Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, July 31, 2012

“အချစ်၏စေညွှန်ရာ….သို့” (ဇာတ်သိမ်းပိုင်း)

“အချစ်၏စေညွှန်ရာ….သို့” (ဇာတ်သိမ်းပိုင်း)

မိန်းမများ၏အားနည်းချက်ဆန်သော စိတ်နှလုံးသားတို့တွင် သံစဉ်၏ စိတ်သည်လည်း အပါအ၀င်ဖြစ်နေခဲ့သည်၊ မောင့်ရဲ့ တောင်းပန်စကားတွေကြောင့်သာပင် “ချို” ရဲ့ ဒေါသမီးတောက်တို့သည် တရှိန်ထိုးပင် ကျဆင်းသွား ခဲ့ရသည်၊ မောင့်ကို မုန်းတီးသောစိတ်တို့မရှိခဲ့ပေမယ့်…ယုံကြည်မှုစိတ်တို့ ကုန်ဆုံးသွားခဲ့တော့သည်..
“ချို…မောင့်ကိုပြောအုံးလေ..ခွင့်လွှတ်လားလို့”
“ချို”ရင်ထဲမှာ ခွင့်မလွှတ်ချင်တဲ့စိတ်တွေ တဒင်္ဂဖြစ်ပေါ်လာခဲ့ပေမယ့် မောင့်ကို ခွင့်လွှတ်ခဲ့ရသည်.. သံစဉ်နှလုံးသားထဲမှာ အဖြူရောင်သက်သက်ဖြင့်သာရှိနေသင့်သည်၊ ဒါကြောင့် ပြုလုပ်မိတဲ့အမှားတစ်ခု အတွက် ခွင့်လွှတ်သင့်သည်ဟု “ချို”ထင်လိုက်မိ၍သာဖြစ်သည်…
“ချို…ခွင့်လွှတ်ပါတယ်မောင်”

“၀မ်းသာလိုက်တာ…ချိုရယ်…မောင်လေ…“ချို”ကို အရင်ကထက် ပိုချစ်သွားပြီသိလား၊ မောင်လေ “ချို” အနားကို အမြန်ဆုံးလာခဲ့တော့မယ်နော်…သိပ်ချစ်တယ်..ချိုရယ်”
မောင့်အပေါ်မှာထားခဲ့တဲ့ ယုံကြည်မှုတွေအားလုံးကို “ချို”ရဲ့မျက်ရည်တွေနဲ့ စတေးခဲ့ပြီမောင်ရယ်၊ ခွင့်လွှတ်နားလည်မှုတွေက “ချို”အတွက် အောင်မြင်မှုတွေဖြစ်သွားခဲ့သည်လား “ချို”နားမလည်ခဲ့တော့။ ကြင်နာခြင်းအနမ်းတွေနှင့်အတူ မောင်က “ချို”အနားကိုရောက်လာခဲ့တော့သည်၊ မောင့်ရဲ့ “ချို”ပါးပြင်ထက်က အနမ်းတစ်ပွင့်က “ချို”ဘ၀တစ်ခုလုံးကိုပင် ပိုင်စိုးသွားခဲ့သလိုပင်၊ “ချို” ဘာဆက်လုပ်ရမည်နည်း၊ “ချို”ရဲ့ ခွင့်လွှတ်ခြင်းတွေက အနာဂါတ်မှာ ကံကောင်းခြင်းတွေလား၊ ကံဆိုးခြင်းတွေလား…“ချို”ကိုယ်တိုင်ပင်မသိခဲ့ တော့ပါ။ အမှားတစ်ခုကိုကျူးလွန်ခဲ့တဲ့ မောင့်အပေါ် ယုံကြည်စိတ်ကင်းမဲ့ခဲ့ပေမယ့်..မောင့်ရဲ့ ယုယကြင်နာခဲ့တဲ့ အနမ်းတစ်ပွင့်ကတော့ သေရာပါခဲ့ပြီထင်ပါတယ်မောင်ရယ်…အို…ငါတစ်ယောက်တည်း ဘာတွေစဉ်းစားမိနေ ပါလိမ့်….
“ကလင်…ကလင်….”
“ဟယ်လို..သံစဉ်ချိုပါရှင်”
“ဟေ့..ညီမလေး..နေကောင်းရဲ့လား”
“ဟာ..အစ်ကို.. ကောင်းပါတယ်”
“ဒီနေ့ လိုင်းပေါ်မှာမတွေ့လို့လေ..ညီမလေးရဲ့”
“ဟုတ်တယ်အစ်ကို…သံစဉ် နေမကောင်းဖြစ်နေလို့ပါ”
“ဘာဖြစ်တာလဲ ပြောပြပါလား ညီမလေးရယ်..ညီမလေးဖြစ်နေရင်..အစ်ကိုဖြစ်နေသလိုပါပဲ”
သံစဉ် အနှိုင်းမဲ့ခဲ့တဲ့ အချစ်စစ်တစ်ခုကို တွေ့ရှိခဲ့ပါပြီ..ဒါပေမယ့် နောက်ကျသွားခဲ့ပြီ…သံစဉ်နဲ့ အစ်ကို့ကြားမှာ ညီမလေးလို…အစ်ကိုတစ်ယောက်လိုကလွဲလို့…ဒီထက်ပိုခွင့်မရှိတော့ပါဘူး..ဘာကြောင့်လဲဆိုတော့ သံစဉ် ရင်ထဲ မှာ အစ်ကို့ကိုတန်ဘိုးထားခဲ့မိလို့..သံစဉ်သိပ်ချစ်တဲ့ အစ်ကို့ကို အဖြူစင်ဆုံးတွေပဲပေးချင်လို့ပါ…
ပါးပြင်ထက်က…အနမ်းတစ်ပွင့်ဟာ…အခြားသူတွေအတွက် မထူးဆန်းခဲ့ပေမယ့်…သံစဉ်အတွက်တော့… တန်ဘိုးထားခဲ့ရသည်အရာများပင်….မိန်းမတစ်ယောက်၏တန်ဘိုးကို သံစဉ်ထိန်းသိမ်းရမည်..မောင့်ရဲ့ သံစဉ်ပါးပြင်ပေါ်က အနမ်းတစ်ပွင့်ကို မောင်နဲ့အတူပဲ ပါသွားစေချင်ခဲ့သည်…သံစဉ် သံယောဇဉ်တွယ်တာခဲ့ရတဲ့ အစ်ကို့အတွက် ဖြူစင်သောချစ်ခြင်းတွေးကိုသာ ပေးခဲ့ချင်လို့ပါအစ်ကိုရယ်…. သံစဉ်ကို..နားလည်ပေးပါ…
“ညီမလေး..”
“ရှင်…ဟုတ်…ဟုတ်အစ်ကို”
“ပြောလေ…”
“သံစဉ်မှာ အစ်ကို့အရင် ချစ်သူရှိခဲ့တယ်ဆိုတာ အစ်ကိုသိမှာပါနော်..ပြီးတော့ သံစဉ်နဲ့အစ်ကိုရဲ့ကြားမှာ နှောင်ဖွဲ့မှုတွေက တစ်စတစ်စ တိုးလာပြီနော်…သံစဉ်ဘယ်လိုလုပ်ရမလဲဟင်”
ဦးနှောက်ရဲ့အသိစိတ်တစ်ခုမှာ “မောင့်”အတွက်ပဲဖြစ်ရမယ်ဆိုခဲ့ပေမယ့်…သံစဉ်ရဲ့ မသိစိတ်တွေမှာ…အစ်ကိုက နေရာအပြည့်ယူနေခဲ့ပါပြီ၊ သံစဉ်အပေါ်ကို အစစနားလည်ပေးတတ်ခဲ့ပြီး အမြဲတမ်းပျော်ရွှင်အောင်ထားခဲ့တဲ့ အစ်ကို့ကို ဝေဒနာတွေများပေးနေမိခဲ့ပြီလား..ပြီးတော့…စိတ်ထဲတွင် အတွေးတို့က ဒွိဟဖြင့် စိုးမိုးနေမိခဲ့ရင်း…
“အော်..ညီမလေးသံစဉ်ရယ်..အစ်ကိုအားလုံးကိုနားလည်ပါတယ်”
“အစ်ကိုက သေလူပါ…ပထမဦးဆုံးအချီမှာဘဲ…ပထမဦးဆုံး အလဲထိုးခံခဲ့ရသူပါ..ညီမလေးအတွက် အစ်ကို ဖြည့်ဆည်းနေရရင်ပဲကျေနပ်ပါတယ်ကွယ်..ပြီးတော့လေ…တို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေက တကယ့်ကို နက်ရှိုင်းလွန်းပြီး ဖြူစင်လွန်းလှပါတယ်ကွယ်… ဘယ်ပြတိုက်မှာမှ ကမ္ဗည်းထိုးစရာမလိုဘူးနော်…ညီမလေး ဘာမှစိတ်အနှောက်အယှက်မဖြစ်နဲ့နော်၊ အစ်ကို့အတွက်ကြောင့် ဘယ်သူမှ မထိခိုက်စေရဘူး သိလား..”
“ညီမလေးရဲ့ဆုံးဖြတ်ချက် မှန်ကန်ပါတယ်..အစ်ကိုက နောက်ကျမှ သံစဉ်ဘ၀လေးထဲကို ရောက်လာခဲ့သူလေ၊ ဒါပေမယ့် ညီမလေးမှတ်ထားနော်…အစ်ကို့ဘ၀မှာ ပထမဆုံးနဲ့နောက်ဆုံးချစ်ခဲ့ခြင်းဟာ..ညီမလေးတစ်ယောက် တည်းပါပဲ…ညီမလေးအပေါ်မှာ ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဘယ်တော့မှ ပြောင်းလဲမသွားတော့ပါဘူး နော်”
“တို့တတွေရဲ့ အနာဂါတ်နေ့ရက်တွေဟာ ဖြူစင်နေကြမယ်လေ…နော်”
“အစ်ကိုရယ်….”
သံစဉ်ရင်ထဲ မွန်းကျပ်လွန်းလာသဖြင့် ရင်ထဲမှခံစားချက်တို့က မျိုသိပ်၍မရနိုင်ခဲ့တော့ပေ၊ မျက်ရည်စက်တွေက ပါးပြင်ပေါ်သို့ စိုရွဲလာခဲ့သည်၊ သံစဉ် ကိုယ့်ကိုယ်ကိုယ် မကျေမနပ်သောစိတ်များ၊ မုန်းတီးသောစိတ်များက တဖွားဖွားဆိုသလိုပင် ဖြစ်လာခဲ့သည်၊ ကံကြမ္မာက ဘာလို့များ ခုလိုဆုံခွင့်ပေးခဲ့ပြီး ခွဲထားရက်တော့ တာလဲ…ရင်ထဲမှတီးတိုးရွတ်ဆိုသံများက နားနှင့်ပင်မခံနိုင်လောက်အောင်…ပဲတင်သံတွေက ကြားနေရ သည်…။
အချိန်အတော်ကြာငြိမ်သက်သွားခဲ့သော သံစဉ်ကို…
“ညီမလေး…ငိုနေတာလားဟင်”
“မငိုပါနဲ့..ညီမလေးရယ်…ညီမလေးငိုတော့..အစ်ကိုဘယ်လိုစိတ်ကောင်းမလဲကွယ်..တိတ်တော့နော်”
“မငိုပါနဲ့”လို့ပြောပေမယ့် သူရရင်ထဲမှာလည်း အသည်းနှလုံးတို့က တမြေ့မြေ့နဲ့ဆိုသလို လောင်ကျွမ်းမျက်ရည် တွေ စတင်စီးဆင်းနေခဲ့ပြီ…
“အစ်ကိုတို့ အကောင်းဆုံးဘ၀မှာ နေထိုင်သွားကြမယ်နော်..ညီမလေးဟာ အစ်ကို့ရဲ့ ထာဝရညီမလေးပါ ပဲကွယ်…ပြီးတော့လေ အစ်ကို့ညီမလေးမင်္ဂလာပွဲကျရင်လေ..အစ်ကို့ကိုဖိတ်လိုက်အုံးနော်..အစ်ကိုက ချီးမြှင့်ပေး မယ် သိလား..”
“ကဲ..ညီမလေး ပြုံးပြုံးလေးနေတော့နော်”
အစ်ကိုနဲ့သံစဉ်ဟာ စိတ်တူကိုယ်တူတွေဖြစ်ခဲ့ကြသည်မို့..အစ်ကို့ရင်ထဲမှာ ဘာတွေဖြစ်နေပြီလဲဆိုသည်ကို သံစဉ် အလိုလိုသိနေခဲ့သည်။ ထို့အတူပင် အစ်ကိုလည်း သံစဉ်ရင်ထဲကို ၀င်မကြည့်ပေမယ့် သိနှင့်နေခဲ့သည်။ သို့ပေမယ့်လည်း ဆုံးဖြတ်ချက်တွေချထားခဲ့သည့်အတိုင်းပင်..သံစဉ်ရဲ့အချစ်တွေအားလုံးကို မောင့်အတွက် ထာဝရပေးအပ်လိုက်တော့မည်ဟု…..ခြေလှမ်းလေးတွေကို ရှေ့ဆက်တိုးလာခဲ့မိသည်….
( နှစ်ကိုယ်တူချစ်သမျှတွေ xxx အလိုတူရှစ်ဆကဲသမို့ xxx ကြည်သာပြုံးမမုန်းတမ်းစိတ်မှာဘေxxx တစ်ဒီပလုံး တစ်မိုးအောက် တစ်ယောက်ထင်နေ xxx မောင့်အချစ်ပန်းတွေ xxx မညှိုးနွမ်းစေ xxx တစ်မျိုးလန်းစေ xxx အသည်းနင့်အောင်သစ္စာဆိုစကားတွေ xxx ချစ်ကမ္ဘာတိုင်စေ xxxမေတ္တာမယိုင်ပေ xxx ချစ်သူတို့ လျှောက်သောနယ်မြေ xxx ရာသက်လုံး အသည်းစိုင် စွဲတည်နေ…အမြဲမသွေ…x အဏ္ဍ၀ါသည်သာကဲတိုင် …အပြန်တစ်ရာညီညာမခွဲနိုင် xxx သံသရာလည်းဆုံးစေ…ဆုံးစေ…အပြန်တစ်ရာလည်း…မမုန်းပေ… မမုန်းပေ… ချစ်ဗိမ္မာန် xx လှမ်းအတူ ပြိုင်မယ်လေ…
သူ့ကို တစ်မိုးအောက်….တစ်ယောက်သာထင်နေ….xxx  ချစ်လွန်..လွန်းလို့ အသည်းလွှာစိုင်ပေ xxx အနားဆို တဖ၀ါးမှ မခွဲလိုပေ xxxx မေ…ပြောသမျှလေ xxx ချောနှမမေ xxx နှစ်ကိုယ်တူချစ်သမျှကိုယ်လေ….xxx)
မင်္ဂလာခန်းမအတွင်းမှ အမှတ်မထင်ကြားလိုက်ရသော သီချင်းသံမှ သူရ၏ ရင်ဝကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေစေခဲ့တော့သည်၊ ရင်တွင်းမှ မျက်ရည်စများကို မည်သူမျှမသိအောင် ထိန်းသိမ်းထားခဲ့ပြီး.. ခန်းမအတွင်း သို့  တုန့်နှေးလွန်းသော ခြေလှမ်းစိပ်စိပ်များဖြင့် လျှောက်လာခဲ့သည်။ လက်နှစ်ဖက်ဖြင့် ကိုင်လာသော လက်ဖွဲ့ ပစ္စည်းလေးကိုကြည့်ရင်း…
မင်္ဂလာခန်းမအတွင်းမှ တစ်လှမ်းချင်းလျှောက်လာခဲ့သော ချစ်သူစုံတွဲလေးက တဖြည်းဖြည်းချင်းဖြင့် သူရ၏ အနားသို့ ရောက်ရှိလာခဲ့သည်…ခေါင်းငိုက်စိုက်ဖြင့်လျှောက်လာခဲ့သော သူရတစ်ယောက် ခေါင်းလေးကို မော့ကြည့်လိုက်ပြီး၊ မင်္ဂလာဇနီးမောင်နှံအား အပြုံးလက်ဆောင်များဖြင့် နှုတ်ဆက်လိုက်သည်…
“မောင်..ဒါ..“ချို” ရဲ့ မိတ်ဆွေလို့လည်းပြောလို့ရသလို…အစ်ကိုဆိုလည်းမမှားဘူးပေါ့..”
“အစ်ကိုသူရ…ဒါက…သံစဉ်ရဲ့ ခင်ပွန်းပါ”
သူရ နှင့် ကိုခန့်တို့ နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြပြီး…
“Congratulationပါ ညီလေးနဲ့ ညီမလေး…ဒီနေ့ကစလို့ နောင်နှစ်တစ်ရာတိုင်အောင်…မခွဲမခွါဘဲ ရာသက်ပန် အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေလို့…ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်ကွာ”
“ကျေးဇူးတင်ပါတယ်…အစ်ကို…”
လက်ချင်းချိတ်နှုတ်ဆက်ခဲ့ပြီး သံစဉ်တို့ဇနီးမောင်နှံ အစ်ကိုသူရကို ကျောခိုင်းထွက်ခွာလာခဲ့ကြပါတော့သည်၊
“အော်…ညီမလေးရယ်…ကိုခန့်ဟာ ညီမလေးအတွက် ဥယျာဉ်မှုးကောင်းတစ်ယောက် ဖြစ်မှာပါနော်..အစ်ကို့ ညီမလေးအတွက် အစ်ကို့ရဲ့ ညစ်ညမ်းတဲ့ချစ်ခြင်းတွေကို…ရင်ထဲမှာမျိုသိပ်ထားပြီး..အဖြူစင်ဆုံး ခင်မင်မှုတွေနဲ့ပဲ ဒီကမ္ဘာလောကကြီးမှာ ရှင်သန်နေထိုင်သွားအုံးမှာပါ”
xxxxxxxxxxx
ကောင်းကင်တစ်ခွင်ဟာ..ပြာလဲ့လဲ့ဖြစ်နေပေမယ့်…သူတို့လေးတွေရဲ့နှလုံးသားဟာ ကြည်လင်ရှင်းသန့်လို့နေ ပါတယ်..  ဒီလိုပါပဲ ကောင်းကင်ကြီးရဲ့အောက်မှာ ချစ်ခြင်းမေတ္တာတရားတွေသည်လည်း ကမ္ဘာကြီး မပြိုပျက် သည့်တိုင်အောင် ထာဝရဖြူစင်ခိုင်မြဲနေအုံးတော့မှာပါ…ချစ်ခြင်းတရားတွေဟာ ရယူခြင်းရယ်မှ ရှင်သန်နေရ သည်မဟုတ်…ပေးဆပ်စွန့်လွှတ်ရသည်ကလည်း…အချစ်ရဲ့လျှို့ဝှက်နက်နဲဆန်းကြယ်သော..အဘိဓာန်တစ်ခု ပင်ဖြစ်နေပါတော့သည်…။

(စိတ်ကူးနဲ့နှလုံးသား….အနုပညာကိုတန်ဖိုးထားပုံဖော်သည်။)


နေခြည်သစ်နွယ်(ပြည်)


No comments: