Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 26, 2012

“ဘားကမ့်အသိ” (အပိုင်း-၂)

(အပိုင်း-၂)ကို မဖတ်ခင် အပိုင်း(၁)ကို ဆက်စပ်ကြည့်စေချင်ပါတယ်ရှင်

“ဘားကမ့်အသိ” (အပိုင်း-၂)

အရင်တစ်နေ့က “ဘားကမ့်အသိ”(အပိုင်း-၁)ဆိုတာကို ကျွန်မ ဖော်ပြခဲ့ပြီးပါပြီ၊ ဒီကနေ့တော့ အပိုင်း(၂)အနေ ဖြင့် ဘားကမ့်ပွဲလေးကို တက်ရောက်အားပေးလာခဲ့သည့်အပြင် သူ့ရဲ့ သိရှိသမျှတစေ့တစောင်းလေးကို အနည်း အကျဉ်းလေးဖြင့် sharingလုပ်ပေးသွားတဲ့ ခေါင်းစဉ်များထဲမှ တစ်ခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ထိုအကြောင်းအရာလေးကိုမရေးခင် ကျွန်မတို့အားလုံးကို မျှဝေပေးခဲ့တဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)ပြန်ကြားရေးဥက္ကဋ္ဌ ကိုညီလင်းဆက်ကို ဂါရ၀ပြုဦးထိပ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကမှ တဆင့် ဖြန့်ဝေသွားတဲ့အသိလေးတစ်ခုကို ကျွန်မက ထပ်ဆင့်မျှဝေပေးတာဖြစ်လို့ပါပဲ။
ကျွန်မတို့စာရေးသူတွေအနေနဲ့ မည်သည့်စာကိုရေးသည်ဖြစ်စေ မလွယ်ကူလှပါဘူး၊ အချစ်အကြောင်း၊ ကဗျာ၊ နည်းပညာ စသည့်စာတွေလည်း အများကြီးပါဝင်မယ်ထင်ပါတယ်။ စဉ်းစားမှု၊ တွေးခေါ်မှု၊ လေ့လာမှု၊ လွတ်လပ်မှု၊ နှလုံးသား စသည်ဖြင့် အံဝင်ခွင်ကျအောင် ရေးသားကြရပါတယ်။ ဒီလို စာရေးသားခြင်းတွေကြား မှာ နည်းပညာရေးသားမှုကတော့ တကယ့်ကို ခက်ခဲနက်နဲလှပါတယ်။

ကျွန်မက နည်းပညာပိုင်းမှာ professionalအဆင့်မဟုတ်လှပါဘူး၊ သို့ပေမယ့် ရှေ့ကပြောခဲ့သလိုပါပဲ self learningဆိုတဲ့စိတ်ကလေးရှိနေသရွေ့တော့ အဲ့ဒီအဆင့်ဆိုတဲ့နေ့ကို ရောက်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်  ရှေ့မှာ ပြောခဲ့တဲ့အကြောင်းအရာလေးမှာ ကျွန်မအတွက် commentလေးတွေရလာပါတယ်။ commentဆိုတာ ဥပမာအားဖြင့်တော့ ဝေဖန်မှုတစ်ခုပါ၊ တစ်ခါတရံလည်း ဝေဖန်မှုဆိုပေမယ့် လူသားတွေ ကျင်လည်ရသည့်၊ ဖြတ်သန်းရသည့်ဘ၀ပုံရိပ်တွေလည်း ထင်ဟပ်ရပါတယ်။ လူသားတွေအားလုံးဟာ သူတို့ဖြစ်ချင်တာတွေကို ဖြစ်ခွင့်မရခဲ့သလို၊ ဖြစ်ခွင့်ရခဲ့ပြန်ရင်လည်း ၀ါသနာနဲ့ ထပ်တူမကျတာတွေကို ကြုံတွေ့ကြရမှာပါ။ ထို့ကြောင့် အချို့ကလည်း လုပ်နေရတာနဲ့ လုပ်နေခွင့်ကို ရွေးချယ်ကြရသလို၊ အချို့ကလည်း လုပ်နေခွင့်ရပေမယ့် ၀ါသနာ ရှိရာကို self learningဖြင့် ကြိုးစားမှုတွေရယူခဲ့ကြပြီး အောင်မြင်မှုပန်းတိုင်တွေကို တက်လှမ်းနေကြရတယ်ဆို တာကို လက်ခံနိုင်ကြမယ်လို့ ထင်မြင်မိပါတယ်။
အွန်လိုင်းပေါ်မှာ ကျွန်မတို့အားလုံး Ebookစာအုပ်ကောင်းလေးတွေ Freeဖတ်ရဘို့အရေး နည်းပညာသမားတွေ ဘယ်လောက်၊ ဘယ်အချိန်၊ ဘယ်လိုငွေကြေးတွေကုန်ကျခံထားရသလဲဆိုတာကို သိစေချင်ပါတယ်။ ကျွန်မ အပါအ၀င် စာဖတ်သူတွေအားလုံက အလွယ်တကူဖြင့် Ebook စာအုပ်လေးတွေကို Free downloadလေး လုပ်ပြီး ဖတ်ရှုကြပါတယ်။ ဒါကလည်း Ebookတင်ထားပေးသူတွေရဲ့ စေတနာတွေဆိုတာကို ကျွန်မတို့ သိထားရမှာဖြစ်ပြီး အလေးအနက်လည်း ရှိစေချင်ပါတယ်။
နည်းပညာစာအုပ်တစ်အုပ်မဆိုထားပါနှင့် Internetအသုံးပြုပုံအဆင့်တစ်ဆင့်ကို ဖော်ပြမည်ဆိုရုံနဲ့ပင် အချိန်ကုန်ပြီး ခက်ခဲပင်ပန်းလှပါသည်။ ပုံလေးများနှင့်တကွ စာများကို ဒွန်တွဲဖတ်ရှုနိုင်စေရန်အတွက် ပုံများကို ကျွန်မတို့လိုချင်သည့် နေရာများကို Screen Shootဖတ်ရပါတယ်။ ပြီးသွားတဲ့အခါ အဓိကနေရာများကို ပြသချင် တဲ့အခါမှာတော့ မြှားကလေးတွေထိုး၊ စတုရန်းကွက်လေးတွေအပြင် Line Fillလေးတွေဖြည့်စွက်ပြီး ဖော်ပြခြင်း တွေကို ပြုလုပ်ကြရပါတယ်။ ဒါတင်မကသေးပါဘူး။ ပုံအတွက်ပြီးဆုံးသွားပြန်တော့ အဲ့ဒီပုံနေရာလေးများ အတွက် ဘယ်နေရာမှာ ဘယ်လိုပြုလုပ်ရမယ်ဆိုတဲ့စာသားများကိုလည်း ဖြည့်စွက်ရပြန်ပါသေးတယ်၊ ထို့နောက် ကျွန်မ တို့ဖော်ပြထားခဲ့တဲ့ ပုံတွေနဲ့ စာတွေနဲ့ တထပ်တည်းမှကျပါရဲ့လားဆိုတာ ပြန်လည်စစ်ဆေးရ ပြန်ပါတယ်။
ဒီကနေ့ ကျွန်မတင်ပြချင်တာလေးကတော့ ဘားကမ့်မှရရှိလာခဲ့တဲ့ ခေါင်းစဉ်များထဲမှ Search Engineအကြောင်းလေးပါ၊ စာဖတ်သူတွေအနေဖြင့် Search Engineဆိုတာ လွယ်လွယ်လေးပဲကွာ၊ ဘာအထူး အဆန်းများရှိလို့လဲဆိုတဲ့ အတွေးလေးတွေ ၀င်လာလိမ့်မယ်ဆိုတာ ကျွန်မတွေးထင်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မကိုယ်တိုင်လည်း ဒီအကြောင်းလေးကို သိလာခဲ့လို့ပဲဖြစ်ပါတယ်။
ကျွန်မတို့သိထားခဲ့သည်က Search Engineဆိုတာ Google , Yahoo, MSN ဒီလောက်ပဲရှိတယ်လို့ သိခဲ့တာပါ ကျွန်မတို့ဘ၀တွေမှာ ပညာရပ်ပိုင်းဆိုင်ရာတွေမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာရယ်ဆိုတာ ရှိခဲ့မှာပါ၊ ကိုယ်တိုင်သင်ကြားပေးမှုကို မခံခဲ့ရပေမယ့်လည်း၊ မြင်လိုက်ရတယ်၊ ကြားလိုက်ရတယ်ဆိုရင်ပဲ ဆရာဖြစ်သွား ပါပြီ။ ယခုလည်း ကိုညီလင်းဆက်ရဲ့အပြောကို နားထောင်ခဲ့ရမှုကြောင့် ခုလိုပညာရပ်တစ်ခုတိုးပွားလာခဲ့ပါပြီ။ သူကလည်း ကျွန်မတို့ရဲ့ ဆရာတစ်ယောက်ဆိုရင် မှားနိုင်မယ်မထင်ပါဘူး။
သူပြောသွားခဲ့တဲ့ Search Engineအကြောင်းတွေထဲမှာ ကျွန်မကိုယ်တိုင်လည်း ရှာဖွေမိခဲ့ပါတယ်။ တကယ့်ကို တန်ဘိုးရှိပြီး နည်းပညာများနှင့်ပတ်သက်သော ပညာရပ်တွေကို လေ့လာလို့ရမှာပါ၊ အဲ့ဒီ Search Engineတွေထဲမှာတော့ အင်္ဂလိပ်လိုစကားတွေနှင့်သာ ရေးသားထားမှုကို တွေ့ကြရမှာပါ၊ ဒါပေမယ့် ကြိုးစားပြီး ဖတ်မှတ်သွားခဲ့ရင် တစ်လုံးလေးပဲရရ အကျိုးရှိနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
Search Engineတွေတိုင်းမှာ သူ့အပိုင်းလေးနဲ့သူ မြင်တွေ့ရမှာပါ၊ ကျွန်မကတော့ info.comဆိုတဲ့ Search Engineလေးကို သဘောကျနေမိပါတယ်၊ အဲ့ဒီအထဲမှာ နည်းပညာပိုင်းဆိုင်ရာ ဖတ်စရာ၊ မှတ်စရာလေးတွေ အများကြီးတွေ့နိုင်ပါတယ်၊ မြန်မာလိုတော့မဟုတ်ပါဘူး၊ အင်္ဂလိပ်လိုရေးသားထားခြင်းတွေပါ။
သူကပြောသွားပါတယ်၊ ဥပမာ ကျွန်မတို့ပြည်မြို့ရဲ့ လွန်ခဲ့သည့် ၁၉၇၄ခုနှစ်လောက်က Imageတွေကို ရှာဖွေမယ်ဆိုရင် ကျွန်မတို့ကတော့ အလွယ်တကူ pyay imageဆိုပြီးရှာမှာပါ၊ ဒီလိုဆိုလျှင်ဖြင့် ယခုချိန်ထိ လည်း pyay imageဆိုပေမယ့် imageတွေက ရောနှောနေတာကို တွေ့ရတဲ့အတွက် ဘယ်imageကတော့ pyay imageဆိုတာကို ရှာဖွေရ ခက်ခဲကြမှာပါ၊ ယခုလည်း သူပြောခဲ့ပါတယ်၊ ၁၉၄၅ခုနှစ်လောက်က ကျွန်မတို့ pyayကို promeလို့ပဲ ခေါ်ပါတယ်၊ Yangonကိုတော့ Rangoonလို့ ခေါ်ခဲ့တာကို တွေ့မြင်မှာပါ၊ ဒါကြောင့် အဲ့ဒီ search engineထဲမှာ myanmar 1945 pround imagesလို့ ရှာရမှာပါ၊ အဲ့ဒီမှာ ပုံတွေက အရောင်တွေ နဲ့ဖြစ်နေမှာပါ။ ၁၉၄၅လို့ပြောလာတဲ့အတွက်ကြောင့် ကျွန်မတို့ရဲ့ Search engine boxလေးရဲ့ ညာဘက်ခြမ်းမှာ ဖော်ပြပေးထားတဲ့ Any color, Full color, Black and Whiteဆိုတာကို တွေ့မြင်ရမှာပါ။ အဲ့ဒီ (၃)ခုအနက်မှ Black and Whiteဆိုတဲ့ Linkကလေးကို ကလစ်လုပ်လိုက်ရုံဖြင့် အဖြူအမဲနဲ့ ပုံလေးတွေကို မြင်တွေ့ရမှာပါ။
ယခုဖော်ပြပေးသွားတဲ့ အကြောင်းအရာလေးကို စာဖတ်သူတွေကိုယ်တိုင်စမ်းသပ်ကြည့်ကြပါနော်၊ Search Engineနဲ့ စပ်လျဉ်းပြီး ရှာဖွေလို့ရတဲ့ အခြား Search Engine လိပ်စာလေးတွေကိုတော့ ပုံနှင့်တကွ ဖော်ပြပေး လိုက်ပါတယ်နော်။ အဲ့ဒါတွေကတော့ LycosAltaVistaDogpileAsk JeevesGoogle AlltheWebBaiduInfo.comYahoo! SearchA9.comSogouMSN SearchAsk.com WikiseekAsk.comLive SearchChaChaWikiaSearchViewziCuilBing တို့ပဲဖြစ်ပါတယ်။ စာဖတ်သူတို့ မှတ်သားရလွယ်ကူအောင် ကျွန်မကူးယူထားခဲ့တဲ့ ဖိုင်လေးမှတဆင့် ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်။
(စာဖတ်သူတွေအားလုံး တဆင့်ထက်တဆင့် နည်းပညာတွေမှာ မြင့်မားလာနိုင်ကြပါစေနော်။)

နေခြည်သစ်နွယ်(ပြည်)

2 comments:

NLS said...

တစ်ခုခု မှတ်သားစရာ ရတယ်ဆိုလို့ ဝမ်းသာပါတယ်။ အဓိကကတော့ Concept နဲ့ Common Sense လေးကို ကောင်းကောင်း အသုံးချနိုင်ရင် အများကြီး အကျိုးရှိတယ်ဆိုတာလေး ထောက်ပြချင်တာပါ။ ၁၉၇၄ တော့ မဟုတ်ဘူး။ ၁၉၄၅ လောက်မှာ ကာလာ ကင်မရာတွေ မပေါ်သေးလို့ အဲဒီကာလက ဓာတ်ပုံကို ရှာမယ်ဆိုရင် Black & White နဲ့ ရှာသင့်တယ်လို့ ပြောချင်တာပါ။ ပြီးတော့ အင်္ဂလိပ်ခေါ်တဲ့ ပြည်မြို့ရဲ့ နာမည်ကို Prome လို့ သိထားမယ်ဆိုရင် ပိုထိရောက်ပါတယ်။ အခုခေတ် နာမည်တွေနဲ့ သွားရှာရင် ရမှာ မဟုတ်ပါဘူး။ အကူအညီ အကြံဥာဏ် လိုအပ်တာရှိရင် lynnseck@gmail.com ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။

နေခြည်သစ်နွယ်(ပြည်) said...

ခုလို ဆောင်းပါးလေးကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ဒီဆောင်းပါးလေးနဲ့ပတ်သက်ပြီး စာဖတ်သူများက နည်းပညာနဲ့ ပတ်သက်လို့ ဆောင်းပါးလေးတွေ ထပ်မံတောင်းဆိုလာတာတွေ့နေရပါတယ်။
ပညာရှင်တွေပူးပေါင်းပြီး ဖြန့်ဝေပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲလို့ ယူဆပါတယ်။