Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, November 9, 2012

“လောကရဲ့ခရီးသွားဧည့်သည်”

ကျွန်မတို့တွေဟာ ခရီးသည်တွေပါ၊ တစ်နေ၀င်၊ တစ်နေထွက်နဲ့ အလုပ်တွေ လုပ်ကြရတယ်၊ အလုပ်တွေလုပ်နေကြချိန် မောပန်းမှုတွေကိုယ်စီနဲ့ပေါ့၊ စိတ်မောပန်းခြင်း၊ ခန္ဓာကိုယ်မောပန်းခြင်းမျိုးစုံတွေနဲ့ လောကရဲ့ ခရီးကို နှင်ခဲ့ကြရတယ်။ ကျွန်မတို့ရဲ့ ဘ၀တွေဟာ..အတိတ်ဘ၀က ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ မတူညီမှုအကြောင်းတရားများကြောင့်၊ ဘ၀မှာ လှုပ်ရှားရခြင်း ဖြတ်သန်းရခြင်းတွေကလည်း တူညီနိုင်မှာမဟုတ်ကြပါဘူး..။
လူဆိုတဲ့အတိုင်းပါပဲ ကျွန်မတို့တွေဟာ လက်ရှိပိုင်ဆိုင်ထားကြတဲ့ဘ၀တွေကို ရောင့်ရဲတင်းတိမ်နိုင်မှုမရှိကြပါဘူး၊ ကိုယ့်ဘ၀ကိုယ် မုန်းတီးပြီး..သူတစ်ပါးရဲ့ ဘ၀တွေကိုလည်း လိုချင်မက်မောမိခဲ့ကြတယ်၊ သူတစ်ပါးကလည်း…ကိုယ့်ရဲ့ဘ၀ကို မက်မောကြတယ်၊ တကယ်တော့ ကျွန်မတို့တွေ “လူ”ရယ်လို့ ဖြစ်လာပြီဆိုတည်းက အရာအားလုံးဟာ သတ်မှတ်ချက်တွေနဲ့ ပါလာခဲ့ကြပြီးသားပါ၊ ကျန်ရှိနေသေးတဲ့ လက်ကျန်အချိန်လေးတွေမှာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တင်မဟုတ်ပါဘူး.စိတ်တွေကလည်း အမြဲတမ်း လှုပ်ရှားနေ ကြရပါတယ်၊ အဖမ်းရအခက်ဆုံးဟာ စိတ်ဆိုတာ လူတိုင်းသိမယ်ထင်ပါရဲ့၊ ဒီနေရာလေးမှာ ဒီအလုပ်လေး လုပ်နေကြပေမယ့်၊ စိတ်ကတော့ ရောက်တက်ရာရာသွားနေကြတာပါ…။
ကျွန်မတို့ရဲ့ ခရီးသည်တွေအားလုံး ဘယ်အချိန်မှာ ခရီးဆုံးနိုင်မလဲ၊ ဘယ်အရွယ်မှာ အဆုံးသတ်ကြမလဲဆိုတာကို ကြိုသိနိုင်လိမ့် မယ် မထင်ပါဘူး၊ ဖိုးရွှေယုန်နဲ့ လိပ်ကလေးလိုပါပဲ..မနားတမ်း တရွေ့ရွေ့နဲ့တော့ သွားနေရအုံးမှာပါ..၊ ကံဆိုသည့်အကြောင်း တရားတွေဟာ ကျွန်မတို့ ခရီးသည်တွေအတွက် အမှန်တရားတစ်ခုပါပဲ..ဖိုးရွှေယုန်လို အိပ်မနေဘဲ..ရွှေလိပ်ကလေးလို တရွေ့ရွေ့ နဲ့ သွားရင်း လောကရဲ့ ခရီးဆုံးကို ဆက်လျှောက်နေရအုံးမှာပါ၊ ဒီလိုခရီးလမ်းတွေကို ဆက်လျှောက်ဖို့ရာ၊ ခွန်အားတွေ၊ အားအင် အသစ်တွေ မွေးဖွားနိုင်ကြဖို့ လိုပါလိမ့်မယ်…။

လူတိုင်းရဲ့နှုတ်ဖျားမှာ ပြောတတ်ကြပါတယ်၊ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အောင်မြင်မှုပန်းတိုင်ရောက်ရှိနေကြသော နည်းပညာရှင်များ စသည့်လူတွေကလည်း ပြောကြပါတယ်..သူတို့ ဘာပြောကြသလဲဆိုတော့ အောင်မြင်မှုဆိုတာကို လိုချင်ရင် တော့ “ဇွဲ”တဲ့..“ဇွဲ” ရှိရမယ်ပေါ့၊ ဟုတ်ပါတယ်၊ ဇွဲဆိုတာနဲ့တင် မလုံလောက်သေးပါဘူး၊ တကယ်တော့ ဇွဲ ဆိုတဲ့ စကားလုံးလေး တစ်လုံးဟာ အပြောသာလွယ်တယ်မှတ်ပါတယ်၊ ကြိုးစားသူအဖို့တော့ မလွယ်ကူပါဘူး..။
ကျွန်မတို့တွေဟာ လောကရဲ့ ခရီးတွေကို လျှောက်ရင်း သောကတွေ၊ စိတ်ညစ်စရာတွေ၊ ဒုက္ခတွေဟာ အများကြီး ကြုံနေကြရမှာ ပါ၊ လူဆိုတဲ့သူ ဖြစ်လာခဲ့ရင် ဆင်းရဲသည်ဖြစ်ပါစေ၊ ချမ်းသာသည်ဖြစ်ပါစေ၊ ဆင်းရဲခြင်းဒုက္ခ၊ ချမ်းသာခြင်းဒုက္ခတွေကို ဒု နဲ့ ဒေး ရင်ဆိုင်နေကြရအုံးမှာပါ၊ ဒီလိုအချိန်မှာ ကျွန်မတို့ ကံဆိုတဲ့အရာကို လွှတ်ထားလို့မရပြန်ပါဘူး၊ “ကံ”ဆိုတဲ့ အသံကိုကြားရုံမျှနှင့်ပင် လူတိုင်းက ပြောကြမှာပါ..“ကံ..ကံ..ကံ” “ကံ”ကိုယုံပြီး ဆူးချုံနင်းရင်တော့ ဆူးစူးရုံပဲပေါ့တဲ့၊ ဟုတ်ပါတယ်၊ “ကံ”ဆိုတဲ့ အကြောင်း ကို ကျွန်မကတော့ အကြောင်းအရာနှစ်မျိုးနဲ့ ပြောပြချင်ပါတယ်၊ ကံဆိုတာ မြင်အပ်သောကံနှင့် မမြင်အပ်သောကံရယ်လို့ ရှိကြ ပါတယ်၊ မိမိတို့ ပစ္စုပ္ပာန်မှာ ပြုလုပ်တဲ့ ကံကတော့ ချက်ချင်းဆိုသလို မြင်လိုက်ရသလို၊ ချက်ချင်းပဲ ခံစားရပါတယ်၊ အတိတ်ဘ၀ ဆိုတဲ့ ကံကတော့ မမြင်နိုင်စွမ်းပါဘူး၊ အနာဂါတ်ဆိုတဲ့ကံကလည်း မမြင်နိုင်စွမ်းပါဘူး..။
ကျွန်မတို့ ခရီးသည်တွေ..ကြိုးစားကြပါတယ်၊ ကျောင်းသူ/သားတွေကလည်း ဘာလုပ်ကြမယ်၊ စီးပွားရေးလုပ်သူများကလည်း ဘာကြီးတော့ဝယ်လိုက်မယ်၊ နောင်နှစ်ဆို ဘာဖြစ်တော့မယ်ဆိုတာမျိုးပေါ့၊ အနာဂါတ်အတွက် မျှော်လင့်ချက်တွေက တပုံတပင် ပါပဲ၊ မျှော်လင့်ပါ၊ သို့သော် မျှော်လင့်ချက်တွေကို အဆုံးစွန်ထိ မထားမိပါစေနဲ့၊ မျှော်လင့်သမျှတွေ ဖြစ်မလာတဲ့အခါ ကျွန်မတို့ ခရီး သည်တွေ မောပန်းရပါလိမ့်မယ်၊ မျှော်လင့်ချက်တွေဆီရောက်အောင် ကြိုးစားနေဆဲအချိန်တွေမှာ လမ်းတ၀က်မှာဘဲ ရပ်နားပြီး ခရီးဆုံးကို ဆက်မသွားချင်တာတွေ ဖြစ်လာတတ်ပါတယ်၊ လူတို့ရဲ့ ဝေဖန်မှု၊ လက်ညှိုးထိုးမှု၊ စသောအကြောင်းကြောင့်တွေ ကြောင့်၊ ကျွန်မတို့ဆက်လျှောက်မယ့် ခရီးလမ်းတွေမှာ ကြန့်ကြာနေတတ်ပါလိမ့်မယ်…။
ကျွန်မတို့ ခရီးသည်တွေ ခရီးလမ်းဆုံးရောက်လုအချိန်၊ ရောက်ကာနီးဆဲဆဲအချိန်တွေမှာ မမျှော်လင့်သော၊ မထင်မှတ်သော အရာတွေဖြင့် ထိုးနှက်ခံရတတ်ပါတယ်၊ စိတ်ဓာတ်ကျမသွားလိုက်ကြပါနဲ့၊ တခဏတာအတွင်းတော့ ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ တစ်ထောက်လေးတော့ အနားယူလိုက်ပါ၊ ပြီးလျှင်တော့ မတ်တပ်ရပ်ပြီး အတွေးသစ်၊ စိတ်ကူးသစ်တွေနဲ့ ခရီးဆုံးကို ဆက်သွားဖို့ ပြင်ဆင်လိုက်ပါ၊ မိမိသာလျှင် ကိုးကွယ်ရာ၊ မိမိစိတ်ကို မိမိသာပိုင်သည်၊ မိမိမှန်သည်ထင်လျှင် ဒီခရီးကို ဆက်လျှောက်ပါ၊ ခရီးတစ် ခုဆိုတာဟာ ဘယ်ခရီးလမ်းမှ ဖြောင့်ဖြူးသာယာခြင်းမရှိပါဘူး၊ မိမိကိုယ်တိုင် လျှောက်လှမ်းကြည့်မှ သိမှာမို့၊ သိသွားသည့်အခါ လည်း.. ကောင်းသည်၊ ဆိုးသည်ဟာ မိမိအတွက်ပါပဲ၊ ရလာခဲ့တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ကျွန်မတို့ ခရီးသည်တွေအတွက် အတွေ့အကြုံကောင်းတွေပဲလို့ ယူဆလိုက်ပါ။ ကျွန်မတို့အတွက် အတွေ့အကြုံဆိုတာ ၀ယ်ယူလို့မရပါဘူး၊ ဒီတော့ သွားရမယ့် ခရီးလမ်းတွေကိုသာ ဆက်လျှောက်ကြည့်လိုက်ပါ၊ အတွေ့အကြုံဆိုတာ သင်ခန်းစာရဲ့ ခြေလှမ်းတစ်စုံပါပဲ၊ သင်ခန်းစာတိုင်းရဲ့ ခြေလှမ်းတိုင်းဟာ..ပထမဦးဆုံးမှာ ယိုင်လဲနိုင်ပေမယ့်..နောက်ဆုံးမှာတော့ ခြေလှမ်းတွေဟာ လမ်းတွေပေါ်မှာ မားမားမတ်မတ်၊ တည်ငြိမ်ရင့်ကျက်စွာနဲ့ အမှားအယွင်းမရှိစွာ လျှောက်လှမ်းသွားနိုင်မှာပါ။
ကဲ..ဒီတော့ ကျွန်မနဲ့အတူ ခရီးသည်တွေအားလုံး..မနက်ဖြန်တွေအတွက် ခြေလှမ်းသစ်တွေကနေ စတင်လျှောက်လှမ်းကြလိုက်စို့ နော်..ခန္ဓာကိုယ်ဆိုသည့်အရာက ဆေးကုသခွင့်ရပေမယ့်..စိတ်ဆိုတဲ့ နာမ်ကိုတော့ ကျွန်မတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲ ဆေးကြောမှ ရနိုင်မှာပါ..ဒါကြောင့် မိမိသာလျှင် ဖန်တီးရှင်…မိမိသာလျှင် အနာဂါတ်အိပ်မက်..မိမိသာလျှင် ခြေလှမ်းတိုင်းရဲ့ သော့ ချက်တစ်ခုပါ၊ စိတ်ဓာတ်မကျပါနဲ့…စိတ်ဓါတ်ကို အကောင်းဆုံးပြုပြင်ဖန်တီးနိုင်ခွင့်ရှိပါတယ်…ရုပ်ဆိုတဲ့တရားကို beauty saloon ကိုသွားပြီး ခြယ်သသလိုပါပဲ စိတ်ဆိုတဲ့နာမ်တရားကိုတော့ ကျွန်မတို့ခရီးသည်တွေက ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေနဲ့သာ ဆေးကြောပေးနိုင်ပါလိမ့်မယ်…။
ထို့ကြောင့် ခရီးသွားမိတ်ဆွေတို့ရေ..ဘ၀ကို ရဲရဲကြီးရင်ဆိုင်ပါ၊ မျှော်လင့်ထားသည်၊ မျှော်လင့်မထားသည်တွေက ဖြစ်လာတတ် တာ၊ ဖြစ်မလာတတ်တာ၊ သဘာဝကံတရားရဲ့ပညတ်ချက်တစ်ခုမို့..သူ့အလုပ်သူလုပ်ပါစေ..ကျွန်မတို့တွေလည်း ကျွန်မတို့အလုပ် ကိုပဲ ဆက်လုပ်ကြတာပေါ့၊ ပျော်စရာတွေကြုံတွေ့ရင်လည်း ပြုံးရယ်နေနိုင်ကြသလို…၀မ်းနဲစရာတွေ တွေ့ကြုံလာရင်လည်း ပြုံးရယ်နေနိုင်အောင် ကြိုးစားပြီး ကျန်ရှိနေသေးတဲ့ ဘ၀ရဲ့လက်ကျန်အချိန်လေးတွေကို ဆက်လျှောက်လိုက်ကြပါစို့နော်…..။


နေခြည်သစ်နွယ်(ပြည်)

No comments: