Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, June 17, 2012

“အဖေ...လို့ ခေါ်ခဲ့ရင် ကျေနပ်နေမှာ”

“ကမ္ဘာပေါ်မှာရှိကြသော အဖေများအားလုံးအတွက်”

“အဖေ...လို့ ခေါ်ခဲ့ရင် ကျေနပ်နေမှာ”

အဖေ...လို့ခေါ်ခွင့်ရနေသည်ကပင် တန်ဘိုးတွေမြင့်မားလွန်းပါတယ်
အဖေသက်ရှိထင်ရှားရှိနေပေမယ့် အဖေမရှိတော့ရင်ဆိုတဲ့ အတွေးတွေကို နေ့ရက်တိုင်းများစွာ တွေးမိလေတိုင်း အဖေ့ရဲ့ကျေးဇူးတွေဟာ ဆပ်လို့မကုန်နိုင်ပါဘူး...ကောင်း၏၊ ဆိုး၏၊ မှား၏၊ မှန်၏ဆိုတဲ့ အကြောင်းအရာတွေရှေ့မှာ အဖေရှိနေတယ်...
အဖေဟာ သားသမီးတွေနဲ့ လက်ပွန်းတတီးမနေဘူးဆိုပေမယ့် အဖေ့ရဲ့မေတ္တာတွေကတော့ မိုးထိအောင်ပါပဲ...တုနှိုင်းလို့မရနိုင်ပါဘူး
အန္တရာယ်တွေ့ရဲ့  ရှေ့မှာ အဖေဟာ ကာဆီးပေးလို့...ကျရောက်လာခဲ့ပြီဆိုရင်လည်း အသက်ကိုပင်ပေးအပ်ရပါစေ...ရဲဝံ့စွာနဲ့ ပေးဆပ်နိုင်ခဲ့သူ..
သားတွေကို ဆုံးမတတ်တဲ့နေရာမှာ
ခက်ထန်ကြမ်းတမ်းနိုင်သလို...ညင်သာနူးညံ့မှုလေးတွေလည်းရှိတတ်ပါတယ် အထင်အမြင်တွေလွဲမှားကြပေမယ့် နောင်တဆိုတဲ့အချိန်ရောက်ရင်တော့ အဖေ့ကို တမ်းတသတိရနေကြမှာပါ...အဖေ့အိမ်မှာအဆင်ပြေတဲ့အချိန် အဖေ့ရဲ့မေတ္တာနဲ့ကျေးဇူးတွေကို မသိကြပေမယ့်...အဖေနဲ့ဝေးကွာနေတဲ့အခါ သိခဲ့ကြပါပြီ...
မိသားစုတစ်ခုလုံးရဲ့   ကြီးမားတဲ့တာဝန်တွေကို တသက်လုံးအတွက် ရင်းနှီးမြှုပ်နှံပြီး ပေးဆပ်နေခဲ့ရတဲ့ အဖေ...သိပ်ကို ပင်ပန်းလွန်းလှပါတယ် ယောက်ျားဆိုတဲ့နာမ်စားတွေကြောင့်..အိမ်ထောင်ဦးစီးဆိုတဲ့နာမ်စားတွေကြောင့်...
ရှိတာတွေ၊ မရှိတာတွေအားလုံးအတွက်...အများသူငါတွေအိပ်စက်နေချိန်မှာ အဖေကတော့ နဖူးပေါ်လက်တင်လို့ စဉ်းစားခန်းထုတ်နေရောပေါ့...
နေ၀င်ရီမိုးချုပ်လို့...သားလေးများ ပြန်မလာသေးဘူးလား..သမီးလေးများ
နောက်ကျလိုက်တာဆိုတဲ့ ရင်မောခြင်းများစွာနဲ့ စောင့်ဆိုင်းနေရရှာတဲ့ အဖေ့ရဲ့  ရင်ထဲကို တစ်ခါလောက်တော့ ၀င်ကြည့်စေချင်လှပါတယ်ကွယ်...
မနက်မိုးလင်းနေမွန်းတည့်အောင် အိပ်ချင်ပေမယ့်..မိသားစုအတွက်ဆိုတဲ့ မေတ္တာမိုးတွေ ရွာသွန်းဖြိုးရအုံးမည်မဟုတ်ပါလား...
အဖေ အင်္ကျီအနွမ်းကလေးဝတ်ထားပေမယ့် အဖေ့ရဲ့ မေတ္တာတရားတွေက အဖေ့ရဲ့မျက်ဝန်းတွေထဲမှာ ကြည်လင်တောက်ပနေခဲ့ပြီ...သားသမီးတွေ ပညာတတ်ကြီးဖြစ်လာအောင် အဖေတို့ဘ၀တွေကို ဘ၀ပေါင်းမျိုးစုံရုန်းကန်လှုပ်ရှားရင်း အမြင့်ကိုတင်ပေးခဲ့သူ....ခုတော့လည်း အတောင်တွေစုံလာပြန်တော့ အဖေ့ကိုထားခဲ့ရပြန်အုံးမည်ပေါ့..ပညာဂုဏ်ဒြပ်တွေ...ဥစ္စာဂုဏ်ဒြပ်တွေ၊ ရာထူးဂုဏ်ဒြပ်တွေပြည့်လျှံလာတဲ့ သားသမီးတို့တွေ...နွမ်းပါးစွာဝတ်ဆင်ထားခဲ့တဲ့ အဖေ့ကို မြင်လိုက်ချိန်မှာ “အဖေ”လို့ တစ်ခွန်းတည်းခေါ်ခဲ့ရင်ဖြင့် ကျေနပ်ပီတိအပြုံးတွေနဲ့ အဖေက ဆီးကြိုနေမှာပါ...ခုတော့လေ... အဖေက အိုမင်းကုန်းကွလို့နေပြီ... ပညာတွေမရှိ...ဥစ္စာတွေမရှိ....မသန်စွမ်းတော့သည့်အချိန်တွေမှာ...သားတို့သမီးတို့အဆင်ပြေရင်
ပြီးတာပါပဲကွာဆိုတဲ့အသံလေးတော့...အဖေပြောနိုင်ပါသေးတယ်တဲ့လေ...အဖေ့ရဲ့မေတ္တာတွေ..
ကျေးဇူးတရားတွေက ဒီဘ၀ဒီခန္ဓာမဟုတ် နောင်ဘ၀တိုင်အောင်လည်း ဆပ်လို့ကုန်နိုင်တော့မည်မဟုတ်ပါဘူး....
သမီးတို့အတွက် ခွန်အားနဲ့သတ္တိတွေပေးခဲ့တာလည်း အဖေပါပဲ...သူလမ်းလျှောက်ရင် ငါလည်းလျှောက်တတ်ရမယ်....သူလုပ်တတ်ရင် ငါလည်းလုပ်တတ်ရမယ်ဆိုသည့် အဖေ့ရဲ့သင်ကြားမှုတွေကလည်း သမီးတို့အတွက် ရတနာခွန်အားတစ်ခုပါပဲ...အဖေဟာ သားတွေသမီးတွေအတွက် စံပြထိုက်တဲ့ မဟာသူရဲကောင်းပါပဲ..
အဖေ ပွေရှုတ်နေလို့....သားပွေရှုတ်ရမည်မဟုတ်...အဖေ သေရည်သောက်လို့ သားသောက်ရမည်မဟုတ်....အဖေဟာ ကြမ်းတမ်းလွန်းတဲ့ခရောင်းလမ်းတွေမှာ မိသားစုအတွက် ဖွေရှာရင်း သိမှု၊ မသိမှုရဲ့စိတ်တွေကြောင့် မိုက်မှားခဲ့မိကြပေမယ့် သားတွေကို အဖေတို့လို မဖြစ်စေချင်တာအမှန်ပါပဲကွယ်....အဖေဟာ သားသမီးတွေအပေါ် စားစရာမရှိခဲ့လျှင် ခွက်ကိုလက်ဆွဲပြီး တောင်းကျွေးဝံ့သူ...သို့ပေမယ့် သားသမီးတွေရဲ့စိတ်ဝယ် ဂုဏ်ဒြပ်တွေရင်မှာပိုက်ခဲ့သူမို့...သူဖုန်းစားရဲ့အမည်ခံ သားဖြစ်ရမည်မို့...မပြောဝံ့...မကြားဝံ့...မမြင်ဝံ့သူများပင်ဖြစ်ကြမည်လား...
အမေဆုံးမခဲ့ဘူးတဲ့....အဖေဟာ ဘာကြီးပဲဖြစ်ပါစေ....သူဖုန်းစားကြီးပဲဖြစ်နေပါစေ....အဖေဟာအဖေပါတဲ့လေ....
မှန်ပါသည်....ဖခင်တိုင်း၏စိတ်တွင် ရင်ဝယ်မထွေးရပေမယ့် အဖေ့ရဲ့သား/သမီးတွေပါလို့ အော်ဟစ်ကြော်ငြာချင်တာ...ဖခင်တိုင်းရဲ့ပီတိတွေပါ...အဖေတို့ရဲ့  
မေတ္တာဂုဏ်ပကာသနတွေဟာ ထုထည်ကြီးမားပြီး တုနှိုင်းလို့မရအောင်ပင်ဖြစ်ခဲ့ရပါသည်.....

“နေမရှိပေမယ့်....အဖေရှိတယ်”
“လေမရှိပေမယ့်...အဖေရှိတယ်”
“ရေမရှိပေမယ့်...အဖေရှိတယ်”
ပူလောင်ခြင်း၊ အေးမြခြင်းဆိုတဲ့ သောကတွေနဲ့အတူ ပျော်ရွှင်မှုတွေကို မျှဝေခံစားပေးပြီး...နွေးထွေးတဲ့မေတ္တာတရားနဲ့....သား/သမီးတွေရဲ့ ရင်ငွေ့ကို လုံခြုံစွာ ထွေးပိုက်ထားမည်က......“အဖေ”ပါ......။

နေခြည်သစ်နွယ်(ပြည်)

No comments: