိရင်းက
အော်ဟစ်ပြောလိုက်သည်…
“သူရေ…..ရှင့်ကို
ကျွန်မအရမ်းချစ်တယ်နော်”
တစ်ခွန်းမှပင်..နှစ်ခွန်း…နှစ်ခွန်းမှပင်
ဆက်တိုက်ဆိုသလို အော်ဟစ်ပြောလိုက်မိသည်၊ သူ့ကိုပြောနေချိန်တွင် ပုလဲ ပတ်ဝန်းကျင်ကိုပင်
ဂရုမစိုက်မိခဲ့ပေ။ သူလည်း ပုလဲပြောလိုက်သည်ကို သိမည်ထင်ပါသည်။ ကားပေါ်မှ ကားပြူတင်းပေါက်နောက်မှန်ကိုလှမ်းကြည့်ရင်း
လက်ပြနှုတ်ဆက်သွားခဲ့သည်။ အချိန်အတော်ကြာတော့မှ ပုလဲ လှည့်ကြည့်မိတော့ လူတွေက ၀ိုင်း၍ကြည့်နေသည်ကို
သတိထားမိသွားခဲ့သည်။
အော်ဟစ်နေစဉ်ကတော့
ပုလဲစိတ်ထဲ ရှက်စိတ်တို့ပင် မေ့ပျောက်နေခဲ့မိပြီး ချစ်စိတ်တွေ တဖွားဖွားဖြစ်ပေါ်နေခဲ့
သည်။ အချစ်၏စွမ်းပကားပေပါလားဟု တွေးရင်း ပုလဲ ရင်တွေခုန်နေခဲ့ရသည်။ “သူ”ထွက်သွားပြီး
နောက်ပိုင်းတော့ ပုလဲ ဘာတစ်ခုမျှမတွေးခဲ့မိတော့ပေ။ တစ်ပတ်ခန့်အကြာမှာတော့ သူ့ဆီမှ အမှတ်မထင်
ဖုန်း ၀င်လာသံကို ကြားခဲ့ရတော့သည်။ ထိုအချိန်တွင်တော့ ပုလဲ ရင်တွေ တဒုန်းဒုန်းနဲ့ခုန်နေခဲ့မိသည်။
“သူ”က လည်း ချက်ချင်းဆိုသလို ပုလဲထံမှ မရမကပင် အဖြေတစ်ခုကို တောင်းလာခဲ့သည်။
မိန်းမသားမို့
ဟန်ဆောင်စိတ်လေးကို ဖုံးကွယ်ထားရမယ်ဆိုတာကို ပုလဲသိနေခဲ့ပေမယ့် ဟန်ဆောင်ဖုံးကွယ်မှု
စိတ်တွေက ပုလဲရဲ့ ရင်ခုန်သံတွေကို ဆန့်ကျင်ဘက်ဖြစ်သွားစေခဲ့ပါပြီ။ ပုလဲ “သူ့”ကို မြင်မြင်ချင်း
ချစ်ခဲ့မိခဲ့ပြီ လေ..ဒါကြောင့်လည်း ပုလဲ “သူ့”ကို ချစ်အဖြေလေးပေးဘို့ ဆုံးဖြတ်လိုက်တော့သည်။
“ဟိတ်..ဘာတွေစဉ်းစားနေတာလဲ”
“ရှင်က..ခု
အဝေးကြီးမှာဆိုတော့.. ပုလဲစဉ်းစားနေတာပါ၊ နောက်တစ်ခုက ရှင့်နာမည်ကိုတောင် ပုလဲ ကောင်းကောင်းမသိဘူးလေ၊
တစ်ရွာသားကို ရည်းစားထားတော့ လွမ်းရတတ်တယ်တဲ့လေ..ပုလဲကြားဘူးတာ ကို ပြောတာပါ..ပြီးတော့…”
“တော်ပါပြီကွာ..မင်းဟာကလည်း..ဒီမယ်
ကိုပြောပြမယ်..အချစ်ဆိုတာ ချစ်တတ်ရင် ရပါတယ်ကွာ၊ နောက်တစ်ခုက အချစ်ဆိုတာ ကိုသိထားသလောက်တော့
ရှည်ရှည်ဝေးဝေးစဉ်းစားစရာမလိုဘူးထင်တယ်၊ အဲ့ဒါတွေသာစဉ်းစားနေရင် မင်းနဲ့ကို ဒီတစ်သက်
ချစ်သူတွေဖြစ်ဘို့ မလွယ်လောက်တော့ဘူး”
“သူ့”ရဲ့အပြောတွေမှာ
ပုလဲ သာယာခဲ့လိုက်မိပြီလား၊ “သူ့”အပြောလေးတစ်ချက်မှာတင် ပုလဲရဲ့ မာနတွေ သိက္ခာတွေက ၀ပ်ဆင်းခစားခဲ့ရလေပြီ။
“ကောင်းပြီလေ..ဒါဆို
ပုလဲတို့ စလိုက်ကြရအောင်..ပုလဲမေးတာကို ရှင်မှန်မှန်ဖြေရမယ်နော်”
“အိုကေ..မင်း
ဘာမေးမလဲပြော..မင်းမေးတာကို ကို အကောင်းဆုံးဖြေပေးမယ်..ဟုတ်ပြီလား”
“ပထမဦးဆုံး
ရှင့်နာမည်..ရှင့်ရဲ့ဇာတိ..ခုရော ရှင် ဘယ်မှာနေလဲ..ပြီးတော့ ရှင် ဘာအလုပ်လုပ်လဲ.. ရှင့်အသက်..”
ပုလဲက
တရစပ်မနားတမ်းဆိုသလို မေးခွန်းတွေထုတ်နေတုန်း..“သူ”က
“ဟိတ်..ဟိတ်..မင်းလေးမေးတာ
များလှချည်လား..ကဲပါ တစ်ခုချင်း ကိုဖြေမယ်..ဒါပေမယ့် တစ်ခုတော့ မင်းလုပ်ပေးရမယ်”
“ဘာလဲဟင်”
“ကိုက
တစ်ခုဖြေရင်..မင်းကလည်း တစ်ခုဖြေရမယ်.”
“ဟောတော့..ရှင်
ဘယ်လိုလူပါလိမ့်နော်”
“ဟုတ်တယ်လေ..ဒီလိုလူပဲ..ဥပမာကွာ
ကို့ရဲ့နာမည်ကို ဖြေရင် မင်းကလည်း မင်းရဲ့နာမည်ကို ပြန်ဖြေပေါ့.. မဟုတ်ဘူးလား..ဒါမှ
တရားမျှမယ်လေ”
“ရှင်
လူလည်ကျတာပေါ့လေ..ကဲပါလေ..ဖြေဆိုလည်း ဖြေရတာပေါ့”
ပုလဲတို့နှစ်ဦး
တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းကိုယ်စီ ဖွင့်ဟမပြောချိန်ထိပင် ဟန်ဆောင်နေရခဲ့သည်လား
မသိပါ.. သန်းခေါင်စာရင်းတွေ စစ်မနေဘဲ ချက်ချင်းပင် အဖြေပေးလိုက်ချင်နေမိသည်။
“ကဲ
..ကို့နာမည်က နှောင်းသက်ပိုင်”
“ကျွန်မနာမည်က
မေပုလဲခင်”
“ဟား..တယ်လှတဲ့နာမည်ပါလား”
“ကို့ဇာတိက
ပြင်ဦးလွင်ပါ..အင်း..ဒါပေမယ့် ခုတော့ မန္တလေးမှာလေ”
“ပုလဲက
ရန်ကုန်ကပါ..အသက်က (၂၃)”
“ကို့အသက်က
(၂၁)”
“ဟင်..ဒါဆို
ပုလဲထက်ငယ်တာပေါ့နော်..”
“အင်းလေ..ဘာဖြစ်လို့လဲ”
“ကဲ
မမ..သန်းခေါင်စာရင်းလဲစစ်ပြီးပြီဆိုတော့ ကျွန်တော့်ကို အဖြေပေးတော့လေ.”
မိန်းမတို့၏
ထုံးစံအတိုင်း ပုလဲ မူနေခဲ့သည်၊ ဒါပေမယ့် ပုလဲချစ်နေတယ်ဆိုတာကို မညာချင်တော့ပါ…။
“အင်း..”
“ဘာအင်းတာလဲ.”
“ချစ်တယ်လို့…”
“ဟား…တကယ်လား”
“အင်းပေါ့”
“ဒါဆို..ခုချိန်ကစပြီး
ပုလဲနဲ့မောင်တို့ ချစ်သူတွေဖြစ်သွားပြီပေါ့နော်..”
“ဟောတော့..“မောင်”..”
“ဟား…ဘာလဲ“မောင်”…ဟားဟား”
ပုလဲနဲ့မောင်တို့
ဖုန်းတစ်လုံးရဲ့ လေဟာနယ်ထဲမှာ အချစ်ဂယက်တို့ ရိုက်ခတ်ရင်းဖြင့် နှစ်ဦးသား ကြည်နူးခဲ့ကြရ
သည်။ ထိုသို့ ပုလဲနဲ့မောင် အချိန်တွေကြာမြင့်အောင် ချစ်ခြင်းတွေဖွဲ့ခဲ့ကြသည်။ ဒါပေမယ့်
မောင်က ပုလဲကို လက်ထပ်ဖို့ ဖွင့်ပြောဘို့ပင် စိတ်ကူးရှိခဲ့ဟန်မတူ..မောင့်ရဲ့ ချစ်ခြင်းတွေက
ပုလဲအပေါ်မှာ ဘယ်လိုသဘောထား တယ်ဆိုတာလည်း ပုလဲ ခန့်မှန်းရခက်ပါတယ်။ မောင်တို့ ယောက်ျားတွေရဲ့စိတ်ကို
နားလည်ရခက်လှသည်။ မောင် ပုလဲကို သိပ်ချစ်ခဲ့တယ်ဆိုတာကို ပုလဲအသိဆုံးပင်..။
(ဇာတ်သိမ်းပိုင်း....ဆက်လက်ဖတ်ရှုပါရန်)
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment