Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, March 30, 2013

“ချစ်ခြင်းဖွဲ့သော…လွမ်းချင်း”

“ချစ်ခြင်းဖွဲ့သော…လွမ်းချင်း”
ကောင်လေးရေ..ဂိမန္တနွေဦးကာလတွေကိုတောင် ရောက်လာပြန်တော့မယ်နော်…နံနက်ခင်းမိုးလေးအလင်းမှာ.. အေးအေးစက် စက်လေးနဲ့၊ ညချမ်းချိန်ခါသမယလေးမှာ အေးအေးနွေးနွေးလေပြေတွေက ကျွန်မနှလုံးသားကို ပြုစားလိုက်ပြန်ပြီနော်… သတိရခြင်းဆိုတာ.. နီးခြင်း၊ ဝေးခြင်း မဟုတ်ဘဲ..ချစ်တတ်တဲ့နှလုံးသားတွေနဲ့သာ သက်ဆိုင်တယ်ဆိုတာကို ကောင်လေးလည်း သိနေမှာပေါ့၊ အတူတူပျော်ခဲ့ကြတဲ့နေ့ရက်တွေနဲ့အတူ၊ ကြည်နူးခဲ့ကြတဲ့အပြုံးတွေက..နွေဦးလေပြေတွေနဲ့ထပ်တူ တိုက်ခတ်လို့ လာခဲ့ပြန်ပြီနော်။ မွေးဖွားခြင်းဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ တို့နှစ်ယောက်အတူ ရှင်သန်လာခွင့်ရပေမယ့်.. သေဆုံးခြင်းဆိုတဲ့ ခေါင်းစဉ်တွေကိုတော့ တို့တတွေ ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး…။
ကောင်လေးရေ..ရှင်သန်ချိန်တိုင်းမှာ အချစ်တွေနဲ့ပဲ ကုန်စေချင်တယ်…၊ အမုန်းတရားဆိုတာ တို့နှစ်ယောက်ကြားမှာ မရှိစေရဘူးနော်၊ ဘ၀ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့ ခေါင်းစဉ်တွေအောက်မှာ တို့တတွေ ဘယ်ချိန်ထိ ဝေးနေရအုံးမလဲ၊ ဘယ်ချိန်တွေ ထိ ငိုနေရအုံးမလဲ၊ ဘယ်ချိန်တွေထိရော ကြေကွဲနေရအုံးမလဲ၊ ပြက္ခဒိန်တွေကိုသာ လက်ချိုးရေတွက်ကြည့်နေခဲ့ရပေမယ့်၊ ဆုံနိုင် ခွင့်ရှိမယ့်နေ့ရက်တွေကတော့ မတွေးရဲသေးတော့ပါဘူးနော်။
ကောင်လေးရေ…ရင်အခုန်ရဆုံးနေ့ရက်တွေ..၊ အချိုသာဆုံးစကားတွေနဲ့အတူ၊ ဟန်ဆောင်ခြင်းကင်းမဲ့သော ဖွင့်ဟပြောဆိုမှု၊ ကြည်လင်သောအပြုံးတွေဟာ..လှပသောကောင်းကင်ကြီးရဲ့အောက်မှာ အသက်ဝင်နေခဲ့လို့ပေါ့။ စစ်ပွဲတွေက အကြိမ်ကြိမ်ဖြစ် တယ်၊ ဒါပေမယ့် တို့နှစ်ယောက်ရဲ့ နှလုံးသားကမ္ဘာလေးဟာ ဘယ်တော့မှ ပျက်ဆီးမသွားခဲ့သေးပါဘူး၊ နောင်နှစ်များစွာတိုင် အောင်လက်တွဲလို့..ခရီးဆက်ကြတာပေါ့နော်..။ သဘာဝတရားကြီးဆိုတာ ရှိနေခဲ့သေးရင် ကောင်းကင်ကြီးလည်း ရှိနေမှာပေါ့နော် ကောင်းကင်ကြီးရှိနေသရွေ့လည်း တစ်မိုးအောက်မှာ အတူတူနေရဖို့ ဆုတောင်းကြတာပေါ့။

အလွမ်းဆိုတာတွေဟာ ကောင်းကင်ထက်က ကြယ်လေးတစ်ပွင့်ဖြစ်မယ်ဆိုရင် ကောင်လေးလည်း သိစေနိုင်တာပေါ့..။ ကောင်လေးရေ ကောင်မလေးအိပ်မက်ထဲကို ၀င်လာတဲ့အခါ ကောင်လေးကလည်း အိပ်မက်ထဲမှာပေါ့၊ အချစ်ပန်းတွေပွင့်ဝေနေ တဲ့ ဘုံဗိမ္မာန်လေးဟာ တူနှစ်ကိုယ်တိုင်းပြည်ပေါ့။ အလွမ်းဆိုတာ ချစ်တတ်သူအတွက် ရင်နင့်စေရသလို ၊ လွမ်းခြင်းတွေရဲ့ အောက်မှာရောက်ရှိလာတဲ့ မျက်ဝန်းထက်က မျက်ရည်စတွေဟာ တကယ်တော့လည်း အဆိပ်သင့်တဲ့မြားကို ထိမှန်ရတာထက် ပြင်းထန်စေနိုင်ပါတယ်လေ…။
ကောင်လေးရေ..အလွမ်းတွေဟာ..ကြယ်တွေလိုရေတွက်မရအောင် များပြားနေပေမယ့်လည်း၊ တို့နှစ်ယောက်ရဲ့ ကြည်နူးခဲ့ကြ သောနေ့ရက်၊ ပျော်ရွှင်ခဲ့ရဖူးသော နေ့ရက်တွေနဲ့အတူ ရင်ခုန်ခဲ့ရသော စကားလေးတွေ…စသောပုံရိပ်တွေက အမှတ်တရဖြစ် စေခဲ့မယ်ဆိုရင်…တို့နှစ်ယောက်ကြားမှာ ကမ္ဗည်းတင်စရာမလိုတဲ့..အချစ်မှတ်တမ်းတွေကို ဒဏ္ဍာရီတစ်ပုဒ်အဖြစ် ရေးဖွဲ့ခံစားရင်း တေးသီချင်းတွေကို ပျော်ရွှင်စွာနဲ့သီဆိုကြတာပေါ့နော်…။ တစ်နေ့နေ့ဆိုတာ တို့နှစ်ယောက်အတွက် ဖြစ်လာစေခဲ့ရင် အဲ့ဒီနေ့လေး ကို မျှော်လင့်ကြည့်ရင်း အချစ်တွေကို ပိုလို့တန်ဖိုးထားသွားကြတာပေါ့နော်..။
ကောင်လေးရေ.. ကောင်းခြင်းတွေပြည့်စုံစေတဲ့ နေ့ရက်တိုင်းတွေဟာ တို့နှစ်ယောက်အတွက် ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့ပဲ အလွမ်းစာလေးကို နှလုံးသားတစ်ခန်းရပ်လိုက်ကြရအောင်လားနော်..။ ဝေးနေပေမယ့်လည်း အတွေးတွေနဲ့ပဲ လွမ်းကြမယ်၊ အဆွေးတွေဖြစ်လာစေခဲ့ရင်..မဝေးတဲ့နှလုံးသားတွေနဲ့..တွေးပြီး ချစ်ကြရအောင်ပေါ့…အချစ်ဆိုတာ အချစ်စစ်ဖြစ်နေခဲ့ရင် ဘယ်သူပြိုင်ပါမှ မနိုင်သော ပန်းချီကားလေးတစ်ချပ်ဖြစ်နေမယ်ဆိုတာကို ကောင်လေးသိနိုင်ခဲ့ရင် ကုမုဒ္ဒြာပန်းတွေကလည်း ကမ္ဘာ ကုန်တည်သရွေ့..လန်းဆန်းစွာနဲ့ပဲ..ရှင်သန်ပွင့်လန်းနေကြရမှာပေါ့…..။

နေခြည်သစ်နွယ်(ပြည်)

No comments: