Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“မာယာမဲ့အဖြူရောင်ချစ်ခြင်း”

“မာယာမဲ့အဖြူရောင်ချစ်ခြင်း”

ချစ်ခြင်းရဲ့ကောင်းကင်ဟာ ပန်းနုရောင်သန်းနေတယ်၊ ငါ့နှလုံးသားရဲ့ကောင်းကင်မှာ မင်းအမြဲရှိနေခဲ့တယ်၊ ဘယ်ဘက်ရင်အုံက ရင်ခုန်သံစည်းချက်တိုင်းဟာ မင်းပဲ…မင်းပဲလို့ အမြဲပြောနေတတ်တယ်၊ ဖမ်းဆုတ်မရတဲ့ ချစ်ခြင်းတွေဟာ လေထဲကတိမ်စိုင်တွေသာဆိုရင် မင်းအနားကို တရွေ့ရွေ့နဲ့ရောက်လာလိမ့်အုံးမယ်…ဒါဟာ ငါ့ရဲ့ မာယာမဲ့အဖြူရောင်ချစ်ခြင်း…
“ဟေ့ ပန်းနု”
“ဟာ…နင်ကလည်း လန့်လိုက်တာဟာ”
“အမလေး နင်ကလည်းလေ ပြောစမ်းပါအုံး ထုံးစံအတိုင်း စာတွေရေးနေတာပဲလား”
“အင်းပေါ့ဟ ခု အတန်းချိန်တစ်ချိန်အားတယ်ဆိုတော့ တခြားသူတွေလို အားလပ်ချိန်ဆိုတာ ငါ့အတွက်တော့ စာရေးခြင်းပဲလေ”
“အေး..နင်..စာပဲရေးနေနော်…တော်ကြာ စာမေးပွဲမအောင်မှဖြင့်..”

“မြတ်ထက်ရယ်…ငါလေ ကျောင်းကိစ္စတွေနဲ့ စာရေးတဲ့အလုပ်ကို ခွဲခြားထားပါတယ်ဟ၊ နင်ဘာမှစိတ်မပူပါ နဲ့နော်”
“အေးပါ…နင်အဆင်ပြေတယ်ဆို ပြီးတာပါပဲ”
သူ့နာမည်က ရှိန်းမြတ်ထက်တဲ့၊ ပန်းနုနဲ့မြတ်ထက်တို့က ဥပဒေနောက်ဆုံးနှစ်ကျောင်းသူ/သားများဖြစ်သည်။ မြတ်ထက်ကတော့ သာယာဝတီမြို့လေးမှ ကျောင်းလာတက်သူဖြစ်ပြီး အလုပ်တဖက်နှင့်မို့ အနီးကပ်သင်တန်း ချိန်ရောက်မှ ရောက်လာတတ်သူဖြစ်သည်။ မြတ်ထက်က မြို့နယ်လ၀ကရုံးမှ အငယ်တန်းစာရေးလေးဖြစ်သည် ပန်းနုကတော့ သာမန်စတိုးဆိုင်လေးမှ အရောင်းဝန်ထမ်းတစ်ဦး…၊ ပန်းနုတို့ ငယ်သူငယ်ချင်းမဟုတ်ကြပေမယ့် ငယ်သူငယ်ချင်းများထက်ပင် တယောက်ကိုတယောက်ချစ်ကြသည်၊ နားလည်မှုရှိသည်။ ကျောင်းအနီးကပ် သင်တန်းရောက်ချိန်တွင် မြတ်ထက်အတွက် ပန်းနုက စာတွေကြိုပြီးဖတ်ရ၊ ကျူရှင်တွေကြိုပြီးတက်ရနဲ့ စေတနာတွေပိုခဲ့ရသည်၊ ကျောင်းတက်နေရတဲ့ အချိန်ကာလတွေမှာတော့ ပန်းနုတို့ ပျော်စရာကောင်းခဲ့သည်၊ ပန်းနုကတော့ ကျောင်းတက်ရင်း၊ အလုပ်တွေလုပ်ရင်း၊ ပန်းနုမြတ်နိုးပြီး ၀ါသနာပါတဲ့ စာပေတွေကို စာရွက်လေးနဲ့ချပြီး ရေးတတ်ခဲ့သည်၊ စာပေတွေကို ၀ါသနာမပါပေမယ့် ပန်းနုကို အမြဲအားပေးတတ်ခဲ့သူက ဒီကမ္ဘာပေါ်မှာ မြတ်ထက်တစ်ယောက်တည်းသာ၊ ဒါကြောင့်လည်း ပန်းနုက မြတ်ထက်မသိအောင် ရင်ထဲကနေ တိတ်တခိုးလေး ချစ်အားပိုနေခဲ့ရသည်။
ပန်းနုတယောက် ကျောင်းဝန်းထဲအစောကြီးလာပြီး ခရေပင်လေးရဲ့ထိုင်ခုံတနေရာမှာ စာတွေရေးဖြစ်နေခဲ့သည်
“ဟေ့ ပန်းနု၊ ဒီနေ့ အစောကြီးပါလား”
“အင်း..ဟုတ်တယ်လေ၊ ငါ ဒီနေ့ စာရေးချင်တာနဲ့ အစောကြီးထွက်လာခဲ့တာ”
“ကဲ..လာ နင်ရောက်ပြီဆိုတော့ ငါတို့ အတန်းသွားကြစို့”
ဒီနှစ်တော့ ပန်းနုတို့အတွက် နောက်ဆုံးနှစ်ဆိုတော့ ခါတိုင်းနှစ်တွေနဲ့မတူ ပန်းနုရင်ထဲ စိတ်တွေလှုပ်ရှားနေ သည်၊ ခွဲရတော့မယ်ဆိုတဲ့အသိတွေက တကယ်ဝေးရတော့မှ သိလာခဲ့သည် ကုန်သွားတဲ့အချိန်တွေအတွက် ပန်းနု နှမြောနေမိခဲ့သည်…။
အတန်းမှာ ယောက်ျားကလေးနဲ့မိန်းကလေး ခွဲထားတာမို့ မြတ်ထက်က ရှေ့ဆုံးခုံတန်း၊ ပန်းနုက ဒုတိယခုံတန်းဆိုတော့ စာတွေသင်ရင်း မြတ်ထက်ကို ပန်းနု ခိုးကြည့်ခဲ့မိသည်။ မကြာခင်မှာဘဲ ပန်းနုနှင့် မြတ်ထက် အကြည့်ချင်းစုံ ရင်တွေခုန်ခဲ့ရပါပြီ၊ ဆယ်ကျော်သက်အရွယ်တွေကြောင့်ပဲလား၊ တကယ်ပဲ ရင်ခုန်နေခဲ့သလားဆိုတာကိုတော့ ပန်းနုမသိတော့ပါ..။
အတန်းဆင်းလို့ ထမင်းစားချိန် candyဘက်အရောက်မှာတော့…
“ပန်းနု…နင်ဘာစားမလဲ”
“ငါ…လ္ဘက်ထမင်းဘဲ စားမယ်ဟာ…နင်ရော”
“ငါ ကော်ဖီပဲသောက်မယ်”
“နင်ကလည်းလေ ဒီလောက်ပူနေတဲ့ရာသီတောင် ကော်ဖီပဲသောက်တယ်နော်”
“ငါက ကော်ဖီကို ကြိုက်တာကိုးဟ”
ထမင်းစားနေချိန်မှာတော့ မြတ်ထက်က ပန်းနုကို တိတ်တခိုးလေး ကြည့်လိုက်သည်၊ ပန်းနု ခေါင်းလေး မော့ကြည့်လိုက်တော့ မြတ်ထက်နှင့်မျက်လုံးချင်းစုံခဲ့ကြပြန်သည်၊ ပန်းနုကပဲ မျက်လွှာလေးချခဲ့ရသည်။
အနီးကပ်သင်တန်းပြီးလို့ စာမေးပွဲတွေဖြေရတော့မည်။ ကျောင်း(၂)ရက်ပိတ်ထားသည်မို့ ကျောင်းပိတ်ရက် တွေမှာ မြတ်ထက်ကို လွမ်းနေသလိုခံစားလာရသည်။ မြတ်ထက်ရယ် ပန်းနုလေ နင့်ကို ချစ်မိနေသလားများ နော်…။
ကျောင်းပြန်ဖွင့်လို့ စာမေးပွဲခန်းဝင်ချိန်…
“ဟေ့ မြတ်ထက် ဘယ်လိုလဲ၊ စာတွေပိုင်နေပြီလား”
“ဒီလိုပါပဲဟာ၊ ဘာတွေမှန်းကိုမသိပါဘူး”
“ဘာတွေမှန်းမသိလုပ်မနေနဲ့လေဟာ၊ ဒီနှစ် ငါတို့နှစ်ယောက်လုံး စာမေးပွဲအောင်ရမယ်ဟာ၊ ငါကျတာလည်း မဖြစ်စေရဘူး၊ နင်ကျနေခဲ့တာလည်း ငါမလိုချင်ဘူးဟာ”
“အေးပါဟာ၊ ငါကြိုးစားပြီးဖြေပါ့မယ် ပန်းနုရယ်”
“ဒါဆိုပြီးရော…ကတိနော်”
“ကတိပါဟာ”
“ကဲ ဒါဆို ငါ အခန်းဝင်ပြီနော် မြတ်ထက်”
“အင်း”
တစ်ရက်တစ်ရက်ဆိုသလိုနဲ့ စာမေးပွဲကြီးက ပြီးသွားခဲ့ပြီ။
“ပန်းနု”
“ရှင်..”
“ငါ မနက်ဖြန် ပြန်တော့မယ်၊ ရုံးပြန်တက်ရအုံးမယ်လေ”
“အင်းပေါ့လေ ပန်းနုက အိမ်ရှင်ပဲ၊ ဧည့်သည်ကတော့ ပြန်ချိန်ရောက်ရင် ပြန်ရမှာပေါ့”
“ပန်းနုလည်း မနက်ဖြန် အလုပ်ဝင်ရတော့မယ်၊ တခါတည်းနှုတ်ဆက်တယ်နော် သူငယ်ချင်း”
ပန်းနုစိတ်ထဲမှာ သူငယ်ချင်းလို့နှုတ်ဆက်ခဲ့ရပေမယ့် သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေ၊ အချစ်တွေက မြတ်ထက်အပေါ်မှာ တွယ်ငြိလို့နေခဲ့ပါပြီ၊ မြတ်ထက်ရယ်…နင့်ကိုလေ ငါအရမ်းချစ်တယ်လို့ ပြောလိုက်ချင်ပေ မယ့် မိန်းကလေးဆိုတဲ့ သတ်မှတ်ချက်တစ်ခုက ငါ့နှလုံးသားကို အနိုင်ယူသွားတယ်ဟာ၊ ငါ နင့်ကို သူငယ်ချင်းထက်ပိုခဲ့တယ်ဆိုတာကို နင်သိစေချင်ရုံသက်သက်ပါ၊ အဲ့ဒီအချစ်တွေဟာ ပန်းနုရင်ထဲကလာတဲ့ ချစ်ခြင်းတွေပါ…။
(၁)ပတ်လောက်အကြာမှာတော့ ပန်းနုတို့မြို့လေးကို မမျှော်လင့်ဘဲ မြတ်ထက်ရောက်လာခဲ့တော့သည်၊ ပန်းနုအလုပ်လုပ်တဲ့ စတိုးဆိုင်လေးကို အမှတ်မထင်ဆိုသလို..
“ဟေ့ ပန်းနု”
“ဟယ်..မြတ်ထက်…နင်…နင်”
အံ့သြမှု၊၀မ်းသာပျော်ရွှင်မှုတွေနဲ့ပြည့်ဝနေသော ပန်းနုတယောက်…
“နင် ဘယ်လိုရောက်လာတာလဲ မြတ်ထက်”
“အေး ဟုတ်တယ်ဟ..နင်တို့မြို့ကို တာဝန်ကျတာလေဟာ”
“ဟာ ဒါဆို ပျော်စရာကြီးပေါ့နော်”
“အင်းပေါ့ဟ၊ ကဲ ညနေအပြန် ငါလိုက်ပို့ပေးမယ်နော်”
ပန်းနုရင်ထဲ မငြင်းသာနိုင်ခဲ့ပေ၊ ညနေအပြန် မြတ်ထက်နှင့် စက်ဘီးကလေးအတူတူစီးရသည်မို့ အပျော်ကြီး ပျော်နေခဲ့ရသည်၊ စိတ်ကူးယဉ်အိပ်မက်မဟုတ်ပါ၊ ဒါတကယ့်ကိုဖြစ်နေခဲ့တာပဲ၊ တမြို့တည်းအတူ ဖြစ်နေသည်မို့ ပန်းနုက မခေါ်ပါဘဲ မြတ်ထက်က ညနေအလုပ်ပြန်ချိန်ဆို လာကြိုမြဲဖြစ်နေသည်၊ မြတ်ထက်က ကြိုနေပေမယ့် ပန်းနုရင်မှာ မိန်းမသားမို့ ငြင်းခဲ့ရသည်ကလည်း ကြိမ်ဖန်မကတော့ပါ..။
“ဟေ့…ပန်းနု”
“လာလေဟာ… ပြန်ကြမယ်…စက်ဘီးပေါ်တက်”
ပန်းနုရင်ထဲမှာတော့ အသာအယာကလေး လိုက်ခဲ့ချင်မိသည်…ဒါပေမယ့်
“မလိုက်တော့ပါဘူးဟာ…ငါ ဒီနေ့ ဘတ်စ်ကားပဲစီးသွားတော့မယ်”
“ဘယ်လိုဖြစ်ရပြန်တာလဲ”
“ဘာမှမဖြစ်ပါဘူးဟာ”
မြတ်ထက်ရယ် နင်မသိတာပဲလား၊ မသိချင်ယောင်ဆောင်နေတာလား၊ ပန်းနုက မိန်းကလေးလေ၊ ပြီးတော့ နင်နဲ့ငါက ချစ်သူတွေမှမဟုတ်ဘဲ အမြဲသာဒီလိုဆိုရင် ပတ်ဝန်းကျင်က ဘာပြောကြတော့မလဲ စိတ်ထဲမှာ ကြိတ်ပြီး အစိုင်အခဲတစ်ခုကို ပန်းနု မျိုသိပ်ခဲ့ရသည်…။
“ဘာလဲ ပန်းနု၊ နင်က ငါ့ကို မခင်တော့ဘူးလား…ပြီးတော့ မချစ်တော့ဘူးလား”
“မဟုတ်ပါဘူးဟာ..ခင်ပါတယ်…ချစ်လည်းချစ်ပါတယ်”
“ဒါဆို…လာ…အတူတူပြန်မယ်”
အမြဲတမ်းလို အဲ့ဒီလိုစကားလုံးတွေနဲ့ပြော၊ အမြဲတမ်းအကြိုတော်ထောက်နေတဲ့ မြတ်ထက်ကို ပန်းနုရင်ထဲ မခံစားနိုင်တော့ပါ…ပုံရိပ်တွေပြပြီး ပန်းနုကို လှည့်စားနေတာများလား မြတ်ထက်ရယ်…စက်ဘီးလေးစီးရင်း တိုးဝှေ့သွားတဲ့လေညင်းလေးက ပန်းနုအတွက်တော့ အမောမပြေနိုင်…။
(၂)လလောက်အကြာမှာတော့ ပန်းနုရှိတဲ့ ဆိုင်လေးကို မြတ်ထက်နှင့်အတူ ကောင်မလေးတယောက်၊ ကောင်မလေးဆိုပေမယ့် ပန်းနုတို့မြတ်ထက်တို့ထက်တော့ ကြီးလိမ့်မည်ဟု ခန့်မှန်းမိသည်…ပန်းနုကတော့ ထုံးစံအတိုင်း ဆက်ဆံခဲ့သည်။
“ဟေ့ မြတ်ထက်”
မြတ်ထက်လက်မောင်းလေးကို အသာအယာထိပြီး နှုတ်ဆက်လိုက်သည်…ပန်းနုကသာ နှုတ်ဆက်ခဲ့ပေမယ့် မြတ်ထက်ရဲ့ပုံစံက ပြုံးမလိုဖြင့် မဲ့သွားခဲ့သည်..ပြီးတော့ မပြောမဆိုနှင့်ပင် ဆိုင်ထဲမှ ပြန်ထွက်သွားခဲ့သည်.. ညနေအလုပ်ပြန်ချိန်မှာတော့ မနက်ကတွေ့ရသည့် မြတ်ထက်မဟုတ်သလိုပင်…
“ပန်းနု..မနက်ကကိစ္စအတွက် တောင်းပန်ပါတယ်နော်”
ပန်းနု မသိသလိုလေသံဖြင့် မေးလိုက်သည်..
“ဘာကိစ္စလဲ မြတ်ထက်ရဲ့”
“အော်..ဒါနဲ့ မနက်က အစ်မက”
“အော်..ဟုတ်တယ်ဟ၊ နင့်ကို မိတ်မဆက်ပေးလိုက်ရဘူး၊ အဲ့ဒါ ငါတို့ရုံးကလေ…သူ့နာမည်က ခင်လေးတဲ့”
“နင့်ချစ်သူလား မြတ်ထက်”
ပွင့်ပွင့်လင်းလင်းပြောတတ်သောပန်းနုနှင့်ကျမှ မြတ်ထက်တယောက် “အင်း”မလုပ်၊ “အဲ”မလုပ်ဖြစ်နေပြီးမှ..
“အင်း..ဟုတ်တယ်..ဒါပေမယ့်ဟာ ငါကသာ ချစ်နေတာပါ သူ့ဘက်ကတော့ ငါ့ကို ငြင်းနေတယ်လေ”
“အဲတော့..ပန်းနုက ကူညီပေးရအုံးမှာလား”
“ဖြစ်နိုင်ရင် ကောင်းတာပေါ့ဟာ”
မြတ်ထက်ရယ် နင်မို့ပြောရက်လိုက်တာနော်….
တစ်ပတ်ကို(၂)ရက်ဆိုသလို ပန်းနုရှိတဲ့ဆိုင်လေးကို မြတ်ထက်နဲ့အတူ ခင်လေးဆိုတဲ့အမျိုးသမီး ရောက်လာ တတ်သည်…
“ခင်လေး..ဒါ ကို့ရဲ့သူငယ်ချင်း…ပန်းနုတဲ့”
မိန်းမသားချင်းမို့ ပြုံးရုံပင်ပြုံးခဲ့ပြီး မည်သူကမှ စကားမပြောဖြစ်ခဲ့ကြ၊ ပန်းနုအကဲခတ်နေမိသည်..သူမကလည်း မြတ်ထက်ကို ငြင်းပယ်ခဲ့တယ်ဆိုပေမယ့် သူမအရွယ်နှင့် မြတ်ထက်က(၁၀)နှစ်လောက်ကွာသည်၊ သို့သော် သူမက မြတ်ထက်အပေါ် စိတ်ဝင်စားပုံရခဲ့သည်၊ ဒါကလည်း ပန်းနုရဲ့ သူမအပေါ်ထင်မြင်ချက်တစ်ခုသာ..ပန်းနု မြတ်ထက်အပေါ်ချစ်ခဲ့တဲ့အချစ်က သူမကို မနာလိုဖြစ်စေခဲ့သည်…။
မိုးတွေတဖွဲဖွဲရွာနေတဲ့နေ့လေးမှာတော့ မေလမှာ ဖြေဆိုထားခဲ့ကြတဲ့ နောက်ဆုံးနှစ်စာမေးပွဲအောင်စာရင်းက ထွက်လာခဲ့ပြီ၊ အပြေးအလွှားဆိုသလို ပန်းနုရှိရာဆီ မြတ်ထက်ရောက်လာခဲ့သည်…
“ပန်းနု..နင် …စာမေးပွဲအောင်တယ်ဟ၊ နင်ရော..မြတ်ထက်”
“ငါတော့ ကျတယ်ဟာ”
“ဟာ…ဟုတ်လို့လားဟာ”
“ငါ..ညာပြောပါ့မလား…”
“နင်ပြောတော့ ဖြေနိုင်ခဲ့တယ်ဆို”
မြတ်ထက်အတွက် ပန်းနုစိတ်မကောင်းဖြစ်ရသည်…
“ပန်းနု..ကျောင်းပြီးပြီဆိုတော့ နင်ဘာလုပ်မလဲ”
“တရားသူကြီးစာမေးပွဲဝင်ဖြေမလား၊ ဒါမှမဟုတ် chamberဆင်းမလား”
“ဟေ့အေး၊ ငါဘာမှမဆင်းဘူး…စာတွေပဲရေးတော့မယ်”
“နင်ကလည်းဟာ မရေရာတဲ့အလုပ်ကို မလုပ်စမ်းပါနဲ့ဟာ၊ စာရေးတယ်ဆိုတာ တကယ်တော့ စိတ်ကူးယဉ်ကြီးပါ”
“ဟေ့အေး..ငါကတော့ ၀ါသနာကြီးတယ်…ရေးကိုရေးမယ်ဟာ..ပြီးတော့ ငါ့မှာ ခုလည်းထမင်းစားဘို့အလုပ် ရှိသေးတာပဲ”
“အေးပါ..ရေး…ရေး..ထမင်းငတ်တော့မှ ကောင်းကောင်းနောင်တရနေမယ်”
မြတ်ထက်၏ပြောစကားများကြောင့် ပန်းနုရင်ထဲ သိမ့်ကနဲဖြစ်ခဲ့ရသည်၊ ပန်းနုစဉ်းစားမိတာက မြတ်ထက်ရဲ့ ခံယူချက်၊ ၀ါသနာနဲ့ ပန်းနုရဲ့ဝါသနာ တစ်ခုခုတော့အဆင်ပြေမှာဘဲလို့တွေးခဲ့တာတွေက ခုတော့ လွဲခဲ့ရတော့ သည်…သြော် မြတ်ထက်ရယ် ငါ..တိတ်တခိုးချစ်ခဲ့ရတဲ့ နင်နဲ့ငါ အလွဲတွေပါလား….။
တစ်နေ့မှာတော့…
“ပန်းနု..”
“ဘာလဲ မြတ်ထက်”
“နင့်ကိုငါ ရင်ဖွင့်ချင်တယ်ဟာ”
“ဘာများလဲဟ”
“မလေး” ပေါ့ဟာ သူ့ကိုငါ အရမ်းချစ်တယ်ဟာ…ဒါပေမယ့် သူက ငါ့ကို သူ့ထက်ငယ်တယ်ဆိုပြီး လက်မခံနိုင် ဖြစ်နေတယ်ဟာ”
“နေပါအုံး..သူကရော နင့်ကိုချစ်လို့လား”
“ငါ့ဘက်ကပိုတယ်ပေါ့ဟာ…ဒါပေမယ့် မဖြစ်နိုင်မှန်းသိပေမယ့်လည်း ငါရှေ့ဆက်တိုးမိတယ်လေ”
“မဖြစ်နိုင်မှန်းသိတာများဟာ ဘာလို့စိတ်ညစ်ခံနေတာလဲ မြတ်ထက်ရယ်၊ နင့်ကိုကြည့်ရတာ ငါ စိတ်မချမ်းသာ လိုက်တာဟာ”
ခင်လေးဆိုတဲ့ သူမအပေါ် ပန်းနု မကျေမနပ်ဖြစ်လာခဲ့သည်…ဒါပေမယ့်လည်း ပန်းနုမှာ ပြောပိုင်ခွင့်မရှိ၊ ပန်းနုရဲ့ နှလုံးသားကို တိတ်တိတ်လေးသိမ်းထားခဲ့ရသည်၊ သူငယ်ချင်းထက်ပိုတဲ့အချစ်တွေ၊ တဖက်သတ်အချစ်တွေက ပန်းနုအတွက် ပင်ပန်းစေရုံကလွဲလို့ ဘာမှထူးခြားမလာ၊ တနေ့တခြားဆိုသလို မြတ်ထက်ကိုကြည့်ရတာ ပန်းနုစိတ်ထဲ မသက်သာ၊ တခါမှ မသောက်ဘူးခဲ့တဲ့အရက်တွေကို မြတ်ထက်သောက်လာတတ်ခဲ့သည်..။
“မြတ်ထက်ရယ်…နင် ဒီအရက်တွေမသောက်ပါနဲ့ဟာ”
“ငါ အရမ်းခံစားနေရလို့ပါဟာ”
“နင်တို့ဇာတ်လမ်းကြီးကလည်းဟာ ဘာတွေလဲမသိပါဘူး..ငါဖြင့် နားမလည်နိုင်တော့ပါဘူး၊ နင်တို့နှစ်ယောက် ညှိကြပေါ့ဟာ…မလေးကလည်း အသက်ကြီးတာတွေ၊ ငယ်တာတွေနဲ့ မဖြစ်သင့်ပါဘူး၊ အချစ်မှာ ချစ်နေဘို့ပဲလိုတာပါ၊ ကြီးတာငယ်တာတွေက သတ်မှတ်ချက်တစ်ခုပါ၊ တကယ်ဆို သူလည်းနင့်ကိုချစ်နေတယ် ဆိုတာ ငါရိပ်မိပါတယ်…နင် ဖြောင်းဖြပြောကြည့်ဟာ…နင်တို့ အဆင်ပြေတာကို ငါမြင်ချင်ပါတယ်…ပြီးတော့လေ နင်တို့ရဲ့မင်္ဂလာပွဲကိုလည်း ငါတက်ချင်ပါတယ်…မြတ်ထက်ရဲ့သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်ပေါ့.. မဟုတ်ဘူးလား”
ပန်းနုရဲ့ အားပေးစကားတွေကြောင့် မြတ်ထက်တယောက် ”မလေး”ကို ပြန်၍ကြိုးစားခဲ့သည်၊ မြတ်ထက်ရဲ့ ကြိုးစားမှုတွေကြောင့် “မလေး”ကို လက်ထပ်ခွင့်ရခဲ့သည်..။
“မောင်ရှိန်းမြတ်ထက်နှင့် မခင်လေး”တို့၏ မင်္ဂလာဧည့်ခံပွဲ
မင်္ဂလာဖိတ်စာလေးကို မြင်ရသည်နှင့် ပန်းနုရင်ထဲ ကြည်နူးစိတ်တွေနဲ့အတူ တဖက်သတ် ခံစားခဲ့ရတဲ့စိတ်တွေ က တနင့်တပိုး…ဒါပေမယ့် ပန်းနု ဖြေသာနိုင်ခဲ့သည်…
မြတ်ထက်ရယ်…နင်တို့ရဲ့မင်္ဂလာပွဲကို အဖြူစင်ဆုံးမေတ္တာတရားတွေနဲ့အတူ ပန်းနု လာခဲ့ပါ့မယ်နော်… တကယ် ဆို အတ္တရဲ့ချစ်ခြင်းဟာ လူကို မွန်းကြပ်စေခဲ့ပါတယ်ဟာ…ဟိုး…အရင်ကလိုပဲ နင့်အပေါ်ကို သူငယ်ချင်းတစ် ယောက်လို ချစ်နေပါတော့မယ်နော်…ပန်းနုရဲ့ သူငယ်ချင်းကို ပန်းနုရဲ့ရင်ထဲမှာ မာယာတွေမရှိတဲ့ ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ တသက်လုံးချစ်သွားတော့မယ်နော်…။
မာယာများတဲ့ချစ်ခြင်းတွေကို ပန်းနုရဲ့ မာယာမဲ့တဲ့နှလုံးသားက အနိုင်ယူသွားခဲ့ပြီမို့ ငြိမ်းချမ်းတဲ့အချစ်စစ်တွေက ပန်းနုရင်ကို အေးမြသွားစေခဲ့ပါပြီ မြတ်ထက်ရယ်…တကယ်တော့ အတ္တနဲ့ယှဉ်ပြီးဖြစ်တည်ခဲ့တဲ့ ချစ်ခြင်းတွေဟာ ဘယ်တော့မှ အချစ်စစ်မဖြစ်နိုင်ဘူးဆိုတာ ခုတော့ ပန်းနု နားလည်သွားပါပြီနော်………သူငယ်ချင်းဆိုတာ… တကယ်တော့ သူငယ်ချင်းပါပဲဟာ….ဘယ်တော့မှ အဖော်မွန်ဖြစ်မလာနိုင်ဘူးဆိုတာ…ပန်းနု နားလည်နိုင်ခဲ့ ပါပြီ…တို့တတွေ တသက်လုံး မာယာမဲ့တဲ့အဖြူရောင်ချစ်ခြင်းတွေနဲ့ ချစ်သွားကြတာပေါ့…..။
(၀တ္ထုတို)

 နေခြည်သစ်နွယ်(ပြည်)
http://www.naychi.pyaybloggers.org

No comments: