“အနုပညာပန်းတိုင်” ဆိုတဲ့ သီချင်းလေးဟာ တကယ်တော့ စဉ်းစားလိုက်မိရင်ဖြင့်
အင်မတန်မှ အသက်ဝင်တောက်ပလှပါတယ်။ အပေါ်ယံလေး ဖတ်သွားသူတိုင်းကတော့ အနုပညာပန်းတိုင်ဆိုတာ
စာသားတစ်ခုပါ၊ အဲ့ဒီသီချင်းလေးကိုရော စာဖတ်သူတို့ သေသေချာချာလေးများ ခံစားပြီး နားထောင်မိဖြစ်ခဲ့ကြသလား။
ကျွန်မကတော့ အဲ့ဒီသီချင်းလေးကို ဟိုး…ငယ်စဉ်ဘ၀တည်းက သင်္ကြန်မိုးဆိုတဲ့ အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားကြီးကတည်းက
ကြိုက်နှစ်သက်မိခဲ့သူပါ။ သီချင်းလေးကို ဖန်တီးခဲ့သူကလည်း တကယ့်ကို အနုပညာရှင်တစ်ယောက်ဖြစ်ပြီး၊
အနုပညာကိုနှစ်သက်မြတ်နိုးသူဆိုတာ သိသာပါလိမ့်မည်။ စာသားလေးထဲကအတိုင်း သူတို့ရဲ့ ရည်ရွယ်ချက်တူ၊
ပန်းတိုင်တူတွေဟာ တကယ့်တော့ အနုပညာပန်းတိုင်ရယ်လို့ အမည်တွင်ခဲ့တာပါ…. ကျွန်မလည်း အနုပညာပန်းတိုင်တစ်ခုကို
ဖန်တီးခဲ့မိပြီ။
မခေါ်ဘဲနှင့်လာ
မနှင်ဘဲနှင့်ပြန်သွားဆိုသလိုပါပဲ…ကျွန်မရဲ့ရင်ထဲကို မခေါ်ဘဲနဲ့ ဆိုင်သူတစ်ယောက်ဝင်လာခဲ့ပြီ
ကျွန်မလည်း အချစ်တကာ့အချစ်တွေမှာ စံပြအချစ်ဆိုသလို ဖြစ်ခဲ့ပြန်ပါပြီ။ ကျွန်မဘ၀ထဲကို
ဝင်လာသူ….သူဆိုတာ အမြဲလိုလို စိတ်ချင်းနီးစပ်ခဲ့သူ၊ အနုပညာကို မြတ်နိုးခုံမင်ခဲ့ကြတဲ့
သူနဲ့ကျွန်မ အကြိုက်ချင်းတွေလည်း အတူတူပင်ဖြစ်ခဲ့ရသည်။
တေးသွားတွေကို
အတူတူညည်းဆိုခဲ့ကြရင်း….ကျွန်မတို့ရဲ့ ကမ္ဗည်းတင်ကျန်ရစ်စရာကတော့ အနုပညာ ပန်းတိုင်ပေါ့၊
အိပ်မက်တွေကို ကိုယ်စီမက်ခဲ့ကြတယ်၊ သောကတွေလည်းအတူတူ…ပျော်ရွှင်ခြင်းတွေလည်း အတူတူဖြစ်ခဲ့ကြတာမို့…နှစ်လွှာကိုတစ်ရွက်
စွယ်တော်ရွက်ရယ်လို့ အမည်တွင်ခဲ့ကြပါတယ်။
အလွမ်းဆိုတဲ့ညတွေမှာ
စာစောင်လေးတွေ ရေရွတ်တမ်းတဖတ်ရှုပြီး၊ အလွမ်းဆိုတဲ့နေ့တွေမှာတော့… အနုပညာပန်းတိုင်သီချင်းလေး
ညည်းကာ အတိတ်ရဲ့နေ့စွဲတွေဆီ တောင်ပံတွေဖြန့်လို့ ကူးခတ်နေခဲ့ကြပြန်ပြီ ပေါ့..။
စာဖတ်သူတွေ
ကြားဘူးခဲ့တဲ့သီချင်းလေးထဲကပေါ့..“အချစ်စစ်တို့မည်သည် ဘယ်တော့မှမအို… နှစ်ကိုယ်တူ ချစ်သမျှကိုယ်”တဲ့လေ…ချစ်တော့ချစ်တာပဲ
ဒါပေမယ့် အချစ်စစ်ဆိုတာရှိသေးတယ်ထင်ပါရဲ့။ ကျွန်မ လက်ခံမိ သွားတယ်…အချစ်စစ်တို့မည်သည်
ဖြောင့်ဖြူးခြင်းမရှိ၊ အိုဟောင်းသွားသည်မရှိ၊ ညစ်ထေးခြင်း မရှိတဲ့… အချစ်စစ်တွေရဲ့နောက်ကွယ်မှာ
အရာရာကို သတ္တိရှိကြတယ်၊ အရာရာကိုရင်ဆိုင်ရဲခဲ့ကြတယ်၊ စွန့်စားခြင်း တွေကလည်း ဒုနဲ့ဒေးပေါ့…ကျွန်မတို့ရဲ့
အချစ်စစ်တွေကတော့ အများသူငါတွေကိုငဲ့ညာထောက်ထားရင်း အလွမ်းတွေကိုယ်စီနဲ့ ခံစားနေခဲ့ကြပြီ….လွမ်းနေရတဲ့အချိန်တွေတိုင်း
ထုတ်ကြည့်မိခဲ့ကြတဲ့ ဓါတ်ပုံလေးတွေ၊ မြတ်နိုးစွာနဲ့ဝတ်ဆင်ထားခဲ့ကြတဲ့ နှလုံးသားမေတ္တာတွေဟာ
တစိမ်းတယောက်ရဲ့ရှေ့မှာ မျက်နှာအပြုံးလေးတွေ ချိုသာစွာနဲ့ မသိခဲ့ကြပေမယ့် ကျွန်မတို့ရဲ့နှလုံးသားတွေမှာ
ကြေကွဲနေခဲ့ရတာကို ဘယ်သူသိနိုင်မည်မထင်ခဲ့ပါ ဘူး…နှစ်ဦးသားမျက်ရည်တွေ ဖြိုင်ဖြိုင်ကျခဲ့ရတဲ့နေ့ရက်တွေဟာ
အကြိမ်ပေါင်းရေတွက်၍မရနိုင်ခဲ့တော့ပါဘူး အတိတ်ကံရဲ့ဝဋ်ကြွေးတစ်ခုကြောင့် အနုပညာပန်းတိုင်တွေဟာ
ဝေးနေခဲ့ကြပေမယ့်..နှလုံးသားတွေရဲ့ အနုပညာပန်းတိုင်တွေဟာ ဘယ်လိုမှဝေးလို့မဖြစ်အောင်
အသက်ဝင်နေခဲ့ကြပါပြီ…ကျွန်မတို့ရဲ့ နှလုံးသား မြို့တော် အနုပညာပန်းတိုင်လေးဟာ တကယ်ဆိုတော့….ဝေးသထက်ဝေးအုံးမှာလား…နီးသထက်နီးလာအုံး
မလားဆိုတာ..မဝေခွဲတတ်..ရေတွက်လို့မရတဲ့ ရက်စွဲတွေအောက်မှာသာ ဆုတွေတောင်းရင်း ….. စောင့်စားရပေအုံးမည်ပေါ့ရှင်…..။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment