Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, July 28, 2012

“တစ်ခါတုန်းက….အတိတ်ဆီ”

“တစ်ခါတုန်းက….အတိတ်ဆီ”
ယခုလို ၀ါဆိုဝဿန်ရာသီမှာ မိုးတွေကလည်း “ဖြောက်…ဖြောက်…ဖြောက်..ဖြောက်” နှင့်ကျနေသည်ကို ကြည့်ရင်း ညီမလေး ကိုကို့ကို သတိရလာခဲ့မိသည်။ ညီမလေးတို့မောင်နှမတွေ တစ်ယောက်တစ်နေရာဆီ ဘ၀ရဲ့ ခရီးကြမ်းတွေကို အံတုပြိုင်လျှောက်ရင်းဖြင့် ဝေးနေခဲ့ကြရသည်။

မနက်မိုးသောက်အလင်းရောက်သည့်အခါ ညီမလေးကို အိပ်ရာမှနှိုးလို့…အစားအသောက်လေးတွေကို တယု တယနဲ့ ခွံ့ကျွေးခဲ့သူက ညီမလေးရဲ့ကိုကို၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတတ်အောင် သွန်သင်ပြသ ခဲ့သူကလည်း ညီမလေးရဲ့ကိုကိုပါပဲ….။
မိုးတွေက အရမ်းသည်းထန်လာသည့်အခါ ကိုကိုက ထီးကလေးမိုးပေးလို့…ခုတော့လည်း ဒီဇူလိုင်ရာသီတွေမှာ ညီမလေးတို့မောင်နှမတွေ တကွဲစီဖြစ်နေခဲ့လို့ပေါ့…။


 
ဝမ်းစာအတွက် ရှာဖွေရုန်းကန်ရင်းဖြင့် ၀ါသနာနှင့်အတူ ဖြစ်ပေါ်လာတဲ့ အနုပညာကို စီးမျောသက်ဝင်ခဲ့ကြပြီ။ ညနေစောင်းအချိန်တွေမှာဆို စက်ဘီးကလေးအတူတူစီးရင်း၊ သီချင်းတွေသီဆိုခဲ့ကြတာ ညီမလေးတို့ မောင်နှမ တွေပဲလေ…
မေမေကလည်း တစ်နေရာ…ညီမလေးကလည်း တစ်နေရာ..ကိုကိုကလည်း တစ်နေရာ… အဝေးတစ်နေရာဆီ မှာ ရောက်နေကြရပေမယ့် မျှော်လင့်ရင်း လွမ်းနေကြလိမ့်မယ်လို့ ထင်ပါတယ်နော်၊ ညီမလေးတို့ မဝေးခင် အချိန်တွေက ည(၇)နာရီအချိန်ရောက်သည်နှင့် ညစာတွေအတူစားခဲ့ကြပြီး၊ သီချင်းလေးတွေဆိုကာ.. ညအိပ်ရာဝင်အချိန်တိုင်းမှာလည်း ချော့သိပ်တတ်ခဲ့တဲ့ အိပ်ရာဝင်နေ့ရက်တွေကို လွမ်းမိပါတယ် ကိုကိုရယ်….။
ပြန်လာခဲ့ပါတော့…ကိုကိုရယ်…လွမ်းလှပါပြီ…
ကိုကိုလည်း လွမ်းနေရော့မယ်…မေမေလည်း လွမ်းနေမှာဘဲနော်…
နေမကောင်းတဲ့အချိန်တွေမှာ ပိုပြီးလွမ်းရပါတယ်…ဟိုးအရင်အချိန်တွေရဲ့ ညီမလေးတို့မောင်နှမတွေရဲ့ ပျော်ရွှင် စရာနေ့ရက်တွေကို တမ်းတမိပါပြီ ကိုကိုရယ်…။
လပြည့်တဲ့ညတွေတိုင်းမှာ မောင်နှမတွေ လမင်းကြီးကို ငေးကြည့်ကြရင်း…ကြယ်တွေကို လက်ချိုးရေတွက်ခဲ့ကြ တယ်နော်…၊ ဥက္ကာပျံတွေကြွေတဲ့အခါ…ဟိုး…မှာ ကြယ်တွေကြွေသွားပြီလို့ ရယ်ရယ်မောမောနဲ့ ပျော်ရွှင်ခဲ့ကြတဲ့ ညတွေကိုလည်း ပြန်လိုချင်မိပါတယ်…။

 
မေမေရယ်၊ ကိုကိုရယ်၊ ညီမလေးရယ် အတူတူရှိနေစဉ်အချိန်တွေဟာ သာယာပျော်ရွှင်ခဲ့ရသလို ဝေးနေခဲ့ရတဲ့ နေ့ရက်တွေမှာလည်း အတူတူလွမ်းနေလိမ့်မယ်နော်…။
ငိုနေရတဲ့ ရက်ပေါင်းတွေက မနည်းဘူးဆိုပေမယ့် ပြန်လာမယ့်နေ့ရက်တွေကို လက်ချိုးရေတွက်နေရတာ ညီမလေးတို့မောင်နှမတွေအတွက် မျှော်လင့်ချက်တစ်ခုပါပဲနော်၊ အခြားသောမောင်နှမတွေကို မြင်နေရတဲ့အခါ ရင်ထဲမှာနင့်နေအောင် ခံစားခဲ့ရတာတွေကို….ကိုကိုပြန်လာတဲ့အခါ ပြောပြမယ်လို့ ညီမလေး စိတ်ကူးမိပါတယ်။
တို့မောင်နှမတွေ၊ တို့မိသားစုတွေ ပြန်ဆုံကြတဲ့အခါ အရင်ကအချိန်တွေ၊ ကုန်လွန်သွားခဲ့သည့်အချိန်တွေ အတွက် အစားထိုးပျော်ရွှင်လိုက်ကြရအောင်နော်..။
ညီမလေးရဲ့ လွမ်းရတဲ့တမ်းချင်းလေးကို အဆုံးသတ်ပြီးတဲ့အချိန်ဟာ ည(၁၀)နာရီထိုးသွားခဲ့ပြီမို့ ညီမလေးရဲ့ ညအိပ်ရာဝင်ချိန် ရောက်ခဲ့ပါပြီ…။
ကိုကိုရှိခဲ့တဲ့အချိန်တွေကလိုပဲ ညီမလေးကို ချော့သိပ်ပါတော့နော်…
ကောင်းသောညလေးကို ပိုင်ဆိုင်နိုင်ပြီး၊ ညီမလေးနဲ့ကိုကိုတို့ မောင်နှမနှစ်ယောက် ပြန်ဆုံကြပါစေလို့ ဆုတောင်းရင်း…….ဒီညလေးအတွက်တော့ Good Byeပါနော်။
-------------------------------------------------------------------------

နေခြည်သစ်နွယ်(ပြည်)

No comments: