Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, July 23, 2012

“ဘလော့ဂါလည်းကျွန်မ…စာရေးသူလည်းကျွန်မ”

“ဘလော့ဂါလည်းကျွန်မ…စာရေးသူလည်းကျွန်မ”

ဒီနေ့ ကျွန်မ အချိန်လေးရသည်နှင့် “ချစ်သူကဗျာ”၀ဘ်ဆိုဒ်လေးကို updateလုပ်ဖို့ စိတ်ကူးလေးရမိပါတယ်။ ဒီဆိုဒ်လေးကို စတင်တည်ထောင်ခဲ့တာ ၂၀၁၁ခုနှစ်၊ သြဂုတ်လတုန်းကဆိုပါတော့ရှင်။ ကျွန်မက ကွန်ပျူတာနဲ့ ပတ်သက်လျှင် နည်းပညာပိုင်းကို အားနည်းချက်ရှိခဲ့ပါတယ်။ ကွန်ပျူတာကို အသုံးပြုခဲ့တာ (၁၀)နှစ်ကျော် လောက်ရှိခဲ့ပေမယ့်လည်း ကျွန်မကျင်လည်နေရသည့်အပိုင်းက DTPအပိုင်းတစ်ခုတည်းသာ။ နည်းပညာ ဆိုသည့်အပိုင်းကို ၂၀၁၀ခုနှစ်မှစတင်ပြီး လေ့လာခဲ့မိသူဆိုရင် မမှားပါဘူး။ ကွန်ပျူတာနဲ့ သားသမီးလိုဖြစ်နေတဲ့ ကျွန်မ၊ ခုဆို ကိုယ်ပိုင်ဝဘ်ဆိုဒ်လေးတစ်ခုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ ၀ဘ်ဆိုဒ်လေးစတင်တည်ထောင်စဉ် ကျွန်မ ၀ါသနာပါသော စာတွေရေးမည်၊ ကဗျာလေးတွေ စုစည်းတင်ဆက်မည် ဒီလောက်ပါပဲ။ သို့ပေမယ့် ကျွန်မ ပြန်တွေးကြည့်မိပါတယ် အွန်လိုင်းပေါ်တွင် ရေပန်းစားသည်က ဘလော့ဂါဆိုပါလား။ ဘလော့ဂါဆိုသည့် အဓိပ္ပါယ်ကိုတော့ ကျွန်မ ကောင်းကောင်းမကျွမ်းဝင်ပါဘူး၊ ကျွန်မသိထားတဲ့ ဘလော့ဂါဆိုတာကတော့ ဘလော့တွေပေါ်မှာ စာတွေရေးသူမို့ ဘလော့ဂါလို့ ရိုးရိုးလေးပဲ တွေးထင်မိပါတယ်၊ စာဖတ်သူတွေလည်း
စဉ်းစားကြည့်စေချင်ပါတယ်။ စာရေးသူဆိုတာကတော့ အချိန်တိုင်းမှာ သူ့အတွက် အချိန်လေး(၅)မိနစ်စာလေး ပဲရပါစေ၊ အမှိုက်ကျသည်၊ အပ်ကျသည်ကအစ ရင်ထဲမှာ စာရေးချင်စိတ်ဆန္ဒတွေ ပြင်းပြနေမှာပါ။
ဘာကြောင့်လဲဆိုတော့ ကျွန်မကိုယ်တိုင် ခံစားခဲ့ဖူးတဲ့ စိတ်ကလေးတစ်ခုကြောင့်ပါ၊ ကျွန်မ အွန်လိုင်းဆိုသည်ကို ၂၀၁၀ခုနှစ်မှာ စတင်သုံးစွဲခဲ့ပါတယ်၊ အင်တာနက်ဆိုင်မှာ တနေ့လုံးဆိုသလို အလုပ်လုပ်ရင်း ကျွန်မ လေ့လာ လိုက်စားခဲ့မိသည်က နည်းပညာတွေပါ၊ အချိန်တွေအားရင် အားသလို ရေးဖြစ်ခဲ့သည်ကလည်း ကဗျာတွေ စာတွေပါပဲ။ ကျွန်မ စာရေးရင် ကျွန်မရဲ့ဆိုဒ်လေးကိုပြုပြင်ရင်း ရေးလေ့ရှိပါတယ်။
မနက်မိုးလင်း ဆိုဒ်ကလေးကိုကြည့်ရင်း ဒီနေ့ ဘယ်ဧည့်သည်တွေ အလည်လာသွားသလဲ၊ ဘာတွေပြောသွား ခဲ့သလဲဆိုတာတွေ ကျွန်မလိုက်ဖတ်ပါတယ်။ အဲ့ဒီမှာ ဘလော့ဂါနဲ့ စာရေးသူရဲ့ဇာတ်လမ်းက စတော့တာပါပဲ ရှင်။
စာရေးသူဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် စာရွက်တို၊ စာရွက်ရှည်၊ ယခုခေတ်ဆို ကွန်ပျူတာစာမျက်နှာ တွေပေါ်မှာ စိတ်ကူးလေးတစ်ခုရလာပြီဆိုတာနှင့်အမျှ ရေးတတ်ကြပါတယ်။ ကျွန်မဆိုရင်လည်း အလုပ် လုပ်နေစဉ်၊ သီချင်းတွေနားထောင်နေစဉ် စသည်ဖြင့် ခံစားချက်၊ စိတ်ကူးကောင်းလေးတွေ၊ အတွေ့အကြုံ လေးတွေကို ရေးသားတတ်ပါတယ်။ စာတွေကို ကွန်ပျူတာစာရွက်ပေါ်မှာ ရေးချတတ်တဲ့ကျွန်မ နေ့စဉ်နဲ့အမျှ စာရေးချင်စိတ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတတ်ပါတယ်။ ကျွန်မစာရေးသူဟာ စာဖတ်သူတွေအတွက် အကျိုးတစ်စုံတစ်ရာပေးနိုင်ဖို့အတွက် ရေးသားထားသည့်စာတွေကို ပြန်ကာလှန်ကာ editလုပ်ရင်း၊ အမှားတွေလည်းပေါ်လာတတ်ပါတယ်။ အမှားတွေ၊ ဝေဖန်မှုတွေ၊ လိုအပ်ချက်တွေအားလုံးကို ကျွန်မရဲ့စာဖတ်သူတွေကတဆင့် ကြားသိရတဲ့အခါ ပိုလို့ကြိုးစားရင်း စာဖတ်သူတွေအတွက် အကောင်းဆုံး ဆိုတာတွေကို မျှဝေပေးချင်မိလာပါတယ်။ ဒါကြောင့်လည်း ကျွန်မ စာတွေကို နေ့စဉ်လိုလိုရေးနေမိပါတော့ တယ်။
ကျွန်မနဲ့ထပ်တူ ယှဉ်တွဲပြီးဖြစ်လာခဲ့သည်ကတော့ ဘလော့ဂါဆိုတာပါပဲ၊ ဘလော့ဂါဆိုတာကတော့ စာရေးသူရဲ့ ဆန့်ကျင်ဘက်လို့ ကျွန်မထင်မြင်မိပါတယ်။ ဘလော့ဂါတစ်ယောက်ဟာ ကိုယ့်ရဲ့ဘလော့လေး ဘယ်လို ဖြစ်လာအောင်၊ အများအတွက် ဘာတွေဖြန့်ဝေပေးနိုင်မလဲ၊ ကိုယ့်ရဲ့ဘလော့လေးကို လာလည်ကြသည့် မိတ်ဆွေတွေအတွက် အေးချမ်းမှုတွေဖြစ်စေမည်လား၊ စသည်ဖြင့် နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပံ့ပိုးနေရ ပါတယ်။ နေ့စဉ်နှင့်အမျှ ဘလော့လေးကို ဆန်းသစ်လှပလာအောင် ဖန်တီးရသည်ကလည်း ဘလော့ဂါတို့ရဲ့ တတ်အပ်တဲ့ပညာရပ်တွေပါပဲ၊ ကျွန်မဘလော့ဂါဆိုရင်လည်း နည်းပညာတွေအားနည်းနေသေးပေမယ့် ကျွန်မရဲ့ဘလော့ချစ်သူတွေအတွက် ဘာတွေများပေးနိုင်မလဲဆိုသည့် ရည်ရွယ်ချက်တွေနှင့် တတ်သိသမျှ တွေကို မျှဝေခဲ့ပါတယ်။ မိတ်ဆွေတွေက လာလည်သည့်အခါ မှတ်ချက်လေးတွေမှာ ရေးလာတတ်တာ လေးတွေကတော့ နောက်တစ်ကြိမ်ပြန်လာလည်သည့်အခါ updateလေးဖြစ်နေဘို့ သူတို့အမြဲတမ်းရေးသွား တတ်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ မိတ်ဆွေတွေအတွက် နေ့စဉ်နှင့်အမျှ ဘလော့ဂါလိုတစ်မျိုး၊ စာရေးသူလို တစ်ဖုံ ကြိုးစားနေရပါတယ်။ ဒီနေ့တော့ ကျွန်မရဲ့မိတ်ဆွေတွေကို စိတ်ချမ်းသာစေရန်အတွက် စာရေးသူလည်းကျွန်မ၊ ဘလော့ဂါလည်း ကျွန်မဖြစ်အောင် ကြိုးစားပြီး ဖန်တီးပေးလိုက်ရတဲ့အတွက် ၀မ်းမြောက်ပီတိဖြစ်ခဲ့ရပါပြီ။



နေခြည်သစ်နွယ်(ပြည်)

No comments: