Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, July 7, 2012

“ယုံကြည်ရာ chattingအချစ်”

“ယုံကြည်ရာ chattingအချစ်”
“မောင် ကြာဖြူပြောနေတယ်နော်”
“ဘာလဲ ကြာဖြူရာ”
“မောင့်ကို အင်တာနက်ဆိုင် မသွားနဲ့လို့ ပြောနေတယ်လေ”
“ကြာဖြူ မင်းဟာက မလွန်လွန်းဘူးလားကွာ…အင်တာနက်ဆိုင်သွားတာနဲ့ ကောင်မလေးတွေရှုတ်တာနဲ့ ဘာဆိုင်လို့လဲကွာ”
“မသိဘူး “မောင်ရာ”  ကြာဖြူ စိတ်မချတာပဲသိတယ်”
“မောင်”ဟာ ကြာဖြူသိပ်ချစ်ရတဲ့ ခင်ပွန်းသည်တစ်ယောက်ဖြစ်သည် “မောင့်နာမည်က” ဝေခန့်၊ မောင်နဲ့ကြာဖြူတို့ ကျောင်းပြီးသွားတဲ့အချိန်တွေမှာ လုပ်ငန်းခွင်ကိုယ်စီဖြစ်နေကြသည်။ မောင်က အင်တာနက် ဆိုင်တွေကို တပတ်တစ်ခါဆိုသလို လာတတ်သူလည်းဖြစ်သည်။ ကြာဖြူကလည်း တစ်ပတ်တစ်ခါ အင်တာနက်
ဆိုင်သို့လာတတ်သူပင်ဖြစ်သည်။ မောင်က သူကိုယ်တိုင်ဖန်တီးထားသမျှကဗျာတွေ၊ စာတိုပေစလေးတွေကို ၀ဘ်ဆိုဒ်များပေါ်သို့ တင်တတ်သလို၊ ကြာဖြူကလည်း ပြီးဆုံးသွားသော ၀တ္ထုများကို ၀ဘ်ဆိုဒ်များပေါ်သို့ တင်လေ့ရှိသည်။ မောင်နဲ့ကြာဖြူတို့နှစ်ဦးသည် ၀ဘ်ဆိုဒ်များပေါ် အပြုံးချိုချို၊ အပြောချိုသလောက် လူချစ်လူခင် လည်းပေါများခဲ့ပြီး၊ စတားလို့ပင်ပြောလို့ရနိုင်သည်။ ဒါကြောင့်လည်း မောင့်ကို ကြာဖြူက စိတ်မချနိုင်ဖြစ်ခဲ့ ရသည်။
အပျိုစင်ဘ၀က ကြာဖြူတစ်ယောက် လွတ်လွတ်လပ်လပ်နှင့် စာတွေကိုရေး၊ စိတ်ကူးတွေနဲ့ ကဗျာလေး တွေတည်ဆောက်၊ စိတ်တိုင်းကျ တည်းဖြတ်ပြီးတဲ့အခါ အင်တာနက်ဆိုင်သို့ တစ်ယောက်တည်း ထွက်လာတတ်ခဲ့သူပီပီ၊ ခုချိန်မတော့ မောင့်ရဲ့ဝေယျာဝစ္စတွေကတစ်ဖက်၊ အလုပ်တွေကတစ်ဖက်၊ အားတဲ့ အချိန်လေးကျပြန်တော့လည်း စာရေးဖို့က ဈာန်မ၀င်၊ ဈာန်ဝင်လာတဲ့အချိန်ကျပြန်တော့ အလုပ်တွေက တစ်ဖက်ဆိုပြန်တော့ စိတ်တိုင်းမကျတွေ ဖြစ်လာရပြန်ပါတော့သည်။
“မောင်..ဒီနေ့ ကြာဖြူ အင်တာနက်ဆိုင်သွားမလို့”
“ဘာသွားလုပ်မှာလဲ”
“ဘာလုပ်ရမှာလဲ မောင်ရဲ့ ရေးပြီးသားစာလေးတွေ သွားတင်လိုက်အုံးမယ်လေ”
“မကြာစေနဲ့နော် ကြာဖြူ..ပြီးတော့ chattingတွေလည်း ထိုင်မနေနဲ့အုံးနော်”
“မောင်ရယ်..ခုချိန်မှာ ကြာဖြူအတွက် chattingက အရေးပါလို့လားမောင်ရဲ့ ပြောပါအုံး…”
“ကြာဖြူ စာတင်ပြီး..ကွန့်မန့်လေးတွေဖတ်ပြီးရင် ပြန်လာမှာပါနော်…နော် မောင်”
“ပြီးရော…ပြီးရော”
နေ့စဉ်နဲ့အမျှ အင်တာနက်ဆိုင်သို့သွားမည်ကြံလိုက်တိုင်း မောင်နဲ့ရန်ဖြစ်ရစမြဲ၊ စကားခွန်းကြီးခွန်းငယ်များရ စမြဲပင်၊ စကားတွေများ၊ ရန်တွေဖြစ်နေရပေမယ့်လည်း ကြာဖြူနှင့်မောင်တို့ရဲ့ ၀ါသနာများကိုတော့ မစွန့်လွှတ် နိုင်ကြပေ၊ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နှင့်ပင် အချိန်တွေကို ကုန်လွန်စေခဲ့တော့သည်။
တစ်နေ့တော့ ကြာဖြူအင်တာနက်ဆိုင်သွားမည်ဆိုတော့ မောင်ကပါလိုက်ချင်သည်။ ဘယ်နှယ့်လုပ်ရပါ့မတုန်း၊ ကြာဖြူ အကြံထုတ်နေမိသည်။
“ကြာဖြူရေ ဒီတစ်ပတ် နက်ဆိုင်သွားရင် မောင်လည်းအတူတူလိုက်မယ်နော်၊ မနေ့က ရေးလက်စ ၀တ္ထုလေးက ပြီးသွားလို့လေ”
“မောင်ရယ် ခါတိုင်းလည်း မောင်တစ်ယောက်တည်းသွားနေကျမဟုတ်လား၊ ခုလည်း မောင်တယောက်တည်း သွားပေါ့၊”
“ဘာလို့လဲ ကြာဖြူရဲ့ ကိုယ့်မိန်းမနဲ့အတူတူသွားတာလေ”
“မဟုတ်ပါဘူးမောင်ရဲ့ ကြာဖြူ ဒီတပါတ် စာတွေမတင်ချင်သေးလို့ပါ..ဟောဗျာ ဟိုတနေ့ကပဲပြောတော့ ဒီတပါတ်သွားမယ်ဆို၊ ပြီးတော့ ကြာဖြူရေးတဲ့ဝတ္ထုလေးပြီးသွားတာ မောင်တွေ့ပါတယ်၊ တခါတည်းပဲလိုက်ခဲ့ပါ ကြာဖြူရယ်နော်”
ကြာဖြူ ဘယ်လိုမှမတတ်နိုင်တော့၊ မောင်နဲ့အတူ အင်တာနက်ဆိုင်သို့ လိုက်လာခဲ့ရတော့သည်။ ဆိုင်ရောက် လာတော့ စာတွေတင်ရမည့်ဝဘ်ဆိုဒ်လေးကို ဖွင့်လိုက်သည်။ ကြာဖြူတစ်ယောက်တည်းဆိုလျှင် chattingခဏ တော့ထိုင်တတ်သည်။ ဘာရယ်တော့မဟုတ်ပါ ကြာဖြူကိုချစ်သော ညီအကိုမောင်နှမများကို နှုတ်ဆက်တတ် သည်။ အခုတော့ မောင်လည်း ပါလာသည်ဆိုတော့ ဂျီတော့ကိုပင်ဖွင့်ရမည်ကိုစိုးရိမ်နေမိသည်။ ဘာကြောင့်လဲဆိုသည် ကြာဖြူကိုချစ်သောစာဖတ်ပရိတ်သတ်များနှုတ်ဆက်လျှင် မောင်က သ၀န်တိုတတ်မြဲ ဖြစ်သည်၊ တချို့ကျတော့လည်း…ဘာရယ်မဟုတ် အပျော်ကြူတတ်ကြသောကြောင့်ပင်ဖြစ်သည်၊ ထို့ကြောင့် လည်း ကြာဖြူ ဂျီတော့ကိုပင်မဖွင့်ချင်။
“ဟေ့ ကြာဖြူ ဂျီတော့လေးဘာလေး ဖွင့်ပါအုံးကွာ”
“အဟင်း..အင်း…ဟင်း”
“ဘာဖြစ်နေတာလဲ ကြာဖြူရ”
ကြာဖြူ ဘာလုပ်ရမည်လဲ စဉ်းစားနေမိသည်၊ ခက်ပြီ
“ကြာဖြူ မင်း ဘာမဟုတ်တာတွေများလုပ်ထားလို့လဲ မောင့်ကိုပြောစမ်း”
“မလုပ်ပါဘူး မောင်ရယ်…ဟို…ဟိုလေ”
“ကဲ ဘာမှပြောမနေနဲ့တော့..ပြော..မောင့်ကို ကြာဖြူရဲ့ password”
ကွန်ပျူတာခလုတ်လေးကို နှိပ်လိုက်ပြီး ဂျီတော့ကို “မောင်” အသေအချာလေးဖွင့်နေသည်။ ဆိုင်းအင်(န်)ပြလာ တဲ့အချိန်မှာတော့…
“ဟိုင်း”
“မမလား၊ ကျွန်တော်မျှော်နေတာ ကြာလှပြီ၊ ဘာတွေလုပ်နေတာလဲ “မ”ရာ၊ မောင်လေး မကို အရမ်းလွမ်းတာ ပဲသိလား၊ ပြီးတော့လေ “မ”ကို မတွေ့ရတဲ့ရက်တွေများ မောင် ငိုတောင်ငိုချင်တယ်သိလား၊ ခု မမ မလာတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ”
ဂျီတော့အကောင့်လေးက ရိုက်ချလာသော စကားတွေကြောင့် ဝေခန့်တစ်ယောက် မှင်သက်မိသွားသည်၊ အချိန်ကြာကြာစဉ်းစားခဲ့ပြီးနောက် ကြာဖြူဘက်သို့လှည့်ကြည့်ကာ…ဘာတွေဖြစ်ကုန်တာလဲ၊ ဘာတွေလဲ၊ ဒါဘာတွေလဲ…ဘာတွေလဲ၊ ဝေခန့်စိတ်ထဲ ဒေါသတွေပေါက်ကွဲကာ ရေရွတ်နေလိုက်သည်။ အတန်ကြာတဲ့အခါ ဝေခန့်စိတ်တွေ မရိုးမရွဖြစ်လာပြီး..
“ကြာဖြူ..လာ ပြန်မယ်”
ကြာဖြူ့လက်ကို ခပ်တင်းတင်းလေးတင်းကျပ်စွာဆုပ်ကိုင်ခဲ့ပြီး ဆိုင်တွင်းမှ ဆွဲထွက်လာခဲ့သည်၊ အိမ်ရောက် လာသည့်အခါ ဝေခန့်၏ ဒေါသတွေက အလုံးလိုက်အရင်းလိုက် ပေါက်ကွဲထွက်လာတော့သည်။
“ကြာဖြူ…မင်းကွာ..မင်းမို့လုပ်ရက်တယ်ကွာ…မင်း. အရှက်မရှိဘူးလား…ကိုယ့်လင်သား ငုတ်တုတ်ကြီးရှိတာ တောင် မင်းကကွာ…chattingထဲမှာ ကြွေနေတယ်ဟုတ်လား…ငါကတော့ ချစ်လိုက်ရတာ..နှစ်ယောက်အတူ ၀ါသနာပါလွန်းတဲ့အလုပ်လေးကို အတူတူလုပ်ခဲ့ကြတာ..ခုတော့ကွာ မင်းက သစ္စာမဲ့လှချည်လား ကြာဖြူရာ”
ကြာဖြူ ဘာတစ်ခွန်းမျှပြန်မပြောဘဲ ဆိတ်ဆိတ်လေးနေလိုက်ပြီးမှ
“မောင် ပြောလို့ကုန်ပြီလား..ပြောလို့ရောဝပြီလား..မောင်ပြီးရင် ကြာဖြူပြောမယ်”
“အေး…မင်းက ငါ့ကို ဘာဆင်ခြေတွေများပေးအုံးမလို့လဲ ဒေါ်ကြာဖြူ..”
“ကြာဖြူပြောတာကို ဆုံးအောင်နားထောင်ပါမောင်..ပြီးမှ မောင် ကြိုက်သလိုဆုံးဖြတ်ပါ”
“ကောင်းပြီ…မင်းပြော…ငါနားထောင်မယ်”
“ကြာဖြူနဲ့မောင်က အွန်လိုင်းကနေ ချစ်သူတွေဖြစ်ပြီး ညားခဲ့ကြတယ်ဆိုပေမယ့် ကြာဖြူ မောင့်ကို တကယ့်ကိုသိပ်ချစ်ခဲ့လို့ပါ၊ ကြာဖြူနဲ့မောင် ချစ်သူဘ၀တည်းက မဟုတ်တာမှန်သမျှ ကြာဖြူ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး၊ မောင့်အပေါ်ကိုသာ ကြာဖြူဘ၀၊ ကြာဖြူရဲ့အချစ်တွေအားလုံးပုံပေးခဲ့တာပါ၊ ကြာဖြူဟာ ကိုယ်ကျင့်တရားကောင်မွန်တဲ့မိန်းမပါမောင်၊ မောင်နဲ့ကြာဖြူ ချစ်သူဘ၀တည်းက ကြာဖြူကို ယောက်ျားလေး မိန်းကလေး၊ ကြီးငယ်မရွေး ချစ်ခင်ခဲ့ကြတာပါ၊ ဒါတွေကို သာယာမှုနဲ့ ကြာဖြူတုန့်ပြန်ခဲ့တာမဟုတ်ပါဘူး၊ ကြာဖြူကို ချစ်ကြတဲ့ စာပေချစ်ပရိတ်သတ်တွေအနေနဲ့ပါ၊ မောင်လည်းနားလည်မှာပါ၊ နောက်တစ်ခုက ခုဖြစ်သွားတဲ့ကိစ္စကလည်း ဒီကောင်လေးက ဇွတ်ပြောနေတာပါ ကြာဖြူ ဘာတစ်ခွန်းမှမပြောခဲ့ပါဘူးမောင်၊ ကြာဖြူကိုချစ်ကြတဲ့သူတွေအများကြီးပါမောင်၊ ဒါပေမယ့် ကြာဖြူချစ်တာ မောင်တစ်ယောက်တည်းပါ၊ ကြာဖြူရဲ့ ဘ၀တခုလုံး မောင့်လက်ထဲကို ထည့်ခဲ့ပြီလေ၊ ခုကိစ္စမှာလည်း ကြာဖြူဘက်က သစ္စာပျက်ခဲ့တယ်လို့ ထင်ခဲ့ရင် မောင်ကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ်၊ တစ်ခုတော့ပြောပါရစေမောင်၊ ကြာဖြူဘ၀မှာ “မောင်”လို့ အသက်ထက် ချစ်ရတဲ့ ဝေခန့်ဆိုတဲ့လူပဲ ရင်ထဲမှာရှိတယ်ဆိုတာ ယုံပေးပါ၊ ကြာဖြူ ဒီည မေမေတို့အိမ်မှာဘဲ သွားအိပ်တော့ မယ်၊ ကြာဖြူကို ခွင့်ပြုပါမောင်” ဟုဆိုပြီး လှည့်ထွက်သွားခဲ့သည်။
ဝေခန့်တစ်ယောက် ဘာလုပ်လို့လုပ်ရမည်မသိ အခန်းတွင်းမှာ တစ်ယောက်တည်း ငူငူကြီးကျန်ရစ်ခဲ့သည်၊ ဆံပင်တွေကို လက်နှစ်ဖက်ဖြင့်ပွတ်သက်ရင်း၊ စားပွဲပေါ်သို့ လက်သီးဖြင့် ဒုန်းကနဲထုလိုက်ရင်း ထိုင်ချပစ်လိုက် သည်။ ငါမှားသွားလား၊ ငါမှန်သလား..ဝေခန့်ရင်ထဲ ဝေခွဲမရအောင်ဖြစ်သည်၊ ငါ ကြာဖြူရဲ့ ကိုယ့်ကျင့်တရားကို စော်ကားသလိုများဖြစ်နေမလား..ဘာတွေလဲ..ပွရောင်းနေသောဆံပင်တွေကို လက်ဖြင့်ပွတ်သတ်ပြီး စဉ်းစားမရ အောင်ဖြစ်နေသည်၊ ဒီည ကြာဖြူမရှိရင်ရော ဘယ်လိုနေရပါ့မလဲ၊ ငါကရော တကယ်ပဲ ကြာဖြူနဲ့ ခွဲခွာနိုင် လို့လား၊ အို…ဘာတွေလဲကွာ…စားပွဲမှ ထရပ်လိုက်ပြီး မီးဖိုချောင်အခန်းဘက်ဆီမှ ရေခဲသတ္တာထဲတွင် ထည့်ထားသော ၀ီစကီတစ်ပြားကိုယူကာ ဖန်ခွက်ထဲသို့သွန်ချပြီး..တရှိန်ထိုးမော့ချပစ်လိုက်သည်၊ ရှိန်းကနဲဆို ဝေခန့်ရင်ထဲ လှိုက်လှိုက်ဖြစ်လာပြီး ဘာမှန်းမသိတော့..“ကြာဖြူရေ မောင်အရမ်းချစ်တယ်ကွာ..မောင့်ဆီကို ပြန်လာပါတော့နော်”ဟုဆိုပြီး ကြမ်းပြင်ပေါ်တွင် လူမှန်းမသိအောင်လဲကျသွားခဲ့တော့သည်။
မနက်မိုးအလင်း ကြာဖြူရောက်လာချိန်တော့ ကြမ်းပြင်တွင်လဲလျက်သားအိပ်ပျော်နေသော မောင့်ကိုတွေ့လိုက် ရသည်။ စိတ်ထဲမှထိတ်လန့်မှုခြေလှမ်းတွေက မောင့်ဆီကို ရောက်လာခဲ့သည်။ မောင့်ကို လှုပ်ခါနှိုးလိုက်ပြီး စကားတလုံးတပါဒမျှထွက်မလာခဲ့။ ပါးစပ်မှ အမြှုပ်တစီစီထွက်နေပြီး ပါးစပ်တစ်ခြမ်းကလည်းရွဲ့စောင်းနေ သည်။ ကြာဖြူဘာလုပ်ပေးရမည်မသိ…
“မောင်…မောင်”
“မောင် ..ဘယ်လိုဖြစ်နေတာလဲဟင်”
အိမ်နီးနားချင်းများ၏အကူအညီရယူခဲ့ပြီး မောင့်ကို ဆေးရုံတင်လိုက်ရသည်။ “မောင်” လေဖြတ်သွားခဲ့သည်၊ ကုတင်ပေါ်တွင် လဲလျောင်းနေသောမောင့်ကိုကြည့်ပြီး ကြာဖြူဝမ်းနဲလာခဲ့ရသည်၊ မျက်ရည်များက ထိန်းလို့ မရနိုင်ခဲ့ပေ၊ မောင်ရဲ့လက်ကို တင်းတင်းကျပ်ကျပ်လေးဆုပ်ကိုင်ခဲ့သည်။
“မောင်…သက်သာရဲ့လားမောင်..ဖြစ်မှဖြစ်ရလေမောင်ရယ်”
စကားပြန်မပြောနိုင်သော ဝေခန့်ကတော့ မျက်ရည်များအ၀ိုင်းသားဖြင့် ကြာဖြူလက်ကလေးကိုဆုပ်ကိုင်ကာ တောင်းပန်ပါတယ်ဆိုသည့်အပြုအမူမျိုးနှင့် မျက်နှာအမူအယာများဖြင့် ပြသခဲ့သည်။
“ကြာဖြူ ခွင့်လွှတ်ပါတယ်မောင်ရယ်…နားလည်းလည်တယ်နော်”
ဆေးရုံနှင့်အိမ် ကူးချည်သန်းချည်လုပ်နေရသောကြာဖြူအတွက် ပင်ပန်းမှု၊ စိတ်ဖိစီးမှုဒဏ်တွေက ရေးလက်စ စာများပင် ဆက်မရေးနိုင်ခဲ့တော့ချေ၊ ကြာဖြူအတွက် မောင်ကအရေးကြီးနေသည်၊ မောင်ကျန်းကျန်းမာမာဖြစ် လာစေရန်သာ၊ မောင်ကလွဲ၍ ကျန်ရှိသောအလုပ်တွေက ကြာဖြူအတွက်တော့ အသေးအမွှားပင်၊ (၁)လခန့် အကြာ မောင်ဆေးရုံကဆင်းလာသည်နှင့် မောင်နဲ့အတူ ကြာဖြူပိုင်ဆိုင်ခဲ့သော အားလပ်ချိန်များကို မောင့် အတွက် ဝေမျှပေးခဲ့သည်၊ စကားတစ်ခွန်းစနှစ်ခွန်းစ ပြောလာနိုင်သော မောင့်ကိုပင် ကြာဖြူ ကြံဖန်၍ ကျေးဇူး တင်နေမိသည်။
“မောင်…ကြာဖြူတို့လေ…ဟိုးအရင်ကအချိန်တွေအတိုင်း ပိုလို့ချစ်ကြမယ်နော်၊ မောင့်အနားမှာ ကြာဖြူရှိနေ မယ်နော်”
ခေါင်းလေးအသာအယာညိမ့်လို့လာသော မောင့်ကို အပြုံးတွေဖြင့် ကြာဖြူငေးလို့မ၀ဖြစ်နေခဲ့ရသည်၊ ကြာဖြူရင်ခွင်ထဲသို့ ခေါင်းလေးဝှေ့ဝင်လာခဲ့သော မောင့်ဆံပင်များကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ပွတ်သပ်ရင်း..မောင်ရယ် ကြာဖြူတို့ အနှစ်နှစ်အလလက တည်ဆောက်ခဲ့တဲ့ ချစ်ခြင်းတွေကို ဘယ်တော့မှ မပျက်ဆီးစေရဘူးနော်…နောင်အနာဂါတ်မှာ မောင်နဲ့အတူ သာယာလှပတဲ့မိသားစုဘ၀လေးကို တည်ဆောက် ကြမယ်နော်…အချစ်တွေအားလုံးက မောင်နဲ့ကြာဖြူတို့ရဲ့ လက်ထဲမှာဘဲရှိနေကြမယ်နော်.. ချိုမြိန်တဲ့အချစ်တွေ ကို ရင်ခွင်မှာထွေးပိုက်ရင်းနဲ့  နှလုံးသားကမ္ဘာထဲမှာ ထာဝရနေသွားကြမယ်နော်၊ မောင့်ဘ၀ဟာ ကြာဖြူ၊ ကြာဖြူရဲ့ဘ၀ဟာလည်း မောင်ပါပဲကွယ်…….။
“အချစ်ဆိုတာ ချိုမြိန်သည်….ချစ်နေကြတဲ့အချိန်ခဏလေးမှာ တန်ဘိုးထားတတ်အောင်ကြိုးစားကြရမည်… အချစ်ကိုတန်ဘိုးမထားတတ်ရင် အချစ်ကလည်း တန်ဘိုးမထားဘူးဆိုတာသိစေချင်သည်၊ အချစ်တွေမှာ ယုံကြည်မှုတွေနဲ့အတူ သက်ဝင်စီးမျောနေခဲ့သည်၊ ယုံကြည်မှုကင်းမဲ့သောအချစ်တွေသည် ချိုမြိန်ခြင်းဆိုတာ တွေမရှိ တတ်၊ ခါးသီးတဲ့တုန့်ပြန်မှုတွေသာ ပေးအပ်တတ်သည်…”

 နေခြည်သစ်နွယ်(ပြည်)

No comments: