ချစ်သူရေ..တောင်ပံနှစ်စုံ တူညီလာပြန်လို့ ပျံသန်းချင်နေကြပြီနော်..
ဟိုတုန်းက အသိုက်အမြုံလေးတစ်ခုမှာ အတူတူခိုလှုံ ခဲ့ကြဘူးတယ်နော်။
နှစ်ယောက်အတူ ကြည်ကြည်နူးခဲ့တဲ့ နေ့ရက်တွေက အချိန်ကာလတွေ တရွေ့ရွေ့
ပြောင်းလဲနေခဲ့ပေမယ့် ရိုးမသွားနိုင်ခဲ့တဲ့ “အချစ်”ဆိုတဲ့
စကားလေးနှစ်ခွန်းကိုတော့ အမြဲတမ်း ခေါ်ဆိုဖြစ်ခဲ့ကြတယ်နော်။ အချစ်က
ဖြူစင်တယ်ဆိုတာကို မင်းယုံနိုင်မလား…ငါလည်း လက်ခံပါတယ်ကွာ…။
အချစ်ဆိုတာ..နူးညံ့တယ်၊ ခံစားချက်ရှိတယ်..ဖြူစင်တယ်၊
အချစ်တွေရဲ့နောက်မှာ အလွမ်းလေးတွေက တစ်စတစ်စနဲ့ဆိုသလို ပိုပိုတိုးလို့
ချစ်ရပြန်တာတွေကလည်း မင်းနဲ့ ငါ့ရဲ့ မရိုးနိုင်သော
ဇာတ်လမ်းလေးတစ်ပုဒ်ပဲမဟုတ်ပါလား။ အိပ်မက်တွေလည်း အတူတူ မက်ခဲ့ဘူးတယ်။
အလွမ်းလေးတွေကိုလည်း စာဖွဲ့ကြတယ်။ ဖြူစင်တဲ့ချစ်ခြင်းရဲ့ လရောင်အောက်မှာ
မျှော်လင့်ခြင်းတွေ က ပြည့်နှက်နေခဲ့လို့ပေါ့...။ ပြန်ဆုံဘို့ရာ
ဆုတောင်းခြင်းတွေကလည်း ရင်ထဲမှာ အခါခါပါပဲကွာ….။
ချစ်သူရေ..ရေမြေတွေခြားမနေပေမယ့် မိုင်ထောင်ချီဝေးတဲ့ အရပ်တွေမှာ
အလွမ်းတွေကို ခုတုံးလုပ်ပြီး အချစ်တွေကို ဆော့ကစား ဘို့တော့
မကြိုးစားပါနဲ့နော်…
အချစ်ရဲ့နောက်ကွယ်က လေမုန်တိုင်းတွေဟာ..စိတ်တစ်ခုရဲ့
နောက်ကွယ်မှာ ပြင်းထန်လာတဲ့အခါ ကမ္ဘာပျက်လောက်အောင် ဖြစ်သွားတတ်တယ်ဆိုတာကို
ချစ်သူသိပါစေနော်….။
ချစ်သူရေ..ငှက်ကလေးတွေ ပျံသန်းကြတဲ့အခါ ငါလည်းပဲ
ပျံသန်းချင်တယ်..လွတ်လပ်စွာ အတောင်ဖြန့်နိုင်ခွင့်ရှိရင်..မင်းဆီကို
အရောက်လာခဲ့ချင်မိပါတယ်..။ ကောင်းကင်မှာ ကြယ်တွေစုံတဲ့အခါ နှစ်ကိုယ်တူ
ညည်းတွားခဲ့ဘူးတဲ့ ရွှေအိုရောင်သံစဉ်တေးက အသက်ဝင်လာခဲ့သလို..ငါလည်း မင်းကို
မျှော်နေတတ်ခဲ့ပြီလေ…။ လမင်းကြီးက သာလွန်းတဲ့အခါ..လမိုက်ညတွေရဲ့
ခရီးကြမ်းကို ကျော်ဖြတ်ဘို့ ခွန်းအားတွေရှိလာခဲ့သလို..ငါလည်းပဲ မင်းနဲ့အတူ
လရောင်ရဲ့ ညှို့ချက်ပြင်းတဲ့ အလင်းရောင်တွေနဲ့အတူ ချစ်ခြင်းရဲ့
အေးချမ်းခြင်းတွေကို ရူးသွပ်စွာခံစားချင်ပါရဲ့လေ..။
ချစ်သူရေ..အချစ်ဆိုတာ ပန်းသီးတစ်လုံးလိုပဲ ချိုမြိန်စေတယ်လို့..ငါ
သိခဲ့ဘူးတယ်။ တကယ်ပါပဲကွာ…အချစ်ဆိုတာ ချစ်တတ်နေခဲ့ ရင်..
ပိုင်ဆိုင်ခွင့်မရခဲ့လည်း…အချစ်က ပေးတတ်ခဲ့တဲ့ အလွမ်းတွေဟာ
ပျော်ရွှင်စရာကောင်းလောက်အောင် တန်ဘိုးကြီးတဲ့ ဆုလာလ်တစ်ခုလို့
ထင်မြင်ယူဆမိပါတယ်…။ အလွမ်းတွေကို သံစဉ်တေးတစ်ပုဒ်အဖြစ်
ဖန်တီးခွင့်ရခဲ့ခြင်းကလည်း အချစ်ကြောင့် ပဲမဟုတ်လား ချစ်သူရေ…
ဒါကြောင့်လည်း ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အချစ်တွေကို…တန်ဘိုးထားပြီး
ချစ်သွားဘို့လည်း မမေ့ပါနဲ့နော်…။
ချစ်သူရေ…လူတစ်ယောက်က ငါ့ကို မေးဘူးတယ်..What is the meaning of
love?တဲ့ … မင်းရော အချစ်ဆိုတာကို ဘယ်လို ဆိုလိုချင်လဲ..ငါကတော့ အချစ်ဆိုတာ
ဆိုလိုရင်းတစ်ခုမဟုတ်ခဲ့သလို ဖွင့်ဆိုစရာ အကြောင်းပြချက်မရှိတဲ့
သတ်မှတ်ချက်တစ်ခုလို့ မြင်မိတယ်ကွာ…။ ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာ
ဘယ်သူ့ကိုချစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိဘူးလေ… ငါတို့ရဲ့ ခံစားချက်၊
တန်ဘိုးထားတတ်မှု၊ အပြန်အလှန် နားလည်မှုတွေရဲ့ တန်ပြန်သက်ရောက်မှု
မေတ္တာနှောင်ကြိုးတွေကြောင့်သာ အချစ် ဆိုတာ ဖြစ်လာခဲ့တာမဟုတ်လား..။
အချစ်တစ်ခုကို လက်ခံမိခဲ့လို့…အကြောင်းတရားတွေ တိမ်းစောင်းနေရက်
ချစ်နေကြခြင်းက လည်း အချစ်တစ်ခုမဟုတ်ဘူးလို့ ငါ ထင်မိတယ်လေ…။ ချစ်သူရေ
ဘယ်လိုအကြောင်းတရားတွေနဲ့ ချစ်ခဲ့ကြပါစေနော်.. မင်းနဲ့ ငါတို့ရဲ့ ဖြူစင်စွာ
နှောင်ဖွဲ့ခဲ့ကြတဲ့
သံယောဇဉ်ကြိုးလေးကိုတော့…အမှောင်တွင်းကစိတ်ရိုင်း..ချစ်ကြမ္မာအရိုင်းအစိုင်းတွေ
ဝင်မလာစေရအောင်..ပြတ်တောက်မသွားရအောင် ခိုင်မြဲစွာနဲ့
တည်ဆောက်နိုင်ပါစေနော်….။
ချစ်သူရေ..အတိတ်က အလွမ်းလေးတွေက မနေ့တစ်နေ့က ဇာတ်လမ်းလေးတွေဆိုရင်
မင်း.. ရင်ခုန်နေမလားဟင်.. အပြုံး လှလှတွေရဲ့ အောက်မှာ
ချိုသာတဲ့စကားသံတွေနဲ့အတူ..လောကကြီးက သာယာလှပနေလို့ပေါ့… ခုတော့လည်း
တောင်ပံခတ်သံ တဖျတ်ဖျတ်တွေဟာ.. ပျံသန်းနေကြတဲ့
အတောင်ကျိုးငှက်ငယ်တွေလို…ငါ့ရင်မှာလည်း ဗလာနတ္ထိဖြစ်နေပြီလားဟင်…
ငါ့ရင်ဘတ်ကို ကြိုးညှိခဲ့ပေမယ့်.. စည်းဝါးမညီတော့တဲ့ သံစဉ်တစ်ပုဒ်ဟာ
အသက်မ၀င်တော့ဘူးနော်…လရောင်တွေအောက်က တန်းလျားလေးကလည်း မင်းနဲ့ငါ့ကို
စောင့်မျှော်နေခဲ့ကြပြီ…တေးသွားတွေကျူးရင့်ဖို့အတွက်
ကြယ်တွေစုံတဲ့ညတွေတိုင်းမှာ ငါမျှော်နေခဲ့မယ်ဆိုတာကို…ချစ်သူ
သိပါစေတော့နော်….။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment