Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, September 7, 2012

“မျှော်လင့်ခြင်းခရီးသည်”

ကျွန်မတို့တွေဟာ ခရီးသည်တွေပါ၊ လောကကြီးအတွင်းမှာ လူဆိုတာဖြစ်လာသည်နှင့် ဘ၀ရဲ့ ရှည်လျားလွန်း တဲ့ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။ ဒီလိုဖြတ်သန်းနေခိုက်ကာလရှည်တွေရဲ့ နောက်ကွယ်မှာ မျှော်လင့်ခြင်းဆိုတဲ့ စိတ်ရဲ့ခေါ်ဆောင်ရာ အရာဝတ္ထုတစ်ခုကလည်း ကပ်ငြိလို့ပါလာခဲ့ပြန်ပါပြီ။ “အူဝဲ”ဆိုက တည်းက ကမ္ဘာမြေပြင်ပေါ်ကို ရောက်ရှိလို့လာခဲ့ကြပါပြီ။ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ဘို့အတွက် မျှော်လင့်ချက်ဆိုတာ ရှိခဲ့ကြပြန်ပါတယ်။
“အူဝဲ”ဆိုချိန်က လသားလေးအရွယ်ရောက်ပြန်တော့ လေးဘက်တွားဘို့ရာ မျှော်လင့်ရပြန်ပါတယ်။ လသား လေးကျော်လွန်လာပြန်တော့ တစ်နှစ်သားဆိုတဲ့အချိန်ကိုပေါ့၊ အရွယ်နှင့်ညီမျှအောင် စကားလေးတွေ တီတီတာတာတာ ပြောဆိုတတ်ဘို့ မျှော်လင့်ရပြန်ပါတယ်။ စကားတွေကို လွန်လွန်ကျွံကျွံ ပြောတတ်လာပြန် တော့လည်း ကမ္ဘာမြေပြင်ကြီးပေါ်မှာ လမ်းစလျှောက်တတ်ဘို့အရေးကို မျှော်လင့်ခဲ့ရပြန်ပါတယ်။ “အူဝဲ”ဆိုက တည်းက မျှော်လင့်ခြင်းတွေနဲ့ ရင်ဝယ်ပိုက်ထွေးနေခဲ့ကြရပါတယ်။ သုံးလေးနှစ်သားရောက်ပြန်တော့ စာတွေ သင်ဘို့အရေး၊ စာတွေတတ်မြောက်လာဘို့အရေး မျှော်လင့်ရပြန်ပါတယ်။
နေ့တဓူဝ ကျွန်မတို့ရဲ့ စိတ်တွေမှာ မောပန်းခြင်းတွေရှိနေတာ ဘာလို့ပါလဲဆိုတော့ ကိုယ့်ဘာသာ မျှော်လင့်နေ မိကြလို့ပါပဲ။ ငယ်စဉ်ဘ၀တည်းက ပညာသင်ဘို့မျှော်လင့်ရပါတယ်။ ဘာကြောင့်ပညာသင်လဲဆိုပြန်တော့ ပညာတတ်ဘို့အတွက် မျှော်လင့်ခဲ့လို့ပေါ့။
ပညာတွေတတ်လာပြန်တော့လည်း မျှော်လင့်နေရပြန်ပါတယ်လေ၊ ဘာကြောင့်လဲ အလုပ်အကိုင်ကောင်းကောင်းလေးများ ရလာမလားလို့ပေါ့။ အလုပ်အကိုင်လေးတစ်ခု ရခဲ့ပြန် တော့လည်း ရာထူးကောင်းကောင်းမှ ရပါ့မလား၊ လစာကောင်းကောင်းမှရပါ့မလားဆိုတာတွေ ဖြစ်လာရပြန်ပါ တယ်။
ဒါဟာ ဘာကြောင့်လဲဆိုပြန်တော့ ကျွန်မတို့ရဲ့ နေ့တဓူ၀၀မ်းရေးအတွက် ဖြစ်ပေါ်လာပြန်ပါတယ်။ အလုပ် အကိုင်ကောင်းကောင်းတွေ၊ ပုံမှန်ဝင်ငွေတွေရနိုင်မှ ၀မ်းစာအတွက် အဆင်ပြေနိုင်ကြမှာမဟုတ်ပါလား။ “သမုဒ္ဒရာ ၀မ်းတစ်ထွာ”မို့ပါဘဲ..၀မ်းတစ်ထွာအတွက် ကျွန်မတို့ရဲ့ စိတ်တွေက မျှော်လင့်ရတာ ပင်ပန်းလွန်းလှ ပါတယ်။ ဒါတွေကို ကျွန်မရော သင်တို့ရော သိနိုင်ပါသလား။ ကိုယ့်ဘာသာ မျှော်လင့်နေပါတယ်ဆိုတဲ့စိတ်ကို ရော သတိထားမိကြပါရဲ့လား။
အရွယ်တွေရောက်လာပြန်တော့ တဏှာရဲ့စေညွှန်ရာဖြစ်တဲ့ ချစ်ခြင်းဆိုတာတွေဖြစ်လာခဲ့ပြန်ပါတယ်။ ချစ်သူတွေ၊ ရည်းစားတွေမှတစ်ဆင့် အိမ်ထောင်သည်၊ အိမ်ထောင်ဘက်ဆိုတဲ့ဘ၀တွေလည်း ဖြစ်လာခဲ့ပြန်ပါ သေးတယ်။  ထိုမှတစ်ဆင့် အရွယ်တွေကြီးပြင်းပြောင်းလဲလာပြန်တော့ သက်ကြီးရွယ်အိုဆိုတဲ့ ဘ၀တွေပေါ့။ ဒီလိုအရွယ်၊ ဒီလိုအချိန်တွေမှာလည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် မျှော်လင့်ခြင်းတွေထားခဲ့ကြပါတယ်။ ကိုယ်က ချစ်လိုက်လို့ သူ့ဆီက ပြန်ရမယ်ဆိုတဲ့အချစ်၊ ကိုယ်ကပေးခဲ့လို့ ပြန်မရမှာစိုးတဲ့ စိုးရိမ်မျှော်လင့်ခြင်း၊ သူ့ကို ပေးလိုက်လို့၊ သူသာတစ်ခုခုဖြစ်သွားရင် ရတော့မှာမဟုတ်ပါဘူးဆိုတဲ့မျှော်လင့်ချက်၊ စသည့် မျှော်လင့် ခြင်းတွေကလည်း ကျွန်မတို့ရဲ့ စိတ်သဏ္ဍာန်မှာ တဖွားဖွား စက္ကန့်နဲ့အမျှ ပေါ်ပေါက်လို့နေပြန်ပါတယ်။
ထိမ်းမြားမင်္ဂလာလက်ထပ်ခြင်းတွေ၊ အလှူဒါနပြုသူတွေ ခမ်းခမ်းနားနား၊ ကြီးကြီးကျယ်ကျယ်တွေ မင်္ဂလာ တွေပြုကြပါတယ်။ တို့ဒေသမှာတော့ ဘယ်လိုအစားအစာကိုကျွေးရင်ဖြင့် လာကြမှာသေချာပါတယ်။ ဒီဒေသက သူတွေက ဒီလို လဘ္ဘက်ရည်နဲ့မုန့်ကျွေးလို့တော့ဖြင့် အမြတ်တောင်ရမှာမဟုတ်ပါဘူး၊ အချို့အလှူပြုသူတွေက အလှူဖိတ်စာပေါ်မှာ အလှူငွေထည့်ဝင်ခြင်းသည်းခံပါ၊ အချို့အလှူတွေများကျပြန်တော့ ဘာမှရေးမထား တတ်ကြပါဘူး။ အချို့ တောရွာဓလေ့များကျပြန်တော့ အလှူတစ်ခုကို ဗြောတီးပြီးလှူ၊ ခမ်းခမ်းနားနား ပြုခဲ့ရင် ဖြင့် ငွေကြေးဘယ်လောက်ထည့်ရတာတို့ စသည်ဖြင့် ဓလေ့ထုံးတမ်းတွေရှိတတ်ကြပါတယ်။ ထိုဖြစ်စဉ်တွေက လည်း မသိစိတ်တွေရဲ့နောက်ကွယ်က မျှော်လင့်ခြင်းမျိုးတွေပါ။
ဆေးပေးလို့မီးယူ…ဆေးပေးပြီး မီးကိုယူရမယ်ဆိုရင် ငါဘာဖြစ်သွားမလဲဆိုတဲ့ မျှော်လင့်ချက်၊ ငါက တစ်ကျပ် ဘိုးပေးရင် သူ့ဆီက ဘယ်လောက်ပြန်ရရမယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကုန်ပစ္စည်းကိုမဆိုထားနှင့် လူအချင်းချင်း ချစ်ခင်ကြတဲ့စိတ်တွေအပေါ်မှာဘဲ ကိုယ်ကချစ်လို့ သူ့အချစ်ကို မရခဲ့ရင် ငိုကြွေးခြင်း၊ စိတ်သောကဖြစ်ခြင်း၊ ပူဆွေးခြင်း၊ ၀မ်းနဲခြင်း၊ ပျော်ရွှင်မှုမရှိတော့ခြင်း စသည်ဖြင့် စိတ်ခံစားမှုတွေဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အရာဝတ္ထုတိုင်းရဲ့အပေါ်မှာ ကျွန်မတို့တွေ မျှော်လင့်ခြင်းတွေရှိနေသေးလို့ပါ။ မဟုတ်ပါ ဘူးလို့ ငြင်းပယ်လာခဲ့ရင် ကိုယ့်ရဲ့စိတ်ကို လိမ်ညာခြင်းကျပါလိမ့်မယ်။ ကိုယ့်စိတ်တွေကို သတိထားမိသွားတဲ့ အချိန်မှာ အရာဝတ္ထုတစ်ခုခုအပေါ်မှာ လူတိုင်းဟာ မျှော်လင့်ခြင်းတွေဆိုတာ ရှိတတ်ကြပါတယ်။ နည်းသည်များ သည်ပဲ ကွာခြားသွားတတ်ကြပါတယ်။
မိဘတွေကလည်း သားသမီးတွေကို မျှော်လင့်တတ်ကြပါတယ်။ ငယ်သော်လည်း ငယ်သော်အမှု၊ ကြီးသော် လည်း ကြီးတဲ့အမှုဆိုသလိုပါပဲ၊ ဆိုးပေမလား၊ မိုက်နေမလား၊ ဘယ်သွားလဲ၊ အချိန်တော်၏၊ မတော်၏၊ အပေါင်း အသင်းမှအဆင်ပြေပါရဲ့လား၊ ကျောင်းတွေပြီးရင်တော့ ဘာဖြစ်မယ်၊ ဘယ်လိုကျောင်းကောင်းကောင်းတွေ တက်လို့ရတယ်၊ ဘယ်နေရာတွေကို လျှောက်လို့ရတယ် စသည်ဖြင့် မျှော်လင့်ခြင်းတွေနဲ့ပါ။
တကယ်တော့ မျှော်လင့်ခြင်းဆိုတာ ကျွန်မတို့ အသက်ရှင်နေသရွေ့ကာလပတ်လုံး ကျွန်မတို့ မသိစိတ်တွေရဲ့ နောက်ကွယ်ကနေ ထပ်ကြပ်မကွာ လိုက်ပါနေကြအုံးမှာပါ။
ကောင်းမှုကုသိုလ်လေးတစ်ခု ပြုကြပါစို့ရှင်၊ ဘုရားရှင်ကို ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာ ပူဇော်ကြမယ်၊ ပညာရှိစာဆိုတွေက ရေးသားထားကြပါတယ်။ မြတ်ဘုရားကို သက်ရှိထင်ရှားရှိနေစဉ်သဏ္ဍာန်နဲ့သာ ရိုသေ ၀ပ်တွားရမယ်ဆိုတာကိုပေါ့၊ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်တို့နဲ့အတူ ဂုဏ်တော်ကိုးပါးကို စိတ်က ရည်မှန်းပြီး ရှိခိုးကန်တော့ရမယ်ဆိုတာတွေကိုပါ သိနှင့်ကြမှာပါ။ ဘယ်သူတွေက မိန့်ကြားမိန့်ကြား၊ ဘယ်သူ တွေကပဲရေးရေး၊ ကျွန်မတို့ရော သင်တို့ပါ အဖမ်းရခက်ခဲတဲ့စိတ်ဆိုတဲ့ သဏ္ဍာန်မှာဖြစ်ပေါ်လာတဲ့ မျှော်လင့်ခြင်း ဆိုတာကိုတော့ မလွန်ဆန်နိုင်ခဲ့ကြပြန်ပါဘူး။
ကုသိုလ်ရဘို့တဲ့..အလှူတစ်ခုပြုတယ်၊ ကုသိုလ်ရဘို့ပါပဲ၊ တရားရှုမှတ်ပါတယ်၊ နိဗ္ဗာန်ရောက်ဘို့အတွက်၊ နိဗ္ဗာန် မရောက်ခင် ကျင်လည်နေရသောသံသရာတွင်လည်း ကုသိုလ်တွေပွားများတော့ ချမ်းသာခြင်းဆိုတဲ့ သုခကို ရမယ်တဲ့လေ၊ အလုပ်တစ်ခုပြုလုပ်တိုင်း အလုပ်ရဲ့တန်ပြန်သက်ရောက်မှုဆိုတဲ့ လောဘဆိုတဲ့ အရာကနေ ဖြစ် ပေါ်လာတဲ့ မျှော်လင့်ခြင်းမျိုး ဖြစ်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ရော သင်တို့ပါ မျှော်လင့်ခြင်းဆိုတဲ့ အရာကို ရှောင်လွှဲလို့မရခဲ့ပြန်ပါဘူး။
ကျွန်မတို့တွေ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဆိုပြီး အရွယ်သုံးပါးရယ်လို့ သတ်မှတ်ချက်တွေနဲ့ ခွဲခြားခဲ့ပြန်ပါသေးတယ်၊ အရွယ်တွေလွန်ကာလာပြန်တော့ ဘယ်နှစ်နှစ်အထိများ နေရပါအုံးမလဲ၊ ဘယ်နေ့ သေရမည်လဲဆိုတာကို မျှော်လင့်ရင်း စောင့်စားနေကြရပြန်ပါတယ်။
ကျွန်မတို့တွေ မျှော်လင့်နိုင်ကြပါတယ်၊ လောကကြီးရဲ့အလယ်မှာ အတူတူလျှောက်သွားကြမယ့် ခရီးသည်တွေ မဟုတ်ပါလား။ ဒါပေမယ့် ကောင်းသောမျှော်လင့်ခြင်းပဲဖြစ်နိုင်ပါစေ၊ လောဘ၊ ဒေါသ၊ မောဟတွေ လောင်ကျွမ်း နေမယ့် မျှော်လင့်ခြင်းတော့ မဖြစ်ပါစေနဲ့။ ကျွန်မတို့က ပုထုစဉ်ဆိုတော့ စိတ်ဆိုတဲ့ အာသီသရှိတဲ့ သဘာဝကို တော့ လွန်ဆန်နိုင်လိမ့်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သဘာဝကို သတိထားကြပြီး၊ လိုအပ်တာထက် တစ်ဖက် လွန်သွားရင်တော့ မျှော်လင့်ခြင်းတွေက ပျက်ဆီးဆုံးရှုံးတတ်ကြပြီး၊ အရှုံးတွေနဲ့သာ ရင်ဆိုင်ကြရပါလိမ့်မယ်။ မျှော်လင့်ပါ၊ မျှော်လင့်ခွင့်ရှိနိုင်သလို မျှော်လင့်လို့လည်းရနေကြမှာပါ။ ဒါပေမယ့် မျှော်လင့်ခြင်းကောင်းသာ ဖြစ်ပါစေ။
ခရီးသည်တွေဆိုတာ ခရီးသွားနေချိန်မှာ အတူတူပါပဲ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူဆိုတာမရှိပါဘူး၊ ခွဲခြားလို့ လည်းမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ခရီးဆုံးကိုမရောက်ခင်အချိန်တွေမှာ ခရီးတစ်ထောက်ပြီးတစ်ထောက် အနားယူရင်းဖြင့် ခရီးဆုံးကို မျှော်လင့်နေခဲ့ကြရလို့ပါပဲ။ ဒီလိုပါပဲ ကျွန်မတို့ ခရီးသည်တွေဟာလည်း ဘ၀ဆိုတဲ့ ရှင်သန်ချိန်တွေ မကုန်ဆုံးခင်အချိန်ထိတော့ မျှော်လင့်ခြင်းဆိုတဲ့စိတ်တွေနဲ့ ခရီးတွေ ဆက်သွားနေကြရအုံးမှာ ဖြစ်ပါတယ်။
ခရီးသွားရင်းကလည်း မျှော်လင့်ခြင်းတွေဖြစ်နိုင်သလို၊ မျှော်လင့်နေရင်းကလည်း ခရီးသွားနိုင်ပါတယ်။ ဒါပေမယ့် ကောင်းသောမျှော်လင့်ခြင်းတွေသာဖြစ်ကြပါစေ။ လောဘ၊ ဒေါသ၊ မောဟတွေလွန်ကဲတဲ့ မျှော်လင့်ခြင်းတွေ မဖြစ်ကြပါစေနဲ့၊ ထိုသို့ဖြစ်လာခဲ့ရင်လည်း “သတိ”ဆိုသည့် အရာနှင့် ထိန်းချုပ်တတ်ပါစေ။ ဒီလိုဆိုရင်ဖြင့် ကောင်းသောမျှော်လင့်ခြင်းလေးတွေဖြင့် ကျွန်မတို့ ခရီးတွေအများကြီး ဆက်သွားနိုင်အုံးမှာဖြစ်ပါတယ်။ ကျွန်မလိုပဲ သင်တို့လည်း ခရီးတွေ ဆက်လက်သွားနေကြရအုံးမှာဘဲဖြစ်ပါတယ်။ ဒါကြောင့် ခရီးတစ်ခုကို အကောင်းဆုံးသွားနိုင်ဘို့အတွက် ကျွန်မတို့..သင်တို့တွေက ကောင်းသောမျှော်လင့်ခြင်းတွေနဲ့သွားနိုင်မယ့် ခရီးသည်တွေဖြစ်အောင် ကြိုးစားလိုက်ကြပါစို့လို့..ဆန္ဒပြု တင်ပြလိုက်ရပါတယ်။


နေခြည်သစ်နွယ်(ပြည်)

No comments: