Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, January 8, 2013

“နှလုံးလှပိုင်ရှင်”

“နှလုံးလှပိုင်ရှင်”
နှစ်ကာလတွေက အတော်ပင်ကြာခဲ့လေပြီ..တာဝန်တွေ၊ ၀တ္တရားတွေကိုယ်စီကိုယ်ငှဖြင့် ရုန်းကန်လှုပ်ရှားနေခဲ့ကြပေမယ့် တစ်နေရာရာမှာတော့ ဆုံတွေ့ကြရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး…ဒါပေမယ့်လည်း ဆုံတွေ့ခဲ့ကြရပြန်သေးသည်။ ကျွန်မအတွက် လွန်ခဲ့သော လေးနှစ်ကျော်ကာလကို ရောက်ရှိသွားသလိုပါပဲ..မနေ့တစ်နေ့ကလို ပီတိတွေက လက်ရှိအချိန်မှာ ပြီးပြည့်စုံတဲ့ပီတိတစ်ခုကို ရခဲ့မိတာကြောင့်လည်း ပို၍ပင် ၀မ်းသာကြည်နူးခဲ့ရပြန်သည်။ ကျွန်မ၏၀မ်းသာခြင်းပီတိအပြုံးသည် ငွေကြေးထက်ပင် သာလွန်မြင့်မြတ်သည်ဟု ဆိုနိုင်ပေမည်။ လွန်ခဲ့သောလေးနှစ်တာကာလအချိန်လေးက ကျွန်မ၏အသက် အရွယ်က (၂၃)နှစ်မျှသာရှိသေးသည်၊ ကျွန်မ၏ သူငယ်ချင်းဖြစ်သူ ယဉ်ကြည်နှင့် ကွန်ပျူတာဆိုင်လေးတစ်ဆိုင်တွင် အတူတူ အလုပ်လုပ်ခဲ့ဘူးကြသည်… ယဉ်ကြည်က ကျွန်မ၏ သူငယ်ချင်းဆိုပေသည့် ကျွန်မထက်အသက်အရွယ်အရ (၅)နှစ်မျှကွာသည်.. ထို့ကြောင့်လည်း ကျွန်မက မယဉ်ကြည်ဟုပင်ခေါ်သည်။ တစ်နေ့တော့..မယဉ်ကြည်၏ သူငယ်ချင်းများဖြစ်သူ သိန်းဇံနှင့် ဇော်ကိုဆိုသော လူနှစ်ယောက် ကျွန်မတို့၏ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ မယဉ်ကြည်၏ သူငယ်ချင်းများသည် ကျွန်မထက်ပင် အသက်အရွယ်ကွားခြားလှသည်..ကျွန်မအား ညီမလိုတစ်မျိုး.. သူငယ်ချင်းလိုတဖုံ ချစ်ခင်ခဲ့ကြသည်…
“ညီမလေး မြတ်ပန်းနွယ်..ဒါ…အစ်မရဲ့..သူငယ်ချင်းတွေလေ”
“သူ့နာမည်က သိန်းဇံ…သူ့နာမည်ကတော့ ဇော်ကိုတဲ့..မှတ်ထားနော်”
“ဟုတ်ကဲ့ပါအစ်မ…အော်..ဒါနဲ့…အစ်ကိုတို့က…အစ်မယဉ်ကြည်နဲ့ အသက်အတူတူပဲဆိုတော့…အစ်ကိုသိန်းဇံ… အစ်ကိုဇော်ကိုလို့ ပဲ ခေါ်မယ်နော်”
“ရပါတယ်ဟာ…ငါတို့က ယဉ်ကြည်နဲ့ဆို ပြောမနာဆိုမနာ..ငယ်သူငယ်ချင်းတွေလေ…”
ထိုနေ့မှစ၍ပင် ကျွန်မနှင့် မယဉ်ကြည်..အစ်ကိုသိန်းဇံ…အစ်ကိုဇော်ကိုတို့သည် ပြောမနာဆိုမနာ သူငယ်ချင်းမိတ်ဆွေများပင် ဖြစ်ခဲ့ကြလေသည်။ ကျွန်မတို့လေးယောက်ထဲတွင်မူ အစ်ကိုသိန်းဇံသည် ချူချာသည်၊ အင်ဂျင်နီယာတစ်အယောက်အဖြစ် လုပ်ငန်း ခွင်တွင်ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့သော်လည်း ကျန်းမာရေးတွင်တော့ ဆေးခန်းကပင် အရှုံးပေးထားရလောက်အောင် ပင်ဖြစ်သည်။ သူတို့အကြောင်းတွေကိုတော့ဖြင့် မယဉ်ကြည်မှ ကျွန်မကိုပြောပြ၍သာ အကြောင်းစုံသိရသည်။ ထိုသို့ပင် ကျွန်မတို့(၄)ဦး၏ ခင်မင်မှုသည် ပို၍ပင်နက်ရှိုင်းလာခဲ့ကြသည်။ တစ်နေ့ ဇန်န၀ါရီလရဲ့ နေ့လယ်(၁၀)နာရီအချိန်ခန့်လောက်ပေါ့… အစ်ကိုသိန်းဇံနှင့် အစ်ကိုဇော်ကိုတို့ ရောက်ရှိလာခဲ့ကြပြီး…

“ဟဲ့..ယဉ်ကြည်..ဒီနေ့ သိန်းဇံဆေးရုံတက်ရအောင်လာတာလေ”
“ဟယ်…ဟုတ်လား…”
“အေးလေဟာ..ဒီနေ့ သူ့ဗိုက်ထဲကအလုံးက ဆရာဝန်ကခွဲမယ်ဆိုပြီး ဂျုဒိတ်လုပ်ထားတယ်လေ”
“ဟယ်..မြန်လိုက်တာ..အခု သူဘယ်မှာလဲ..”
“ဆေးရုံရောက်နေပြီလေ…ငါလည်းလိုက်သွားမလို့”
ကျွန်မတို့သူငယ်ချင်းတတွေ တွေ့ဆုံစဉ်က အစ်ကိုသိန်းဇံ၏ ၀မ်းဗိုက်ထဲတွင် အလုံးတစ်လုံးရှိသည်ဟု ဆရာဝန်တွေက ပြောခဲ့သည်.. ထိုအချိန်တုန်းက သတိထားမိခဲ့ကြဟန်မတူ..ယခုဆေးရုံတွင် ဆိုပြန်တော့လည်း ကျွန်မတို့သူငယ်ချင်းအတွက် စိုးရိမ်ပူပန်ရပြန်သည်..သူတို့နှစ်ဦးကို မယဉ်ကြည်မှတဆင့် ခင်မင်ခွင့်ရခဲ့သော်လည်း…ကျွန်မက အသက်အရွယ်အငယ်ဆုံးဖြစ် သည်မို့… ခင်မင်ခဲ့သော်လည်း တလေးတစားဖြင့်ဆက်ဆံရသည်က ပို၍ပင်များခဲ့ပါသည်။
ကျွန်မနှင့်မယဉ်ကြည်တို့ ဆိုင်တွင် လုပ်စရာရှိသောအလုပ်များကိုသာ ဆက်၍လုပ်နေခဲ့ကြသည်..နေ့လယ် (၁၂)နာရီအချိန်ခန့် တွင် တော့..ကျွန်မတို့ဆိုင်သို့ အပြေးအလွှားဖြင့်ရောက်လာခဲ့သော အစ်ကိုဇော်ကိုကို လှမ်း၍မြင်လိုက်ရသည်…
“ဟဲ့ဟဲ့..ယဉ်ကြည်..ယဉ်ကြည်…”
အမောတကောဖြင့် မယဉ်ကြည်ကို ခေါ်သံကြားလာ၍ ကျွန်မလည်း ဆိုင်ထဲမှ အပြေးထွက်လာခဲ့မိသည်…
“ဘာလဲဇော်ကိုရဲ့….သွေး..သွေး…သွေး..”
အစ်ကိုဇော်ကို၏ အမောတကောပြောလာသည့် အသံတွေကြောင့် ကျွန်မရော မယဉ်ကြည်ပါ ထိတ်လန့်ပျာယာခဲ့ကြသည်..
“ဖြေးဖြေးပြောပါဟယ်…သိန်းဇံရော..”
“အေး..အေး..သိန်းဇံ ဗိုက်ခွဲဖို့အတွက် သွေးလိုနေလို့ဟ..”
“အော်..အဲ့ဒါများဟယ်..ဘာသွေးလဲ..”
“အေ”သွေးလေ..
အစ်ကိုဇော်ကို၏ပြောသံကြောင့်…ကျွန်မအံ့သြ၀မ်းသာသွားခဲ့ရသည်…ကျွန်မ၏သွေးအမျိုးအစားသည် (အေ)သွေးပင်ဖြစ်သည်။ ကျွန်မ သွေးလှူချင်နေခဲ့သောဆန္ဒပြည့်ဝခဲ့ပြီ..ထို့ကြောင့်လည်း..တိုက်တိုက်ဆိုင်ဆိုင်ပင်ဖြစ်ခဲ့သည်…
“ဟာ..အစ်ကိုဇော်ကို…ညီမလေးရဲ့သွေးက (အေ)သွေး..ဘယ်မှသွားရှာမနေနဲ့တော့.ညီမလေးလှူမယ်”
“ဟာ..ဟုတ်လား…ဒါဆိုပိုပြီးအဆင်ပြေတာပေါ့..လာလာ..တို့ ခုပဲ ဆေးရုံသွားကြမယ်”
ပြောပြောဆိုဆိုနှင့် ထွက်သွားခဲ့တာ မယဉ်ကြည်ကိုပင် နှုတ်ဆက်ရန် မေ့နေခဲ့သည်..ကျွန်မအလုပ်တွေကိုပင် ပစ်ထားခဲ့ပြီး.. ဆေးရုံကိုလိုက်ပါသွားခဲ့ရသည်…ဆေးရုံကို ကျွန်မတို့ရောက်ခဲ့ကြပြန်တော့.. သွေးလှူခြင်းဆိုသည်မှာ…ပြီးပြည့်စုံမှ… လိုအပ်သည့် ပေါင်ချိန်…ရောဂါပိုးရှိမရှိ…အလှူရှင်၏ကိုယ်ခံအားကောင်းခြင်းမကောင်းခြင်း…စသည့်လိုအပ်သောအချက်တွေကြောင့် ကျွန်မ.. လှူမှလှူနိုင်ပါ့မလားဟု စိတ်တွေလေးနေမိသည်..ခဏအကြာမှာတော့ သူနာပြုဆရာမလေးတစ်ယောက် ရောက်ရှိလာပြီး..
“ကိုသိန်းဇံရဲ့ သွေးအလှူရှင်…၀င်လို့ရပြီနော်”
“ဟုတ်ကဲ့..”
ကျွန်မစိတ်တွေလေးတိလေးကန်ဖြင့် အခန်းတွင်းသို့ဝင်လိုက်သည်…အခန်းတွင်းသို့ရောက်သည်နှင့် သူနာပြုဆရာမလေးက ပေါင်ချိန်သည်..ပေါင်ချိန်စက်ပေါ်တက်လိုက်သည်နှင့်..ဆရာမလေးက..
“ညီမလေးက.ပေါင်၁၂၀ရှိတယ်..”
“ဟုတ်ကဲ့ပါဆရာမ”
နောက်ထပ်အကြာမှာတော့..ကျွန်မအား..သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် pressureတိုင်းထွာခဲ့သည်…ကျွန်မ၏ pressureက လည်း အဆင်ပြေတယ်..ပုံမှန်ဆိုပြီး ဆရာမကပြောပြန်လာသည်..။ ကျွန်မသွေးလှူရန်အတွက် အတော်လေးပင် အားတက် သရောဖြစ်လာခဲ့သည်။ ထို့နောက်တွင်တော့..ဆရာမလေးက..ဓါတ်ခွဲခန်းသို့ ခေါ်ဆောင်သွားခဲ့သည်.. ဓါတ်ခွဲခန်းသို့ရောက်သည် နှင့် ကျွန်မ၏ လက်ထိပ်လေးမှ သွေးများဖောက်ယူပြီး စစ်ဆေးနေကြသည်.. နာရီဝက်ခန့်အကြာမှာတော့.. သွေးစစ်ချက်အဖြေ များထွက်လာခဲ့သည်..ကျွန်မ၏သွေးကို လှူနိုင်ကြောင်းပြောလာသည်..ကျွန်မ၏မျက်နှာပေါ်တွင် ပြုံးရိပ်များသန်းလာခဲ့သည်.. ဘေးတစ်ဖက်တစ်ချက်သို့ကြည့်လိုက်စဉ်..အစ်ကိုသိန်းဇံ..အစ်ကိုဇော်ကိုတို့နှင့်အတူ..အခန်းတွင် အသက် (၇၀)ခန့်လောက်ရှိ အဘတစ်ယောက်၊ သွေးစစ်ပေးသည့် အသက်(၃၀)ခန့်လောက်ရှိ အမျိုးသားတစ်ဦးတို့ရှိနေခဲ့သည်.. ကျွန်မ၏ ငယ်ရွယ်နုနယ်စဉ် အချိန်ကာလတွင် သွေးလှူခဲ့ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပေသည်..ကျွန်မ၏စိတ်ထဲတွင် ကြောက်ရွံ့ခြင်းမရှိခဲ့.. ကျွန်မ၏ သန့်စင်သောသွေးများဖြင့် လူတစ်ယောက်၏အသက်ကို ရှင်သန်စေမည်လောဟုအတွေးများဖြင့် ပျော်ရွှင်နေခဲ့မိသည်၊ သွေးလှူရန်အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် လှူခွင့်ရရှိခဲ့သည်…။
ကျွန်မ၏နံဘေးသို့.. အသက်(၇၀)ခန့်အဘတစ်ယောက် ရောက်ရှိလာပြီး…
“လုံမလေး..သွေးလှူဖူးသလား”
“မလှူဖူးပါဘူးအဘ..ဒါ..ပထမဦးဆုံးအကြိမ်ပါပဲ”
“ရင်ထဲမှာဘယ်လိုခံစားရလဲ..သမီး”
“အရမ်းပျော်နေတယ်အဘ…”
“အေး..သာဓု…သာဓု…သာဓု…ဒီအလှူဟာ ဘယ်အလှူနဲ့မှမတူတဲ့…မွန်မြတ်တဲ့အလှူပဲကွဲ့….နတ်လူသာဓုခေါ်ကြပါလိမ့်မယ် ကွယ်..အဘမြေးလေးလည်း ဒီထက်မက ပိုပြီး ကျန်းမာလန်းဆန်းပါစေကွယ်”
“ပေးတဲ့ဆုနဲ့ပြည့်ပါစေအဘ…”
အသက်(၇၀)ခန့်လောက်ရှိအဘက ဆုတွေပေးပြီးနောက် ကျွန်မ၏အပြုံးတွေ တရစပ်ဖြစ်နေသည်…ထိုအချိန်တွင်ပဲ သူနာပြု ဆရာမလေးက ကျွန်မ၏ညာဘက်လက်မောင်းကို အသာအယာကိုင်ပြီး..ဆရာမလေး၏လက်မှလည်း ဂလူးကို့စ်ပုလင်းသာသာမျှ လောက် အိတ်တစ်လုံးပါလာသေးသည်…
“ညီမလေး..နာလားဟင်…”
“မနာဘူးဆရာမရဲ့…”
“အင်း..သွေးဖောက်ချတဲ့အချိန်..မူးဝေတာတို့ဘာတို့ရှိရင်လည်း ပြောနော်..”
“ဟုတ်ကဲ့ပါဆရာမ”
ကျွန်မ၏လက်မောင်းသွေးမှ ဖောက်ချ၍ အိတ်ထဲတွင် စီးကျနေသော သွေးများကိုကြည့်လိုက်…ကုတင်ဘေးတဖက်တချက်တွင် ထိုင်နေသော အစ်ကိုများကိုကြည့်လိုက်ဖြင့် ကျွန်မ အတော်လေးပျော်နေခဲ့သည်…အစ်ကိုများကလည်း ဘေးမှနေ၍ တစ်ယောက် တစ်လှည့်စီ ကျွန်မအား စနောက်နေကြသေးသည်..
“ညီမလေး..ဘယ်လိုနေလဲ..ခေါင်းမူးသေးလား”
“ညီမလေး…ဒီမှာ အချိုရည်ဗူး…ညီမလေးမသောက်ရင် ဟိုကောင်က ငတ်ကြီးကျနေလိမ့်မယ်..”
“ပေးပေး..ငါသောက်မယ်..”
“ဟာ..ဟိတ်ကောင်..ဒါက ညီမလေးအတွက်ကွ..မင်းအတွက်မဟုတ်ဘူး”
“မင်းကလည်းကွာ..ငါသိပါတယ်ကွ…”
ဗိုက်ခွဲတော့မည့်အစ်ကိုသိန်းဇံနှင့် အစ်ကိုဇော်ကိုတို့ကတော့ တစ်ယောက်တစ်လှည့်စီ ပြောမနာဆိုမနာသူများပီပီ စနောက် နေကြသည်ကို မြင်တွေ့လိုက်ရတော့..ပိုလို့သာပျော်သွားခဲ့ရသည်…ခဏအကြာမှာတော့ ကျွန်မ၏သွေးများကို ဖောက်ထုတ်လို့ ပြီးသွားခဲ့ပါပြီ..ကျွန်မအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ခဲ့ပေမယ့်လည်း..အားအင်တွေအပြည့်ရှိနေခဲ့ပြီထင်ပါတယ်.. မူးဝေခြင်းမရှိ… အကောင်းပကတိအတိုင်းပင်ဖြစ်ပါသည်…အစ်ကိုတွေကလည်း..တစ်ယောက်တစ်ဖက်စီ..အချိုရည်တွေကတစ်ဖက်..အားဆေး ကဒ်တွေကတစ်လှည့်ဖြင့် ပြုစုစောင့်ရှောက်နေကြသည်..ကျွန်မ…လူနာ၏ကုတင်သို့ ခဏအကြာမျှထိုင်ခဲ့ပြီးမှ အလုပ်ရှိသေးသည် ကို သတိရသွားမိခဲ့သည်…
“ကဲ…အစ်ကိုတို့ရေ...ညီမလေး ပြန်တော့မယ်..အလုပ်တွေလည်းရှိသေးတယ်လေ..ညကျ ခွဲခန်းဝင်မှဘဲ ပြန်လာခဲ့တော့မယ်.. တာ့တာ” ဟု နှုတ်ဆက်လိုက်ပြီး ဘတ်စ်ကားဖြင့် ထွက်လာခဲ့တော့သည်..
ညနေအလုပ်သိမ်းချိန်ရောက်ပြန်တော့ မယဉ်ကြည်နှင့်အတူ ဆေးရုံသို့ပြန်လာခဲ့ကြသည်..ဆေးရုံသို့ရောက်သည်နှင့် အတော်ကြာ ပင်စောင့်လိုက်ရသေးသည်…ခွဲခန်းသို့ ည(၈)နာရီတွင် ဆရာဝန်ကြီးများ ရောက်ရှိလာကြသည်..လူနာကလည်း အဆင်သင့်ပင် ဖြစ်နေသည်…လူနာအား ခွဲခန်းသို့ခေါ်ဆောင်ပြီးနောက်တွင် အချိန်က (၁)နာရီကျော်မျှပင်ကြာသည်…လူနာ၏ဗိုက်ထဲတွင် ဘာအလုံးမှန်းမသိသေးပေမယ့်..ခွဲတော့ခွဲစိတ်နေကြသည်..ခွဲစိတ်ပြီးမှာတော့..ဆရာဝန်မလေးတစ်ဦးမှ..လူနာ၏၀မ်းဗိုက်အတွင်း မှ ခွဲစိတ်ထားပြီးသောအညစ်အကြေးများကို စတီးဇလုံခပ်ကြီးကြီးဖြင့် ထုတ်ယူလာပြကြသည်….
“လူနာရှင်တွေ….လူနာကို ခွဲစိတ်ပြီးပါပြီ…ခဏနေ အပြင်ထုတ်ပါမယ်….ဒါတွေက လူနာရဲ့ဗိုက်ထဲကအညစ်အကြေးတွေပါ… တ၀က်လောက်ကျန်ပါသေးတယ်..”
ကျွန်မနှင့်အတူ လူနာ၏မိသားစုဝင်များကလည်း ပျာပျာသလဲနေအောင် လူနာ၏ခွဲစိတ်ခဲ့ပြီးသော အညစ်အကြေးများအား ကြည့်ရှု ခဲ့ကြသည်.. လူနာ၏၀မ်းဗိုက်အတွင်းမှ အဆီဥလေးတွေဖြင့် သွေးအရည်ကြည်များက ဇလုံထဲတွင် ပြည့်လျှံနေသည်.. ကျွန်မ ထိုအရာများကိုကြည့်ရင်းဖြင့်ပင်..သံဝေဂတချို့ရခဲ့လိုက်သည်..အတန်ကြာမှာတော့ လူနာကို ဆရာဝန်များက ခွဲစိတ်ခန်းအပြင် ဘက်သို့ ထုတ်လာခဲ့ပြီး ကုတင်သို့ ခေါ်ဆောင်လာခဲ့ကြသည်..လူနာသည် အတော်ပင်သတိရှိနေပါသည်.. အချိန်အားဖြင့် ည(၁၀)နာရီပင်ထိုးခဲ့ပြီမို့.. ကျွန်မနှင့်မယဉ်ကြည်တို့လည်း …မနက်မှပင်လာတော့မည်ဟု နှုတ်ဆက်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ကြ သည်…။ နံနက်(၆)နာရီအချိန်ရောက်တော့ ကျွန်မနှင့်မယဉ်ကြည်တို့ ဆေးရုံသို့ထွက်လာခဲ့ကြသည်…ဆေးရုံလူနာအခန်းတွင်းသို့ ရောက်သည်နှင့်ပင်…လူနာက သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသည်…လူနာ၏ညီမတ၀မ်းကွဲဖြစ်သူ ချိုချိုက လူနာကို ပြုစု စောင့်ရှောက်နေသည်…လူနာ၏၀မ်းဗိုက်ဘေးမှ ချိတ်ထားသောသွေးအိတ်က..ကျွန်မ၏လက်မောင်းတွင်းမှ ဖောက်ထားသော သွေးတွေ..ကျွန်မ၏စိတ်ထဲတွင် အပြုံးတို့ရှိနေသည်..ခဏအကြာ လူနာ သတိရလာတော့သည်…ချိုချိုက..
“ကိုကြီး…ဒါ..ဘယ်သူ့သွေးတွေလဲသိလား…”
“အင်း..”
လူနာက အနာရှိန်ဖြင့် သိသည်ဆိုသောစကားမျိုးဖြင့် ခေါင်းညိမ့်ပြခဲ့သည်…ချိုချိုက စကားတွေဆက်ပြောနေသည်…
“ဒီသွေးတွေ…မနေ့က ဒီအစ်မဆီက ယူထားတဲ့သွေးတွေလေ…”
“အင်း..”
လူနာအခြေအနေကိုကြည့်ပြီး ကျွန်မနှင့်မယဉ်ကြည်တို့ ပြန်လာခဲ့ကြသည်… နောက်တစ်ပတ်အကြာမှာတော့ လူနာလည်း ဆေးရုံကဆင်းနိုင်ခဲ့ပြီ…ကျွန်မတို့အား နှုတ်ဆက်ပြီး..တာဝန်ကျရာမြို့သို့ ပြန်သွားခဲ့သည်။ (၃)လခန့်အကြာမှာတော့ အစ်ကိုသိန်းဇံ မင်္ဂလာဆောင်တော့မယ်ဆိုပါလား..မင်္ဂလာသတင်းကို ကြားသိလိုက်ရပေမယ့်… ကျွန်မတို့မရောက်ဖြစ်ခဲ့ကြပြန် ပါဘူး… မင်္ဂလာဆောင်ပြီးသည်နှင့် တစ်နှစ်ကျော်လောက်အကြာတွင်တော့ ကျွန်မနှင့် အစ်ကိုသိန်းဇံတို့ဇနီးမှောင်နှံကို ပြန်လည်ဆုံတွေ့ခဲ့ရပြန် သည်..တွေ့ဆုံခဲ့ကြရသည်မှာ…အစ်ကိုသိန်းဇံ၏ဇနီးမှာပင် မပေါ့မပါးကြီးပင်ဖြစ်နေသည်..
“ဟယ်…အစ်မ..ဘယ်နှစ်လရှိပြီလဲဟင်”
“ညီမလေး…ဒီနေ့မွေးတော့မှာလေ…”
“အော်..ဟုတ်လား…အလုပ်တွေကတဖက်ဆိုတော့လည်း မဆုံဖြစ်ကြဘူးလေ…”
ထိုသို့ သူ့ဇနီးမှပြောသည်နှင့်ပင်..အစ်ကိုသိန်းဇံက..
“မင်းကိုပြောပြဘူးတယ်လေ…ဒါ..အစ်ကို့ကို သွေးလှူပေးတဲ့ညီမလေးပေါ့..”
“အော်..ဟုတ်လား..သူကပြောပြတယ်ညီမလေး”
“ဟုတ်ကဲ့ပါအစ်မ”
“အော်…ဒါနဲ့အစ်မ…ဘယ်ချိန်မွေးမှာလဲဟင်..”
“ညီမ..ဒီနေ့ည ဆေးရုံတက်မယ်လေ..မနက်ဖြန်မနက်(၆)နာရီပေါ့”
“အော်..ဟုတ်ကဲ့အစ်မ…ညီမလေး..တခါတည်းလိုက်ပို့မယ်နော်”
ပြောပြောဆိုဆိုနှင့်ပင်..အလုပ်မှပြန်လာရင်း ဆေးရုံသို့ လိုက်ပါသွားခဲ့တော့သည်..ဆေးရုံသို့ရောက်သည်နှင့် ဝေယျာဝစ္စများကို ကျွန်မ ပြုလုပ်ပေးခဲ့သည်…စကားတွေပြောရင်းဆိုရင်းဖြင့်ပင် ည(၈)နာရီပင်ထိုးသွားခဲ့ပြီ..ကျွန်မလည်း အိမ်သို့ပြန်လာခဲ့သည်.. ထိုနေ့တွင်မှစ၍ ကျွန်မနှင့် ကျွန်မ၏ သူငယ်ချင်းအစ်ကိုမိသားစုများနှင့် မဆုံဖြစ်ခဲ့ကြသည်မှာ(၁)နှစ်ကျော်ပင်ကြာခဲ့လေပြီ. ဆုံမယ့်ဆုံပြန်တော့လည်း..အမှတ်မထင်.. “အစ်မရေ…hair coatလိုချင်လို့”
“အေးအေး ညီမ…”
“ဟယ်..အစ်ကိုသိန်းဇံ..ချိန်းထားရင်တောင်လွဲနေအုံးမယ်နော်..နေကောင်းကြတယ်မဟုတ်လား”
“အင်း..ကောင်းတယ်ညီမလေး…”
သူမ..ဟိုဟိုဒီဒီကြည့်မိပြန်တော့..အစ်မ..အစ်ကိုသိန်းဇံ၏ဇနီးမှလည်း ချစ်စရာကောင်းသောကလေးလေးကို ချီပွေ့ထားရင်းက ရောက်လာခဲ့သည်..
“မိန်းမ..သူ့ကိုမှတ်မိတယ်မဟုတ်လား..ဒါ…သွေးလှူခဲ့တဲ့ညီမလေးလေ”
“အော်..ဒါကြောင့် မြင်ဖူးတယ်လို့ကြည့်နေတာ…ဟယ်..ညီမလေး စိတ်မဆိုးနဲ့နော်..သိပ်မမှတ်မိသလိုဖြစ်သွားတာ”
“ရပါတယ်အစ်မရယ်..ကိစ္စမရှိပါဘူး..အစ်မမီးဖွားတုန်းကတောင် ဆေးရုံကိုလိုက်လာသေးတယ်လေ…ကလေးလေးက ဒီကလေး လေးလားအစ်မ…တော်တော်လေးတောင် ကြီးနေပြီပဲ… အရမ်းလည်းချစ်စရာကောင်းတာပဲ.. အသားလေးကဖြူဖွေးနေတာပဲ နော်… အမေနဲ့လည်း မတူဘူး…အဖေနဲ့လည်း မတူဘူး…ပိုချောတယ်နော်အစ်မ”
“ဟုတ်တယ် ညီမရေ…”
ထို့နောက်တွင်တော့ အစ်ကိုသိန်းဇံမှ ကလေးအား ချီပွေ့လာပြီး…
“သားသား..ဒါတီတီလေးလေ…တီတီလေးသွေးတွေပါတယ်လေ”ဟုဆိုပြီး ပြောဆိုနေခဲ့သည်…
“ညီမလေး..မုန့်စားမလား..”
“မစားတော့ပါဘူးအစ်ကိုသိန်းဇံရယ်…ခုလို မိသားစုတွေကျန်းကျန်းမာမာနဲ့ရှိနေတာကိုပဲ ၀မ်းသာလှပါပြီ”
“အေးပါ..အေးပါ…”
“ဒါဆို…ညီမလေး ပြန်တော့မယ်နော်..ပြောလိုက်ပါအုံး..မယဉ်ကြည်တို့နဲ့လည်း မတွေ့တာကြာနေပြီ..သတိရတယ်လို့ပြောပေးအုံး နော်”
“အေးပါ…အေးပါ”
ပြောပြောဆိုဆိုနှင့်ပင် ကျွန်မအိမ်သို့ပြန်လာခဲ့သည်…လမ်းတစ်လျှောက်တွင် ကျွန်မစဉ်းစားနေမိခဲ့သည်..ကျွန်မပေးလှူခဲ့သော သွေးတစ်စက်ဖြင့် လူတစ်ယောက်၏ကျန်းမာရေး…လူတစ်ယောက်၏အသက်…ထိုသူ၏ မိသားစု..ကျန်းကျန်းမာမာဖြင့်ရှိနေသည် ကို ကျွန်မတစ်သက်လုံးအမှတ်ရနေတော့မည်… ထိုနေ့ကရရှိလိုက်သော ပီတိအပြုံးသည် ကျွန်မအတွက် အောင်ဘာလေ သိန်းဆုကြီးပေါက်သည်ထက်ပင် သာလွန်နေခဲ့တော့သည်..ထိုနေ့မှစ၍လည်း ကျွန်မနှင့် သူတို့၏မိသားစုလေးသည်လည်း ဘယ်တော့များမှ ပြန်လည်ဆုံတွေ့နိုင်မည်ကို မသိနိုင်သေးကြသလို..ပြန်လည်ဆုံတွေ့ခဲ့ကြတိုင်းလည်း…သူတို့၏မိသားစုလေး ထိုကဲ့သို့ ကျန်းကျန်းမာမာ…ပျော်ပျော်ရွှင်ရွှင်ဖြင့် မြင်တွေ့လိုက်ရအုံးမယ်ဆိုရင်..ကျွန်မအနေဖြင့် ထိုကဲ့သို့ပင်ပီတိမျိုး ပြန်လည် ခံစားရပေအုံးမည်မှာ မလွဲပင်..အစ်ကိုသိန်းဇံတို့မိသားစုလေးကို ပျော်ရွှင်ကျန်းမာခြင်းတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ပါစေဟု ဆုတောင်းရင်းဖြင့်ပင်..လမ်းဘေးဝဲယာမှတိုက်ခတ်လာသော လေပြေအေးလေးက ကျွန်မ၏အသွေးအသားထဲသို့ပင် စိမ့်ဝင်နေခဲ့ လေပြီ..ကျွန်မ၏မျက်နှာပေါ်တွင် ပြုံးရိပ်များဖြင့် ရောယှက်နေပြီး အိမ်အပြန်လမ်းမကြီးပေါ်တွင် ကြည်နူးနေခဲ့ရပြန်ပါတော့သည်။


နေခြည်သစ်နွယ်(ပြည်)



No comments: