Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, November 11, 2012

“ဘေးကင်းရန်တွေ ငြိမ်းအေးစေ..မြန်မာပြည်ကြီးသာယာစေ”

ယနေ့မနက် အလုပ်ဝင်ချိန် အလုပ်ကိုအရောက်မှာတော့ သတင်းတစ်ခု ကြားလိုက်ရပါတယ်၊ အဲ့ဒီသတင်းကတော့.. ကြားနေကျမျိုး သတင်းဆိုပေမယ့် ယခုသတင်းကိုတော့ နေခြည် တုန်လှုပ်သွားမိခဲ့ပါတယ်၊ ရခိုင်ပြည်နယ်ကြီးမှာဖြစ်ပွားနေကြတဲ့ သတင်းတွေမှာတော့ တွေးမိလိုက်ပါတယ်၊ “အော်…ဘုရားထားခဲ့တဲ့ သာသနာတော်ကြီးက ခုချိန်မှာ စတင်ပြိုယွင်းစပြုနေပြီလို့ သတိထားမိပြီး” သံဝေဂတွေ ရနေမိခဲ့တယ်၊ ယနေ့ ထပ်မံပြီး ကြားလိုက်ရတဲ့သတင်းဆိုးကြီးကတော့၊ မန္တလေးတိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်သတင်း တစ်ခုပါပဲ၊ မြေငလျင်ဟာ အင်အား (၆.၆)ရစ်ချက်တာစကေးဆိုပါလား၊ ပြင်းထန်လှတဲ့ မြေငလျင်ဒဏ်ကြောင့် ဆောက်လုပ်ဆဲဖြစ်တဲ့ ရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့နယ်ခွဲ၊ နွယ်ငြိမ်းကျေးရွာရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃ (ဧရာဝတီမြစ်ကူးတံတား)ကြီး ကလည်း ပျက်ဆီးသွားခဲ့ပြီ၊ မန်းမြို့ပလာဇာ၊ စတဲ့နေရာတော်တော်များများမှာ ဘုရား ထီးတော်များ၊ ရုပ်ထုများ မြေခပျက်ဆီးသွားခဲ့တာတွေကို သတင်းဌာနအမျိုးမျိုးကနေ ဓါတ်ပုံနှင့်တကွ မြင်တွေ့ခဲ့ရပါ တယ်..။
နေခြည်တို့လူသားတွေအားလုံး သဘာဝဘေးအန္တရာယ်ကို ခံစားထိတွေ့လာခဲ့ရတာ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်လောက်တည်းကပါ အခြားတိုင်းပြည်တွေမှာ သဘာဝဘေးအန္တရာယ်တွေကို ကြားဖူး၊ တွေ့မြင်ဖူးခဲ့ပေမယ့်..နေခြည်တို့ မြန်မာပြည်မှာတော့ မကြာသေးမီခုနှစ်တွေလောက်တည်းကပါ၊ ခုဆိုရင်နှစ်တွေတောင် အတော်ကြာနေပြီထင်ပါတယ်၊ မြန်မာပြည်ကြီးရဲ့၊ နေရာ ဒေသတိုင်းမဟုတ်ခဲ့ပေမယ့်…နေရာဒေသအတော်များများတွေမှာ ကြားသိလိုက်ရတဲ့ သတင်းတွေဟာ ရင်နဲ့မဆန့်ပါပဲ၊ လူသားချင်းစာနာတရားထားကာ အန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေ အခက်အခဲတွေ၊ စိတ်သောကတွေ ဘယ်လောက်များရောက်နေလိုက်မလဲလို့ တွေးမိပြန်ပါသေးတယ်…။

ကိုယ့်နေရာ၊ ကိုယ့်ဒေသရယ် မခွဲခြားဘဲ…စာနာနားလည်ပေးနိုင်ဖို့ လိုအပ်မယ်ထင်ပါတယ်၊ နေခြည်တို့ ပုထုစဉ်လူသားတွေဟာ ကိုယ်ဖြစ်မှ ကိုယ်သိ၊ ကိုယ်ဒုက္ခရောက်မှ အမိတတတ်ကြသူတွေများကြပါတယ်၊ ယခုလို သတင်းတွေကို ကြားရတဲ့အခါ အလယ် တန်းကျောင်းသူဘ၀က မြန်မာဆရာမပြောပြခဲ့တဲ့ ပုံပြင်လေးကို သတိရမိသွားခဲ့တယ်၊ ငယ်ငယ်တုန်းကတော့ ပုံပြင်လို့ပဲ သိခဲ့တယ်၊ အရွယ်ရောက်လာတဲ့အခါ စာပေတွေကိုလေ့လာရင်းနဲ့ ပိုပြီးသိလာခဲ့ရတယ်၊ ဘာသာတရားတွေနဲ့ နီးစပ်လာတဲ့အခါ ဆရာတော်ကြီးတွေရဲ့ ဟောကြားမှုတွေထဲမှာလည်း ကြားနာခဲ့ရဖူးပါတယ်…။
အလယ်တန်းကျောင်းသူဘ၀က ဆရာမကပြောပြခဲ့တယ်…မြတ်စွာဘုရားရှင်က သာသနာတော်သက္ကရာဇ်ကို အနှစ်(၅၀၀၀)တိတိ ထားခဲ့တယ်လို့ပေါ့…ဒါပေမယ့် အနှစ် (၃၀၀၀)ပြည့်ကာနီးရင် လူတွေဟာ ယဉ်ကျေးမှုတွေ နည်းပါးလာကြမယ်၊ ခိုးဆိုးလုယက်မှု တွေဖြစ်လာကြမယ်၊ ဘာသာတရားတွေအားနည်းလာကြတော့မယ်၊ လူတို့ရဲ့ သက်တမ်းတွေဟာ တစ်နေ့ထက်တစ်နေ့ တိုတောင်းလာကြတော့မယ်၊ နောက်ထပ်ဘုရားတစ်ဆူပွင့်မှဘဲ လူတွေကျွတ်လွတ်ကုန်ကြတော့မယ်လို့ ပြောပြခဲ့ဖူးတယ်၊ အဲ့ဒီ တုန်းကတော့ ပုံပြင်လေးတစ်ပုဒ်လိုပါပဲ၊ နားထောင်လို့လည်း အရမ်းကောင်းခဲ့ပါတယ်..။
ယခုအရွယ်ရောက်လာတဲ့အချိန် မြင်တွေ့နေရခြင်းတွေကလည်း ဆရာမပြောပြခဲ့ဖူးတဲ့ ပုံပြင်တွေလို တိုက်ဆိုင်မှုတွေဖြစ်နေပြီလား လို့ပင် ထင်မှတ်ခဲ့ရပါတယ်၊ ဖြစ်ပျက်လာတဲ့အရာတွေအားလုံးက ကြောက်စရာပင်ကောင်းလှပါသည်၊ သဘာဝဘေးအန္တရာယ်ကို ခံစားနေရသောလူသားတွေလည်း ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြင့် သောကကိုယ်စီခံစားနေကြရမှာ အမှန်မသွေပါဘဲ၊ ဥစ္စာပစ္စည်း ချမ်းသာခြင်းကလည်း စိုးရိမ်ကြောင့်ကြမှုတွေကို ပို၍သာဆိုးစေတော့သည်၊ ထိုသူတို့အတွက် စီးပွားရေး၊ နေရေး၊ စားရေး၊ ၀တ်ရေးဆိုသည်တို့မှာ ယခင်ကနှင့်တော့ တူနိုင်တော့မည်မဟုတ်…။
အရာခပ်သိမ်းအားလုံးသည် ဒုက္ခကြီးသာပင်၊ ဆရာတော်ကြီးများဟောကြားသလိုပင်…ကိုယ့်မှာ အထုပ်တစ်ထုပ်ရှိနေခြင်းဟာ ရန်သူမျိုးငါးပါးကို ကြောက်ရသည်တဲ့ပင်၊ ကိုယ့်အထုပ်ထဲက တစ်ဝက်ကိုဖြေ၍ အလှူဒါနပြုလိုက်ခြင်းသည် စိုးရိမ်ကြောင့်ကြမှု ကင်းရသည်တဲ့လေ၊ အလွန်ပင်မှန်ပါသည်၊ ဥစ္စာပစ္စည်းဆိုသည်မှာ အနည်းဆုံးထားနိုင်လျှင်၊ မီးခံသေတ္တာ၊ ဘဏ်မှတစ်ပါး အခြား လုံခြုံစွာသိမ်းဆည်းထားနိုင်ခြင်းမရှိနိုင်ပြီ၊ အိုးအိမ်တိုက်တာဆိုသည်မှာလည်း..ထိုနည်းတူပင်မဟုတ်ပါလား၊ သဘာဝကြီးရဲ့ အန္တရာယ်တွေ ကျရောက်လာတဲ့အချိန် မလွန်ဆန်နိုင်သောစိုးရိမ်မှုတို့ဖြစ်လာခဲ့ရပါပြီ…၀မ်းတစ်ထွာအတွက် ထမင်းတစ်နပ်စားဖို့ အရေးကို ပူပင်ရသည်ထက်…ပိုင်ဆိုင်သောပစ္စည်းဥစ္စာကို ထိန်းသိမ်းနေရခြင်းက ပို၍ပင် ဒုက္ခကြီးလှပါသည်၊ ဘာတစ်ခုမျှအစိုး မရတဲ့ လူ့ဘ၀တွေဟာ တကယ်ဆိုတော့လည်း…ဘာမျှပင် မက်မောတွယ်ဖက်စရာမရှိလှပေပြီ…။
ထိုသို့ သဘာဝဘေးအန္တရာယ်တွေကို ခံစားနေကြရသောလူသားတွေအားလုံး ထာဝရငြိမ်းချမ်းကြပါစေ၊ ယခုဘ၀တွင် မဟုတ်ဘဲ.. ဘ၀အဆက်ဆက်မှာလည်း ယခုလိုအဖြစ်ဆိုးမျိုးတွေ မကြုံတွေ့ကြပါစေနဲ့၊ လောကဓံရဲ့ ရိုက်ချက်တွေပြင်းလာတဲ့အခါ မလွဲသာတဲ့လူ့ဘ၀တွေမှာ ခါးသီးမှုတွေက တနင့်တပိုးနဲ့ပါပဲ၊ ကောင်းသောကံကြမ္မာရဲ့အလှည့်အပြောင်းကို ရရှိခံစားနိုင်ကြပါစေ၊ အေးချမ်းသောဘ၀တွေကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ မြတ်စွာဘုရားရှင်ထံပါးမှာ နေ့စဉ်နှင့်အမျှဆုတောင်းမေတ္တာ ပို့သလို့နေရင်း ရင်ထဲက ဤစာစုလေးကို ရေးသားလိုက်ရပါတယ်…၊ ကမ္ဘာကြီးငြိမ်းချမ်းလို့ လူသားတွေလည်းအေးချမ်းကြပါစေ၊ လာခြင်းတွေလည်းကောင်းလို့…ပြန်ခြင်းတွေလည်းကောင်းကြပါစေ၊ သတိတရားကို အစဉ်နှလုံးသားမှာသွင်းလို့… မြတ်စွာ ဘုရားရှင်ရဲ့ တရားဘာဝနာတရားတွေကိုလည်း ကျင့်ကြံကြိုးကုတ်အားထုတ်ပွားများနိုင်ကြပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်ခဲ့ပါ တယ်…။


နေခြည်သစ်နွယ်(ပြည်)






1 comment:

win oo said...

အရမ်းကောင်းပါတယ်။အားပေးလျက်ပါ။
ပညာဒါန တူသောအကျိုးပေးပါစေ။
ဝင်းလွင်ဦး (ခရမ်းသား) ခေတ္တမလေးရှား