“မေမေ”….လို့ ခေါ်ခွင့်ရတာ
ကျေနပ်ခဲ့ပါတယ်…သက်ဦးဆိုတော့ အရူးဆုံးပဲလို့ပြောခဲ့ပေမယ့်၊ သိပ်ချစ်ခဲ့ရတဲ့မေမေ၊ သမီးကို
မေမေလွယ်ထားချိန်..အချိန်ကာလတွေဟာ ၉လသော်မှ ၁၀လတာပင်ကြာခဲ့ပါတယ်၊ မွေးဖွားဆဲလုလု အချိန်နာရီ
(၁)ရက်နှင့် နေ့တ၀က်ပင်ကြာခဲ့လေပြီ၊ ချို၊ ချဉ်၊ စပ်၊ ခါး၊ ပူ၊ ဖန် စားချင်သော်လည်း
မစားသာ၊ အိပ်ပင်သော်မှ မတတ်သာလှပါဘူး၊ သမီးရဲ့ လမ်းဆုံးတွေ…လျှောက်လှမ်းလို့ မဆုံးခင်မှာ
အသိစိတ်တွေကို မွေးဖွားပေးခဲ့တယ်..။
သမီးရဲ့အနား ဘယ်သူတွေမှမရှိသည့်တိုင်အောင်
မေမေက အနားမှာရှိနေခဲ့တယ်၊ ဆုံးဖြတ်ချက်တွေခိုင်မာလာအောင်၊ အသိတရားတွေ ရင့်ကျက်လာစေရန်၊
လူ့ဘောင်အသိုင်းအ၀ိုင်းဝင်ဆံ့စေရန်၊ ပြောဆိုတတ်စေရန်၊ ဆုံးမမှုတွေက ထပ်ကာထပ်ကာ၊ ဘယ်တော့မှလည်းရိုးစင်းမသွားသလို၊
မထပ်စေနိုင်သော သတိပေးဆုံးမတားမြစ်မှုတွေကလည်း အနှိုင်းမရခဲ့ ဘူးပေါ့၊ သမီးလေးရဲ့ အတွေးအခေါ်..လိမ္မာယဉ်ကျေးမှုတွေကို..သင်တန်းတက်စရာမလိုအောင်
မေမေက သွန်သင်ဆုံးမခဲ့တယ်၊ ပညာရေးတွေမှာ အနှောက်အယှက်မဖြစ်စေရအောင်၊ လျှောက်သောလမ်းတွေဖြောင့်ဖြူးလာအောင်
အိပ်ယာဝင်သတိပေးပုံပြင် တွေကလည်း အခါခါပဲပေါ့….။
ဘ၀ရဲ့လမ်းမပေါ်ကို လျှောက်လှမ်းတဲ့နေရာမှာ
စေတနာ၊ မေတ္တာတွေနဲ့အတူ စိတ်ထားဖြူစင်စွာထားတတ်ဖို့က မေမေ့ရဲ့ ရှေးရိုးလက်စွဲနဲ့ ပင်ကိုယ်ဓလေ့စရိုက်လေးဆိုရင်လည်း
မှားနိုင်မယ်မထင်ပါဘူး၊ တစ်ပါးသူကို ကြည့်နေဖို့ထက် ကိုယ့်ကိုကိုယ် စောင့်ကြည့်နိုင်ဖို့
သတိမချပ် အမြဲမှာခဲ့သူက “မေမေရယ်”ပါ၊ ဘယ်နေရာကိုသွားသွား…သမီးလေးအနားမှာအမြဲ…ဒီအရွယ်ကြီးလို့
ပြောကြပေမယ့်လည်း ကလေးတစ်ယောက်လို ပါးပြင်ကို ဖွဖွလေးနမ်းကာ စောင့်ကြည့်နေတတ်သူကလည်း
“မေမေ”ပါ၊ လျှောက် သောလမ်းတွေကို ယိုင်လဲမသွားရအောင်၊ ဖြောင့်ဖြူးသောလမ်းတွေကို ဆက်လျှောက်စေနိုင်ခဲ့တာလည်း
“မေမေ”ပါ၊ ထမင်းပန်းကန်ပြားထဲက ထမင်းတို့ကို… မဝေငှလောက်သော ဟင်းတုံးလေးတစ်တုံးဖြင့်
ဖဲ့မွကျွေးခဲ့သူ၊ အကြိုက်ချင်းတူသော ဟင်းတစ်ခွက်ဖြစ်ပါစေ....“မေမေ”မစားပါဘူးလို့ အခါခါငြင်းခဲ့ကာ…၀လင်သောအပြုံးတွေဖြင့်
ကျွေးမွေးခဲ့တာလည်း “မေမေ”ပါ။
လောကရဲ့ဝန်းကျင်ပေါင်းမြောက်မြားစွာထဲမှာ…သမီးလေးကတစ်ယောက်တည်းပါ၊
အသိုင်းအ၀ိုင်း၊ အဆင့်အတန်း၊ နေရာမျိုးစုံ၊ လောကမျိုးစုံတွေမှာ အန္တရာယ်တွေကျရောက်မလာအောင်
ကာကွယ်ရှေ့ရှုလို့ မြတ်ဘုရားရှေ့မှာ ဆုတောင်းပေးခဲ့တာလည်း အခါခါပါ၊ လောကရဲ့အဆိုးအကောင်းတွေကြားမှာ
သမီးလေးအားငယ်နေတဲ့အခါ နှစ်သိမ့်ပေးတတ်ခဲ့သလို၊ မျက်ရည်တွေကျလာ ခဲ့ရင်လည်း…ထပ်တူမျက်ရည်တွေနဲ့အတူ…အားပေးချီးမွမ်းတဲ့စကားလုံးတွေကလည်း…မနည်းတော့ပါဘူး….။
ကျေးဇူးပါပဲ“မေမေ”လို့ ပြောဖို့ရာ
အဆပေါင်းများစွာကြီးမားလှတဲ့ ကျေးဇူးတွေကဖြင့် ဆပ်လို့ရန်..ကုန်နိုင်ပါအုံးမည်လား..မေမေ
မရှိတဲ့အချိန်တွေမှာ ခဏတာအချိန်လေးတော့ စိတ်အားတွေငယ်မိပါရဲ့…ကြီးမားလိုက်တာ…ကျေးဇူးတွေကလေ..ထိုအချိန်တွေ
ထိတိုင်အောင် မေမေ့ရဲ့ဆုံးမစကားသံတို့နှင့်အတူ ဘ၀အတွက်ခွန်အားဖြစ်စေမယ့်စကားလုံးတွေက
သက်ဝင်လှပနေဆဲပါပဲ မေမေရယ်။
လောကကြီးထဲမှာ
မျက်လုံးလေးဝှေ့ကာ …ဝှေ့ကာ ကြည့်နေမိပါတယ်…သို့ပေမယ့် မေမေ့အပြုံးလို ပကတိဖြူစင်မှုတွေ
မတွေ့ရပါဘူး၊ အလွှာပေါင်းမျိုးစုံများနဲ့ ယှဉ်ပြိုင်နိုင်သူဖြစ်လာစေဖို့….“မိန်းမ”ဆိုသည့်
နာမ်စားကို ပယ်ဖျောက်ပေးခဲ့လို့… သတ္တိတွေကို မွေးဖွားပေးခဲ့သူ..ထက်မြက်သည့်ဧကရီဖြစ်လာစေဖို့….နူးညံ့သောစိတ်နှလုံးတို့ကို
မာကျောခက်ထန်လာစေတတ် အောင် ဆွဲဆောင်ပေးနိုင်ခဲ့သူ.. အဆင့်အတန်းအမျိုးမျိုးတွေကြားက
မာယာကြွယ်တတ်တဲ့ စကားလုံးတွေကို..လိမ္မာပါးနပ်စွာဖြင့် ဆောင်ရွက်စေနိုင်တတ်အောင်လည်း
သွန်သင်ပြသခဲ့သူ…အော်…မေမေရယ်..မေမေဟာ ဘုရင်မ မဖြစ်ခဲ့ပေမယ့်….ဘုရင်မလေး ရဲ့မေမေဆိုပြီးတော့
ဂုဏ်ယူဝံ့ကြွားခွင့်ရှိနိုင်ပါသေးတယ်..ထိုအတွက်ကြောင့်လည်း…ဂုဏ်ယူနေလိုက်ပါတော့…မေမေရယ်….။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment