Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, November 18, 2012

“ရွှေအိုရောင်အိပ်မက်လေးဖြစ်ပါရစေ”

လောကကြီးထဲမှာ မွေးဖွားလာခဲ့တဲ့ကျွန်မ ကံကောင်းလာတယ်လို့ဆိုရမှာပါ..၊ လောကကြီးရဲ့အလယ်မှာ ရပ်တည်နိုင်ဖို့အတွက် ပညာတွေနဲ့အတူ၊ ခွန်အားတွေပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတွေတင်နေမိခဲ့ပါတယ်…။ ငယ်စဉ်ကတည်းက အဖေကို ခင်တွယ်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်၊ လေးစားခဲ့တဲ့စိတ်တွေဟာ အရွယ်တွေသာပြောင်းလဲသွားခဲ့ပေမယ့်  အဖေ့အပေါ်ထားတဲ့ ကျွန်မရဲ့စိတ်တွေကတော့ ပြောင်းလဲမသွားခဲ့ပါဘူး…။
ငယ်ဘ၀က အဖေပေးခဲ့ဖူးတဲ့ မုန့်ဖိုးလေးတွေ စုဆောင်းလို့..ကျောင်းသုံးပစ္စည်းလေးတွေ ၀ယ်ခဲ့တယ်၊ နေ့စဉ်အမြဲလို မုန့်ဖိုးပေးခဲ့တဲ့ အဖေ့ရဲ့မုန့်ဖိုးတွေဟာ ကျွန်မအတွက်တော့ အဖေ့ဆီက မေတ္တာလောက်တော့ တန်ဘိုးမကြီးမားခဲ့ပါဘူး။ ဆီတွေပြန်နေအောင် ချက်ကျွေးတဲ့ ဟင်းတွေကို ကျွန်မ မစားချင်ပါဘူး၊ အခြားသူတွေလို အကောင်းဆုံးအိမ်တွေနဲ့ မနေချင်ပါဘူး၊ ဘ၀မှာ စိတ်ချမ်းသာခြင်းဆိုတဲ့ အခြေအနေတွေကိုပဲ လိုချင်မက်မောမိခဲ့သူပါ…။
“အဖေ”ဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုကြောင့် အဖေ့ရဲ့လောင်းရိပ်အောက်မှာ အစွန်းအထင်းမရှိနေခဲ့ရပေမယ့် အဖေ့ရဲ့ အတ္တကြီးမှုတွေကတော့ ကျွန်မအတွက် ဘ၀တစ်ခုကို ရင့်ကျက်မှုတွေပိုစေခဲ့ပါတယ်…။ သိတတ်စအရွယ်တွေမှာ အဖေ့ရဲ့မေတ္တာကို နည်းပါးစွာ ရရှိခဲ့ရတယ်..၊ အမေဟာ ကျွန်မရဲ့ နားအလည်ပေးနိုင်ဆုံး လက်တွဲဖော်တစ်ယောက်ပါ၊ အနာဂါတ် အတွက် စိတ်ဓာတ်တွေပြိုလဲမသွားအောင် ပဲ့ပြင်ထိန်းကျောင်းရင်း..ကျွန်မရဲ့စိတ်တွေကို မားမားမတ်မတ်ဖြစ်တည်လာခဲ့ရတယ်၊ အဲ့ဒီစိတ်တွေကြောင့်ပဲ ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဟာ ပီပြင်လာခဲ့ရတော့တယ်…။
အဖေ့ရဲ့အတ္တကြီးမှုတွေဟာ ကျွန်မအတွက် အနေခက်စေခဲ့ပေမယ်..အဖေဟာ အဖေပဲဆိုတဲ့  အသိစိတ်တစ်ခုဟာ၊ အဖေ့ အတွက် ကျွန်မရဲ့သောကတွေကို စတေးခဲ့လိုက်ရတာပါပဲ…။ အဖေ့ရဲ့ အတ္တတွေဟာ ကျွန်မရဲ့စိတ်တွေကို လှောင်အိမ်ထဲက ငှက်ကလေးသဖွယ် ပျံသန်းခွင့်မပေးတော့သလိုပါပဲ…။

ဘ၀ဆိုတာ နောက်ထပ်ရှိနေခဲ့အုံးမယ်ဆိုရင်..စိတ်အေးချမ်းသာရပြီး လွတ်လပ်ပေါ့ပါးတဲ့ ငှက်ကလေးတစ်ကောင်လို ဖြစ်ရပါစေ၊ အတ္တဆိုတာ တစ်ခါတစ်ရံ ကိုယ့်အတွက်မဟုတ်စေဘဲ အခြားသူကို ထိခိုက်နစ်နာစေတယ်ဆိုရင် ကျွန်မအတွက်ကတော့ သံသရာ ထဲမှာ ဒီလိုပဲ လည်နေရအုံးမှာပေါ့..။ အိပ်မက်တွေက နိုးထလာတဲ့အခါ “အဖေ”ဆိုတဲ့ အမည်နာမလေးကို ခေါ်ခွင့်ရနေရုံနဲ့ပင် ကျွန်မအတွက်တော့ အဖေ့ရဲ့အတ္တတွေကို ချေဖျက်နိုင်ခဲ့ပါပြီ…။
ဘ၀ရဲ့ရေစက်တွေကြောင့်သာ သွေးသားတွေ တော်စပ်ခဲ့ကြပေမယ့်၊ လူဟာ လူပါပဲလေ….၊ နားလည်မှုဆိုတာဟာ ကျွန်မခံယူထားမိပါတယ်၊ တစ်ဦးတည်း၊ တစ်ဖက်တည်းကပဲ နားလည်ပေးလို့မရဘူးဆိုတာကိုပေါ့..၊ “ငါမှန်ပါတယ်ဆိုပြီး” လုပ်လို့မရသလို၊ “ငါမှားပါတယ်ဆိုပြီး”လည်း ငြိမ်ခံနေလို့မရသလိုပါပဲ ပြဿနာတစ်ခုကို လူသားအချင်းချင်း နားလည်ပေးမှုတွေနဲ့ သာ ဖြေရှင်းခြင်းတွေကသာ အလိုအပ်ဆုံးဖြစ်မယ်ဆိုတာကိုပေါ့..။
ကျွန်မအတွက်တော့ ကျွန်မရဲ့ စိတ်ကူးယဉ်ထဲက တည်ဆောက်ချင်ခဲ့မိတဲ့ အိပ်မက်လေး ဘယ်တော့များမှ ရနိုင်လိမ့်မလဲလို့ အကြိမ်ကြိမ်မေးမိနေခဲ့တယ်..၊ အဖေဟာ.. အတ္တကြီးနေခဲ့ပေမယ့် ကျွန်မရဲ့ စိတ်ထဲမှာတော့ အဖေ…အသက်ရာကျော်ရှည်ပါစေ၊ သောကတွေကင်းပါစေလို့ ထာဝရဆုတောင်းနေမိပါတော့တယ်၊ အပြစ်ဆိုတာတွေထက် အချစ်တွေကိုပဲ ပေးဝေနေလိုက်ခြင်းဟာ ပူလောင်မှုစိတ်တွေကို လျော့ပါးသွားစေတော့မှာ အမှန်ပါပဲ…။
ဒီည… ကျွန်မရဲ့ အိပ်မက်ကလေးများ ဆက်မက်ခဲ့သေးရင်ဖြင့်..အနာဂါတ်အတွက် လှပတဲ့ ရွှေအိုရောင်အိပ်မက်လေးပဲ ဖြစ်ပါရစေလို့ ဆုတောင်းနေမိရင်း…“ကျေးဇူးပါပဲ..အဖေရေ”၊ အတ္တတွေကြီးနေပေမယ့် အသိတရားတွေနဲ့ ရင့်ကျက်မှုတွေကို ရရှိစေခဲ့တဲ့အတွက် ထိုအရာတွေဟာ ကျွန်မဘ၀အနာဂါတ်အတွက် ရွှေရောင်အိပ်မက်လို့ မှတ်ယူရင်းဖြင့်…အားလုံးပဲ ဂွတ်ဘိုင်လို့ နှုတ်ဆက်ခဲ့ပါတယ်နော်….။
လူသားတိုင်းရဲ့ ချစ်ခြင်းတရားခိုင်မြဲမှုတွေဟာ…မိသားစု…ချစ်သူတွေရယ်လို့ ခွဲခြားမထားပါဘူး… လူသားတိုင်းရဲ့ အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ အရာတွေဟာ လူသားအချင်းချင်းရဲ့ စာနာမှု၊ နားလည်ပေးမှုတွေကသာ အဓိကဖြစ်လာတာမို့… စိတ်တူ၊ ကိုယ်တူ၊ သဘောဖြူတဲ့ မေတ္တာတရားတွေနဲ့အတူ…လှပအေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘ၀တွေကို ဖန်တီးတည်ဆောက် ခွင့် ရနိုင်ကြပါစေလို့…ဆန္ဒနှင့်အတူ ထပ်တူပြု ဆုတောင်းပေးခဲ့ရင်း…ဒီညလေးအတွက်…Have a nice dreamပါနော်…..။


နေခြည်သစ်နွယ်(ပြည်)
























No comments: