Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 12, 2012

“သင်ခန်းစာမှ…အမှတ်တရသို့”

ဒီနေ့ ကျွန်မ ကဗျာလေးတစ်ပုဒ် တင်ဖြစ်ခဲ့ပါတယ်။ ကဗျာခေါင်းစဉ်လေးကတော့ “ကဗျာဟူသည့်အကြောင်း” ဖြစ်ပါတယ်။ ယခုပို့စ်လေးကို ရေးဘို့ဖြစ်လာခဲ့ရသည့် အကြောင်းအရင်းလေးကို အစမပျိုးမီ ကျွန်မရဲ့ ခံစားချက်၊ အတွေ့အကြုံလေးကို ဖော်ပြပါရစေ……
ကျွန်မက အမှန်ဆိုတော့ ကဗျာကိုမချစ်တတ်သလို၊ ကဗျာတွေကိုလည်း နှစ်ခြိုက်စွာ မဖတ်တတ်ခဲ့သူရယ်ပါ။ စာအုပ်လေးတွေများ ၀ယ်ဖြစ်ခဲ့ရင် မှတ်သားစရာ သုတစာလေးတွေနဲ့အတူ ဘာသာရေးစာအုပ်တွေကိုသာ ၀ယ်ဖြစ်ခဲ့သူပါ….။
ကဗျာတွေကို စိတ်ဝင်စားစွာ မဖတ်ဖြစ်ခဲ့ပုံလေးကို “ငါကဗျာဆရာမဟုတ်ပါဘူး…ဒါပေမယ့် အနုပညာကို ချစ်တယ်” ဆိုသည့် ပို့စ်လေးမှာ ရေးသားခဲ့ဘူးပါတယ်။ အမှန်တကယ်ပါပဲ ကျွန်မ ကဗျာကို မလိုက်စားခဲ့ပါဘူး။ ရောင်ဝါးဝါးဖြစ်နေပြီး လွယ်အိတ်တစ်လုံးနဲ့ စာရွက်ဖြူဖြူလေးတွေကိုင်လာတတ်တဲ့ ကဗျာဆရာပေါက် စလေးတွေကို တွေ့မြင်တိုင်း ပြောတတ်ခဲ့တဲ့စကားလေးတစ်ခွန်းကတော့ ….

“ကဗျာဆရာလိုလို…ဘာလိုလိုနဲ့”ဟုဆိုသည့် စကားလေးတစ်ခွန်းပါ….
ယခုတော့လည်း ကျွန်မကိုယ်တိုင်ပဲ ကဗျာဆရာမဖြစ်မှန်းမသိအောင်ပင် ဖြစ်ခဲ့သည်ကို အမှန်ပင်မသိခဲ့ရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကဗျာဆရာမဆိုသည်က ကျွန်မ ကဗျာတွေရေးတတ်ခဲ့သည်မို့ စာဖတ်သူတွေက သတ်မှတ်ပေးခဲ့သည့် နာမ်စားတစ်ခုကို ခံယူခဲ့မှုတစ်ခုကြောင့် ကဗျာဆရာမရယ်လို့ အမည်တွင်ခဲ့ရပါသည်။
ဆိုလိုရင်းကို ရောက်နိုင်ပါအုံးမည်လား စာဖတ်သူတို့ရေ…ဒါပေမယ့်လည်း …
ကျွန်မဖြစ်ချင်သည်က စာရေးသူတစ်ဦးရယ်ပါ..ကဗျာဆရာ၊ စာရေးဆရာမရယ်ဟူ၍ အမျိုးအစားခွဲခြားမထားခဲ့ ပါဘူး။ ဖြစ်ပေါ်လာသော၊ သတ်မှတ်ထားသောနာမ်စားတွေကို ခံယူဘို့အသင့်ဖြစ်နေခဲ့ရပါသည်။
အထက်ကပြောခဲ့သော စကားလေးတွေကို ပြန်ဆက်ရမည်ဆိုလျှင်….
ကျွန်မ ကဗျာလေးတွေကို ၂၀၁၀ခုနှစ်မှာ စတင်ရေးသားခဲ့ခြင်းဖြစ်ပါတယ်၊ သိကျွမ်းခြင်း၊ တတ်မြောက်ခြင်းဆို သည့် အတတ်ပညာရပ်တွေမပါဝင်ခဲ့ပါဘူး၊ စာပေလောကထဲက လူသားတစ်ဦးမဟုတ်ခဲ့သလို၊ အနုပညာကို မြတ်နိုးခုံမင်သူရယ်လို့ပြောမယ်ဆိုရင်ဖြင့် မှားနိုင်မယ်မထင်ပါဘူး။
ခံစားချက်များ၊ အတွေ့အကြုံများကို ရင်တွင်းတွင် သိမ်းဆည်းမထားနိုင်သည့်အချိန်၊ ရင်ဖွင့်ခွင့်မရသည့် အချိန်များတွင် ချရေးဖြစ်ခဲ့သည့် စကားလုံးတွေက စာရယ်လို့ဖြစ်လာခဲ့ပါသည်။ ထိုအရာကိုတော့ လူတွေက ကဗျာရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ကဗျာကို စတင်ရေးချိန်မှာတော့ ကျွန်မဟာ ပြင်ပလုပ်ငန်းဖြင့် ဆက်စပ် နေသူမို့ စာတွေကိုဖတ်ဖြစ်တိုင်း စာလုံးပေါင်းသတ်ပုံကို စစ်တတ်သူဖြစ်ပါတယ်။ အခြားသူများရေးခဲ့သော စာများကိုပင် မှားယွင်းစွာတွေ့မြင်နေပါက ထောက်ပြတတ်ပါတယ်။ သို့သော် စေတနာစကားပင်ဖြစ်ပါသည်။
ကဗျာတွေကိုရေးရင်းဖြင့် ဘလော့ဂါရယ်လို့ဖြစ်လာချိန်တွင်တော့ အတော်အသင့်နေရာလေးတစ်ခု ရရှိလာခဲ့ပါ တယ်။ နေရာကိုမက်မောမှုမရှိခဲ့သလို စာတွေရေးနေရရင်ဖြင့် ပျော်နေတတ်ခဲ့သူရယ်ပါ။ ကျွန်မအတွက် အချိန်ဆိုသည်မှာ တစ်နေ့ကို (၂၄)နာရီပတ်လည်မှာ လုပ်ငန်းခွင်တွင် ကျင်လည်ရသည်က (၁၀)နာရီပင်ဖြစ်ပါ သည်။ ယခုလို အချိန်(၁၀)နာရီအတွင်းမှာ ကျွန်မအတွက် ပြင်ပတွင်လှုပ်ရှားရန်အချိန်ပိုဆိုသည်မရှိခဲ့ရပါ။ ကျွန်မအတွက် အချိန်ဆိုသည် လုပ်ငန်းခွင်တွင်ပင်ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် လုပ်ငန်းတစ်ဘက်ဖြင့် စာတွေရေးချိန်၊ စာဖတ်ချိန်၊ နည်းပညာလေ့လာချိန်၊ အခြားစာပေများလေ့လာချိန်ရယ်ဆိုပြီး ခွဲခြားပြီး လုပ်ဆောင်ခဲ့ရပါတယ်။ အွန်လိုင်းဆိုသည်မှာ ကျွန်မအတွက်တော့ ပန်းဥယျာဉ်တစ်ခုရယ်ပါ။
ကျွန်မသိချင်သမျှစာပေတွေကို အွန်လိုင်းပေါ်ရှိ စာအုပ်များတွင် အစွမ်းကုန်လေ့လာဖြစ်ခဲ့ပါတယ်… လေ့လာမှု များထဲတွင် ကဗျာရေးသားရခြင်းအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ “ကဗျာဆိုသည်မှာ” ဆိုကတည်းက ရှေးဆရာအကျော်အမော်တွေကစလို့ ယခုမျက်မှောက်ရေးရာလူငယ်များသည့်တိုင်အောင် ကဗျာဟူသည်ကို အမျိုးမျိုးဖွဲ့ဆိုကြပါသည်။
ရှေးဆရာများကတော့ ကဗျာဆိုသည်မှာ ကာရန်၊ နဘေရယ်လို့ ညီမျှမှ ကဗျာလို့သာ ခေါ်တွင်နိုင်မည်၊ မဟုတ်လျှင်တော့ဖြင့် ကဗျာမဟုတ်ပါဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ ယခုခေတ် ကဗျာရေးသားသည့် လူငယ်များ ကတော့ ကဗျာဆိုသည် လွတ်လပ်မှုရှိသည်၊ ကိုယ်ပိုင်ခံစားချက်တွေကို ချရေးကြသည် စသည်ဖြင့် ထင်မြင် ရေးသားခဲ့ကြပါသည်။
ကျွန်မရေးသားသည့် ခေါင်းစဉ်ဆိုလိုရင်းကို ရောက်နိုင်ပါအုံးမည်လား စာဖတ်သူတို့ရေ…
ဒီနေ့ “ကဗျာဟူသည့်အကြောင်း”ဆိုသည့် ကဗျာလေးကို တင်မိတော့ ကွန့်မန့်လေးတွေ လက်ခံရရှိခဲ့ပါတယ်။ ကျွန်မ ကွန့်မန့်လေးတွေကို နှစ်သက်ပါတယ် ပီတိတစ်ခု၊ အားအင်တစ်ခုပါ။ အဆိပ်အတောက်ပါသည့် ကွန့်မန့် များလည်းရှိခဲ့သလို အဆိပ်အတောက်မပါသည့်ကွန့်မန့်များလည်း ရှိတတ်ပါသည်။ ဤကဗျာလေးတွင် တွေ့လိုက်ရသည့်ကတော့..ကျွန်မရေးခဲ့သမျှ ကဗျာတွင်ပါဝင်ခဲ့သော…
“ကာရံ”ဟူသည့် စာသားများအကြောင်းပင်..
ကျွန်မမှားယွင်းနေခဲ့သည်…“ကာရံ”ကို “ကာရန်”ဟု ရေးရမည့်အစား “ကာရံ”ဟု ရေးခဲ့မိခြင်းအပေါ် ထိုသူက ကျွန်မကို ထောက်ပြခဲ့ပါသည်။ ထိုသူထောက်ပြပုံလေးကတော့…
“ကလောင်ရှင်၏ ထွင်ထားတာလားတော့မဟုတ်လောက်ပါ၊ ကဗျာဆိုသည်မှာ စာလုံးပေါင်းသတ်ပုံမှားပါက ဆားမပါသည့်ဟင်းသဖွယ်၊ ကဗျာမတင်မီ စာလုံးပေါင်းများကို ပြန်စစ်စေချင်သည်” ဟူ၍ ထောက်ပြခဲ့ပါတယ်။
ကျွန်မ စစ်ကြည့်မိလိုက်တော့ ဟုတ်ပါတယ်…
ထိုသူက ပြောသွားခဲ့ပါတယ်…စေတနာနှင့်သာ ထောက်ပြခြင်းပါ…မကြိုက်ပါက မယူသုံးပါနှင့်…
ကျွန်မ သေချာစဉ်းစားလိုက်မိပါသည်၊ စာဖတ်သူတို့တော့ ဘယ်လိုစဉ်းစားမည်မသိ..ရုတ်တရက်စဉ်းစားမည်ဆို ပါက..နင်လား..ငါလားဆိုပြီး ပြောကြမည်မှာအမှန်ပင်ဖြစ်ပါသည်။ သို့ပေမယ့် ကျွန်မကတော့ ထိုသူကို ကျေးဇူးတွေ တင်နေရပါသည်။
ကျွန်မကိုယ်တိုင် စာလုံးပေါင်းမှားခဲ့ရင် မနှစ်သက်သလို ကျွန်မကိုထောက်ပြတဲ့သူတွေ့သည်ကို လက်ခံမိခဲ့ပါ တယ်။ ရှက်လည်းရှက်ခဲ့မိပါသည်၊ ကျွန်မ စာရေးပြီးသည့်အခါတိုင်း စာတွေကို နှစ်ကြိမ်မှသည် သုံးကြိမ်တိုင်၊ မသေချာခဲ့ရင် အထပ်ထပ် ပြန်စစ်တတ်ပါသည်။ သို့ပေမယ့် မြန်မာစာ၊ မြန်မာစကားဆိုသည် နက်နဲလှပါသည်။
ကျွန်မအတွက် အမှတ်တရဖြစ်စေခဲ့သည့် ပထမဦးဆုံးသော အမှားအယွင်းတစ်ခုက သင်ခန်းစာဖြစ်ခဲ့ရပါတယ်။ ထို့ကြောင့်….ဤပို့စ်လေးကတော့ ထိုသူကို ကျေးဇူးတင်ထိုက်သောအနေဖြင့်လည်းကောင်း၊ ကျွန်မအတွက် ဆင်ခြင်အပ်သော၊ ပညာရှိ…သတိမမူဆိုသည့်အတိုင်း သတိထားစရာတစ်ခုလည်း ဖြစ်ခဲ့ရသလို…
ကျွန်မကဲ့သို့ စာဖတ်သူ၊ စာရေးသူများကိုလည်း အမှားလေးများလည်း ပြင်ဆင်…စကားလေးများလည်းလက်ခံ၊ သုံးသပ်ပါ၊ ဝေဖန်ပါ၊ စာရေးသူရယ်လို့ဖြစ်လာခဲ့လျှင်ဖြင့် ဝေဖန်မှုပေါင်းမြောက်မြားစွာကို ခံရသည့်တိုင်အောင် အဆိပ်အတောက်မဖြစ်စေသော၊အဆိပ်အတောက်ဖြစ်စေသော ဝေဖန်မှုများကိုလည်း ရဲရင့်စွာနဲ့ အပြုံးတွေဖြင့် လက်ခံလာနိုင်အောင် ကြိုးစားကြစေချင်သော ဆန္ဒဖြင့် ရေးသားတင်ပြလိုက်ရပါတော့သည်…..။

နေခြည်သစ်နွယ်(ပြည်)

No comments: