မြို့ပြညရဲ့ မီးရောင်စုံတွေက
အမေ့အိမ်ထဲမှာ ထွန်းညှိထားတဲ့
ဖယောင်းတိုင်မီးစလောက်တော့ မလင်းလက်နိုင်ပါဘူး။
ချောမွေ့နေတဲ့ ပေတစ်ရာလမ်းမထက်မှာ
မိုင်ပေါင်းများစွာ ခရီးလမ်းလျှောက်နေခဲ့ရပေမဲ့
ရွှံ့တွေ ကပ်စေးစေးဖြစ်နေသေးတဲ့
အမေ့အိမ်ရှေ့က လမ်းကျဉ်းကလေးလောက်တော့
လျှောက်လို့မကောင်းပြန်ဘူး။
မွန်းကြပ်ကြပ်အဆောက်အအုံတွေရဲ့ကြား
ပကာသနတွေ ခြယ်မှုန်းထားတာက အပြည့်
မာယာကြွယ်ပြီး လှည့်စားတတ်တဲ့ လူဦးရေတွေကြားမှာ
နေ့ရက်ပေါင်းမြောက်များစွာ ဖြတ်သန်းနေခဲ့မိပေမဲ့
စိမ်းစိုနွဲ့နှောင်းလှတဲ့ သစ်ရိပ်တွေရဲ့အောက်မှာ
ဝါးကျဲကျဲနဲ့ စီခင်းထားပြီး ဆွေးဆွေးမြေ့မြေ့ရှိတဲ့ ဓနိအမိုးအကာအောက်က
အမေ့ရဲ့အိမ်အိုလေးကို လွမ်းမိလာပြန်တယ်။
လောကဓံရဲ့ရိုက်ချက်တွေကို ခံခဲ့ရတော့
အမေဆူတာကို သတိရမိတယ်
စည်းမျဉ်းတွေမရှိတဲ့ လှည့်စားမှုတွေနဲ့ ကြုံပြန်တော့
အမေ့ရဲ့နွေးထွေးမှုတွေကို တမ်းတခဲ့ရပြန်တယ်။
လူဦးရေတွေထူထပ်တဲ့ မြို့ပြရဲ့အရိပ်ဟာ
အမေ့ရဲ့ ရင်ငွေ့လောက်တော့ လုံခြုံမှုမရှိနိုင်ပါဘူး
နှလုံးသားမှ တမ်းတခြင်း…လွမ်းဆွတ်ခြင်း… ဂါရ၀ပြုခြင်းတွေနဲ့ထပ်တူ
မြတ်နိုးစွာနဲ့ အမေရယ်….
တစ်နေ့တစ်ရက်ရယ်မှ ဝေးမသွားပါဘူး
အနေတွေဝေးနေပေမဲ့ ခြေလှမ်းတွေကတော့
အမေ့အိမ်လေးကို လျှောက်လှမ်းနေဆဲ….လျှောက်လှမ်းနေမြဲပါပဲလေ
ရောက်ရာအရပ်ဒေသကနေ ဆုတောင်းနေပါ့မယ် အမေရယ်
ရသတွေစုံလင်တဲ့ ဘ၀စာမျက်နှာတိုင်းမှာ
လက်ဆယ်ဖြာအခါခါ ဦးထိပ်မှာပန်ဆင်မိပါတယ်
အလှမ်းမသင့်သေးပေမဲ့ လွမ်းချင်းတွေနဲ့ထပ်တူ
နက်နက်ခင်းတိုင်းမှာဆို ….
အမေ့ရဲ့အပြုံး…အမေ့ရဲ့အပြောတွေနဲ့ထပ်တူ ဆုံဆည်းခွင့်ရှိရပါစေသား….။
နေခြည်သစ်နွယ် (ပြည်)
No comments:
Post a Comment