Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, November 15, 2012

”ကျွန်ုပ်နဲ့အတူ facebook virus”

စာမျက်နှာတစ်ခုမှာ ဆုံခဲ့ကြတယ်၊ ဤစာမျက်နှာပေါ်မှာ ရေးဆွဲမိခဲ့ကြတယ်၊ ပြန်ကာလှန်ကာကြည့်နေပေမယ့် ကြည့်လို့မ၀ နိုင်ခဲ့တဲ့အဖြစ်တွေ၊ သူ…ဘယ်မှာလဲ…၊ နေ့ရက်တွေကိုလည်း လက်ချိုးနေမိခဲ့တယ်…၊နေရာတစ်ခုမှာတော့ တွေ့နိုင်မယ် ထင်ပါရဲ့၊ လိုက်ရှာမိပြန်ပါတယ်…မိုးလင်းမိုးချုပ်အဆုံးမှာတော့… Vertical scroll barလေးကလည်း မူးနောက်နေခဲ့ပြီ…ကျွန်ုပ်လည်း ချာချာ လည်ခဲ့ပါပြီ….။
တစ်နေ့မိုးလင်းလာခဲ့ရင်…တစ်ရက်တိတိသာ အချိန်တွေကုန်သွားခဲ့ပြန်ပြီ…ဤစာမျက်နှာကြီးမှာတော့…မီးစိမ်းပြနေဆဲပါ..၊ တစ်နေ့တာတွေကို Sharingလုပ်လို့…commentလှလှလေးတွေလည်း ပေးတတ်ခဲ့ကြတယ်…ကျွန်ုပ်လည်း ထိုနည်းတူပါပဲ၊ သပ်ရပ်လှပတဲ့ cover, အတိအကျရေးခြစ်နိုင်တဲ့ Profileတွေနဲ့…အမြင်အာရုံရဲ့ နှစ်သက်မှုတွေကိုလည်း Likeလုပ်လို့ရနိုင် ပါသေးတယ်..သေချာပါတယ်…သူဟာလည်း ကျွန်ုပ်အတွက်တော့ ဆွဲငင်အားကောင်းပြီး..ညှို့ချက်ပြင်းတဲ့ Programတစ်ခုပါပဲ..။
ခံစားချက်တွေကိုလည်း ခံစားပေးတတ်ခဲ့တယ်၊ သဘာဝရဲ့အလှတွေကိုလည်း ဖန်တီးခွင့်ပေးနိုင်စွမ်းတယ်၊ song & videoတွေ ကိုလည်း ကြည့်ရှုခွင့်ပေးနိုင်တယ်..သာယာမက်မောဖွယ်ကောင်းတဲ့ programတစ်ခုပါပဲ..နေ့နေ့ညညဆိုသလို ကျွန်ုပ်တို့ကို စွဲဆောင်စေတယ်….သူဟာ ကော်ဖီတစ်ခွက်လိုပါပဲ ရူးရူးမူးမူးဖြစ်စေခဲ့တယ်…နေမကုန်မချင်း အထက်မှသည်အောက်၊ အောက်မှသည်အထက် ကြည့်နေရပေမယ့်လည်း…ရိုးမသွားနိုင်ခဲ့ပေ….။

ရောဂါတဲ့…ဒါဟာ ကျွန်ုပ်တို့အတွက်တော့ (၉၆)ပါးရောဂါထဲက တစ်မျိုးအပါအ၀င်ပေါ့… ကွန်ပျူတာဗိုင်းရပ်(စ်)ပိုးထဲမှာလည်း တစ်မျိုးအပါအ၀င်ပါပဲ…အမှန်တော့ ထိုသူကို ယစ်မူးစွဲလန်းနေမယ့်အစား…ထိုသူကို မည်သူဖန်ဆင်းပေးလိုက်သည်ဆိုသည်နှင့်… ထိုသူ၏ စွမ်းဆောင်ရည်…သူမတူနိုင်တဲ့အရာတွေနဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ ထိုသူ၏လျှို့ဝှက်ချက်တွေပဲမဟုတ်ပါလား… ထိုအရာကို ကျွန်ုပ်တို့ အမှန်တကယ်မေ့ပစ်နေကြပြီထင်သည်…မှန်ပါသည်…ထို့ကြောင့်လည်း ကျွန်ုပ်တို့…ထိုသူကို ရူးမူးစွဲလန်းနေကြသည် မဟုတ်ပါရောလား…။
စားသုံးသူတွေဟာ…အရသာကိုသာ သိနေတတ်ကြပါသည်..ထိုအရသာကို ဘယ်လိုစွမ်းဆောင်ခဲ့ရသလဲဆိုသည်ကိုတော့ အမြဲလို ပင်မေ့နေတတ်ကြစမြဲပင်…အရသာကောင်းလျှင် နှစ်သက်ကြသည်၊ ပျော်ရွှင်ကြသည်၊ ထိုအရာသည်လည်း ကျွန်ုပ်တို့အတွက် အလုပ်တစ်ခုလုပ်နိုင်ဖို့အတွက်…နှောင့်နှေးကြန့်ကြာစေတတ်ပါသည်…။
ဗိုင်းရပ်(စ်)တွေထဲမှာ ထိုအရာက အဆိုးဆုံးဖြစ်သလို…ရောဂါတွေထဲမှာလည်း အကျွမ်းဆုံးရောဂါတစ်ခုပင်ဖြစ်နေပါသည်၊ အရုဏ်ဦးမှသည် နေ၀င်သည်အထိ..မီးစိမ်းလေးတွေကိုယ်စီ (သို့မဟုတ်) ကွန့်မန့်လှလှလေးတွေပေးနေခြင်းသည် ကျွန်ုပ်နှင့်အတူ အသင်တို့လည်း ပါဝင်နေကြမည်မှာ မလွဲဧကန်ပင်ဖြစ်လိမ့်မည်….ထိုအရာသည် ထိုသူ၏ အစွမ်းပင်ဖြစ်သည်…ကျွန်ုပ်တို့သည် ထိုအရာတွေအပေါ်မှာ ငေးမောမိန်းမောနေမည့်အစား…လျှို့ဝှက်ချက်တွေကို သိမြင်နိုင်မည်ဆိုပါက စွဲလန်းနိုင်တော့မည်မဟုတ် အနာသိလျှင်..ဆေးရှိ၏ဆိုသလိုပါပဲ…မကျွမ်းလောင်ခင်အချိန်မှာ ကြိုတင်ကာကွယ်ထားနိုင်ခဲ့မယ်ဆိုရင်..ရောဂါပျောက်ကင်း သွားနိုင်ပါမှာ…။
ထိုသူဟာ ဘယ်သူလဲဆိုတာကတော့ ကျွန်ုပ်နဲ့အတူ အသင်တို့ပါ နှစ်သက်ကြတဲ့ Programတစ်ခုပါပဲ…ဤ programကို အသုံးပြု သူတိုင်းက မလွဲပါဘူး… coverမှသည် အဆုံးထိတိုင်အောင်..ထပ်တလဲလဲကြည့်နေမိသည်၊ ထပ်တလဲလဲကြည့်နေမိရင်းကလည်း အခါခါကြည့်နေမိခဲ့ပြန်သည်၊ ထိုအရာဟာ sharing programတွေထဲမှာတော့ ထိပ်တန်းကဦးဆောင်ဦးရွက်ပြုနေလေရဲ့၊ သားသားမီးမီးတွေကလည်း နှစ်သက်ကြမယ်၊ ကိုကိုမမနဲ့အတူ ဦးဦးအန်တီများကလည်း နှစ်သက်ကြပါတယ်၊ ရင်တွင်းက ခံစား ချက်အရာအားလုံးကို Image၊ writingဖြင့် ပုံဖော်တတ်ကြပါတယ်၊ စီးပွားရေးအတွက်လည်း ထိုအရာက အကောင်းဆုံးဝန်ဆောင် မှုတစ်ခုဆိုရင်လည်း မှားမယ်မထင်ပြန်ပါဘူး၊ ကျွန်ုပ်လည်း ထိုအရာကို စွဲလန်းနေခဲ့ပြီထင်ပါရဲ့….။
ဟုတ်ပါတယ်..ကျွန်ုပ်ဝန်ခံပါတယ်..စွဲလန်းမိခဲ့တယ်ဆိုတာကိုပါ…ဘာဖြစ်လို့လဲဆိုတော့ ထိုအရာက ကျွန်ုပ်ဖြစ်ချင်တဲ့အရာတွေ အားလုံးကို လွယ်ကူလျင်မြန်စွာနဲ့ အရောက်ပို့ဆောင်ပေးနိုင်လို့ပါပဲ…တစ်ခုသတိထားရမှာကတော့…အမြဲတမ်းမီးစိမ်းတွေပြနေပြီး စွဲလန်းမနေမိဖို့ပါပဲ..ဒါဟာလည်း ထိုအရာရဲ့ စွဲဆောင်မှုပါပဲ.. စွဲလန်းမှုသည် အတိုင်းထက်ကျော်လွန်သွားခဲ့ရင် ဘေးဖြစ်စေနိုင်တဲ့ သဘောတရားတွေကို တိုးလာစေနိုင်ပါတယ်၊ ထိုအရာဟာ ကျွန်ုပ်တို့ကို တိုက်ခိုက်လာတဲ့ ဗိုင်းရပ်(စ်)တစ်ခုဖြစ်နေပါတယ်.. ဗိုင်းရပ်(စ်)တစ်ခုဝင်သွားပြီဆိုရင်လည်း…သေစေနိုင်လောက်တဲ့ softwareတွေနဲ့အတူ..Antivirusတွေကိုတော့ ထည့်သိုထားမှ ဖြစ်လိမ့်မယ်နော်…ဗိုင်းရပ်(စ်)အကိုက်မခံစေနိုင်ရန်အတွက်…ယခုအချိန်မှသည်…ထိုအရာရဲ့ လျှို့ဝှက်ချက်တွေကို ရှောင်ရှားကြဖို့ မမေ့လိုက်ကြပါနဲ့နော်…..။


နေခြည်သစ်နွယ်(ပြည်)






No comments: