Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, January 2, 2013

“ဓမ္မဖြင့်သာ..ကျေးဇူးဆပ်ပါရစေအဖေ”


“ဓမ္မဖြင့်သာ..ကျေးဇူးဆပ်ပါရစေအဖေ”
ဒီနေ့ဟာ ကျွန်မဘ၀အတွက် ဖြစ်စေချင်သောဆန္ဒလေးတစ်ခု ပြီးမြောက်သွားခဲ့ပါပြီ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ ဖခင်ကို ပဉ္ဖင်းခံပေးချင်ခဲ့တာ ကျွန်မရဲ့ ပါရမီဖြည့်ဆည်းချင်တဲ့ကုသိုလ်လေးတစ်ခုပါ၊ ဒါပေမယ့်လည်း ဖခင်ရဲ့အနားမှာ ကျောင်း ဒါယိကာမလေးအဖြစ် ဝေယျာဝစ္စတွေပြုစုလုပ်ကျွေးခွင့်မရခဲ့တဲ့အတွက်တော့..၀မ်းနည်းမိသလို၊ ၀မ်းလည်းသာမိခဲ့ရပါတယ်..။
အဖေဟာ သင်္ကန်းရုံဖို့ထက် ကတုံးတုံးရမှာကို သူက အကြောက်ဆုံးပါပဲ…ဘာကြောင့်ရယ်ဆိုတာတော့ ကျွန်မလည်း မပြောတတ် လောက်အောင်ပါပဲ၊ ကျွန်မလူမှန်းသိတတ်စအရွယ်ကတည်းက..တရားတွေနဲ့ နီးစပ်မှုရှိနေပြီဆိုကတည်းက အဖေ့ကို ပါရမီဖြည့်ဆည်းပေးချင်ခဲ့တာပါ…ထို့အတွက်ကြောင့်လည်း ဒါယိကာမလေးအဖြစ်ခံယူပြီး ပဉ္ဖင်းခံပေးဖို့ ပြောခဲ့ဖူးတာတွေက လည်း အကြိမ်ပေါင်းမရေတွက်နိုင်ခဲ့တော့ပါဘူး…၊အဖေဟာ ဘိုးဘွားများလက်ထက်ကမှပင် ပဉ္ဖင်းခံဖူးခဲ့ခြင်းလည်းမရှိပါဘူး၊ ဘိုးဘွားတွေကလည်း သားယောက်ျားလေးဆိုပြီး တိုက်တွန်းပေးခဲ့တာ..နှိုးဆော်ပေးခဲ့တာမျိုးမရှိခဲ့ဖူးပါဘူး…ကျွန်မအပြင် အဖေ့ကို ပဉ္ဖင်းခံစေချင်ခဲ့တာကတော့…အမေလည်း အပါအ၀င်ပေါ့…။
ခုတော့ ကျွန်မတို့ရဲ့ဆန္ဒလေးတွေကိုယ်စီ ပြည့်ဝခဲ့ရသလို…အဖေ့အတွက်လည်း ပစ္စုပ္ပာန်ဟာ အကောင်းဆုံးအချိန်လေးဖြစ်နေခဲ့ပါ ပြီ…၊ အဖေဟာ သင်္ကန်းမရုံချင်သည့်အကြောင်းအရာကတော့ ကတုံးမတုံးချင်တာပါပဲ၊ သူ့မှာ ကုသိုလ်စိတ်တွေအများကြီးရှိပါ တယ်…၊ ကုသိုလ်တရားတွေလုပ်ချင်တဲ့စိတ်တွေလည်းရှိခဲ့ပါတယ်၊ သားသမီးတွေ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ စသော အရေးတွေနဲ့သာ အချိန်တွေကုန်ဆုံးနေခဲ့ရပါတယ်၊

အဖေပြောဖူးခဲ့တဲ့….“အူမတောင့်မှသီလစောင့်”ဆိုတဲ့စကားကို ကျွန်မကပဲ ချေဖျက်ခဲ့ရပါတယ်….။
လူတွေဟာ အကြောင်းတရားမျိုးစုံတွေကြောင့် ကုသိုလ်ရေးတွေကိုအားနည်းခဲ့ကြပေမယ့် ကျွန်မရဲ့ဖခင်ကိုလည်း ထိုသို့မဖြစ် စေချင်ပါဘူး၊ ထိုသို့သောအဖေပြောလာမည့်စကားများကိုလည်း ကျွန်မစိတ်ထဲမှာ ဘ၀င်မကျခဲ့ပါဘူး၊ “မရှိလို့မလှူ၊ မလှူလို့မရှိ” ဆိုတဲ့စကားကိုလည်း လူအများက အဓိပ္ပါယ်တွေကွဲလွဲစွာသတ်မှတ်ခဲ့ကြပါတယ်…တစ်ကယ်ဆိုတော့ လူတို့ထင်မြင် ယူဆချက် တွေဟာ တလွဲအတွေးတွေနဲ့သာဖြစ်နေကြပါတယ်၊ ထိုအတွက်ကြောင့်လည်း…အဖေဟာလည်း “အူမတောင့်မှ သီလစောင့်” ဆိုပြီး ဖြစ်သွားခဲ့ပါတော့တယ်..။
ကျွန်မရဲ့အဖေဟာ သူ၏မွေးရပ်မြေလေးမှာ ပဉ္ဖင်းခံလိုတဲ့ဆန္ဒပြင်းပြခဲ့တာကြောင့်…ကျွန်မလည်း အဝေးကပဲ ကြည်ညိုနေ ခဲ့ရပါတယ်…၊ကျွန်မရဲ့စိတ်တွေ အတိုင်းမသိပီတိတွေဖြစ်ခဲ့ရပါတယ်၊ အဖေ့ကို လူဝတ်ဘ၀မှာ ရှိခိုးဦးချရခြင်းထက်၊ သင်္ကန်းဝတ် ဖြင့် ဦးချနေချင်မိပါရဲ့၊ သို့ပေမယ့်လည်း ကျွန်မရဲ့အခွင့်က မသာခဲ့ပြန်ပါဘူး…။
ဒီနေ့တော့ အဖေဟာ ကျွန်မကို ဖုန်းဆက်လာပြန်ပါတော့တယ်…
“ကလင်…ကလင်…ကလင်”
“ဟယ်လို…အဖေ…သင်္ကန်းဝတ်ကြီးနဲ့လား”
ဖုန်းနံပါတ်ကိုကြည့်လိုက်ရုံဖြင့် အဖေ့ရဲ့ဖုန်းနံပါတ်ဆိုတာကို ကျွန်မသိလိုက်ရပါပြီ…လူကိုမမြင်ရ၍ သင်္ကန်းဝတ်မည်ဆိုသည်ကို သိနေခဲ့ပေမယ့်လည်း မေးခဲ့ရပြန်ပါသေးသည်။
“အေး…သမီး…မဟုတ်ပါဘူး…တင်ပါ့ဘုရား…ဟာ…”
ကျွန်မ ဖုန်းလေးကို ကိုင်ကာဖြင့် တစ်ခစ်ခစ်ရယ်နေမိခဲ့သည်…ကျွန်မလည်း ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်…အဖေလို့ပဲ ခေါ်ရမည်လော..ဥူးပဉ္ဖင်းလို့ပဲခေါ်ရမည်လောဖြစ်နေတဲ့အချိန်မှာဘဲ..
“ကဲကဲ..ဒကာမလေး…ကိုယ်တော်ကြွလာပြီ…ဒါပဲ”ဟုဆိုပြီး ဖုန်းချတော့မည်အပြုတွင်..
“တင်ပါ့ဘုရား”ဟုဆိုပြီး ကျွန်မလည်း ဖုန်းလေးကို ကောက်ခါငင်ကာဖြင့် ချခဲ့ရသည်။
ထိုနေ့လိုအပျော်မျိုး ကျွန်မတင်မဟုတ် ကျွန်မ၏မိခင်သည်လည်း ဘယ်လောက်ပင်ပျော်လိုက်မည်လဲ…အပျော်ဆိုတာထက်ပင် ပီတိတွေဖြစ်လိုက်မိမှာ တွေးမကြည့်ရုံနဲ့ပင် သိလိုက်ပါသည်…အဖေဟာ သင်္ကန်းရုံဖို့…ကတုံးတုံးဖို့ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ၊ ယခုဆိုရင် သူဟာ သာသနာ့ဘောင်မှာပေါ့…ထိုကုသိုလ်ဟာ..အဖေ့အတွက် အတိတ်ကပြုခဲ့တဲ့ ကုသိုလ်က အကျိုးထင်လာတာပဲလို့ မြင်မိပါတယ်…ကံကံ၏အကျိုးဆိုတာကို ကျွန်မကောင်းကောင်းသဘောပေါက်မိလိုက်ပါ သည်၊ အတိတ်ရဲ့အကြောင်းတရားတွေဟာ..ပစ္စုပ္ပာန်မှာ အကျိုးထင်လာခဲ့သလို…ပစ္စုပ္ပာန်ရဲ့အကြောင်းတရားတွေကလည်း အနာဂါတ်အတွက် အကျိုးတရားဆိုတာကို နားလည်လိုက်မိပါတော့သည်..မည်သို့ပင်ဖြစ်စေ..အဖေ့အတွက် ကျေးဇူးဆပ်ခွင့်ကြုံ ခဲ့ရတဲ့အတွက် အတိုင်းမသိပီတိဖြစ်ရပါတယ်…
“အဖေရေ…သမီးတော့လေ..အဖေ့ကို ဥစ္စာစည်းစိမ်တွေနဲ့ ပြုစုလုပ်ကျွေးခဲ့ရတာတွေထက်…ခုလို ဓမ္မနဲ့ ကျေးဇူးဆပ်ခွင့်ရတဲ့ အတွက်….သေပျော်ပါပြီအဖေရယ်….”


နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

No comments: