Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, July 2, 2012

“မမုန်းပါဘူး...ဒါပေမယ့်


လေပြေ မှားသွားလား မောင်ရယ်…မောင့်ကို လေပြေ သိပ်ချစ်ခဲ့ပါတယ်…ဒါပေမယ့် မောင်ရယ်..ကံကြမ္မာရဲ့ စေညွှန်ရာလို့ ပြောလိုက်ရမလား…လေပြေဘ၀လေးရဲ့ အကြောင်းတရားတွေလားဆိုတာ လေပြေကိုယ်တိုင် လည်း နားမလည်နိုင်တော့ပါဘူး မောင်ရယ်…မောင့်ကို လေပြေ ခွင့်လွှတ်ပါတယ်နော်….။
“မောင်…”
“ဘာလဲလေပြေ”
“လေပြေကို ချစ်လားဟင်”
“သိပ်ချစ်တာပေါ့ လေပြေရယ်…မောင်လေ ဒီကမ္ဘာမှာ လေပြေကို အချစ်ဆုံးပါ”
“ယုံပါတယ် ….မောင်ရယ်”

မောင်နဲ့လေပြေတို့ဟာ….နေရာဒေသတွေမတူညီခဲ့ကြပါဘူး…မောင်က ရန်ကုန်မြို့မှာ နေထိုင်သူ၊ လေပြေ ကတော့ ကြံခင်းမြို့လေးမှာ နေထိုင်သူတွေ ဖြစ်ကြသည်။ မောင်ကတော့ Max Myanmarအချိုရည် ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်သူဖြစ်ပြီး၊ လေပြေကတော့ ဘိလပ်မြေစက်ရုံမှာ အလုပ်လုပ်ခဲ့သည်။ မောင်နဲ့လေပြေတို့နှစ်ဦးမှာ ကျောင်းတစ်ဖက်နှင့်ဖြစ်ကြသည်။ နောက်ဆုံးနှစ်အဝေးသင်(စီးပွားရေး)ဘွဲ့ကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်တွင် တက်ရောက်ယူခဲ့ကြရင်း မောင်နဲ့လေပြေ ဆုံဆည်းခဲ့ရသည်။
ရန်ကုန်တက္ကသိုလ်သို့ လာရောက်ခဲ့စဉ်…လေပြေမိဘနှစ်ပါးနှင့်သာ..လေပြေကိုယ်တိုင် ဦးဆောင်ခဲ့ရသည်မို့ မလည်မ၀ယ်ဖြစ်ခဲ့ရသည်…ရန်ကုန်မြို့ကို လေပြေ တခေါက်မျှဆိုသလို မရောက်ဘူးခဲ့သူ….ဒီလိုနဲ့ လေပြေတို့ ဘွဲ့နှင်းခန်းမမှ ပြန်ထွက်လာခဲ့သည်တွင် ဓါတ်ပုံရိုက်ရန်အတွက် ဓါတ်ပုံဆရာ ကြိုငှားထားခဲ့ခြင်းလည်းမရှိပါ။ ထို့ကြောင့် ဘယ်နေရာတွင် ငှားရမည်ကိုလည်း မသိခဲ့ပါ…။ ကျောင်းဝင်းထဲတွင် ဟိုကြည့်ဒီကြည့် ချာချာလည် ဖြစ်နေချိန်တွင်တော့…ဘွဲ့ဝတ်စုံကြီး ကိုးရို့ကားရားဖြင့် ဓါတ်ပုံရိုက်နေသော ကောင်လေးတစ်ယောက်ကို လေပြေတွေ့မြင်လိုက်ရသည်။ လေပြေကသာ ကောင်လေးကို မြင်ပေမယ့်..ကောင်လေးကတော့ လေပြေကို မမြင်ဘဲ နောက်တိုးရှေ့ဆုတ်နဲ့ ဓါတ်ပုံရိုက်ရင်းက…..
“အား….ခြေထောက်…ခြေထောက်”
လေပြေ အော်လိုက်မိတော့မှ ကောင်လေးကို လှည့်ကြည့်ရင်း…အနားကိုပြေးကပ်လာပြီး…ထိုင်ချလိုက်သည်။
“ဟာ…ဘာဖြစ်သွားသေလဲခင်ဗျာ…ကျွန်တော်….ဓါတ်ပုံရိုက်လောကြီးသွားလို့…မမြင်လိုက်ဘူးဖြစ်သွားတယ်ခင်ဗျာ”
“အာ….ဟုတ်…ဟုတ်ကဲ့…ခြေထောက်နဲနဲ နာသွားလို့…”
“ဆောရီးပါဗျာ…ကျွန်တော် တောင်းပန်ပါတယ်နော်…ဘာလုပ်ပေးရအုံးမလဲခင်ဗျာ”
“အို…ရပါတယ်ရှင်…”
“ဟို…ဒါနဲ့….ရှင်…ရှင်က..ဓါတ်ပုံရိုက်နေတာလား..”
“အော်..ဟုတ်ကဲ့…ဘာလို့လဲခင်ဗျာ”
“ဟိုဒါလေ…ကျွန်မနာမည် လေပြေလို့ခေါ်ပါတယ်…ကြံခင်းမြို့ကလာတာပါ…ဒီမှာလည်း အသိကမရှိဘူးလေ၊ ဓါတ်ပုံဆရာတွေဘာတွေလည်း ကြိုပြီးစီစဉ်ထားတာမရှိလို့…အဲ့ဒါ လေပြေတို့ ဓါတ်ပုံရိုက်ချင်လို့..ကူညီနိုင်မလား မသိဘူး…”
“အော်…ဟုတ်ကဲ့…ရပါတယ်ခင်ဗျာ…အပန်းမကြီးပါဘူး”
ဤသို့ဖြင့် ကောင်လေးက လေပြေတို့ကို စိတ်ရှည်လက်ရှည်ဖြင့် ဓါတ်ပုံတွေ ပုံပေါင်းများစွာ ရိုက်လို့ပေးနေတော့သည်။ ဓါတ်ပုံတွေရိုက်အပြီးမှာတော့…
“အော်..ဒါနဲ့…ဒီကအကိုက”
“အော်..ဟုတ်ကဲ့…ကျွန်တော့်နာမည်က ချစ်ဦးမောင်ပါ…ရန်ကုန်မှာဘဲ နေပါတယ်ခင်ဗျ၊ ဒါ…ကျွန်တော့ရဲ့ လိပ်စာကဒ်လေးပါ..နောက် ကြုံရင် ၀င်လာခဲ့ပါ…”
“ဟုတ်ကဲ့…”
“ချစ်ဦးမောင်တဲ့” နာမည်ကလည်း စီးလိုက်တာနော်..ဘယ်လိုခေါ်ရပါ့မလဲ…
“ကို…ကိုချစ်ဦးမောင်…”
“ပြောပါခင်ဗျ”
“ဒါ..လေပြေရဲ့ လိပ်စာကဒ်ပါ…”
“ဟို…လေပြေတို့ ဓါတ်ပုံတွေ ဘယ်အချိန်ရမလဲမသိဘူး…”
“ညနေလောက်ကျ ရမယ်ခင်ဗျ…ခု မလေပြေတို့က ဘယ်မှာတည်းလဲမသိဘူး…”
“လေပြေတို့က ခုညနေ ပြန်တော့မှာလေ..မတည်းတော့ပါဘူး စရိတ်တွေကကြီးတယ်လေ…ဟိုမှာလည်း အလုပ်လေးတွေရှိသေးလို့ပါ…”
“ဒါဆို…အော်….ရပြီခင်ဗျ…ကျွန်တော် စာတိုက်ကဖြစ်ဖြစ် ပို့ပေးလိုက်မယ်လေ”
“အော်…ဟုတ်ကဲ့…ဒါဆိုလည်း ကျေးဇူးတင်ပါတယ်ရှင့်”
“လေပြေတို့ကို ခွင့်ပြုပါအုံးနော်…နောက်မှဆုံကြတာပေါ့”
တစ်လခန့်အကြာမှာတော့ လေပြေတို့ရုံးသို့ ကိုချစ်ဦးမောင် ဆက်သွယ်လာပါတော့သည်။
“ကလင်….ကလင်…ကလင်”
“ဟယ်လို…”
“မလေပြေနဲ့ ပြောချင်လို့ပါခင်ဗျာ”
“ဟုတ်ကဲ့…လေပြေပြောနေပါတယ်ရှင်”
“အော်…မလေပြေ…ကျွန်တော် ချစ်ဦးမောင်ပါ”
“ဟုတ်ကဲ့…ကိုချစ်ဦးမောင်…”
“ဓါတ်ပုံကိစ္စပါ…ကျွန်တော် ပြည်မြို့ကို လာစရာရှိလို့ခင်ဗျ…အဲ့ဒါ လမ်းကြုံတာနဲ့ တခါတည်းယူလာခဲ့ပေးမလား လို့ပါ”
“အော်..ဟုတ်ကဲ့…အပန်းကြီးနေမှာပေါ့…”
“ရပါတယ်…ကိစ္စမရှိပါဘူး…ကျွန်တော် မနက်ဖြန် ဆင်းလာမှာဗျ”
“အော်..ဟုတ်ကဲ့..လာမယ်ဆို…လေပြေကို ဖုန်းကြိုဆက်လိုက်နော်”
“ဟုတ်ကဲ့ခင်ဗျ”
နောက်တနေ့ညနေစောင်းမှာတော့…
“ကလင်…ကလင်..”
“ဟယ်လို…”
“မလေပြေလားခင်ဗျ”
“ဟုတ်ပါတယ်ရှင့်…”
“ကျွန်တော် ချစ်ဦးမောင်ပါ…”
“အော်..ကိုချစ်ဦးမောင်…ရှင် ဘယ်ရောက်နေပြီလဲ”
“ကျွန်တော်..အခု ပြည်ကိုရောက်နေပြီဗျ…”
“ဟယ်..ဟုတ်လား”
“ဒါဆို..ရှင်..ကြံခင်းကားကို စီးလာခဲ့လေ…”
“လေပြေ ကားဂိတ်ကစောင့်နေလိုက်မယ်”
ညဥ့်နက်ပိုင်းမှာတော့….ကိုချစ်ဦးမောင် ရောက်လာခဲ့တော့သည်….လေပြေဖေဖေနှင့်အတူ ကိုချစ်ဦးမောင်ကို အိမ်သို့ခေါ်လာခဲ့ကြသည်..။
“ကိုချစ်ဦးမောင်…ဒါက လေပြေဖေဖေ ဦးနေရောင်တဲ့…ဒီဘက်ကတော့ မေမေ ဒေါ်ကြည်ကြည်တဲ့”
“ဖေဖေနဲ့မေမေ…မှတ်မိလား…ဒါ သမီးဘွဲ့ယူတုန်းက ဓါတ်ပုံရိုက်ပေးတဲ့သူလေ…ကိုချစ်ဦးမောင်တဲ့”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ”
ညက ညဥ့်နက်ခဲ့ပြီဆိုတော့ ကိုချစ်ဦးမောင်တယောက် တည်းခိုခန်းငှားအိပ်ရတော့မည်…လေပြေတို့အိမ်တွင် အိပ်မည်ဆိုပါက မသင့်တော်…ထို့ကြောင့် ကိုချစ်ဦးမောင်ကို..လေပြေတို့ အိမ်အနီးအနားရှိ တည်းခိုခန်းသို့ ညွှန်ပြပေးခဲ့သည်…။
မနက်မိုးလင်းချိန်…
“လေပြေ…ကျွန်တော် ပြန်တော့မယ်ဗျ၊ ဦးတို့ ဒေါ်ဒေါ်တို့ ပြန်လိုက်ပါအုံးမယ်”
“အေးကွယ်…”
“လေပြေ…ကျွန်တော် ဖုန်းဆက်မယ်နော်”
ကိုချစ်ဦးမောင် ပြန်တော့မည်ဆိုတော့ လေပြေရင်ထဲ ဟာတာတာကြီးလိုလို ဖြစ်သွားခဲ့ရသည်…ဘာဖြစ်မှန်းမသိ တဲ့ ခံစားချက်တစ်ခု ၀င်ခဲ့သည်။ အို…သူနဲ့ငါနဲ့က ခုမှ တွေ့ဘူးမြင်ဘူးတာပဲလေ..ဆိုပြီး အလုပ်သွားရန် ပြင်ဆင် လိုက်တော့သည်..။
နှစ်ရက်ခန့်အကြာမှာတော့…ကိုချစ်ဦးမောင် လေပြေကို ဆက်သွယ်လာခဲ့ပြန်သည်။ ဒီလိုနဲ့ လေပြေနဲ့ ကိုချစ်ဦးမောင်တို့ ဖုန်းလေးဖြင့် စကားပြောခဲ့တာ (၃)လခန့်ကြာသွားခဲ့ပါသည်။ တစ်နေ့မှာတော့…
“လေပြေ..”
“ရှင်…”
“ကျွန်တော် လေပြေကို ချစ်မိနေပြီဗျာ..၊ ဘယ်လိုပြောရမလဲ…ချစ်တာတွေထက်ပိုတယ်ပေါ့နော်”
“ကျွန်တော့်ကို အဖြေလေးတစ်ခု ပြန်ပေးပါအုံးဗျာ..နော်”
“ကိုချစ်ဦးမောင်ကလည်း…လေပြေတို့ ခုမှ စကားပြောတာ…ဘယ်လောက်ကြာသေးလဲလို့…ပြီးတော့ လေပြေနဲ့ ကိုချစ်ဦးမောင်က…တယောက်တနယ်စီတွေလေ…လေပြေ ဘယ်လိုယုံရမှာလဲ”
“လေပြေရယ်…အချစ်ဆိုတာ..ပြောရခက်ပါတယ်ဗျာ..ဒါပေမယ့် သေချာတာတခုကတော့ ကျွန်တော် လေပြေကို ချစ်တယ်ဆိုတာပါပဲဗျာ”
“ဘယ်လိုလဲ ကျွန်တော့်ကို အဖြေပြန်ပေးမယ်မဟုတ်လားဟင်…”
လေပြေ…ဟန်ဆောင်မနေချင်တော့ပါ…ကိုချစ်ဦးမောင်ကို လေပြေချစ်နေမိခဲ့သည်လား…ချက်ချင်းပဲ အဖြေပေး လိုက်မိခဲ့သည်။
“လေပြေ…ကိုချစ်ဦးမောင်ကို ချစ်ပါတယ်..”
“တကယ်လား…လေပြေရယ်…ကျွန်တော် အရမ်းဝမ်းသာတယ်ဗျာ”
“ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်…”
“ဘာလဲ..ကိုချစ်ဦးမောင်…”
“အဲ့ဒါလေ…အဲ့ဒါ…”
“ဘာလဲဟင်…လေပြေကလည်းဗျာ…”
“ဟီးဟီး…”
“မရယ်ပါနဲ့ဗျာ…ကျွန်တော့်ကို ကိုချစ်ဦးမောင်လို့ မခေါ်ပါနဲ့တော့နော်…”
“ဒါဖြင့် လေပြေက ဘယ်လိုခေါ်ရမလဲ…”
“ကျွန်တော် ခေါ်ခိုင်းတဲ့အတိုင်း ခေါ်မလား…”
“အင်း..”
“မောင်…လို့ ခေါ်လေ”
“မောင်…”
“အင်း..ဟုတ်ပြီ..ဟုတ်ပြီ…”
“မောင်….မောင်…”
အချိန်တွေကြာအောင် လေပြေနဲ့မောင် ချစ်ခဲ့ကြသည်..မကြာခဏဆိုသလို လေပြေနဲ့မောင်တို့ တွေ့ခဲ့ကြသည်.. မောင်ကတော့ လေပြေကို ကျန်းမာရေးကစလို့ နေတာထိုင်တာမှအစ ပြောဆိုခဲ့သည်။ ဘာတွေဖြစ်နေလဲ…ဘယ်လိုတွေဝတ်လည်း….ဟိုဟာကိုဝတ်ရင်တော့ လေပြေနဲ့ မလိုက်ဖက်ဘူး..ဒီဟာကို စားရင်တော့ မိန်းကလေးနဲ့မတည့်ဘူး၊ စသဖြင့် ဂရုစိုက်မှုတွေပိုနေခဲ့သည်…လေပြေနဲ့မောင် အချစ်တွေ တိုးလာ ခဲ့သည့်အချိန် (၆)လခန့်အကြာမှာတော့….
“လေပြေ..”
“ဘာလဲ မောင်”
“မောင်…ဒီလထဲမှာ စင်္ကာပူကိုသွားရတော့မယ်”
“ဘာကိစ္စလဲ..မောင်”
“မောင် အလုပ်သွားလုပ်မှာပါ…”
“ဒီမှာလည်း မောင် အလုပ်လုပ်နေတယ်လေ..”
“ဟုတ်ပါတယ်..ဒါပေမယ့် ဟိုမှာက ပိုပြီးအဆင်ပြေနိုင်မယ်လေ…ပြီးတော့ မောင်တို့မိသားစုအတွက် မောင် ရပ်တည်ပေးရအုံးမယ်လေ..”
“ဒါဆို..လေပြေနဲ့မောင်..ဝေးရတော့မှာပေါ့နော်”
“မဝေးရပါဘူး..လေပြေရယ်…မောင် လေပြေကို ဖုန်းဆက်မယ်…ပြီးတော့ အခု အင်တာနက်တွေ ရှိနေပြီလေ..မောင်တို့ အဆက်အသွယ်ရမှာပေါ့…မောင် ဟိုရောက်တာနဲ့ လေပြေကို ဖုန်းဆက်လိုက်မယ်လေ”
“မောင်ရယ်….”
လေပြေ မောင်သွားတဲ့နေ့မှာ လေဆိပ်ကိုလည်း လိုက်မပို့နိုင်ခဲ့ပါ…ရန်ကုန်မြို့နဲ့ကြံခင်းဆိုတော့ လေပြေ ရန်ကုန်မြို့ကို မကျွမ်းကျင်တာလည်းပါပါတယ်…မောင်သွားမယ့်နေ့လေးမှာ လေပြေ စိတ်ထဲကမှန်းမျှော်ခဲ့ရင်း လိုက်ပို့ခဲ့ရတော့သည်…မောင်ရယ်…မောင်နဲ့လေပြေ ချစ်ရမယ်လို့မှမ၀သေးဘူး ခွဲကြရပြီနော်…လေပြေ ဘယ်လို နေရတော့မလဲမောင်ရယ်…..
မောင်ပြောသည့်အတိုင်းပင်…စင်္ကာပူရောက်သည်နှင့် လေပြေကို ဖုန်းဆက်ခဲ့တော့သည်…
“လေပြေ..”
“မောင်ရယ်…လွမ်းလိုက်တာနော်…မောင် အဆင်ပြေရဲ့လားဟင်…”
“ပြေပါတယ် လေပြေရယ်…မောင့်အတွက် ဘာမှမပူနဲ့နော်..လေပြေသာ ကျန်းမာရေးကိုဂရုစိုက်နော်”
“အင်းပါ မောင်ရယ်..”
“အော်..ဒါနဲ့ လေပြေ…အင်တာနက်သုံးလို့ရလားဟင်”
“ဘာလို့လဲ..မောင်”
“အော်…အင်တာနက်က ဖုန်းထက်စာရင် ဈေးသက်သာတယ်လေ…မောင်နဲ့လေပြေ အလုပ်အားတဲ့ရက်ကို ဆုံပြီး စကားပြောကြမယ်လေ..”
“အင်း….ဒါဆို..ရုံးက စနေ၊ တနင်္ဂနွေပိတ်တာဆိုတော့…မောင်ရော…ဘယ်နေ့အားလဲ…မောင်ကတော့ တနင်္ဂနွေအားတယ်လေ..”
“ဒါဆို..အဲ့ဒီနေ့တိုင်း…အင်တာနက်ဆိုင်ကို လေပြေလာခဲ့မယ်လေ…”
“ဟုတ်ပြီ…မောင်လည်း အဲ့ဒီနေ့ အင်တာနက်ဆိုင်လာခဲ့မယ်နော်…”
လေပြေနဲ့ မောင်တို့နှစ်ယောက် ချစ်သူနှစ်ဦး တစ်ပတ်ဆိုတစ်ခါ တွေ့ခဲ့ကြရပေမယ့် အချစ်တွေက ချစ်မြဲချစ်နေလို့သာ…တခါတရံ အဝေးဆီမှာရှိနေသော မောင့်ကို လေပြေ သ၀န်တိုနေခဲ့မိသည်..မောင် အဝေးတစ်နေရာမှာများ ကောင်မလေးတွေနဲ့ ရှိနေမလားဆိုတဲ့စိတ်တွေကလည်း အချိန်တွေကြာလာသည်နှင့် ပိုခဲ့ရသည်..သို့ပေမယ့်လည်း လေပြေ မောင့်ကိုအရမ်းချစ်သည်…မောင်ကလည်း လေပြေကို အရမ်းချစ်ခဲ့သည်။ လေပြနှင့်မောင်တို့ ချစ်သူသက်တမ်းလေးက ဘာရယ်မဟုတ်ပေမယ့် (၃)နှစ်နီးပါးပင်ရှိနေခဲ့ကြပြီ…တစ်နေ့တော့
“မောင်…၊ မြန်မာပြည်ကို ဘယ်တော့ပြန်လာမလဲဟင်”
“မကြာတော့ပါဘူး လေပြေရယ်…မောင်..နောက်ထပ်(၁)နှစ်လောက်နေချင်သေးတယ်”
“မောင်ရယ်…နောက်ထပ်(၁)နှစ်ကြီးများတောင်မှလား…လေပြေ မောင်နဲ့နီးချင်နေပြီ”
မိန်းမသားမို့ ပြောရခက်ပေမယ့် လေပြရင်ထဲမှာတော့ မောင့်ကိုလက်ထပ်ချင်နေမိသည်…မောင့်ဘက်က ပြတ်သားမှုမရှိတဲ့ အချစ်စကားတွေကြားမှာ အချိန်ကာလတွေကိုစောင့်စားခဲ့ရတာ လေပြေအတွက် ပင်ပန်းလှသည်။ လေပြေ ဘာလုပ်ရမလဲမောင်ရယ်…ဆိုပြီး သက်ပြင်းလေး ခပ်တိုးတိုးချလိုက်မိသည်။
“လေပြေ သစ္စာရှိစွာနဲ့ မောင့်ကို စောင့်နေပါနော်…မောင်ပြန်လာခဲ့မယ်”
“ကောင်းပါပြီ မောင်ရယ်…လေပြေ သစ္စာရှိရှိနဲ့ မောင့်ကို စောင့်နေပါ့မယ်နော်”
နှစ်တွေကကြာခဲ့ပါပြီ…တစ်နှစ်ဆိုတဲ့အချိန်ကာလလေးဟာ…လေပြေအတွက်တော့ အကြာကြီးစောင့်နေရသလိုပါပဲ..ဒါပေမယ့် မောင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနှင့် လေပြေစောင့်နေခဲ့သည်။ မိုးရာသီရဲ့အစဟာ မိုးစက်မှုံတွေက ထိမှန်လို့ သစ်ပင်တွေက ယိမ်းနွဲ့စွာနဲ့ အထီးကျန်နေသော လေပြေအတွက် မောင့်ကိုလွမ်းစိတ်က ပိုလာခဲ့သည်…“မောင်” ဘယ်တော့များပြန်လာမလဲဆိုတဲ့စိတ်တွေက ရာသီတွေတောင် စောင့်ဆိုင်းမနေတော့ပါလား….မိုးရာသီကုန်ပြန်လို့ ဆောင်းရာသီရဲ့ တစ်နေ့သောအချိန်မှာတော့…
“လေပြေ…”
“ရှင်…”
“မောင်…လေပြေကို ပြောစရာရှိတယ်”
“ဘာများလဲ မောင်”
“မောင်….မောင်…”
“ပြောလေ…မောင်”
“မောင်…မိန်းကလေးတစ်ယောက်နဲ့လက်ထပ်တော့မယ်…”
“ရှင်”
အံ့သြယိုဖိတ်မှုတွေနဲ့အတူ လေပြေရင်တစ်ခုလုံး ဆုတ်ပြတ်သွားအောင် စကားလုံးတွေက ပြင်းထန်သွားခဲ့ သည်။ မမျှော်လင့်သောအိပ်မက်တစ်ခု၊ မျှော်လင့်ခဲ့သောအရာတစ်ခု ဆုံးရှုံးခဲ့ရသည်။ ရင်ထဲမှ ကြေကွဲဆို့နင့်မှု တွေက လေပြေမျက်ဝန်းမှ မျက်ရည်စတွေကို ထိန်းထားနိုင်စွမ်းမရှိခဲ့တော့ပြီ…..ရက်စက်လိုက်တာမောင်ရယ်လို့ ပါးစပ်ဖျားမှ ပြောချင်ပေမယ့်…ရင်ထဲမှာသာ စကားလုံးတွေရှိနေခဲ့ပြီး…လေပြေနှုတ်ဖျားတွေမှ ထွက်ကျမလာခဲ့။ စီးကျလာသော မျက်ရည်စတွေနဲ့အတူ ရှိုက်သံတခုထွက်ပေါ်မလာအောင် ထိန်းထားရတဲ့ လေပြေရဲ့နှလုံးသားမှ ဆို့နင့်အက်ကွဲသံတွေနဲ့အတူ…..
“မောင်…”
“မောင်”လို့ ခေါ်ပြီးမှ လေပြေ သတိရမိတော့သည်…
“မောင်”လို့ နောက်ဆုံးခေါ်ခွင့်ပြုပါနော်”
“ရပါတယ် လေပြေ”
“မောင်တို့ ဘယ်တော့လက်ထပ်ကြမလဲဟင်”
“လာမယ့် ဒီဇင်ဘာထဲမှာ လေပြေ”
“စင်္ကာပူမှာပဲလား မောင်”
“ဟုတ်တယ်…လေပြေ”
“ဒါဆို…မောင်တို့ ဇနီးမောင်နှံအတွက် လေပြေ လက်ဖွဲ့လေးတစ်ခု ပို့ပေးမယ်နော်၊ နောက်ဆုံးပေါ့”
“ဟာ…ရပါတယ် လေပြေရယ်…နီးနီးမှမဟုတ်ဘဲ…”
“ရပါတယ်…လေပြေရောက်အောင်ပို့ပေးလိုက်ပါ့မယ်”
တစ်လတစ်လနဲ့ဆိုသလို ဒီဇင်ဘာလကိုတောင် ရောက်လာခဲ့ပြီ….လေပြေနဲ့မောင် လမ်းခွဲခဲ့တာ ဘာလိုလိုနဲ့ (၆)လပြည့်တော့မယ်။ အသည်းကွဲခြင်းဆိုတာ လေပြေအတွက်မဟုတ်ပါဘူး…မောင်ရယ်….လေပြေထက် ချစ်ရမယ့်သူကို လက်တွဲသွားလို့ လေပြေ ကျေနပ်နေပါ့မယ်နော်…၀မ်းသာပါတယ်…မောင်နဲ့ဇနီးချောလေးတို့ ထာဝရခိုင်ခိုင်မြဲစွာနဲ့ လက်တွဲသွားနိုင်ကြပါစေနော်….လေပြေကတော့ မောင်နဲ့ဝေးရာဆီမှာ အထီးကျန်စွာနဲ လျှောက်လှမ်းနေရအုံးမှာပါ…။
အချစ်ဆိုတာ တခါတရံတော့လည်း မုန်းရခက်ခက် လွမ်းရတတ်တဲ့သဘောသည်သာ…နှလုံးသားကိုနှုတ်ဆိတ် ကြိတ်မှိတ်ကာ တံခါးလေးပိတ်လို့…တိတ်တိတ်လေးပဲ ထွက်သွားပေးပါလားကွယ်…..။
(ချစ်သောသူနှင့်ကွဲကွာရခြင်း၊ မချစ်သောသူနှင့်ပေါင်းဖက်ရခြင်းမှ…..ချစ်သူတွေ ကင်းလွတ်နိုင်ကြပါစေ။)

နေခြည်သစ်နွယ်(ပြည်)

No comments: