Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 26, 2012

“ဘားကမ့်အသိ” (အပိုင်း-၁)

ဒီနေ့ဟာ ရက်သတ္တပတ် အားလပ်ရက်ရဲ့ နောက်ဆုံးနေ့လေးပါ၊ ပြောရရင်တော့ သောကြာနေ့လေးပေါ့ ဒီနေ့လေးကုန်ဆုံးရင် မနက်ဖြန် စနေနေ့ဟာ ကျွန်မအတွက် အားလပ်ရက်ကလေးတစ်ခုပါ၊ အဲ့ဒီအားလပ်ရက် ကလေးတစ်ခုကို ဘယ်လိုအသုံးချဘို့ဆိုတာ ထိုနေ့မတိုင်မီနေ့လေးထဲက ကြိုတင်စီမံကိန်းတွေချထားရပါတယ်။
မနက်ဖြန်ဆို တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြည်မြို့မှာ ကျင်းပပြုလုပ်မယ့် ဘားကမ့်ပွဲလေးတစ်ခုနဲ့လည်း တိုက်ဆိုင်နေ ပါတယ်၊ ဒေသခံတွေအပြင် နယ်ပယ်အသီးသီးမှ ဧည့်သည်တွေလည်း တက်ရောက်လာကြမှာမို့ ရင်တွေခုန်မိ ပါတယ်။ ဒီပွဲလေးမတိုင်ခင်အကြိုနေ့မှာ ဘလော့ဂါ ကိုသုကာ၊ ကိုညီလင်းဆက်တို့ တက်ရောက်မယ်ဆိုတာ ကြားသိရတဲ့အတွက် သွားချင်နေမိတာတော့ အမှန်ပါ။
အွန်လိုင်းပေါ်မှာ ဘလော့ဂါတွေကလည်း မြောက်မြားစွာရှိနေသလို နည်းပညာရှင်တွေကလည်း မနည်းလှပါဘူး ထိုသူတွေကို ကျွန်မ မသိ၊ မမြင်ဘူးပေမယ့် ထိုသူတို့ မျှဝေမယ့် အကြောင်းအရာလေးတွေကိုတော့ စိတ်ဝင်စားမိပါတယ်။
ပထမဦးဆုံးပွဲနေ့လေးမို့ ရင်ခုန်စရာကောင်းသလို၊ ဘားကမ့်ဆိုတဲ့ပွဲလေးကလည်း အသိပညာတွေ တစ်ဦးနှင့် တစ်ဦး ဖလှယ်ကြရမှာမို့ အင်မတန်မှ အကျိုးရရှိစေမယ့် ပွဲလေးတစ်ခုရယ်ပါ၊ speakerအနေနဲ့ ကြိုက်နှစ်သက်ရာ Topicလေးတွေကို Topic center မှာ ကပ်ထားရသလို Listenerတွေအနေနဲ့လည်း 
Topic centerမှာ မိမိတို့ကြိုက်နှစ်သက်ရာ၊ ၀ါသနာပါရာ Topicခေါင်းစဉ်တွေနဲ့အတူ၊ ဘယ်အခန်း၊ ဘယ်အချိန်ဆိုတာ လေးတွေကိုကြည့်ရင်း မျှဝေပေးကြမယ့်ပွဲလေးပါ။ ဒီပွဲလေးထဲမှ Room (6)မှာ sharingလုပ်သွားတဲ့ ကိုညီလင်းဆက်ရဲ့ စကားများထဲမှ ကျွန်မ မှတ်သားမိတာလေးတစ်ခုကို တင်ပြချင်ပါတယ်။
ဘားကမ့်ပွဲလေးနဲ့အတူ ကိုညီလင်းဆက်ရဲ့ Topicအကြောင်းလေးကိုတော့ အချိန်ရတဲ့အခါ အကျယ်တ၀င့် တင်ပြပေးသွားပါ့မယ်၊ ကျွန်မနဲ့အတူ စာဖတ်ပရိသတ်တွေလည်း အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ကိုညီလင်းဆက်ဆိုသူကတော့ ပထမဦးဆုံး ကျွန်မတို့ listenerတွေကို မိတ်ဆက်ပေးခဲ့ပါတယ်၊ သူဟာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA)ရဲ့ ပြန်ကြားရေး ဥက္ကဋ္ဌဖြစ်ပါတယ်၊ ပထမဦးဆုံး သူ့အကြောင်း လေးနဲ့တကွ သူဖြတ်သန်းခဲ့ရသောအတွေ့အကြုံလေးတွေကို မျှဝေခဲ့ပါတယ်၊ ထိုသို့မျှဝေခဲ့ရင်းက သူပြော သွားခဲ့သောစကားများထဲမှ “Self Learning”ဆိုတာကို ကျွန်မ မှတ်သားလိုက်ပါတယ်။
သူကပြောပါတယ် ITဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ပါဘူးတဲ့..အားလုံးနဲ့သက်ဆိုင်ပါတယ်တဲ့ Professionalအဆင့်မဟုတ်ခဲ့လျှင်ဘဲ သိထားသင့်၊ တတ်ထားသင့်တဲ့အရာလေးတစ်ခုပါပဲတဲ့၊ မှန်ပါတယ် သူပြောသွားတဲ့စကားတိုင်း မှန်ပါတယ်၊ ကျွန်တော်တို့ အင်တာနက်မှာ ဘယ်လိုတွေရှာကြမလဲ၊ ဘယ်လိုတွေ အသုံးပြုကြမလဲ စသည်ဖြင့်ပေါ့.. ITဆိုတာ ယခု မျက်မှောက်ခေတ်မှာဆိုရင်ဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုထဲမှာ မပါမဖြစ်တစ်ခုလို့လည်း သူက ဆိုပြန်ပါတယ်။
ထိုအထဲမှာမှ သူက ဥပမာလေးတွေခိုင်းနှိုင်းတင်ပြထားပါတယ်၊ ထိုဥပမာများထဲမှ ကျွန်မက တစ်ခုကိုပဲ ရွေးချယ်တင်ပြပါရစေရှင်။ ကျန်သောဥပမာများကိုဖြင့် အကျယ်တ၀င့်ဖြင့် ဖော်ပြပေးသွားပါ့မယ်။
ဟိုတုန်းက သမိုင်းဆရာတစ်ယောက် ဆရာသန်းထွန်းအကြောင်းကို သူက ပြောပြသွားပါတယ်။ သမိုင်းဆရာ ဆိုတာ ရှေးဟောင်းသုတေသနတွေကို ITနဲ့ပေါင်းစပ်ပြီး ဘယ်လို တိုးတက်အောင်လုပ်မယ်၊ updateတွေဖြစ် အောင် ဘယ်လိုလုပ်မယ်ပေါ့၊ စကားစပ်ပြီး သူကဆိုပါသေးတယ်..ဆရာသန်းထွန်းက သမိုင်းဆရာဆိုပေမယ့် လည်း..ခုနှစ်၊ သက္ကရာဇ်..တွက်ခြင်း၊ ချက်ခြင်း အလုပ်တွေကိုလည်း သိပါတယ်တဲ့၊ ဒါပေမယ့် ဆရာသန်းထွန်း က ဗေဒင်ဆရာတော့မဟုတ်ပါဘူး၊ ဒါဆို သူဘာလို့ အဲ့ဒါတွေကို တတ်မြောက်နေရတာလဲ..ခုတော့ ကျွန်မပြော မယ့် self learningဆိုတာလေးကို ရောက်လာပါပြီ။
ဆရာသန်းထွန်းဟာ သမိုင်းဆရာတစ်ယောက်ဖြစ်ပေမယ့် ဗေဒင်ဆိုင်ရာ အတတ်တွေကိုလည်း တတ်မြောက် ထားပါတယ်၊ ဒါဟာ သူ့ရဲ့ self learningကြောင့် ရခဲ့တဲ့အကျိုးအမြတ်တစ်ခုဆိုတာကို သူက ပြောပြသွားပါ တယ်။ အခြားသမိုင်းဆရာတွေလည်း ရှိပါတယ်၊ ဒါပေမယ့် သမိုင်းဆရာတိုင်းလည်း ဗေဒင်ပညာကို တတ်ကျွမ်း မှာမဟုတ်ဘူးလို့ သူကဆိုပြန်ပါတယ်။
မှန်ပါတယ် ထိုဆရာရဲ့ ကိုယ်တိုင်သင်ယူခြင်း self learningကြောင့်သာ ဗေဒင်အတတ်ပညာကို တတ်မြောက်ခဲ့ တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်၊ ကိုညီလင်းဆက်ပြောပြခဲ့တာကို ကျွန်မ မှတ်သားမိသမျှ ရွေးချယ်ပေးလိုက်ရ ပါတယ်။ ကိုညီလင်းဆက်ရဲ့ ဆိုလိုရင်းကို ကျွန်မသဘောပေါက်ခဲ့သလို ဘားကမ့်ပွဲလာ မိတ်ဆွေများလည်း သိနိုင်ခဲ့ရင် ၀မ်းသာစရာကောင်းလှပါတယ်။
သူ့ရဲ့ဆိုလိုရင်းကတော့ ဗေဒင်အတတ်ပညာရယ်မှမဟုတ်၊ အခြား မည်သည့်အတတ်ပညာကိုမဆို ကိုယ်တိုင် သင်ယူချင်စိတ်၊ လေ့လာလိုစိတ်၊ မှတ်သားလိုစိတ်၊ မျှဝေပေးလိုစိတ်၊ စသည့်အရာတွေသာ ရှိနေမယ်ဆိုရင် ကျွန်မတို့သိထားတဲ့ ITဆိုတဲ့ ဘာသာရပ်ကိုလည်း လူသားအားလုံး သင်ယူတတ်မြောက်နိုင်ကြပါတယ်၊ နောက်တစ်ခုကတော့ ITဆိုတာ ဘယ်သူတွေ၊ ဘယ်လိုလူတန်းစားရယ်မျိုးမှ တတ်မြောက်ရမယ်ဆိုပြီး ကန့်သတ်ချက်ထားခဲ့တာမရှိပါဘူး၊ ခွဲခြားထားခဲ့တာလည်းမရှိခဲ့ပါဘူး၊ နည်းပညာကို မြတ်နိုးခုံမင်သူ၊ စိတ်ဝင်စား သူ၊ လေ့လာလိုစိတ်ရှိသူ၊ အထူးသဖြင့် အခြားစီးပွားရေးများဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများကလည်း ITပညာနဲ့ ပေါင်းစပ်ပြီး အောင်မြင်မှုတွေ၊ နည်းလမ်းကောင်းတွေ ရရှိရန်လည်း လိုအပ်ကြောင်း ကျွန်မတို့ သိရှိခဲ့ရပါတယ်။
ဘယ်လိုဘာသာရပ်မျိုးကိုမဆို ကိုယ်တိုင်သင်ယူခြင်း self learningဆိုတဲ့စိတ်ကလေးတစ်ခုသာရှိရင် သင်ယူ တတ်မြောက်နိုင်ပါတယ်၊ ကျွန်မကတော့ ဘယ်မေဂျာနဲ့ ကျောင်းပြီးသွားလို့၊ ဒါလေးကိုပဲ လုပ်မယ်၊ ကျွန်တော် ကတော့ စီးပွားရေးသမား၊ အခြားဘာသာရပ်တွေနဲ့မသက်ဆိုင်ဘူးရယ်လို့ဆိုတဲ့ ခေတ်တွေက ကျန်နေခဲ့ပါပြီ၊ ကျွန်မတို့ လူသားအားလုံးဟာ..ယနေ့ လူတွေပြောပြောနေကြတဲ့ ITဆိုတဲ့ ရာစုသစ်ခေတ်တွေမှာ ကိုယ်တိုင် သင်ယူခြင်း”self learning”ဆိုတဲ့စိတ်ကလေးနဲ့ထပ်တူ ဘာသာရပ်ပေါင်းမြောက်များစွာကို သင်ယူနိုင်ခြင်းသည် ကျွန်မတို့ရဲ့အနာဂါတ်အတွက် လှပတဲ့ မျိုးစေ့ကောင်းလေးတွေဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်စွာ ဆန္ဒပြုရင်းဖြင့် တင်ပြလိုက်ရပါတယ်ရှင်။

(စာဖတ်သူမိတ်ဆွေတွေလည်း “self learning”ဆိုတဲ့စိတ်ကလေးတွေ မွေးမြူပေါက်ဖွားနိုင်ပါစေလို့ ဆန္ဒပြု ရင်း..)


နေခြည်သစ်နွယ်(ပြည်)

1 comment:

Linker++ said...

ဖြစ်နိုင်ရင် ဒီပိုစ်လေးကို .. BarCamp Pyay community ၊ BarCamp Pyay Group/ ပြည်သူပြည်သားများ ဆုံစည်းရာမှာ ရှယ်ပေးဖို့ တောင်းဆိုပါတယ် ခင်ဗျာ...



လေးစားစွာဖြင့်
ကိုလင်းထိုက်