Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, September 13, 2012

“အခါနှောင်းခဲ့ပေမယ့်…သာဓုခေါ်လိုက်ပါအမေ”

လာမည့် (၂၀၁၃) မေလဆိုရင် ကျွန်တော့်အသက်က (၂၇)နှစ်ပြည့်တော့မယ်လေ၊ ဒါပေမယ့် ကျွန်တော် ခုချိန်ထိ ဆိုးနေတုန်းပဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်အသိပါ။ ဘာကြောင့်လဲဆိုတဲ့အဖြေကို ရှာမတွေ့ခဲ့မိ ဘူး။ ကျွန်တော့်မှာ အစ်မတစ်ယောက်ရှိတယ်၊ ညီငယ်လေးတစ်ယောက်ရှိတယ်၊ သူတို့တွေမှာ ပြောစရာမရှိပါ ဘူး။ မမကလည်း အဖေနဲ့အမေကို တစ်ဖက်တစ်လမ်းက အလုပ်အကျွေးပြုသလို၊ ညီငယ်လေးကလည်း တက္ကသိုလ် ဒုတိယနှစ်တက်နေတယ်၊ ကျောင်းသားလူငယ်ဆိုပေမယ့် ညီလေးကတော့ ရတဲ့မုန့်ဖိုးလေးတွေကို  စုဆောင်းပြီး၊ အ၀တ်အစားတွေဝယ်တတ်၊ အလှတွေပြင်တတ်သလို၊ ကွမ်း၊ အရက်၊ ဆေးလိပ်တွေကိုလည်း သောက်ဖူးခဲ့သူဖြစ်ပေမယ့် မကောင်းမှန်းသိတဲ့အရာတွေမို့ ရှောင်ကြဉ်တတ်ခဲ့ပြန်တယ်လေ။ ညီလေးကို ကျွန်တော်လေးစားမိခဲ့ရသလို ချစ်လည်းချစ်ခဲ့ရပါတယ်။
မမရဲ့အသက်အရွယ်ဟာ အိမ်ထောင်ပြုသင့်တဲ့အရွယ်ဖြစ်နေပေမယ့် အဖေနဲ့အမေအနားမှာ တဖ၀ါးမှမခွါဘဲ သူတတ်တဲ့ အတတ်ပညာလေးနဲ့ လစဉ်လတိုင်း ထောက်ပံ့ပေးနေရှာခဲ့ပါတယ်။ အဖေ၊အမေတို့ရဲ့ ကျန်းမာရေး၊ အထီးကျန်ဆန်နေတဲ့နေ့ရက်တိုင်းလိုလိုမှာ မမက အမြဲရှိနေပေးခဲ့လို့ ကျွန်တော်က ကျေးဇူးတွေတင်နေရပြန် တယ်လေ။ မောင်လေးတွေအပေါ်မှာ သိတတ်ကောင်းမွန်သလို၊ အစ်မဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီမျှအောင် နေထိုင်တတ်ခဲ့တဲ့ မမကိုလည်း လေးစားခဲ့ရသလို ချစ်လည်းချစ်ခဲ့ရပြန်ပါသေးတယ်။

ကျွန်တော်ကတော့ဗျာ အကြီးဆုံးသားဆိုပေမယ့် ခုချိန်ထိ ဆိုးနေတုန်းပါပဲ၊ ကျွန်တော့်ရဲ့အလုပ်က ယာဉ်နောက် လိုက်ပေါ့ဗျာ၊ အရပ်စကားပြောရရင်တော့ စပါယ်ယာပေါ့၊ စပါယ်ယာဆိုပေမယ့် ကျွန်တော့်ကို မိဘတွေက ပညာတွေသင်ပေးခဲ့ပါတယ်။ ကျွန်တော့်ကို (၁၀)တန်းအထိ ကျောင်းထားပေးခဲ့ပေမယ့် မကြိုးစားမှုတွေကြောင့် ၁၀တန်းကို မအောင်မြင်ခဲ့ပါဘူး။ စိတ်တွေညစ်ညစ်နဲ့ (၁၀)တန်းကို လေးနှစ်တိုင်တိုင်ကျရှုံးခဲ့လို့ ဆက်မတက် ဖြစ်ခဲ့တော့ပါဘူး။ ဒါပေမယ့် မိဘတွေက အသက်မွေးမှုပညာတွေ သင်ပေးခဲ့ပြန်တယ်လေ။ ကျွန်တော် ၀ပ်ရှော့အလုပ်ရုံမှာ (၆)လလောက်ပညာသင်ပြီး ကားနောက်လိုက်တဲ့အခါ အလုပ်ရုံမှာထက်တော့ ပိုက်ဆံက မျိုးမျိုးမြတ်မြတ်ရခဲ့တာပေါ့၊ ကျွန်တော်က သောက်တယ်၊ စားတယ်၊ အချိန်တွေကုန်အောင်လုပ်တယ် အိမ်ပြန် တဲ့အခါ အမေ့အတွက် လျှော်စရာအ၀တ်တွေ တပုံတပင်ကို လက်ဆောင်ပေးခဲ့ပြန်သေးတယ်လေ။
အမေကတော့ မိခင်ကောင်းပီသစွာနဲ့ မညည်းမငြူဘဲ ဖြူစင်အောင် လျှော်ဖွတ်ပေးခဲ့တယ်။ အိမ်အ၀င်ရောက် ရင် မိသားစုအားလုံးက နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ကားနားလို့ပြန်တဲ့အခါ သောက်မြဲ သောက်တတ်ပြီး၊ ပိုက်ဆံကို တစ်ပြားမကျန်အောင်လည်း သုံးတတ်သေးတာပေါ့။ မိသားစုအတွက် စားစရာ လေးတွေ ၀ယ်လာတတ်ရုံကလွဲလို့ ကျွန်တော့်မှာ အသိစိတ်တို့ပျောက်ဆုံးနေခဲ့ပြီလေ။
အမေက..“သားရယ်…အရက်ဆိုတာမကောင်းပါဘူး၊ မင်းရဲ့အသက်ငယ်ငယ်လေးနဲ့၊ မင်းရတဲ့ဝင်ငွေလေးနဲ့၊ လှလှပပနဲ့ ကျော့ကော့နေအောင် နေလို့ရတယ်”တဲ့လေ
“မင်းညီလေးနဲ့ မမကို ကြည့်ပါအုံး၊ အတုယူစမ်းပါအုံး၊ သူတို့တွေမှာ မင်းလောက် ၀င်ငွေမရပေမယ့်၊ အစားအသောက်၊ အနေအထိုင်၊ ခြိုးခြံချွေတာပြီး နေတတ်ထိုင်တတ်လိုက်တာလေ”ဟုဆိုပြီး အမေက ရောက်တိုင်းအမြဲဆုံးမတတ်ခဲ့တယ်။ ကျွန်တော် ဘယ်အချိန်ပြန်လာပါစေ ကျွန်တော့်အတွက် အိပ်ရာခင်းလေး က အဆင်သင့်၊ ထမင်းစားပွဲပေါ်တွင် လက်လျှိုစားရုံပင်၊ အဖေ့ရဲ့ ဆူပူသံတွေက ကျွန်တော့်ရင်ထဲမှာတော့ သံရည်ပူလိုပါပဲ။ အဖေက ကျွန်တော့်ကို ပြောတယ်…
“မင်း ငါ့အိမ်ကို သောက်ပြီး ဘယ်တော့မှမလာခဲ့နဲ့၊ မင်းလုပ်စာတောင်မစားရသေးဘူး၊ ငါ့ကိုတော့ ပုန်မကန်နဲ့၊ ငါ့အိမ်မှာနေရင်..ငါ့စကားကိုနားထောင်…အမေလုပ်တဲ့သူကလည်း ဒီလိုမူးရူးနေတဲ့သူအတွက်တော့ ခြင်ထောင် ထောင်ပေး၊ ထမင်းအဆင်သင့် ခူးကျွေးတယ်၊ ဟိုမောင်နှမတွေ အတွက်တော့ လုပ်မပေးဘူး”
အဖေ့ရဲ့ ဒီလိုပြောဆိုသံတွေကြားရတဲ့ အမေ့ခမျာ မျက်ရည်တွေ အဖြိုင်ဖြိုင်ကျလို့နေခဲ့ရပြန်ပါတယ်။ အမေဟာ သားသမီးတွေကို မခွဲခြားတတ်သလို၊ အမေ့ရဲ့မေတ္တာတွေဟာ ကျွန်တော်တို့မောင်နှမတွေအပေါ်မှာ တပြေးညီပါပဲ၊ ဘယ်သူ့အပေါ်ကိုမှလည်း မပိုခဲ့သလို၊ လိုအပ်ချက်ဆိုတာလည်း မရှိခဲ့ဖူးပါဘူး။ ကျွန်တော်လည်း ဘာဆက်လုပ်ပေးရမှန်းမသိတော့ပါဘူး။ မမနဲ့ ညီလေးကလည်း ကျွန်တော့်အပေါ်ကို နားလည်တတ်ကြ သူတွေပါပဲ၊ မောင်နှမတွေကို ဂျီကျခြင်းတွေမရှိတတ်သလို မိဘတွေနဲ့လည်း ရင်းနှီးပွင့်လင်းစွာ နေတတ်ကြတဲ့ သူတွေပါ။ ကျွန်တော်ကတော့ မောင်နှမတွေကို ကြေးတန်းတိုက်မိခဲ့သလို မိဘတွေနဲ့လည်း ရင်းနှီးပွင့်လင်းစွာ မနေတတ်ခဲ့ပါဘူး။ အမေကပြောပါတယ် ကျွန်တော့်ကိုလေ…
“သားရယ်.. မင်းမမနဲ့ ညီလေးကလည်း အဖေက ဘာပဲပြောနေပါစေ၊ ဆဲဆဲဆိုဆို၊ သူတို့က နေတတ်တယ်၊ ပြီးရင်လည်းပြီးသွားရောပဲ၊ မင်းလိုလည်း စိတ်ထဲမှာ အမှတ်မထားတတ်ဘူး၊ မင်းဆို အခု အလုပ်ထဲမှာ သူများတွေရဲ့အပြောအဆို၊ အဆူအဆဲ၊ အငြိုအငြင်တောင်ခံရသေးတာ၊ ကိုယ့်အဖေပြောတာကို နာစရာလား သားရယ်၊ မင်းတို့အဖေက မင်းတို့ကို ကောင်းစေချင်လို့၊ လိမ္မာစေချင်လို့ပြောတယ်ဆိုတာမှတ်ပါ၊ မင်းတို့အဖေ အရင်ကဆိုးခဲ့၊ မိုက်ခဲ့၊ သောက်ခဲ့တာတွေကြောင့်..မင်းကိုလည်း သူ့လို အတုယူမမှားရစေအောင် ၊ မဖြစ်ရ အောင် ပြောဆိုနေတာပါ၊ မင်းက မင်းအဖေပြောတာကို အကောင်းနာမှမနာတတ်ဘဲ၊ အဖေက ဒီလိုပြောရင် ငါလည်း လိမ္မာမယ်၊ မဆိုးတော့ဘူး၊ ရသမျှလေးကို ကျစ်ကျစ်ပါအောင်စုမယ်၊ သူများလူငယ်တွေလိုပဲ မရှိ ရှိတာလေးကို ဖြူစင်အောင်ဝတ်ပြီးနေမယ်၊ ဒီလိုဖြစ်ရမယ့်အစား….မင်းက အဖေပြောလို့..ပိုသောက်မယ်၊ ပိုအရွဲ့တိုက်ပစ်မယ်၊ ပိုဖြုန်းမယ်ဆိုရင်…မင်းဘ၀ဆုံးရှုံးရလိမ့်မယ်၊ အဖေကိုတုပြီး အံပြုရင်တော့ မင်းဘ၀ပဲရှုံး ရမှာပေါ့…အဖေဆိုတာ သားအတွက် ဘယ်တော့မှမကောင်းတာကို မပြောပါဘူး..သားရယ်၊ မင်း..နားလည်စမ်း ပါ…”
ပြောရင်းနဲ့ အမေမျက်ရည်တွေကျလာတဲ့အချိန်တိုင်း ကျွန်တော့်ရင်တွေကွဲကြေနေခဲ့ရတယ်ဆိုတာ သိနေခဲ့ပါ တယ်။ အမေဟာ ကျွန်တော့်အတွက် တစ်နေ့တစ်လေမှ ရတက်မအေးခဲ့ရပါဘူး။ အမေ့ကို ကျွန်တော်က သိပ်ချစ်ပါတယ်။ သိပ်ချစ်တယ်ဆိုပေမယ့် ကျွန်တော်က အမေစိတ်ချမ်းသာအောင် တစ်ကြိမ်တစ်ခါလေးမှ မထားခဲ့မိဘူးပါဘူး။ အမေ့အတွက်ရယ်လို့ အင်္ကျီလေးတစ်ထည်သော်မှ ၀ယ်မပေးခဲ့မိပါဘူး။ ကျွန်တော့်ကိုယ် လည်း ကျွန်တော်ရှက်မိခဲ့ပါတယ်။
ကျွန်တော့်မိဘတွေက သိပ်ဆင်းရဲသွားပြီလေ၊ သူတစ်ပါးခြံမှာ အခကြေးငွေဖြင့် အလုပ်လုပ်ရင်း ကျွန်တော်တို့ အပေါ်ကို နေ့ညမပြတ်ရှာဖွေကျွေးမွေးခဲ့တယ်။ မမနဲ့ညီလေးက လိမ္မာသလောက် ကျွန်တော်ကတော့ ဆိုးခဲ့သူ ပေါ့။ ဆိုးနေတာကိုလည်း ကျွန်တော်ကိုယ်တိုင်သိနေခဲ့ပေမယ့်…ပြင်ချင်တဲ့စိတ်ကတော့ မရှိသေးဘူးထင်ပါ တယ်။ ကိုယ့်ကိုကိုယ် ဘယ်လိုနားလည်ရမှန်းမသိခဲ့ပါဘူး။ တစ်ခါတလေ ကျွန်တော့်မိဘတွေ သူများအလုပ် တွေလုပ်ခဲ့တာ မြင်ရရင် ကျွန်တော့်ရင်ထဲ မချိမဆန့်ပါပဲ၊ ဒါပေမယ့်လည်း စိတ်မှာအသိရှိခဲ့ပေမယ့် လက်တွေ့မှာ တော့ ခုချိန်တိုင်အောင် ဆိုးနေဆဲပါပဲ။ ရသမျှပိုက်ဆံကို ဖြုန်း၊ အလုပ်မရှိတဲ့အချိန် မိဘတွေရှိတဲ့အိမ်လေးကို ကျွန်တော်ပြေးကပ်မိခဲ့ပြန်တယ်။ ကျွန်တော်ရှာသမျှပိုက်ဆံကို တစ်ပြားတစ်ကျပ်မှ မမျှော်လင့်ခဲ့ကြပေမယ့် တစ်နေ့ကို ထမင်း(၃)နပ်မက ကျွန်တော်စားနေခဲ့ရတယ်လေ။ အဖေကတော့ ထုံးစံအတိုင်း ဆူပူတာပေါ့..
“မင်းလိုကောင်ကလေ ခွေးမြီးကောက် ကျည်တောက်စွပ်ပဲကွ၊ ဒီအရည်ကို နေ့တိုင်းသောက်တယ်၊ အေး.. ကြိုက်လို့သောက်တာ သောက်ပါ၊ ငါလည်း သောက်ခဲ့တာပဲ၊ မင်းထက်တောင်ပိုသေး၊ အေး..စည်းနဲ့ကမ်းနဲ့ တော့ သောက်မှပေါ့ကွ၊ သောက်တော့လည်း အိုပီ၊ ဇနပုဒ်အရက်ဆိုင်မှာ သောက်တယ်၊ သောက်ချင်ရင်လည်း ဇိမ်ကျကျသောက်ပေါ့၊ ဒီလိုအရက်ဆိုးတွေက မင်းကိုမြန်မြန်သေအောင်သတ်နေတာပဲ၊ ညကျတော့ သေအောင်သောက်၊ မနက်ကျတော့ အရက်နာကျတယ်လေ၊ တစ်နေ့လုံးအိပ်၊ မိဘကို ရေလေးတစ်မှုတ်တောင် ကူမခပ်ချင်ဘူး၊ မင်းလိုကောင်မျိုးတော့ ခွေးကောင်းတစ်မွန်းတည့်ပဲ မှတ်ထား…ဘယ်တော့မှ လူဖြစ်မှာမဟုတ် ဘူး”
အဖေက ကျွန်တော့်ကို အဲ့လိုပြောတယ်ဗျာ..ကျွန်တော် အခံရခက်သလို၊ အနေရလည်းခက်တယ်၊ အမေက တော့ ကျွန်တော့်အနားမှာ ညင်သာစွာနဲ့ ဆုံးမခဲ့တယ်၊ မမနဲ့ညီလေးကို ညင်သာသလောက်၊ ကျွန်တော့်ကိုဆို ဆူဆဲအမြဲပါပဲ၊ ဘာလို့လဲဆိုတာကိုလည်း ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော့်ရဲ့စိတ်ကို မမကတော့ နားအလည်ဆုံးပါ။ မမက ဘာသာတရားအများဆုံးလုပ်တဲ့သူဆိုတော့ ကျွန်တော်နားလည်အောင် ရှင်းပြဆုံးမ တတ်ခဲ့တယ်လေ…
“မောင်လေးရယ်…တကယ်တော့ အဖေက မမှားသလို..မင်းလည်းမမှားပါဘူး၊ ဒါပေမယ့်လည်းလေ မင်းရဲ့စိတ် ကိုပြင်မှရမယ်၊ အဖေဟာ ငါတို့တွေအပေါ်မှာ တစ်ချိန်က ဆိုးခဲ့တယ်ဆိုပေမယ့်၊ အမေက ဆုံးမခဲ့ဘူးတယ် မဟုတ်လား၊ အဖေဆိုတာ..အဖေပါပဲ၊ သူဖုန်းစားကြီးဖြစ်ပါစေ…အဖေဟာ..အဖေပါပဲဆိုတာလေ၊ သူဆိုးခဲ့တာ တွေအတွက် ခုချိန်မှာ နောင်တတွေရခဲ့ပြီး ငါတို့အပေါ်မှာလည်း တာဝန်ကျေပြွန်တဲ့ ဖခင်ကောင်းတစ်ယောက် ဆိုတာ နင်လည်းသိမှာပါ၊ ပြီးတော့ နင်နဲ့အဖေ့ကြားမှာက နားလည်မှုဆိုတာလေးလွဲနေကြတာပါ၊ တကယ်ဆို အဖေကလည်း နင့်ကိုသိပ်ချစ်တာပါ၊ ဒါပေမယ့် သူချစ်တဲ့အကြောင်းအရာ၊ ဖြစ်စေချင်တာလေးတွေကို အနုအရွလေးတွေဖွဲ့ပြီး မပြောပြ၊မဆုံးမတတ်ခဲ့တာပါ။ တကယ်တော့ နင့်ကို အဖေက လူတော်လူကောင်း တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ နင်..ဆိုးသလားဆိုတော့လည်း နင်မဆိုးပါဘူး။ နင်က ရသမျှကို အကုန်ဖြုန်း ပစ်တယ်၊ အရက်ကိုသောက်တယ်၊ တကယ်ဆို အိမ်မှာနားရက်လေးတွေလည်း ကူသင့်တာကူလိုက်ပေါ့ဟာ၊ သားတွေကြီးလာရင် အဖေတွေက အားကိုးတယ်ဆိုတာကို နင်နားလည်မှပေါ့၊ နင်ကလည်း အဖေ့ကို သိပ်ချစ်တယ်ဆိုတာ မမအသိဆုံးပါ။ နင့်ရင်ထဲမှာ ဘာတွေရှိသလဲဆိုတာလည်း သိပါတယ်။ ဒါပေမယ့် နင်ကလည်း အဖေပြောသမျှကို အဆိုးထင်ပြီး အရွဲ့တိုက်တယ်။ အဖေကလည်း စကားပြောဆုံးမရင် ချိုချို သာသာမပြောတတ်တာက ခက်နေတယ်လေ။ သူဖြစ်ချင်တာကိုသာသိတာ၊ ငါတို့ကိုလည်း ဒီလိုပဲ တခါတလေ မိန်းကလေးတန်မဲ့ ညစ်ညစ်ပတ်ပတ်စကားတွေနဲ့လည်း ဆူခံရပါတယ်၊ ဒါပေမယ့် ငါတို့ကတော့ အဖေဆဲတာ ဆူတာလောက်တာကတော့ ခဲနဲ့ပေါက်ရုံလောက်ပဲလို့တွေးပြီး၊ ပျော်ပျော်ရွှင်ရွှင်ပဲနေတယ်လေ၊ စိတ်ထဲမှာလည်း နင့်လို အမှတ်အတေးမထားဘူးလေ၊ မိဘနဲ့သားသမီးဆိုတာ အမှတ်အတေးမထားကောင်းဘူးလေဟာ..” ဟုဆိုပြီး မမက ကျွန်တော့်ကို ဆုံးမခဲ့ဘူးပါတယ်။
ဟုတ်ပါတယ်၊ တကယ်တမ်း ကျွန်တော် ပြန်စဉ်းစားကြည့်တဲ့အခါ မမပြောတာလေးတွေက အမှန်ပါပဲ၊ တကယ် တော့ ကျွန်တော့်ရဲ့စိတ်ကို ကျွန်တော်ထိန်းချုပ်မှ၊ သတိနဲ့ဆင်ခြင်မှသာ အရာအားလုံးပြောင်းလဲသွားမှာဖြစ် သလို၊ မိသားစုလည်း စိတ်ချမ်းသာမယ်လို့ ကျွန်တော်သိခဲ့ရပါတယ်။ မှားမှန်းလည်း သိနေရက်နဲ့ကျွန်တော် မိသားစုကိုလည်း စိတ်ဆင်းရဲအောင်လုပ်ခဲ့မိပါတယ်။ တစ်ခါတစ်လေ ကျွန်တော့်ဘ၀ကြီးကို ပြောင်းလဲပစ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် မရခဲ့ပါဘူး။ မရခဲ့ဘူးဆိုမှ အမေပြောခဲ့တာလေးတွေကို သတိရမိပါသေး တယ်ဗျာ….
“ငါ့သား..လူဆိုတာ ကံကံ၏အကျိုးဆိုတာရှိတယ်၊ အေး..ဒါပေမယ့် ကံဆိုတာ အလုပ်ပဲ..သား၊ မင်းလိမ္မာဖို့ အတွက်..အမေတို့အဖေတို့က ဆုံးမခဲ့တယ်၊ တာဝန်ကျေပါတယ်၊ ဒါပေမယ့် မင်း.. မပြင်သရွေ့တော့ ဒီလိုပဲ ဖြစ်နေအုံးမှာဘဲ၊ လူဆိုတာ စိတ်ကသာ အဓိကပါ သားရယ်၊ ဘယ်အရာမဆို မိမိကောင်းဘို့ပါပဲ၊ မိမိက ကောင်းအောင်နေလို့မှ..ဖြစ်မလာခဲ့ရင်တော့ ကံပေါ့..သားရယ်၊ အေး…ကိုယ်ကတော့ ဘာမှမလုပ်၊ မပြုမပြင်ဘဲ ကံကိုယုံပြီး ဆူးချုံတက်နင်းမိရင်လည်း ဆူးစူးတတ်တယ် ငါ့သားရဲ့…သားက အမေ့ကိုချစ်တယ်ဆို၊ အမေ့ကို ပါးစပ်ကနေ ချစ်တယ်…ချစ်တယ်မပြောပါနဲ့သားရယ်၊ အမေ့ကိုချစ်ရင် အမေ့စကားကိုနားထောင်ပြီး၊ အမေ ဖြစ်စေချင်တဲ့ သားလိမ္မာတစ်ယောက်၊ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါလားကွယ်…”
အမေ့ရဲ့စကားတွေက အေးအေးညိမ့်ညိမ့်လေးနဲ့ တန်ဘိုးတွေရှိသလောက် အဖေ့ရဲ့စကားတွေကိုတော့ အရာ တိုင်း၊ အချိန်တိုင်းမှာ၊ အကောင်းမမြင်၊ အဆိုးတွေသာမြင်ခဲ့တဲ့ကျွန်တော် ခုချိန်ဆို ဟိုး…အဝေးကြီးမှာ နောင်တတွေရင်ဝယ်ပိုက်မိခဲ့ပါပြီလေ။ ကျွန်တော့်အပေါ်ကို အရမ်းကောင်းခဲ့ကြတဲ့ မမနဲ့ညီလေး၊ သူတို့တွေကို လည်း ကျွန်တော်သိပ်လွမ်းမိတယ်ဗျာ၊ ကျွန်တော်အလုပ်မရှိတဲ့အချိန်တွေမှာ ပိုက်ဆံတစ်ထောင်ဆို တစ်ထောင်၊ နှစ်ထောင်ဆိုနှစ်ထောင် မုန့်ဖိုးရယ်လို့ ထုတ်ပေးခဲ့တာတွေကိုလည်း သတိရမိပါတယ်။
ခုချိန်မှာ  ကျွန်တော်အလိုချင်ဆုံးအရာတွေက ကျွန်တော်နဲ့အဝေးဆုံးမှာဖြစ်နေခဲ့ပြီလေ၊ နောင်တတွေ များစွာ လည်းရခဲ့မိပါတယ်။အမေ့ရဲ့ ကျွန်တော့်အတွက် ခင်းထားပေးတဲ့ အဆင်သင့်အိပ်ရာခင်းလေးရယ်၊ ခြုံစောင် လေးက နွမ်းပါး၊ ခြင်ထောင်လေးက မလုံ့တလုံ အပေါက်အပြဲလေးတွေ၊ အိပ်ရာခင်းလေးက ဖျာကြမ်းလေး ဆိုပေမယ့် ကျွန်တော့်အတွက် သုခဘုံကမ္ဘာလေးပါပဲ၊ မောင်လေးတွေကောင်းစားဖို့အရေး၊ အမြဲသွန်သင် လမ်းပြပေးခဲ့သူ၊ ကျွန်တော်ပေးခဲ့တဲ့ ပိုက်ဆံလေးတွေကို ကျွန်တော့်အတွက် ဘုရားမှာအလှူပြုခဲ့ပြီး ၊ ကျွန်တော့် လောက် ၀င်ငွေနည်းပေမယ့် မုန့်ဖိုးရယ်လို့ပေးတတ်ခဲ့တဲ့ မမကိုလည်း သတိတွေရမိပါတယ်။ ကျွန်တော့်ရဲ့ အချစ်ဆုံးညီလေး၊ ခုချိန်လို ၂၁ရာစုတွေထဲမှာ သူများတွေလို  ဥစ္စာပစ္စည်းတွေ၊ ဂျင်းပင်ကောင်းပေ့ဆိုတဲ့ အ၀တ်အစားလေးတွေ၊ သူများတွေသုံးနေနိုင်ကြတဲ့ laptop, ipad, tablet,phone ဒီလိုပစ္စည်းတွေကို မသုံးနိုင်ခဲ့ပေမယ့် ရသမျှမုန့်ဖိုးလေးတွေစုဆောင်း၊ သူ့ဘ၀အတွက် လိုအပ်တာတွေဖြည့်ဆည်းရင်း၊ မိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်ခဲ့သူ၊ အသက်(၂၀)ဆိုတဲ့အရွယ် သောက်စားနေကြတဲ့အချိန်မှာ သူက မကောင်း မှန်းသိခဲ့ရလို့ ဆက်မမိုက်ခဲ့တဲ့ ညီလေးကိုလည်း ကျွန်တော်လေးစားမိခဲ့ရသလို…ကျွန်တော်မှားခဲ့၊ ဆိုးခဲ့မိတာ တွေအတွက် အကောင်းဆုံး ပြုပြင်ပေးဆပ်ရင်းနဲ့  မိသားစုလေးကို လွမ်းမိပါတယ်ဗျာ။ အဖေ..ကျွန်တော့်ကို နှစ်ပြားမတန်အောင် ဆဲဆိုကြိမ်းမောင်းပြောဆိုခဲ့သူ၊ အိမ်ပေါ်မှ နှင်ချရလောက်အောင်ပင် ပြောဆိုဆက်ဆံခဲ့သူ၊ ခုချိန်မှာ ကျွန်တော် အလိုလားဆုံးသူဖြစ်နေပါရောလား။ အဖေ့ရဲ့ ရယ်သံ၊ အဖေ့ရဲ့ ဆူသံ၊ ဆဲဆိုသံ၊ ကြိမ်းမောင်းသံတွေကို ကျွန်တော် လိုချင်မိသေးတယ်ဗျာ။
ဟိုး..အဝေးကြီးက ကျွန်တော့်အတွက် မိသားစုဆိုတာ အဖိုးအနဂ္ဂအထိုက်တန်ဆုံး ရတနာဆိုတာကို ကျွန်တော် ကောင်းကောင်းနားလည်သွားခဲ့ပါပြီ။ ပတ်ဝန်းကျင်မှာ စားစရာလေးမရှိလို့ ချေးလို့မရ၊ ချေးလို့ရပြန်တော့ မရှိ ခိုးနိုးနိုး၊ ကျွန်တော်ဆိုးတာကိုပင် ပြက်ရယ်ပြုချင်ကြသူ၊ အလုပ်တွေမလုပ်လို့ ငွေကြေးတွေ မရှိချိန်၊ ကျွန်တော့် မှာ အဖေခေါ်စရာမရှိ၊ အိပ်ချင်ရက်နဲ့ အလုပ်တွေလုပ်နေရပါတယ်။ အမေ့အိမ်တုန်းက မလုပ်ချင်လည်း နေခဲ့၊ စားချင်တဲ့အချိန် ထစား၊ သွားချင်တဲ့အချိန် သွားသောက်နဲ့၊ အိပ်ချင်လာတဲ့အချိန်တွေမှာ အမေအဆင်သင့် ပြုပြင်ပေးခဲ့တဲ့ အိပ်ရာလေးမှာ ကျကျနနနဲ့ ကျွန်တော်က အိပ်ခဲ့ရတယ်လေ။
ကျွန်တော်လေ..ခုချိန်မှာ အလိုချင်ဆုံးဆုတစ်ဆုဆိုခဲ့ရင်ဖြင့် ကျွန်တော်သိပ်ချစ်၊ သိပ်လွမ်း၊ တမ်းတမ်းတတ မက်မောမိနေခဲ့တဲ့ ကျွန်တော့်ရဲ့ နှီးသက်ကယ်အိမ်လေးထဲက မိသားစုကမ္ဘာလေးတစ်ခုရယ်ပါ။ ဒီမိသားစုလေး အပေါ်ကို အကောင်းဆုံးတွေနဲ့ ကျွန်တော် ပေးဆပ်ခဲ့ချင်ပါတယ်။ ဘ၀ရဲ့ ကာလကြာရှည် နှစ်၊လ၊ရက်တွေ ကြာမြင့်အောင် အဆိုးတွေနဲ့သာ အချိန်ကုန်ရင်း၊ ဖြုန်းတီးနေခဲ့တဲ့ကျွန်တော်..ဘ၀ကြီးကို အသစ်ကစလို့.. “အမေရေ…ကျွန်တော်လေ…အမေ့သားပါ…ကျွန်တော်လေ..အမေ့ကို သိပ်ချစ်တယ်ဗျာ၊ ဒီအတွက်လည်း ကျွန်တော်က ခုချိန်ကစလို့…မဆိုးတော့၊ မမိုက်တော့ပါဘူး…အမေဖြစ်စေချင်တဲ့…အမေ့သားပီသတဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားရင်း အသက်ရှင်နေထိုင်သွားပါ့မယ်လို့”..ကြွေးကြော်ရင်း.. အဖေ့ကိုလည်း…
“အဖေရေ….ကျွန်တော့်ကို ဆူပါ၊ ဆဲပါ၊ ရိုက်ပစ်လိုက်စမ်းပါ၊ ကျွန်တော့်ရဲ့ မျက်ဝန်းတွေထဲက အပြုံးတွေနဲ့.. အဖေ့ရဲ့တာဝန်တွေကို…ကြည်ဖြူစွာနဲ့ ပုခုံးပြောင်းထမ်းဆောင်ရင်း…သားလိမ္မာတစ်ယောက်ဖြစ်ရပါ့စေမယ်လို့” ကျွန်တော် ဟိုး….အဝေးကြီးကနေ အဖေတို့အမေတို့ ကြားခဲ့ရင်ဖြင့် အော်ဟစ်ပြောပြလိုက်ချင်ပါရဲ့ဗျာ…။
ဒါပေမယ့်ဗျာ..ခု…ကျွန်တော့်အနားမှာ ကျွန်တော်ဆိုးခဲ့သလောက် ကောင်းရှာခဲ့တဲ့ မိသားစုကမ္ဘာလေးက ပျက်ဆီးသွားခဲ့ပါပြီ။ ကျွန်တော် ပြန်အလာနောက်ကျသွားခဲ့ရပြီလေ။ ကျွန်တော့်နှလုံးသားတွေ ကြေမွသွားခဲ့ ရသလို၊ ကျွန်တော်ချစ်သော အဖေနဲ့အမေကို လက်တွေ့လုပ်ဆောင်ခွင့်တွေ မရရှိခဲ့လိုက်တော့ပါဘူး။ သူတို့ သေဆုံးသွားတဲ့အထိ စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ခဲ့တဲ့ကျွန်တော်၊ ခုချိန်မှာ အကောင်းဆုံးတွေ ပေးဆပ်ချင်ခဲ့ပေမယ့်…အလာကောင်းခဲ့သလို..အချိန်အခါတွေက နှောင်းသွားခဲ့ပါပြီလေ…။
ကျွန်တော့်မျက်ရည်တွေက ခမ်းခြောက်သွားခဲ့ပါပြီ…အဖေနဲ့အမေအတွက် မျက်ရည်လေးတစ်စက်တောင် ကျခွင့်မပေးတော့ဘူးလေ…လောကကြီးက ကျွန်တော့်ကို ဒဏ်ခတ်သွားခဲ့ပြီလား…။ ကျွန်တော့်အတွက် အိပ်မက်လေးဟာ မမနဲ့ ညီလေးပဲ ကျန်တော့တယ်.. အခွင့်အရေးလေးတစ်ခုတော့ ချန်ထားခဲ့သေးတယ်။ ကျွန်တော်အပြေးရှာကြည့်မိလို့..ရလာတဲ့ ရလဒ်ကတော့….ကြေကွဲစရာရယ်လား…၀မ်းသာစရာရယ်လားဆိုတာ နားမလည်နိုင်ခဲ့တော့ပါဘူး…
လှေကားထစ်တွေပေါ်ကို တစ်ထစ်ချင်းတက်လာရင်း..အပြုံးတွေ၊ စိတ်ကူးတွေဖြင့် လှေကားထိပ်ဆုံးကို ရောက်ရှိလာခဲ့ပေမယ့်.. ကိလေသာတွေကင်းစင်ပြီး၊ ဘ၀ရဲ့အညစ်အကြေးတွေ တစိုးတစိမျှမရှိတဲ့အပြင်၊ မောင်လေးရယ်ဆိုတဲ့ သံယောဇဉ်တဏှာတွေကိုလည်း ပယ်သတ်နိုင်သည့်အလား၊ သူမ၏ ခြေတော်ရင်းမှာ ကျွန်တော်ဝပ်စင်းခဲ့ရပြီး.. ငိုကြွေးဖို့ရာ မျက်ရည်စတွေတောင် ပျောက်ရှလုလုဖြစ်နေခဲ့ရပါပြီ…ကျွန်တော် ဘာဆက်လုပ်ရတော့မလဲ၊ ကျွန်တော့်အတွက်…ကျွန်တော်လိုချင်တဲ့ အသိုက်အမြုံလေးတစ်ခု….ထိုအချိန်မှာဘဲ ကျွန်တော်ရူးမတက်…
“ဒကာလေး..ဒကာလေးရဲ့ကိလေသာစိတ်တွေကို..ငြိမ်းချမ်းအောင်ထားလော့၊ ဒကာလေးရဲ့ လူ့ဘောင် လောကီတစ်လျှောက် ဆိုးခဲ့သမျှတွေဟာ ၀ဋ်ကြွေးတွေလို့ ထင်မှတ်လိုက်ပါ။ ဒကာလေး.. လူ့ဘောင် လောကီ ဟာ ငိုကြွေးခြင်းကစလို့၊ ငိုကြွေးခြင်းနဲ့ပဲ ဆုံးစေတယ်၊ ဖြစ်ခြင်း၊ ပျက်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနိစ္စသဘော တွေပါပဲ… ဒကာလေးရဲ့ နောက်ဆုံးထွက်သက်တွေမှာ ၀ဋ်ကြွေးတွေ မကုန်သေးရင်လည်း ဆပ်လို့၊ လောကုတ္တရာအကျိုးအားဖြင့် ကိလေသာတွေကို ပယ်သတ်နိုင်ပါစေတော့…”
“သာဓု…သာဓု…သာဓု….”
ကျွန်တော့်ရဲ့ ကွဲအက်တုန်ယင်နေသောအသံလေးဖြင့်..သာဓုတော့ သုံးကြိမ်ခေါ်နိုင်လိုက်သေးသည်၊ ကျွန်တော့်ရဲ့မမ.. မဟုတ်ဘူး..ခုတော့ ဆရာလေး.. လူ့ဘောင်လောကအချိန်တွေကလည်း အလင်းရောင်တွေ ပေးနိုင်ခဲ့သလို၊ လောကီရောက်ပြန်တော့လည်း ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အထိ လမ်းပြပေးနိုင်ခဲ့ သူ….ညီလေး.. ညီလေးတစ်ယောက်သာကျန်တော့သည်..
နဖူးကချွေးတွေက ..တစ်စက်တစ်စက်နဲ့ဆိုသလို ကျလာတော့သည်၊ လက်မှကိုင်ထားသော ပေါက်တူးဖြင့် မြက်တွေကို တစ်ခါမျှဆိုသလို မပေါက်ဘူးခဲ့ပေမယ့်…အဖေအမေမရှိတော့တဲ့ သူက မိဘတွေအတွက် ကျန်ရှိသော ကြွေးမြီတွေကို လုပ်အားဖြင့် ဆပ်နေသတဲ့လေ..။ ငယ်ရွယ်နုနယ်သော လက်တို့က ခွန်အားချိနဲ့နဲ့ ဖြင့် အသိတရားရှိစွာကြီးပြင်းလာခဲ့တဲ့ ကျွန်တော့်ညီလေး…ပြေးရင်း..တွေးရင်းဖြင့်..ညီလေးအနားကို ရောက် လာခဲ့ပြီ….
“ညီ…..ညီလေး….”
ပေါက်လက်စပေါက်တူးလေးကို အသာအယာချပစ်လိုက်ပြီး…ဘ၀အတွက် အရွယ်နဲ့မမျှအောင် ရုန်းကန်နေရတဲ့ ညီလေး…အားကိုးတစ်ကြီးဖြင့်..ကျွန်တော့်အနားကို ရောက်လာခဲ့လေပြီ…
“ကိုကို………….”
ကျွန်တော့်ရင်ခွင်လေးထဲမှာ အားကုန်တိုးဝင်ဖက်လိုက်ရင်းက…မချိမဆန့်မျက်ရည်တွေက…သူ့ရင်တွင်းမှာ ဘယ်လောက်များပြောပြစရာတွေနဲ့ ပြည့်နှက်နေလိမ့်မလဲ၊ ဘယ်လောက်များရော ရင်ဖွင့်နေချင်လိမ့်မလဲလို့ ကျွန်တော်ခံစားတတ်လာခဲ့ပါပြီ၊ ကိုယ်ချင်းလည်းစာနာတတ်လာခဲ့ပါပြီ…
“ကိုကိုရယ်..ကျွန်တော်တို့ကို အကြာကြီးထားသွားတယ်နော်..ညီလေးလေ..မျှော်နေခဲ့တာလေ..ခုဆို မမက လည်း သာသနာ့ဘောင်ကို အပြီးဝင်သွားပြီ…ကျွန်တော်ကတော့ အဖေတို့အမေတို့အတွက် သံသရာကြွေးတွေ မပါရအောင် ဆပ်ပေးနေတာပေါ့ ကိုကိုရာ…ခုတော့ ကိုကိုပြန်လာပြီဆိုတော့ ညီလေးလည်း အားရှိသွားပါပြီ.. ”
ကျွန်တော့်မျက်ရည်စတွေက အခုမှ တကယ့်ကို ကျလာခဲ့ပြန်ပါပြီ…လောကကြီးက ကျွန်တော့်အတွက် အမှားတွေကို ပြင်ဆင်ခွင့်ပေးလိုက်လို့ပေါ့…ကျန်ရှိနေသေးတဲ့..ကျွန်တော့်ရဲ့ အချစ်ဆုံး ညီလေးနဲ့အတူ ဘ၀ကြီး အတွက် အကောင်းဆုံးမွေးဖွားခွင့်လေးကို အမေနဲ့အဖေက ထားပေးခဲ့ပြန်ပြီလေ…ကျွန်တော့်အတွက် အကောင်းဆုံး မိသားစုကမ္ဘာလေးကို တည်ဆောက်ခွင့်ပေးခဲ့တဲ့ လောကကြီးနဲ့အတူ၊ မမနဲ့ ညီလေး၊ ကျွန်တော့် အနားမှာ မရှိ၊ မြင်ခွင့်၊ ကြားခွင့်မရခဲ့တော့ပေမယ့်လည်း ဘ၀အတွက် အကောင်းဆုံးတွေကို ပြန်လည်ပေးဆပ် ဖို့အတွက် ရောက်လာခဲ့ပါပြီ။ အမေချစ်တဲ့အမေ့သား အမေဖြစ်စေချင်တာတွေအတွက် နောင်တမလွန်ကနေ သာဓုခေါ်လိုက်ပါတော့နော်….။

(နှလုံးသားဖြင့် ခံစားရေးဖွဲ့သည်။)


နေခြည်သစ်နွယ်(ပြည်)

No comments: