Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 19, 2012

“အလှဆုံးသောမိန်းမဖြစ်ချင်သည်”

မိန်းမသားတွေ လှပချင်ကြသည်လို့ ပြောလာရင် ၀န်ခံပါသည်၊ ကျွန်မလည်း လှချင်သော မိန်းမသားတို့တွင် ထိပ်ဆုံးကဖြစ်ချင်ခဲ့ပါသည်။ မိန်းမသားတို့၏ အလှအပတရားကို ဖော်ကျူးသည့်နေရာတွင်တော့ အချို့က စိတ်နေအလှ၊ အချို့က ရူပကာအလှ၊ ဖြူ၊ မည်း၊ ညို စသဖြင့် ပုံဖော်ကြသည်။
အရောင်အသွေးစုံလင်စွာဖြင့် မိန်းမသားတို့မှာ လှချင်တိုင်းလှနေကြပါသည်၊ အကျည်းတန်ရုပ်ဆိုးပါသည်ဟု အပြောခံရသူ မိန်းမသားတို့တွင်ပင် သူ့သဘာဝနှင့်သူတော့ လှနေကြသည်။
ဆယ်ကျော်သက်ဘ၀အရွယ်မှစလို့ ကျွန်မတို့၏အလှသွေးများကို သူမက လှသထက်လှပနေစေရန် ဆင်မြန်း ပေးခဲ့ကြသည်။ အသက်အရွယ်တွေအားဖြင့် ပြောင်းလဲတတ်သည်သာဖြစ်၍ ပြောင်းလဲတတ်သော သဘာဝ တို့နှင့်အညီ ပြောင်းလဲခြင်းများတွင် ကျွန်မလည်း အပါအ၀င်ဖြစ်နေခဲ့ရသည်။

ဆိုစကားလေးတစ်ခုတော့ ကြားဘူးသည်၊ အနာဂါတ်တွင် ပီတိအပြုံးတွေဖြင့် စိတ်အေးစေဘို့အတွက် သစ်ပင်လေးတွေ တစ်ပင်လောက်ဖြင့် စိုက်ပျိုးခဲ့ရင် ကျွန်မတို့အတွက် အရိပ်ကောင်းလေးတစ်ခု ခံစားရသလို နောင် ခရီးသွားတို့ နားခိုခဲ့ရင်လည်း အေးမြမှုတွေပေးစွမ်းနေမှာပါ။ ထို့အတူ အနာဂါတ်အတွက် အလှပဆုံး သော မိန်းမဖြစ်တည်ဘို့ရာအတွက် ကျွန်မတို့ မျိုးဆက်သစ်လေးတွေ မွေးထုတ်ပေးရတော့မည်။
သူမဟာ ကျွန်မတို့အတွက် အရောင်အသွေးစုံလင်စွာနဲ့ ဆင်မြန်းပေးခဲ့ပြီ၊ တတ်သိအပ်သော ပညာများနှင့်အတူ အသိအလိမ္မာများလည်း ပေးစွမ်းနိုင်ခဲ့ပြီ၊ သူမ၏ အဆွေခင်ပွန်းဖြစ်သူကို ပြုစုယုယ၊ ကြင်နာစွာထွေးပိုက်ရင်း မလစ်ဟင်းစေရသော မေတ္တာတရားများဖြင့် စောင့်ရှောက်ခဲ့သည်။
အလှအပဆုံးသောမိန်းမတို့သည် သူမဟုဆိုသော မိခင်များပင်ဖြစ်တော့သည်။ ဘ၀တစ်ခုအတွက် အရင်း ပြုကာ  ပကတိပေးဆပ်နိုင်သော၊ အသက်အရွယ်ပင် အိုမင်းသော်လည်း စိတ်ထားကြည်ဖြူ၊ မငြူစူသောအပြုံး တို့ဖြင့် လောကကြီးကို အလှဆင်နိုင်ခဲ့သည်။
မိခင်တို့၏ ပုခက်လွှဲသောလက်သည်ပင် ကမ္ဘာကြီးကို အုပ်စိုးနိုင်တော့မည်မဟုတ်ပါလား၊ သူမအတွက် အားအင်သည် သူမ၏ သွေးသားပင်ဖြစ်ပေသည်။ သူမအတွက် ခွန်အား၊ ရောင်စဉ်အလင်းတန်းလေးတို့သည် လည်း သူမ၏ သွေးသားပင်ဖြစ်ပါသည်။ သူမတို့၏ အလှတရားသည် ကမ္ဘာကြီးတည်တံ့နေသ၍ ခိုင်မာနေ အုံးမည်။ ပျောက်ပျက်၍လည်းမသွားနိုင်သလို ကုန်ဆုံး၍လည်းမသွားနိုင်တော့ပေ။
သူမဆိုသည့် မိခင်တို့သည် သန့်ရှင်းဖြူစင်လွန်းခဲ့သော အပျိုစင်ဘ၀ကိုပင် စွန့်လွှတ်တတ်ကြသည်။ ပြည့်ဝသောမေတ္တာတရား၊ ပြတ်သားပြီး တည်ကြည်ခန့်ညားလွန်းသော စိတ်ဓာတ်တို့က သူမ၏ အလှတရားတို့ ပင်။ လောကဓံဆိုသည့် မုန်တိုင်းတွေကို အပြုံးမပျက် တိုက်စစ်ဆင်ခဲ့ပြီး၊ နွေးထွေးသောလက်တစ်စုံတို့ကလည်း သူမ၏ သွေးသားကို မျှော်လင့်ချက်အလင်းရောင်များ ဖြစ်စေခဲ့သည်။
ကျွန်မသည်လည်း သူမဟုခေါ်ဆိုအပ်သော အလှပဆုံးမိန်းမဖြစ်ချင်ခဲ့သည်။ လောကကြီးကို စိန်ခေါ်နိုင်စွမ်း ရှိသောသတ္တိ၊ တည်ငြိမ်ရင့်ကျက်စေသော အလှတရားတို့နှင့်အတူ သွေးသားတို့အတွက် ဘ၀တစ်ခုကို အရင်း ပြုကာ ကြည်ဖြူစွာပေးဆပ်နိုင်ခဲ့သော သူမဟုခေါ်ဆိုအပ်သော  မိခင်၏အလှတရားပင် ဖြစ်လိုက်ချင်ပါတော့ သည်။
ထိုအရာသည်ပင် အလှပဆုံးသော မိန်းမများပင်ဖြစ်ပေသည်….။


နေခြည်သစ်နွယ်(ပြည်)

No comments: