Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, February 19, 2013

“နွေတေးဆိုသော…အလှပန်းချီ”

“နွေတေးဆိုသော…အလှပန်းချီ”
“နွေ”တဲ့ စကားလုံးလေးတစ်လုံးက ရင်ထဲမှာ အေးမြစေခဲ့ပြီလေ..“နွေ”ဆိုတာ လူသားတိုင်းအတွက် မြတ်နိုးမှုမရှိကြတဲ့ စကားလေးတစ်ခွန်း ပေါ့… “နွေ”ဆိုတဲ့ အသံလေးကိုကြားလိုက်ရုံမျှနှင့်ပင် ကျွန်မရဲ့နားထဲမှာ ဦးဇော်ဝမ်းရဲ့..နွေတေးဆိုသံတွေက ပျံ့လွင့်လို့လာခဲ့ပြန်ပါတော့တယ်….။
နွေဦးရဲ့အလှတွေဟာ စာဖွဲ့လို့မမှီနိုင်အောင်ပဲ လွမ်းစရာကောင်းလောက်ပါပေတယ်…တောတောင်ရေမြေသဘာဝအလှတွေက ခြောက်ခန်းကုန်ကြပြီလေ..၊ နွေဦးရဲ့လေပြေတွေက ညင်သာစွာနဲ့ တိုက်ခတ်လာတတ်ကြတယ်၊ ရွက်ခြောက်လေးတွေက ပင်ယံကိုင်းထက်နားဆီမှ တဖြုတ်ဖြုတ်နဲ့ဆိုသလို မြေခခဲ့ကြရတယ်၊ ရိုးတံတွေကျဲနေတဲ့ ပင်ကိုင်းတွေထက်မှာ ရွှေဥသြငယ်တွေ ကလည်း “ဥသြ..ဥသြ” ဆိုသည့် အသံဆာဆာလေးတွေနဲ့ သီဆိုကျူးရင့်လွမ်းဖွဲ့ဆိုနေခဲ့ကြသည်ပေါ့..။
အချို့ပင်ယံထက်ဆီမှာ…ရွက်နုသစ်တွေကဝေ..၊ ကြွေသူကကြွေ၊  ဝေသူကဝေလို့ပေါ့..၊ ၀ါဖန့်ဖန့်ပေါက်ပွင့်လေးတွေနဲ့အတူ ဖူးငုံ ပွင့်အာနေကြတဲ့ လက်ပံနီတွေကလည်း နွေနဲ့အပြိုင် လှနေကြလို့ပေါ့…။
 “သြော်…နွေရယ်…”။                         

တေးဆိုပေမယ့်လည်း..လွမ်းရတယ်၊ တေးပန်းချီခြယ်သော်လည်း..မှန်းဆရခက်တယ်၊ အလွမ်းကဗျာစာစီဖွဲ့တော့လည်း နှိုင်းတု လို့မမှီနိုင်ပါတယ်…။ နွေဦးနဲ့အပြိုင် ဖြစ်တည်လာမယ့် မြန်မာတို့ရဲ့ ချစ်စရာ့ အတာသင်္ကြန်ပွဲတော်….Happy New Yearညတွေကို ဖြန်သန်းလာခဲ့မိပေမယ့်လည်း၊ မပျော်နိုင်ခဲ့ပါဘူးလေ၊ အတာကူးမယ့် လတန်ခူးလေးကသာ မြန်မာတို့ရဲ့ လအကူးပေမို့ ပျော်ရွှင် ရင်ခုန်နေမိပြန်ခဲ့ပါသေးတယ်။
နွေဦးလေအလာ..ယိမ်းနွဲ့ကာလှပနေကြမယ့် ၀ါရွှေသွေး ငုပန်းတွေနဲ့အတူ မြန်မာတို့ရဲ့ နှစ်သစ်ကလည်း ထာဝရလှပလို့နေပါ တယ်၊ ကောင်းခြင်းတွေပြည့်စုံခြင်းနှင့်ထပ်တူ..ရွှေဝါရောင်ပိတောက်တွေကလည်း ပင်မြင့်ယံတစ်ခုလုံး ဖုံးလွှမ်းလို့ မြန်မာဆိုသည့် နာမ်စားကို ဂုဏ်ပြုလို့ကြိုဆိုနေကြပြီ…။
အော်..အလှတွေကလည်းပြိုင်…မြိုင်မြိုင်ဆိုင်တဲ့ သင်္ကြန်မိုးတွေက ကောင်းကင်ထက်ဆီမှ ရွာသွန်းဖြိုးကာဖြင့် ကောင်းချီးသြဘာ ပေးနေခဲ့ကြသည်။ မွှေးပျံ့လွန်းတဲ့ မြေသင်းရနံ့လေးတွေက “နွေ”ဆိုသည့် သင်္ကေတတွေကို ပီပြင်စွာဖြင့် သရုပ်ဖော်နေတတ်ကြပြီ လေ။ လွမ်းတေးဖွဲ့ဆိုစရာကောင်းလောက်အောင်ပင် လှပလွန်းသော နွေညတွေကို တမ်းတမိသည်မှာ အတော်ပင်ကြာခဲ့လေပြီ။ ရုတ်တရက် တိုက်ခတ်လာသော နွေလေနုအေးလေးတွေက ကျွန်မရင်ကို အေးမြစေခဲ့ပြီ၊ ခြောက်သွေ့လွန်းတဲ့ရာသီလေးဟာ တေးပန်းချီခြယ်စရာကောင်းလောက်အောင်ပင် လွမ်းဆွတ်ခဲ့ရပြီမို့….နွေ….နွေ…နွေ…ဘယ်ဆီမှာလဲလေလို့ မကုန်ဆုံးစေချင်သော လအကူးဂိမာန်နွေကို အတာတန်ခူးနဲ့အတူ ကြိုဆိုလိုက်ကြပြန်ပြီလေ….။


နေခြည်သစ်နွယ်(ပြည်)

No comments: