Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, June 24, 2012

“လွတ်လပ်စွာပျံသန်းလိုက်ကြပါစို့”



ဘယ်အရာပဲမဆို ကျွန်မ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်၊ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်၊ ပေးလာတဲ့ဘ၀၊ ပေးလာတဲ့ရလဒ်တွေအပေါ်မှာ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမယ့်၊ ဖြစ်လာတဲ့ဘ၀အပေါ် အကောင်းဆုံးလုပ်ဆောင်ဖြစ်ခဲ့ပါတယ်၊ အလုပ်မှန်ရင် လုပ်ချင်တဲ့ဆန္ဒရှိတာ ကျွန်မရဲ့ ပင်ကိုယ်စိတ်တစ်ခုရယ်ပါ၊ အကျိုးအမြတ်ရှေ့မထားဘဲ စိတ်ကောင်းစေတနာများစွာဖြင့် ဘ၀မှာ ကျလာတဲ့၊ ပေးလာခဲ့တဲ့ ဇာတ်ရုပ်တစ်ခုကို ပီပြင်စွာသရုပ်ဆောင်ခဲ့ပါတယ်၊သရုပ်ဆောင်လာခဲ့သည်နှင့်အမျှလည်း  ဖြစ်ချင်တာတွေထက်၊
ဖြစ်လာတာတွေဟာ တိုးတက်သင့်သလောက်တိုးတက်မှုတွေ ရရှိခဲ့သလို၊ မဖြစ်ချင်ပေမယ့်လည်း၊ ဖြစ်လာတာတွေရဲ့နောက်ဆက်တွဲကို ထိန်းသိမ်းခဲ့တာလည်း ဘ၀ရဲ့ ရလဒ်ကောင်းတစ်ခုပါပဲ၊ ကျွန်မဟာ နေခြည်သစ်နွယ်ဆိုတဲ့ ကလောင်ပန်းကလေးတစ်ပွင့် ဖြစ်လာဖို့ ဘယ်သောအခါမှ မမျှော်လင့်ခဲ့မိပါဘူး၊ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကူးလေးဟာ ဟိုးကလေးဘ၀က အမှတ်မထင်ဖြစ်နေခဲ့ပေမယ့် ကျွန်မအတွက် အချိန်အခါတစ်ခုရောက်လာတဲ့အခါမှာတော့ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကူးလေးဟာ ပွင့်လန်းသင့်သလောက် ပွင့်လန်းလာခဲ့ပါပြီ၊ ကျွန်မ ၀ါသနာပါလွန်းတဲ့ စာရေးခြင်းအလုပ်၊ ခုဆို ကျွန်မ အွန်လိုင်းရဲ့စာမျက်နှာထက်မှာ နေခြည်ဆိုတဲ့ ပန်းလေးတစ်ပွင့်ဟာ အနုပညာတွေဝန်းရံထားတဲ့ ကဗျာတောလေးထဲမှာ ပွင့်လန်းလို့လာခဲ့ပါပြီ ၊ ကျွန်မကို ခင်မင်ကြသော၊ ကျွန်မခံစားရေးဖွဲ့ခဲသော၊ ကဗျာ၊ ရသ၊ ၀တ္ထုတိုတွေကို အချိန်တွေပေးပြီး ဖတ်ရှုခဲ့ကြသော၊ ဝေဖန်ပေးခဲ့ကြသော စာဖတ်သူတွေအားလုံးကိုလည်း တလေးတစားနှင့်ပင် ကျေးဇူးတင်ရပါသည်၊ကျွန်မအတွက် နေခြည်ဆိုတဲ့ပန်းလေးတစ်ပွင့်ဟာ ကဗျာတောလေးထဲမှာ မပွင့်လန်းခင်ကာလတွေမှာ နေ့စဉ်ကိုယ်ရေးမှတ်တမ်းဆိုပြီး ခံစားရသမျှတွေကို စုစည်းပြီး diaryအဖြစ် မှတ်တမ်းတင်တတ်ခဲ့ပါတယ်၊ ကျွန်မငယ်ငယ်လေးကတည်းက စာဆိုတဲ့ တစာတည်းစာခဲ့ရပါတယ်၊ စာတွေရဲ့နောက်ကွယ်မှာ အလုပ်ဆိုတဲ့ ၀မ်းစာဟာ ကျွန်မရဲ့နောက်မှာ ကပ်ငြိလို့ ပါလာခဲ့ပါပြီ၊ ခုချိန်မှာ ကျွန်မရဲ့ ကဗျာလေးတွေကို အရမ်းကိုကြိုက်ပါတယ်၊ အရမ်းကောင်းတာပဲဆိုပြီး အားပေးခဲ့ကြတဲ့သူတွေ၊ ကျွန်မရဲ့ကဗျာလေးတွေကြောင့် တစ်စုံတစ်ခုသော ခံစားမှု၊ အကျိုးကျေးဇူး၊ အသိအမြင်၊ အတွေးအခေါ်လေးများ ရရှိခဲ့ရင်ဖြင့် ကျွန်မရင်နှင့်အမျှ ရေးဖွဲ့ခဲ့ရကျိုးနပ်ခဲ့ပါပြီ၊ ခံစားချက်တွေ၊ အတွေ့အကြုံတွေအားလုံးကို စာပေအဖြစ် ပြောင်းလဲဖန်တီးခဲ့မိသူလေးပါ၊ ကျွန်မဟာ စာပေမှာ တတ်ကျွမ်းတဲ့ပညာရှင်တစ်ယောက်မဟုတ်ပါဘူး၊ စာပေကိုမြတ်နိုးခုံမင်သလို၊ အနုပညာဆိုတဲ့ နူးညံ့လှပြီး အေးချမ်းခြင်းအတိ ပေးနိုင်တာကို မြတ်နိုးခဲ့သူပါ၊ကျွန်မဘ၀အတွက် စာပေတစ်ခုတည်းဖြင့် ဘ၀၀မ်းစာကို ရပ်တည်မပေးနိုင်ဘူးဆိုတာ ကျွန်မ တတ်သိထားပါတယ်၊ ကျွန်မရဲ့ ၀ါသနာရင့်သန်ရာ ကွန်ပျူတာပိုင်းဆိုင်ရာကို ဘ၀၀မ်းစာအဖြစ်ရှာဖွေခဲ့ရသူပါ သူများတွေ လှပစွာဝတ်စားနေချိန်မှာ ကျွန်မဟာ အလုပ်တစ်ဖက်ဖြင့် ကျောင်းတက်ခဲ့ရသူပါ၊ အသက်ပင်ငယ်ရွယ်ခဲ့သော်လည်း လုပ်ငန်းသဘောတရားတွေ၊ အသိအမြင်တွေ၊ အကျိုးကျေးဇူးတွေ၊ များစွာလည်း ရရှိခဲ့ပါတယ်၊ အချိန်ကာလတွေဟာ ပြောင်းလဲစေပါတယ်၊ အချိန်ကာလတွေပြောင်းလဲလာသည်နှင့်အမျှ ကျွန်မရဲ့အသက်အရွယ်ဟာလည်း ပြောင်းလဲလာခဲ့ပါပြီ။ ငယ်ရွယ်စဉ်အခါက ဖြစ်ပေါ်လာသည့်စိတ်နှင့် အရွယ်ရောက်လာစဉ်ဖြစ်ပေါ်လာသည့်စိတ်တွေက ကွာခြားလို့နေခဲ့ပါပြီ၊ စေတနာကောင်းလျှင် ကံကောင်းမည်တဲ့၊ စိတ်ထားကောင်းလျှင် ကံကောင်းမည်တဲ့လေ၊ ကျွန်မအတွက် ကံကောင်းခြင်းဆိုတာ ဘယ်ဆီမှာလဲဆိုပြီး တမ်းတမိတယ်၊ ကံဆိုတာ အလုပ်တဲ့၊ ကျွန်မပုံမှန် လမ်းလျှောက်ခဲ့ပါတယ်၊ လမ်းလျှောက်မပျက်ခဲ့သလို လေ့ကျင့်မှုတွေလည်းမပျက်ခဲ့ပါဘူး၊ အတိတ်ရဲ့ အဆိုးတွေကပဲ နှိပ်စက်နေရောလားလို့ ဖြေသာမိခဲ့သလို၊ ငိုကြွေးခြင်းဆိုတဲ့ အရာတွေကလည်း ကျွန်မရင်ကို ကြိမ်ဖန်တစ်ရာမက ရိုက်ခတ်စေခဲ့ပါပြီ၊ ကျွန်မ လူဆိုတဲ့ လူတွေအကြောင်းကို ကောင်းကောင်းသိခဲ့ရပါပြီ။ ကျွန်မလည်း လူထဲကလူပါပဲ၊ ကျွန်မကိုယ်ကျွန်မ ကောင်းခဲ့ပါတယ်၊ မဆိုးပါဘူးလို့ မပြောပါရစေပါနဲ့၊ ကျွန်မမှားခဲ့တာတွေလည်းရှိနေခဲ့မှာပါ၊ ဆိုးခဲ့တာတွေလည်း ရှိနေခဲ့မှာပါ၊ အဲ့ဒီအရာတွေကို ကျွန်မသိခဲ့သလို မသိနိုင်ခဲ့တာတွေလည်း ရှိနေအုံးမှာပါ။ ကျွန်မရဲ့ လုပ်ဆောင်ချက်တိုင်းကို ပတ်ဝန်းကျင်ဆိုတဲ့အရာတစ်ခုက ကောင်းသည်ဆိုးသည် ဝေဖန်ချက်တွေ ပေးနေကြမှာပါ၊ ကျွန်မ လက်ခံနိုင်ပါတယ်။ ကျွန်မရဲ့ ဘ၀၀မ်းစာလုပ်ငန်းတွေမှာ ကျေးဇူးတရားဆိုတာကို ကျွန်မသိခဲ့ရပြီ။ ကျွန်မဟာ ထိုက်သင့်တဲ့ပညာတွေနဲ့အတူ အသိပညာတွေကိုလည်း ရရှိခဲ့သူပါ။ ကျွန်မနားလည်ထားခဲ့သည့် ကျေးဇူးတရားဆိုသည် တလုပ်စားဖူးသူ့ကျေးဇူးမည်သည် ကျွန်မအခက်အခဲဖြစ်နေချိန်လေးမှာ (သို့မဟုတ်) ကျွန်မရေဆာနေချိန်လေးတွေမှာ စကားအဖြင့်စိတ်ဓာတ်အရသော်လည်းကောင်း၊ ရေတစ်ခွက်သော်လည်း ကောင်း တိုက်ကျွေးခဲ့သူက ကျေးဇူးရှင်မဟုတ်ပါလား၊ ကျွန်မ ထိုသူကို ဘယ်နည်းဖြင့်ကျေးဇူးဆပ်ရမည်ကိုသိခဲ့ပါ သည်။ ကျွန်မကို ဆိုဆုံးမခဲ့ဘူးသည့် စကားလေးတစ်ခွန်းရှိပါသည်။ ကိုယ်ကပြုခဲ့ဘူးသော အကူအညီကို မမြင်နှင့်၊ သူကပေးခဲ့ဘူးသော အကူအညီကိုသာ ကျေးဇူးပြုလော့တဲ့။ မှတ်သားစရာကောင်းသလို ကျွန်မကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့ဘူးပါသည်။ ကျေးဇူးဆိုသည်မှာ အပြန်အလှန်လို့ယူဆမိပါသည်။ ကျေးဇူးတင်ထိုက်စရာကောင်းသူအားလုံးကို ကျေးဇူးလို့ ပြောခြင်းဟာ မင်္ဂလာတစ်ပါးလို့လည်း ယူဆမိပါသည်။ သို့ပေမယ့် ကျွန်မတို့လုပ်ငန်းဆိုသည့်နေရာမျိုးတွေ မှာတော့ ကျေးဇူးဆိုတာသည် ဖွဲစကွဲမျှလောက်သာ ဖြစ်နေသည်ရောလား၊ ကျွန်မတွင်မက လူသားတွေကိုယ်စီမှာ ဘ၀ကပေးလာတဲ့ စိတ်ဒဏ်ရာအမာရွတ်ကလေးတွေ ရှိနေလိမ့်မည်လို့ ယုံကြည်မိပါသည်၊ တစ်ခါတစ်ရံ ကျွန်မစာရေးသူလည်း အားငယ်ရတဲ့အခါ၊ ၀မ်းနဲကြေကွဲရတဲ့အခါ၊ ပျော်ရွှင်ရတဲ့အချိန်အခါမျိုးတွေလည်း ရှိနေခဲ့ပါသည်။ ကျွန်မအားငယ်ဝမ်းနဲနေချိန်တွေမှာ စာရေးခြင်းက အဖော်မွန်တစ်ခုရယ်ပါ။ ပျော်ရွှင်ချိန်တွေမှာ အနုပညာသံစဉ်တွေက ကျွန်မရင်ထဲမှ သောကလှိုင်းတွေကို ဖျောက်ဖျက်ပေးနိုင်သူရယ်ပါ။
တပါးသူတွေ ကြေကွဲနေချိန်မှာ ကျွန်မဟာ ငှက်ကလေးဖြစ်လို့....သာလိကာမလေးလို တတွတ်တွတ်နဲ့ ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့ပေမယ့်၊ ကျွန်မ ကြေကွဲနေချိန်တွေမှာ ဖက်တွယ်စရာမရှိခဲ့သူပါ၊ ဘ၀ကပေးအပ်လာတဲ့ စိတ်ဒဏ်ရာအမာရွတ်တစ်ခုကို ရင်ထဲမှာမျိုသိပ်စွာ ကြေကွဲရင်း လမ်းလျှောက်ခဲ့ရသူပါ။ ကျွန်မ လူတိုင်းကို ပြုံးပြတတ်သည်၊ ကျွန်မဖျားနာနေခဲ့သည်ရှိသော် ကျွန်မ အားတင်းပြုံးပြတတ်ခဲ့သည်။ ကျွန်မကို ဘ၀ကပေးလာသော စိတ်သောကလှိုင်းတွေကို ဘယ်သူမှမသိလေအောင် တိတ်တိတ်လေးနေနိုင်ခဲ့သည်။ ကျွန်မ သူတပါးအပေါ်မှာ ဘယ်လောက်များ အကျိုးပြုနိုင်ခဲ့ပြီလဲ၊ ဘယ်လောက်များအကူအညီတွေပေးနိုင်ခဲ့ပြီလဲ အကြိမ်ကြိမ်အခါခါလည်း ဆန်းစစ်မိခဲ့ပါသည်၊ ကျွန်မ ဘ၀တလျှောက်တွေမှာ အဖြေတခုသာရရှိခဲ့မိသည်။
“ငါကပဲ မှားနေသလား၊ သူကပဲကောင်းနေသလား”
“ငါကပဲ ဆိုးနေသလား၊ သူကပဲကောင်းနေလို့လား”
“ငါကပဲ ညံ့နေသလား၊ သူကပဲတော်နေလို့လား” ဆိုတဲ့ အဖြေတစ်ခုပါ ကျွန်မ မှန်ခဲ့လျှင်ရှိသော်ငြားလည်း ကျွန်မဘဲ မှားခဲ့တယ်လို့ အပြစ်တင်နေမိတော့မှာပါ၊ ဘာကြောင့်လဲလို့ ဆိုပြန်တော့ လူတွေမှာရှိတဲ့ ငါမှငါပါလား၊ ငါကပဲပေးရတယ်၊ အဲ့ဒီငါဆိုတဲ့ ကိုယ်ချင်းစာနာတရားစိတ်တွေမရှိတဲ့ အတ္တနဲ့စိတ်တွေကို ကျွန်မကြောက်သွားမိခဲ့လိုပါပဲ။
စာဖတ်သူတို့ရေ...စာဖတ်သူတွေလည်း ကျွန်မလိုပဲ ဘ၀မှာ အဖုအထစ်လေးတွေ ကြုံလာရလိမ့်မယ်လို့ ထင်မိပါတယ်၊ အဲ့ဒီလိုအဖြစ်မျိုးတွေကြုံလာတဲ့အခါ လွတ်လပ်စွာ စိတ်တွေကို ပျံသန်းလိုက်ကြပြီး ငါတို့မှာလည်း ကိုယ်ပိုင်အတောင်တွေရှိနေပါသေးလား၊ ကျန်နေပါသေးလားဆိုတဲ့စိတ်တွေကိုထားစေချင်ပါသည်၊ ရှင်တို့မက်နေသမျှ စိတ်ကူးတွေ ၊ အိပ်မက်တွေဟာ စိတ်သောကတွေနဲ့ကြုံလာတဲ့အခါ စက္ကန့်နဲ့အမျှ ယိုင်နဲ့သွားတတ်ပါသည်၊ သို့ပေမယ့် အဲ့ဒီစိတ်သောကတွေကို ရင်ထဲမှာမျိုသိပ်မထားဘဲ လွတ်လပ်စွာပျံသန်းကြည့်လိုက်ပါ..ရှင်တို့ရဲ့အိပ်မက်တွေ ပိုပြီးဆန်းသစ်လှပသွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်မနဲ့အတူ စာဖတ်သူရှင်တို့တွေလည်း ကြုံလာတဲ့စိတ်ဒဏ်ရာတွေကို ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာပျံသန်းလိုက်ကြနော်။ ကျွန်မတို့ကိုယ်တိုင်စွမ်းဆောင်နိုင်တဲ့ အရာတွေအများကြီးရှိနေတယ်ဆိုတာကို မမေ့ကြပါနဲ့၊ ဒီနေရာလေးမှာ အသုံးမတည့်ပေမယ့်..ဟိုနေရာလေးမှာ အသုံးတည့်နိုင်ကောင်းတည့်နိုင်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ လူသားတိုင်းကိုယ်စီမှာ မျှော်လင့်ချက်အိပ်မက်တွေရှိနေကြမှာပါ၊ အဲ့ဒီအိပ်မက်တွေကိုလည်း အကောင်အထည်ဖော်နေကြမှာပါ။ မဖြစ်ကြသေးပေမယ့်၊ ကြားကာလတွေမှာ ယိုင်နဲ့မသွားအောင် ကြံ့ခိုင်နေဖို့လိုနေကြပါလိမ့်မယ်။ ကျွန်မတို့ရဲ့ဘ၀တွေတိုးတက်အောင်မြင်ဘို့၊ ကျွန်မတို့ရဲ့စိတ်တွေကို လွတ်လပ်စွာပျံသန်းလိုက်ကြပါစို့နော်။

(ယခုရသခံစားမှုလေးကို ဖတ်ရှုပြီး နေခြည့်ရဲ့ ချစ်သောစာဖတ်သူများ တစ်စုံတစ်ခုသော ခံစားမှုမျိုး၊ စိတ်ဓာတ်ခွန်အားလေးတစ်ခု ရခဲ့ရင်ပဲ နေခြည့်ရဲ့ အတွေ့အကြုံခံစားမှုလေးကိုမျှဝေရကျိုးနပ်ပါပြီ။)
စာဖတ်သူတို့လည်း ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေလို့ဆုတောင်းလိုက်ပါတယ်နော်
နေခြည်သစ်နွယ်(ပြည်)
၁၁း၄၀နာရီ၊ တနင်္လာနေ့

No comments: