Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, September 9, 2012

“နေခြည့်ကိုမချစ်လည်း…ရပါတယ်နော်”











နေခြည့်ကိုချစ်ကြသော နေခြည့်ကဗျာလေးတွေကို အားပေးဖတ်ရှုကြသော၊ နေခြည်ကလည်း ချစ်ရပါသော ညီမလေး၊ မောင်လေး၊ အစ်ကို၊ အစ်မ စတဲ့ တက်သစ်စအနုပညာပန်းပွင့်လေးများအတွက် နေခြည်က ရေးသားဖော်ပြလိုက်ပါရစေနော်။ နေခြည်အပါအ၀င် လူတိုင်းဟာ ကိုယ်ကျင်လည်ရာဝန်းကျင်သေးသေးလေး၊ (သို့မဟုတ်) ကိုယ်ဝါသနာပါရာ နေရာလေးသေးသေးလေးမှာ ပျော်မွေ့တတ်ကြပါတယ်။
နေခြည်ချစ်သလို ယခု အွန်လိုင်းဆိုတဲ့နေရာသေးသေးလေးမှာ အနုပညာမျိုးစေ့လေးတွေကို စိုက်ပျိုးနေကြမယ် လို့ နေခြည်ယုံကြည်ပါတယ်။ နေခြည့်လိုပဲ ဒီအနုပညာပန်းပွင့်လေးတွေကလည်း ဘ၀ရဲ့ခါးသီးရင့်ကျက်လွန်းတဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေ၊ ချိုမြိန်သာယာမှု၊ ငိုကြွေးတမ်းတမှု၊ ပျော်ရွှင်ရင်ခုန်ခြင်းတွေကို ဥယျာဉ်လေးထဲ မှာ ဖွင့်ဟခြင်းမရှိနိုင်တဲ့အခါမှာတော့ မျိုးစေ့လေးတွေကို ရင်ဘတ်ထဲကနေ ပေါက်ဖွားလာတတ်ကြပါတယ်။ ဒီလိုပေါက်ဖွားလာခဲ့တဲ့ မျိုးစေ့လေးတွေဟာ ကဗျာတွေ၊ ၀တ္ထုတွေ၊ ရသတွေ၊ ဆောင်းပါးတွေ၊ သုတတွေဆိုတာ တွေ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒါပေမယ့် အားလုံးသောအနုပညာပန်းပွင့်လေးတွေဟာ ဒီအကြောင်းတွေရဲ့ အနှစ်သာရ၊ ဘာလဲဆိုတဲ့အရင်းအမြစ်ကိုတော့ မသိနိုင်ကြသေးပါဘူး။ အနုပညာမျိုးစေ့လေးတွေ ကြဲပတ်ရင်း ပန်းပင်တွေ၊ ပန်းပွင့်တွေဖြစ်ပေါ်လာတဲ့အခါမှာတော့ လန်းဆန်းရှင်သန်နေတဲ့ပန်းပွင့်လေးတွေကို လိုချင်လာကြ တယ်လေ။ အဲ့ဒီအခါ ပန်းပွင့်လေးတွေ၊ ပန်းပင်လေးတွေဖြစ်ပေါ်လာအောင် ဘယ်ကနေစပြီးပျိုးကြဲရသလဲဆို တာကိုတော့ နေခြည်နဲ့အတူ အနုပညာပန်းပွင့်လေးတွေအားလုံးကို ခေါ်ဆောင်သွားပါရစေနော်။

နေခြည်ချစ်သော အနုပညာပန်းပွင့်ကလေးတို့ရေ..နေခြည်က အနုပညာကိုသိပ်ချစ်တတ်သလို၊ ပန်းပွင့်လေး တွေကိုလည်း သိပ်ချစ်တတ်သူတစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒီလိုချစ်တတ်တယ်ဆိုတာကို ကနဦးက မသိခဲ့ရပါ ဘူး။ ဘ၀ရဲ့မုန်တိုင်းတွေရိုက်ခတ်မှုတစ်ခုကြောင့် ရင့်ကျက်လာခဲ့သူဆိုပါတော့။ ဘယ်နေရာမဆို အတွေ့အကြုံ၊ ဆရာ၊ ခွန်အားတစ်ခု၊ အားစိုက်မှုတွေနဲ့အတူ ၀ီရိယရှိသူတွေက ရှေ့ဆုံးကိုရောက်နိုင်ကြပါတယ်။ ပြိုင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်။ ပြိုင်ရမယ်ဆိုခဲ့ရင်တောင် အနုပညာပန်းပွင့်ကလေးတို့တွေက ကိုယ်ကိုကိုယ်ပဲ ပြိုင်ကြပါလို့ သတိစကားလေးလက်ဆောင်ပေးပါရစေနော်။
အနုပညာပန်းပွင့်ကလေးတွေကို နေခြည်က ပြောပြချင်ပါတယ်။ နေခြည် အွန်လိုင်းရဲ့ဝဘ်ဆိုဒ်နေရာ (၁၀)ခုကျော်လောက်ပေါ်မှာ မမ်ဘာလေးတွေရှိပါတယ်။ မြန်မာချစ်သူ၊ ဧဒင်၊ အချစ်နန်းတော်၊ရွှေမြို့တော်၊ ဖူးစာရှင်လေး၊ အလင်းကမ္ဘာ၊ forever၊ social4mm၊ mmflashsongs၊ ဗုဒ္ဓကမ္ဘာ၊ အများကြီးပါပဲ၊ မမှတ်မိတာ လေးတွေလည်းရှိနေ ပါသေးတယ်။ ဒါပေမယ့် နေခြည် စာတွေရေးဖြစ်တာကတော့ (၃)ခု လောက်ပါ။ နေခြည့်နဲ့ မခင်မင်၊ မသိကျွမ်း၊ မရင်းနှီးပေမယ့်လည်း နေခြည့်ရဲ့နှလုံးသားထဲမှာ စောင့်ကြည့်နေခဲ့ပါတယ်။ အနုပညပန်း ပွင့်လေးတွေမှာ အရည်အချင်းတွေ၊ အရည်အသွေးတွေ အများကြီးတွေ့ရပါတယ်။ နည်းပညာတစ်ခုကို စပြီးသင်ယူလေ့လာ သလိုပါပဲကွယ်၊ မသိခင်မှာတော့ အခက်အခဲတွေဖြစ်ကြပေမယ့်၊ သိလိုက်ရတဲ့အခါမှာ တော့ အလွယ်ဆုံးဖြစ် သွားတတ်ပါတယ်။ ဒါဟာ နည်းလမ်းတစ်ခုပါ။ နည်းလမ်းတစ်ခုကို သိခွင့်ရခဲ့ရင် အားလုံး အရောင်အသွေးတွေ စုံလင်လာလိမ့်မယ်လို့ နေခြည်ယုံကြည်ပါတယ်။ ဒီလို နည်းလမ်းတွေကို ရှာဖွေဘို့ကတော့ လမ်းပြသူတွေနဲ့ အတူ၊ အနုပညာပန်းပွင့်လေးတွေကိုယ်တိုင်လည်း ကြိုးစားမှရလိမ့်မယ်နော်။
ပန်းပွင့်လေးတို့ရေ နေခြည်ပြောပြချင်ပါတယ်။ စာရေးတယ်ဆိုတာကတော့ ဘယ်လိုစာပေမျိုးဖြစ်ဖြစ် ခက်ခဲ နက်နဲလှပါတယ်။ စာပေဆိုတာ စိတ်ကူးယဉ်လို့မရပါဘူး၊ ရင်ထဲကနေ တိုက်ရိုက်ပေါ်ထွက်လာမှုကသာ အစစ်အမှန်ပါ။ နောက်တစ်ခုကတော့ ကဗျာပေါ့..ကဗျာဆိုတာက တကယ်တော့ အနက်ရှိုင်းဆုံးနှလုံးသားရဲ့ ငိုကြွေးခြင်းလည်းဖြစ်နိုင်သလို၊ ပျော်ရွှင်ခြင်းလည်းဖြစ်နိုင်ပါတယ်။ နေခြည် စာတွေရေးနေပါတယ်။ စာတွေရေး သားရင်း သင်စရာမလိုအောင် မေးခွန်းတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ သိပ်တော်တဲ့မိန်းကလေးမဟုတ်သလို၊ သိပ်ညံ့တဲ့မိန်းကလေးလည်းမဟုတ်ခဲ့ပါဘူး။ မေးခွန်းတွေကို မေးခဲ့မယ်ဆိုရင် ပန်းပွင့်လေးတို့ ရယ်စရာဖြစ်သွား နိုင်ပါတယ်။
“ကဗျာ”တဲ့ ကဗျာဆိုတာ ဘာလဲလို့တောင်မေးယူရမယ် ပန်းပွင့်လေးတို့ရေ၊ ပထမဦးဆုံး နေခြည့်ရဲ့ ဆရာတွေ ကတော့ မြို့တော်အနုပညာပန်းဥယျာဉ်ထဲက အနုပညာပန်းပွင့်လေးတွေပေါ့။ မရေးတတ်၊ ရေးတတ်၊ အရေးသင်စရယ်လည်းမဟုတ်၊ စိတ်ကူးနဲ့ပေါက်ပေါက် ရေးလိုက်မိတာ၊ ရေးချင်မိတာက ၀တ္ထု၊ ရေးလိုက်မိတဲ့ ပုံစံက စကားပြေနဲ့ရောဖြစ်နေပါလား။ ၀တ္ထုဆိုတာကို ငယ်စဉ်တည်းက မိဘတွေရဲ့ တားဆီးမှုကြောင့် မဖတ်ခဲ့ရ သလို၊ ဖတ်ဖြစ်တိုင်းလည်း ဘာသာရေးစာအုပ်တွေကများနေခဲ့တာပေါ့။ သုတဆိုတာ ဘာမှန်းမသိ၊ ရသဆို တာကဝေးရောဆိုပါတော့လေ။
ပန်းပွင့်လေးတို့ရေ နေခြည်က ပညာအရာမှာတော့ လောဘကြီးတယ်လို့ဆိုရမှာပါ။ ဖြစ်ချင်တာတွေကိုလည်း ဖြစ်အောင်လုပ်တတ်သလို၊ သိချင်တဲ့စာပေတွေကိုလည်း မွှေနှောက်ဖွေရှာပြီး ဖတ်တတ်ခဲ့တယ်လေ။ ဒါဟာ စာရေးခြင်းကစတဲ့ မေးခွန်းတွေနဲ့ စိတ်တွေပဲပေါ့။ စာရေးနည်းကို သင်ပေးလို့မရပါဘူး ။ ဒါပေမယ့် ပန်းပွင့်လေးတို့ရေ နေခြည်သတိပေးလိုက်ပါ့မယ်နော်။ စာရေးတဲ့အခါ စာရေးဆရာတစ်ယောက်လိုခံယူပြီး ရေးလိုက်ပါ။ စာရေးဖန်များလာတဲ့အခါ တစ်ခုပြီးတစ်ခုဆိုသလို၊ စာရေးဆရာကြီးတွေရေးသားထားတဲ့ စာရေးနည်းအကြောင်းလေးတွေကို ဖတ်မိတဲ့အခါ ကိုယ့်ကိုပြောနေသလို ဟုတ်ပါလားလို့တွေးတတ်လာလိမ့် ကြမယ်နော်။
အနုပညာပန်းပွင့်တို့ရေ စာဆိုတာ ရေးနေရုံလည်းမဖြစ်သေးဘူးနော်။ ဖတ်နေဘို့လည်းလိုပါတယ်။ ဖတ်ပြီးတော့ လည်း အယူမှန်ဘို့လိုတယ်နော်။ အချစ်စာတွေပဲရေးတယ်ဆိုပြီး မယူသင့်ဘူးလို့မထင်လိုက်ပါနဲ့နော်၊ အဲ့ဒီအထဲ က အဆိုးတွေကိုပယ်၊ အကောင်းတွေကို ယူလိုက်ပါနော်။ အသွားအလာ၊ စကားပြောဟန် စတာတွေကိုရော ပေါ့။ နောက်တစ်ခုကတော့ ပန်းပွင့်လေးတွေ သတိထားရမှာကတော့ ပန်းဆိုတာ ပွင့်ပုံချင်းလည်းမတူနိုင်သလို၊ ပွင့်ဖတ်လွှာချင်းလည်းမတူနိုင်ကြပါဘူး။ ဒါကြောင့် ပန်းတို့ရဲ့သဘာဝလိုပါပဲ၊ ကိုယ့်ရဲ့မျိုးစေ့အတိုင်းပဲ ကြဲပတ် ပေးရမယ်နော်။ အခြားပန်းပွင့်တွေပွင့်တိုင်း အတုမခိုးလိုက်ပါနဲ့နော်။ တစ်ထေရာတည်း၊ တစ်နေရာတည်း၊ တထပ်တည်းမဖြစ်ပါစေနဲ့နော်။ သဘာဝအတိုင်းလေးပဲပေါ့နော်။ ဒါဆိုရင် နေခြည့်ဆိုလိုရင်းကို သဘောပေါက် လိမ့်မယ်လို့ ယူဆပါတယ်နော်။
နေခြည် ကဗျာလေးတွေကို ချစ်တတ်လာပါပြီ။ နေခြည်ချစ်သလို အနုပညာပန်းပွင့်လေးတွေလည်း အနုပညာစိတ်လေးတွေ အနည်းအကျဉ်းစီတော့ ရှိလိမ့်မယ်လို့ ထင်မြင်မိပါတယ်နော်။ ဒါကြောင့်လည်း စာတွေ ရေးနိုင်ခဲ့ကြတာပေါ့။ စာပေလောကထဲကမဟုတ်ခဲ့သလို၊ ရင်းနှီးကျွမ်းဝင်သူလည်းမဟုတ်တဲ့ နေခြည် အခက်အခဲတွေကို ကြုံခဲ့ရတာပေါ့၊ ပန်းပွင့်လေးတို့ကို သတိပေးပါရစေနော်။ အနုပညာပွင့်ဖတ်လေးတွေဟာ ခူးဆွတ်မခံရလည်း တန်ဘိုးရှိနေပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ နှလုံးသားတွေရဲ့ ဆည်းလဲသံတွေမဟုတ် ပါလား။ နောက်တစ်ခုကတော့ ပန်းပွင့်လေးတို့ဖန်တီးထားခဲ့ကြတဲ့ ကိုယ်ပိုင်အပင်လေးတွေ၊ ကိုယ်ပိုင်ပန်းပွင့် လေးတွေကိုလည်း ပန်းပွင့်လေးတို့ကိုယ်တိုင်က တန်ဘိုးထားတတ်ပါစေနော်။
နေခြည်ပြောပြချင်ပါသေးတယ်..အနုပညာပန်းပွင့်လေးတို့ရေ…ပန်းပွင့်တိုင်းဟာ လှနေကြပါတယ်၊ သူ့အလှနဲ့ သူလည်းရှိကြပါတယ်။ သူကတော့လှတယ်၊ ငါကတော့မလှဘူးဆိုပြီး သူ့ရဲ့အလှကို ဖျက်ဆီးလိုက်တာမျိုးတွေ မဖြစ်ပါစေနဲ့နော်၊ ဒါပေမယ့် မလှတဲ့ပန်းပွင့်လေးတွေကို အနားသတ်လှပစေဘို့အတွက် ကောင်းမွန်တဲ့ဝေဖန် အကြံပြုချက်တွေကိုလည်း သတ္တိရှိစွာနဲ့ လက်ခံပေးရမယ်နော်။ အဲ့ဒီမှာ နေခြည်ပြောပြလိုက်ပါ့မယ်။ အချို့က သူလှတာကို မနာလိုလို့၊ သို့မဟုတ် သူ့ရဲ့အလှလေး ညှိုးငယ်သွားမှ သူက ပန်းပွင့်သစ် ဖြစ်ရမှာမို့ ရှိတတ်တဲ့ သဘောသဘာဝတွေကိုလည်း အနုပညာပန်းပွင့်လေးတွေက သိထားရမယ်နော်။ မလိုအပ်တာတွေကို ပယ်ချလိုက်ပါ။ ပန်းပွင့်လေးတို့ရဲ့ ဥယျာဉ်နန်းတော်ထဲကို ခေါ်ဆောင်မသွားမိစေပါနဲ့နော်။ သူက တကယ်ပဲ လှစေချင်လို့လား၊ တကယ်ပဲ ညှိုးသွားအောင်လုပ်နေတာလားဆိုတာကိုတော့ အနုပညာပန်းပွင့်လေးတို့ရဲ့ ဦးနှောက်နဲ့သတိက ဆုံးဖြတ်ဘို့ပဲလိုကြမယ်နော်။ အနုပညာပန်းပွင့်လေးတွေထက် နောက်ကျမှ ပွင့်လာခဲ့တဲ့ ပန်းပွင့်လေးတွေကိုလည်း အနုပညာပန်းပွင့်လေးတွေက ဖေးမရမယ်နော်။ ဒါမှလည်း သူတို့အလှတွေလည်း တောက်ပလာမှာပေါ့။
နေခြည် ပြောပြချင်စရာတွေ၊ လမ်းပြချင်တာလေးတွေ အများကြီးရှိနေသေးပါတယ်။ အနုပညာပန်းပွင့်တွေ အားလုံးအတွက် ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါတော့နော်။ နေခြည်ချစ်သော အနုပညာပန်းပွင့်လေးတွေလည်း ထာဝရမနွမ်းဘဲ ကောင်းသောဥယျာဉ်နန်းတော်ကြီးထဲမှာ ပွင့်လန်းနိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်နော်။


နေခြည်သစ်နွယ်(ပြည်)



No comments: