Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, July 31, 2012

“အချစ်၏စေညွှန်ရာ….သို့” (အပိုင်း-၁)

“အချစ်၏စေညွှန်ရာ….သို့”

ရာသီဥတုက မိုးရာသီဆိုပေမယ့် နွေခေါင်ခေါင်မှာပူသည့်နှယ် ပူပြင်းခြောက်သွေးလွန်းလှသည်။ ဆိုင်ထဲတွင် ဟိုဟိုဒီဒီလျှောက်သွားမိပြီး အတွေးတို့က ၀င်လာခဲ့ပြန်သည်။ ယခုလိုနွေရာသီဆန်တဲ့ရာသီဥတုလေးကို သံစဉ် မြင်လိုက်ရတဲ့အခါ အစ်ကို့ကို သတိတွေ ရနေမိခဲ့ပြန်သည်။
“အစ်ကိုရယ်…လွမ်းလိုက်တာနော်….ဒီအချိန်ဆို အစ်ကိုလည်း လွမ်းနေမှာဘဲနော်..တွေ့ခဲ့ရသည့် အချိန်တွေကို နောက်ပြန်လှည့်ကြည့်လိုက်ချင်ပါတယ်အစ်ကိုရယ်“
အင်တာနက်ဆိုင်လေးထဲတွင် အလုပ်လုပ်နေရင်း အပျင်းပြေဆိုသလို ချက်တင်ထိုင်ဖြစ်ခဲ့သည်။ သံစဉ် အားရင်အားသလို ၀ဘ်ဆိုဒ်တွေပေါ်မှာ ပျော်မွေ့နေတတ်သည်။ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ရင်း ဂိမ်းကစားချင်သည့်အခါတွင် သံစဉ် Facebook၀ဘ်ဆိုဒ်လေးကိုဖွင့်ပြီး ဂိမ်းအမြဲကစားတတ်သည်။ တစ်နေ့ တော့.. သံစဉ် Facebook စာမျက်နှာလေးပေါ် တက်ရင်း ဟိုကြည့်ဒီကြည့် ကြည့်လိုက်မိချိန်..
“ဟိုင်း..”
“ဟိုင်းပါရှင့်”
“ညီမနာမည် ဘယ်လိုခေါ်လဲ”

“သံစဉ်ချို….ပါ”
“အစ်ကို့နာမည်ကရော”
“အစ်ကို့နာမည်က…သူရ..ပါ၊ ဒါနဲ့ ညီမမှာ ဂျီတော့အကောင့်ရှိလား…”
“ရှိပါတယ်အစ်ကို”
“ဒါဆို..အစ်ကို့ကိုပေးပါလား..”
“ဟုတ်ကဲ့…”
thanzincho2012@gmail.com
ကွန်ပျူတာတွင် အသင့်ဖွင့်ထားသော ဂျီတော့အကောင့်လေးကို သံစဉ်ဖွင့်ကြည့်မိလိုက်သည်။ ထို့နောက် တက်လာသော အကောင့်လေးကို ချက်ချင်းလက်ခံလိုက်သည်။
“ဟိုင်း…ကိုသူရလား”
“ဟုတ်တယ် ညီမလေး”
တစ်နေကုန်အောင် သံစဉ်နှင့် ကိုသူရ စကားတွေပြောမိခဲ့ကြသည်။ Facebookရဲ့စာမျက်နှာပေါ်တွင် ကိုသူရနှင့် သံစဉ် တစ်ဦးကိုတစ်ဦး commentလှလှလေးတွေပေးဖြစ်ခဲ့ကြသည်။ အမှတ်မထင် ကိုသူရက စကားလေး တစ်ခွန်းဆိုလာခဲ့သည်….
“ညီမလေးမှာ ၀ဘ်ဆိုဒ်ရှိတယ်ဆို..အစ်ကို့ကို လိပ်စာပေးပါလား”
“အော်..ဟုတ်ကဲ့အစ်ကို”
“သံစဉ်က ၀ဘ်ဆိုဒ်မှာ စာတွေပဲရေးတာပါ..၀ါသနာပါလို့လေ”
“အော်..ဟုတ်လား..ကောင်းတာပေါ့”
“ညီမလေးရဲ့စာပေအပေါ် မြတ်နိုးခုံမင်မှုတွေကို အစ်ကို ထင်းကနဲတွေ့လိုက်ရပါတယ်… ကြိုးစားနော် ညီမလေး၊ ပြီးတော့ ညီမရဲ့ပုံစံမျိုးနဲ့ဆို အပျိုစင်မဂ္ဂဇင်းတွေထဲမှာသာထည့်ရင် သေချာပေါက်အောင်မြင်မှာ သိလား၊ ”
“ဟုတ်ကဲ့…အစ်ကို…ကျေးဇူးပါ”
ဒါနဲ့ ညီမရဲ့ လိပ်စာလေးများ ပြောလို့ရမလား”
“ရပါတယ်အစ်ကို..”
ချက်ချင်းပင် သံစဉ် ကိုသူရကို လိပ်စာတွေပေးလိုက်မိသည်…ဘာရယ်ကြောင့်ရယ်မသိ..ကိုသူရကို မြင်မြင်ချင်း သံယောဇဉ်တွေဖြစ်တည်လာခဲ့သည်… ဒါပေမယ့် သံစဉ် ကိုသူရကို အစ်ကိုတစ်ယောက်ထက် မပိုခဲ့သော သံယောဇဉ်မျိုးသာ၊ သံစဉ်မှာ ချစ်သူရှိကြောင်းကို ဖွင့်မပြောမိခဲ့ပေ၊ ကိုသူရကတော့ သံစဉ်တွင် ချစ်သူရှိနှင့် ကြောင်းကို ကြိုသိနေခဲ့သည်။ နောက်တစ်နေ့ရောက်တော့..
“ညီမလေးအတွက် အစ်ကို စာအုပ်လေးတွေဖတ်ရအောင် ပို့ထားပေးတယ်နော်… သွားယူလိုက်အုံး.. ကားဂိတ်ကို”
ရုတ်တရက်မမျှော်လင့်ခဲ့သော စကားလေးတွေကို သံစဉ်ကြားလိုက်ရသည်။ မနေ့တစ်နေ့ကမှပင် တွေ့လိုက်ရ သည်ဆိုသော ကိုသူရက သံစဉ်ထံကို လိပ်စာလေးနှင့်တကွ ဆက်သွယ်လာခဲ့ပြီး စာအုပ်လက်ဆောင်လေးများ ပေးပို့လာခဲ့သည်။
သံစဉ်အတွက် အွန်လိုင်းပေါ်တွင် တစ်ခါမျှပင်မကြုံဘူး၊ မတွေ့ဘူးခဲ့သော လူတစ်ယောက်လို့ပင် ပြောလို့ရနိုင် သည်။
“ဟုတ်ကဲ့ပါ…အစ်ကို..သံစဉ် သွားယူလိုက်ပါမယ်”
သံစဉ်ကတော့ Facebookရဲ့စာမျက်နှာတွေပေါ်မှာ ဓါတ်ပုံလေးတွေ တင်ထားတတ်သည်မို့ ကိုသူရကို အထူးမိတ်ဆက်စရာမလို၊ ကိုသူရကိုတော့ သံစဉ်တခါမျှပင် မမြင်ဘူးခဲ့ပါ၊ ဂျီတော့အကောင့်တွင်လည်း ပုံလေးတစ်ပုံမျှပင် တင်မထားခဲ့ဘူးပေ။ ဒါပေမယ့် နေ့စဉ်နှင့်အမျှ အွန်လိုင်းတွင် စကားတွေဖောင်ဖွဲ့ခဲ့မိလို့ သံယောဇဉ်တွေ တွယ်တာလာခဲ့မိသည်။ စာအုပ်လေးတွေနှင့်အတူ စာအုပ်ကြားလေးထဲတွင် ခေါက်လျက် ညှပ်ထားသော စာလေးတစ်စောင်ကိုပါ အမှတ်မထင်တွေ့လိုက်ရသည်။ သံစဉ် စိတ်ဝင်စားစွာနှင့်ပင် စာလေးကို ကောက်ယူဖတ်ကြည့်လိုက်မိသည်။ စာလေးကိုကောက်ယူဖတ်ကြည့်ရင်းက သံစဉ်မျက်ဝန်းမှ မျက်ရည်စက်များက အလိုလိုပင်ကျလာခဲ့ရသည်။ ဘာမှန်းမသိတဲ့အကြောင်းပြချက်၊ ဘာမှန်းမသိတဲ့စိတ်တစ်ခု ၀င်ရောက်လာခဲ့သည်။ ရှိုက်ကြီးတငင် သံစဉ်ငိုချလိုက်တော့သည်…။ သံစဉ်ရင်ထဲတွင် ထူးဆန်းစွာဖြစ်ပေါ် လာသောစိတ်တစ်ခုက ကိုသူရဟာ သံစဉ်ရဲ့ အစ်ကိုအရင်းတဲ့လား….ကိုသူရ၏စာလေးတစ်စောင်သည် အရိုးသားဆုံးသောစာတစ်စောင်ပင်ဖြစ်နေခဲ့သည်….
နောက်တစ်နေ့ အွန်လိုင်းပေါ်ရောက်ပြန်တော့… ကိုသူရကို သံစဉ် အကြောင်းစုံဖွင့်ဟပြောပြလိုက်တော့သည်..
“အစ်ကို…ညက ညီမလေးငိုရတယ်”
“ဘာလို့လဲ..ညီမလေး..”
“ညီမလေး အစ်ကို့စာလေးကိုဖတ်ပြီး စိတ်ခံစားမှုတစ်ခုဖြစ်လာခဲ့လို့ပါ”
“အစ်ကိုဟာ အရမ်းကိုရိုးသားလွန်းတယ်…ညီမလေးကိုလည်း သံယောဇဉ်တွေထားခဲ့တယ်၊ ပြီးတော့ ညီမလေးလေ…ဒီစာလေးကိုဖတ်မိပြီး..အစ်ကိုနဲ့သံစဉ် ဟိုးဘ၀ရေစက်ကြောင့် တစ်စုံတစ်ခု တော်စပ်ခဲ့ဘူးသလို ခံစားရတယ်အစ်ကိုရယ်…”
နေ့ရက်တွေကြာလာတာနဲ့အမျှပင် သံစဉ်နဲ့ကိုသူရတို့ရဲ့ ထူးဆန်းဖွယ်ကိစ္စရပ်တွေဟာ မယုံကြည်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ အစားအသောက်၊ အနေအထိုင်၊ ဘယ်လိုစားသည်ဆိုသည့်တိုက်ဆိုင်ဖြစ်ပျက်မှုတွေက အွန်လိုင်းရဲ့ နေ့စဉ်အချိန်ခဏလေးတွင် သံယောဇဉ်တွေကို နှောင်တွယ်ရစ်ပတ်လာစေခဲ့ပါတော့သည်..
“အစ်ကို…ဒီနေ့ ထမင်းနဲနဲပဲစားတယ်မဟုတ်လား…တစ်ပန်းကန်ပဲစားတယ်လေ”
“ဟာ..ညီမလေး ဘယ်လိုသိလဲ”
“မပြောတတ်ဘူးအစ်ကို…စိတ်ထဲကအလိုလိုသိလာတာ”
“ပြီးတော့လေ…အစ်ကို့ကို မေးစရာတစ်ခုရှိသေးတယ်…သံစဉ်စိတ်ထဲမှာ တစ်ခုခုမတင်မကျဖြစ်နေလို့”
“အင်း..မေးလေ.”
“အစ်ကို့ရဲ့ သွေးက..ဘာသွေးလဲဟင်..ပြီးတော့ ညီမလေးထင်တာမလွဲဘူးဆိုရင် (အေ)သွေးမဟုတ်လားဟင်”
“ဟင်…မင်း ဘယ်လိုသိတာလဲ၊ ဗေဒင်ဆရာမလား”
“ဟင်…တကယ်ပဲ သံစဉ်ပြောသလို (အေ)သွေးလားအကို”
“ဟုတ်တယ်လေ”
“ပြီးတော့..ညကလေ ညီမလေး အိပ်မက်မက်တယ်အစ်ကို….အိပ်မက်ထဲမှာ အစ်ကိုနဲ့သံစဉ်က မောင်နှမအရင်း တွေလို့…မိန်းမကြီးတစ်ယောက်ကလာပြောတယ်…သိလား”
“ဟင်…ဟုတ်လား…သံစဉ်…”
“ဒါဆို…အစ်ကိုမနေ့ကမနက်မှာ မက်ခဲ့တဲ့အိပ်မက်နဲ့ အတူတူပဲပေါ့…”
“ဟုတ်လား..အစ်ကို…အစ်ကိုလည်းအဲ့လို မက်တယ်လားဟင်…”
“ထူးဆန်းလိုက်တာအစ်ကိုရယ်…..”
“ဟုတ်တယ်ညီမလေး….”
သံစဉ်နှင့်ကိုသူရတို့ရဲ့ မသိစိတ်တွေထဲမှာ အဖြူရောင်တွေထက်ပိုသော သံယောဇဉ်တွေက တစ်စတစ်စ ပို၍ ဖြစ်လာခဲ့သည်..နေ့စဉ်နှင့်အမျှတွေ့မြင်နေရသော ချစ်ခြင်းတွေနှင့်အတူ တိုက်ဆိုင်မှုတွေရဲ့ အကြောင်းပြချက် အောက်မှ စကားလုံးတွေမှတဆင့် အချစ်တွေဖြစ်ပေါ်လာခဲ့သည်၊ နှစ်လွှာတစ်ရွက်ဆိုရလောက်အောင်ပင် ဖြစ်နေကြသည်..
“ညီမလေး..နောက်နေ့တွေကျရင် အစ်ကိုတို့ မေးလ်ပို့ကြရအောင်နော်”
“ဟုတ်ကဲ့အစ်ကို”
မနက်ခင်းတိုင်းမှာ သံစဉ်ရော အစ်ကိုပါ မေးလ်လေးတွေကို အဖော်ပြုရင်း ပိုပြီးရင်းနှီးကျွမ်းဝင်လာခဲ့ကြသည်၊ အလုပ်တွေမအားလပ်သည့်အချိန် ဂျီတော့တွင် မဆုံဖြစ်လျှင်ပင် မေးလ်တွေကိုဖတ်ရင်း တစ်ခါတရံ မျက်ရည် တွေလည်း ကျခဲ့ရသည်။ သံစဉ်နှင့်အစ်ကို့အတွက် စည်းခြားနေခြင်းသည် တစ်သက်စာအတွက်ဆိုသည်ကို သံစဉ်ကိုယ်တိုင်ပင်သိနှင့်နေခဲ့သည်။ ဘာကြောင့်လည်းဆိုတော့ အစ်ကိုက နောက်ကျသူဖြစ်ခဲ့သည်။ အစ်ကို့ကို ရင်နင့်အောင်ချစ်ခဲ့ရသူ၊ အဖြူရောင်သက်သက်၊ အဖြူရောင်ထက်ပိုခဲ့သောသံယောဇဉ်တို့က နောက်အကျဆုံး ဖြစ်နေခဲ့ပြီလား၊ တွေးတောနေခဲ့သောစိတ်တွေကို သက်ပြင်းလေးတွေဖြင့် အခါခါချမိရင်း…
“ကလင်…ကလင်…ကလင်..”
“ဟယ်လို…“ချို ”လား…မောင်ပါ”
“အော်..မောင်”
“ဘာတွေလုပ်နေလဲ…ချို..”
“အင်း..ဒီလိုပါပဲမောင်ရယ်..ဟိုလုပ်ဒီလုပ်ပေါ့”
“မောင်အရမ်းသတိရနေတယ်…ချို…“ချို”ဆီကိုလည်း အရမ်းလာချင်တယ်..တွေ့လည်းသိပ်တွေ့ချင်တာပဲ၊ ပြီးတော့လေ အနမ်းတွေလည်းအများကြီးပေးချင်တယ်”
“မောင်ရယ်..မလာပါနဲ့တော့နော်..”
“မောင်”နဲ့ ချိုနဲ့က ချစ်သူတွေဖြစ်ခဲ့တာ နှစ်တွေကြာခဲ့ပါပြီ၊ မောင့်ကို “ချို” အရမ်းချစ်ခဲ့ပါတယ်။ ဒါပေမယ့် မောင့်ရဲ့သစ္စာမရှိမှုတွေကြောင့် “ချို”စိတ်တွေ ယုံကြည်မှုကင်းမဲ့သွားခဲ့သည်။ ဘာကြောင့်လဲဆိုတော့ “မောင်” စင်္ကာပူကပြန်လာချိန်….
“ချိုရေ….မောင်အခု ရန်ကုန်မှာရောက်နေတယ်ကွ”
“ဟုတ်လား..မောင်”
“ချို့” ဆီကို မလာဘူးလား..မောင်”
“လာမှာပေါ့..ချိုရယ်”
“အော်..ချို..မောင့် ဂျီတော့အကောင့်ကလေ..သူငယ်ချင်းတွေက passwordမသိဘဲ လျှောက်နှိပ်ပစ်လိုက်တာ လော့ကျသွားပြီ..အဲ့ဒါ “ချို”ပြန်လုပ်ပေးပါအုံးကွာ”
“ဟုတ်ကဲ့..ဒါဆို မောင့်ရဲ့ passwordရယ်၊ ပြီးတော့ secondary emailရယ် ပြောနော်…“
မောင်ပြောပြသည့်အတိုင်း “ချို” မောင့်ဂျီတော့အကောင့်လေးကို လုပ်ပေးလိုက်သည်။ ထို့နောက် မောင့်ကို ချက်ချင်းပင် အကြောင်းကြားလိုက်တော့သည်။ မောင်လည်း အကောင့်လေးပြန်ရသည်နှင့် ပျော်နေခဲ့သည်။ မောင့်ကို “ချို”က စင်္ကာပူတွင် နေစဉ်အခါကပင် ယုံကြည်စွာချစ်ခဲ့ရသည်။ မောင်နဲ့ချိုတွင် အကျင့်စရိုက်တွေ သည်လည်း တူညီမှုမရှိခဲ့၊ သံစဉ် အခြားအကောင့်နှင့် စကားပြောလျှင်ပင် မောင်က သ၀န်တိုတတ်သည်။ ဒီလိုနဲ့ သံစဉ်နဲ့ မောင်တို့ရဲ့ ကြားခံနယ်မုန်တိုင်းတစ်ခုက ၀င်ရောက်လာခဲ့သည်ပင်။
ဘာရယ်ကြောင့်ပင်မသိ ဤနေ့မှပင် သံစဉ် မောင့်ရဲ့အကောင့်ကို ဖွင့်ချင်စိတ်ပြင်းပြလာခဲ့မိပြီး ဖွင့်ကြည့်လိုက်မိ သည်။ စတင်တွေ့ရှိလိုက်ရသော မေးလ်များထဲမှ…..
 “ယုရယ်…ကိုလေ အရမ်းချစ်တာပဲ..ကို ပြန်လာတော့မယ်နော်…ပြန်လာရင် ရန်ကုန်ကိုလာခဲ့မယ်နော်၊ အကိုကြီး..စင်္ကာပူကရောက်ပြီဆို…ယုကိုလာမတွေ့သေးဘူးလား…ဘာလက်ဆောင်တွေရောပါလာသေးလဲ”
“ဟေ့ကောင် ကိုခန့်..ဘယ်လိုလဲကွ…မင်းဆော်ဆီကို သွားမတွေ့ဘူးလား…”
“ဘယ်က ဆော်လဲကွ..ရန်ကုန်ကလား…တောင်ငူကလား..”
“အေးဆေးပေါ့ကွာ…ဒီလိုပဲပေါ့…ပြီးမှချော့လိုက်တာပေါ့”
စကားလုံးတွေ၊ အကြောင်းအရာတွေနှင့် ရိုက်ခတ်လာသော မေးလ်များက သံစဉ်ရင်ဝကို ထိုးနှက်လိုက်သလိုပင် ခံစားရသည်၊ ရက်စက်လိုက်တာမောင်ရယ်..ဒါဆို အခု…မောင် ရန်ကုန်ကိုရောက်နေတယ်ဆိုတာက… မျက်ရည်များပင် စီးကျလာခဲ့မိသည်….သံစဉ်ကို မချစ်ရင်နေပါမောင်ရယ်..ဒါပေမယ့် သံစဉ်ရဲ့ ယုံကြည်မှုတွေ အချစ်တွေအားလုံးကို မောင်က အလွဲသုံးစားလုပ်ပစ်ရက်တယ်နော်…ကိုယ့်ချစ်သူရဲ့ အကြောင်းကို သူစိမ်းသူငယ်ချင်းတွေကြားမှာ…မကောင်းသတင်းတွေပြောပြီး..မြိန်ရှက်နေရက်တယ်နော်…
“ချို”ကို ချစ်တယ်ဆိုတာ ဒါများလားမောင်ရယ်…. မေးလ်ဖတ်နေစဉ်အချိန်အတွင်းမှာပင်
“ကလင်…ကလင်…ကလင်”
“ဟယ်လို…အမိန့်ရှိပါရှင်”
“ချို..လား”
“အင်း..ဟုတ်တယ်မောင်”
“မောင်ဘာတွေလုပ်ထားလဲ ပြောပြပါလား…ချို…ကို”
“ဘာတွေလုပ်လို့လဲ ချို…ရ”
“ဒါဆို..ခု ရန်ကုန်မှာဘာလုပ်နေလဲ..မောင်…ပြီးတော့..ချိုသိထားတဲ့ကိစ္စတွေကရော..အမှန်တွေပဲလား”
“ဘာတွေလဲ..ချိုရာ..မဟုတ်ပါဘူး.”
“ချို….က ဘာတွေများသိထားလို့လဲ”
“အဲ့ဒါတွေ…“ချို”ကို ပြန်မမေးပါနဲ့…ချိုမေးတာဖြေပါ..မောင်”
“မောင်..ချိုကို မညာပါနဲ့…ချို ညာတာလုံးဝမကြိုက်ဘူးနော်.. မောင့်ကို ချိုပြောထားတယ်လေ..ချိုထက် ပိုချစ်ရမယ့်သူတွေ့ရင်…“ချို”ကိုပြောပါလို့…“ချို” ကြည်ကြည်ဖြူဖြူနဲ့ လိုက်လျောပေးမယ်လို့လေ…ခုတော့ မောင်ရယ်..ချို့အချစ်တွေက သဲထဲရေသွန်တာမှ အရာထင်အုံးမယ်”
“ပြီးတော့..ဘာလဲ မောင်က ငရံ့နှစ်ကောင်ဖမ်းချင်နေတာလား၊ မောင် အခု မောင်တွေ့ချင်တဲ့သူနဲ့ မတွေ့ခဲ့ဘူးမဟုတ်လား၊”
“တော်ပါတော့ ချိုရယ်….ချိုပြောတာတွေအားလုံးဟုတ်ပါတယ်…မောင်နောက်ထပ် ဒါမျိုးမဖြစ်စေရပါဘူးနော်.. ပြီးတော့ “ချို”ကိုလည်း တောင်းပန်ပါတယ်”
“မောင် လုပ်ရက်တယ်နော်…“ချို”မှာ ဘာအပြစ်များရှိခဲ့လို့လဲ..မောင်နဲ့ချိုကြားမှာ ဘာရန်ငြိုးတွေများရှိနေခဲ့လို့ လဲ..မောင့်သူငယ်ချင်းတွေကို “ချို”ကွယ်ရာမှာ ပြောတာ …အဲဒါ မောင် “ချို”ကို ချစ်တာလား”
“အပြစ်မရှိပါဘူး ချိုရယ်…တော်ပါတော့နော်…“ချို”မကျေနပ်ဘူးဆိုရင်လည်း..မောင် ဘာလုပ်ပေးရမလဲပြော…၊ မောင့်ဘက်က အဆင်သင့်ပဲ…နောက်တခါ ဒါမျိုးလည်းမဖြစ်စေရတော့ပါဘူးနော်၊”
“ချို”တို့က ဆင်းရဲပါတယ်မောင်ရယ်…ဒါပေမယ့် မာနတော့ရှိတယ်..ဂုဏ်သိက္ခာလည်းရှိပါတယ်၊ ခုဆို တဖက်က မိန်းကလေးလည်း မောင့်ကြောင့် ခံစားနေရမှာပဲ..မောင်က ကိုယ်ချင်းမစာပေမယ့် “ချို” ကိုယ်ချင်းစာတယ် မောင်..ပြီးတော့ “ချို” ရှက်လည်းသိပ်ရှက်တာပဲ…မိန်းမနှစ်ယောက်ကို အပြိုင်ချစ်ရလောက်အောင်.. မောင့်သိက္ခာတွေ ဘယ်နားသွားထားတာလဲ”
“တော်ပါတော့ ချိုရယ်…ချိုမကျေနပ်ရင်လေ..မောင် နောက်ဘ၀ထိအောင် ဆပ်ဆိုလည်း ဆပ်ပါ့မယ်ကွယ်.. မောင်မခံမစားနိုင်လို့ပါ၊ မောင်မှားပါတယ်လို့ ပြောပြီးပြီလေကွာ…နောက်ထပ်လည်းမဖြစ်စေရပါဘူးလို့ ကတိပေး ပါတယ်၊ “ချို” ကို မောင်သိပ်ချစ်တယ်၊ မောင့်ရဲ့မဆင်ခြင်မှုကြောင့် ချို နောက်ထပ်စိတ်မဆင်းရဲစေရပါဘူး၊ အရင်က မောင့်ကို အရမ်းနားလည်ပေးတဲ့ချိုရယ်…ဒီတခါတော့ မောင့်ကို ခွင့်လွှတ်ပါနော်”


ဇာတ်သိမ်းပိုင်းသို့ဖတ်ရှုရန်...............


နေခြည်သစ်နွယ်(ပြည်)


No comments: