Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“သံသရာအရှုံးထဲက…အမြတ်”(ပထမပိုင်း)

“သံသရာအရှုံးထဲက…အမြတ်”(ပထမပိုင်း)
“လ၀န်းအိမ်… နင့်ကိုငါ အရမ်းမုန်းတယ်…..နင့်ကိုငါ အရမ်းမုန်းတယ်”
“မမုန်းပါနဲ့….မမုန်းကြပါနဲ့….လ၀န်းမှာအပြစ်မရှိပါဘူး…”
“တောင်းပန်ပါတယ်နော် အားလုံးကို….လ၀န်းမှာအပြစ်မရှိပါဘူး…လ၀န်းကိုမမုန်းကြပါနဲ့”
ညဥ့်နက်သန်းခေါင်ယံရဲ့ အခန်းကျဉ်းလေးထဲမှာ လ၀န်းအိမ်တစ်ယောက် အိပ်ရာပေါ်မှာ လူးကာလွင့်ကာနဲ့ အော်နေသည်သာ… နာမည်လေးနဲ့လူနဲ့ လိုက်ဖက်နေအောင်ပင် ပြည့်ဖောင်းနေတဲ့ ပါးမို့မို့လေးရယ် ကော့ညွတ်နေတဲ့ မျက်တောင်လေးတွေက သူမအိပ်နေတဲ့ပုံသဏ္ဍာန်ကို ပိုပြီး ပေါ်လွင်နေစေပါတယ် မျက်နှာတစ်ခုလုံးပေါ်မှာ ချွေးစေးတွေရွှဲကာစိုကာနဲ့ သူမရဲ့ကုတင်ထက်မှာ လူးလိမ့်လို့ ကောင်းနေတုန်းပေါ့…
“မပြောကြပါနဲ့….မပြောကြပါနဲ့”
“အဟင့်…ဟင့်…ဟင့်…..လ၀န်း ဘယ်သူ့ကိုမှ မလှည့်စားခဲ့ပါဘူးနော်”
“လ၀န်းကို မမုန်းပါနဲ့…..မမုန်းကြပါနဲ့နော်”
“အား….အား….အား………..”

“ဟင်”
“ငါ အိပ်မက်ဆိုးတွေ မက်နေတာပါလား”
သူမစိတ်ထဲ တီးတိုးစွာ ရေရွတ်လိုက်မိတော့သည်….
လ၀န်းအိမ်ရယ် နင့်ရဲ့ အတိတ်ဘ၀က အချစ်ဋ်ကြွေးတွေကို ခုချိန်ထိ နင် ဆက်လို့မကုန်နိုင်သေးဘူးလားဟင်…သူမရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေနဲ့ဆိုသလို ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက စီးဆင်းနေလို့ပေါ့ လ၀န်းအိမ်ဆိုတဲ့ နာမည်လေးနဲ့ လိုက်ဖက်အောင်ပင် သူမရဲ့ လှပမှုဟာ ဥမ္မာဒန္တီကို မမှီနိုင်ပေမယ့် သူမရဲ့ ရိုးသားမှုတွေကတော့ သူမရဲ့ မျက်ဝန်းထဲမှာ ဘယ်သူမှမပြောပေမယ့် ပေါ်လွင်ထင်ဟပ်နေတယ်ဆိုတာ သူမကိုယ်သူမအသိပဲမဟုတ်ပါလား….။
သူမရဲ့ အတွေးတွေက ဖယောင်းတိုင်မီးလေးရဲ့ မှုံပြပြ မီးရောင်အောက်လေးမှာ မနားတမ်းပေါ့ သူမရဲ့အတွေးတွေကိုရော သိနိုင်ကြပါ့မလား သူမရဲ့ ရိုးသားပါတယ် မလှည့်စားခဲ့ပါဘူးဆိုတာတွေရော ယုံကြည်နားလည်ပေးနိုင်ကြပါ့မလား သူမကိုယ်သူမသာ အသိပဲမို့ ရှင်းမပြချင်တော့တဲ့သူမတစ်ယောက် အတိတ်ရဲ့ဝေးရာစီကို သူမရဲ့စိတ်တွေကို လွင့်မျောရင်း ခေါ်ဆောင်သွားခဲ့မိပါတော့သည်…..။
တက္ကသိုလ်မြေထဲမှာ လ၀န်းအိမ်ဆိုရင် ကျောင်းတစ်ကျောင်းလုံးက မသိသူပင်နည်းလှသည် သူမရဲ့ ရိုးသားမှု ကြိုးစားမှု စတာတွေက သူမအတွက်တော့ ဂုဏ်ယူဝံ့ကြွားစရာတွေပင် သူမမှာ သူငယ်ချင်းအပေါင်းအဖော်ဆိုလို့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း စစ်လွန်းသာရှိသည်
သူမမှာ တိုင်ပင်စရာဆိုလို့ မုဆိုးမ မိခင်အိုကြီးတစ်ယောက်သာရှိသည် အဖေလည်း အမေ အမေလည်းအဖေပေါ့ စီးပွားရေးအခြေအနေအရ အလုပ်တစ်ဖက်လုပ်ရင်း အဝေးသင်တက်နေရသူလေးမို့ ပညာရေးကို ကြိုးစားရှာသူလေးပင် ပညာသင်နေချိန်မှာ ကျောင်းစာကလွဲလို့ ဘာကိုမှ အရေးမပေးတတ်သူပင် သူမကို သူမရဲ့ရပ်ကွက်သားချင်းတွေထဲမှ လူပျိုလေးများက အလုပ်သွားအလုပ်ပြန် စကားစနောက် လိုက်ပြောတတ်သည်ကိုပင် အရေးမလုပ်တတ်သူလေးပင်….။
နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့အသက်ကလေးတောင် ခုဆို ၂၀ကျော်မှပေါ့ သူမအမေကပြောလာပြီ
“သမီးလေး လ၀န်းအိမ်”
“ရှင် မေမေ”
“သမီးလည်း ခုဆို မငယ်တော့ဘူးပေါ့…သင့်တော်မယ့်သူ ရည်ရွယ်ထားသူရှိရင် အမေ့ကိုပြောနော်”
“အမေရယ်… သမီး ဒါတွေ မစဉ်းစားသေးပါဘူး…သမီးတို့မှာ ဒီအမေရယ် သမီးရယ် နှစ်ယောက်တည်းရှိတာပါ”
“ဒါတော့ ဒါပေါ့ သမီးရယ်… အမေက အသက်ကြီးပြီလေ…အမေမရှိတော့တဲ့အခါ အားကိုစရာဆိုလို့ ငါ့သမီးလေးက တစ်ကောင်ကြွက် တစ်မျက်နှာလေ သမီးကညာ အခါမလင့်စေနဲ့ဆိုသလိုပဲ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရအောင်ပေါ့ကွယ်”
“အမေပြောတာကို သမီးနားလည်ပါတယ် အမေရယ်…ဒါပေမယ့် ခုချိန်မှာလည်း သမီး ချစ်ရမယ့်သူ မတွေ့သေးပါဘူး…တွေ့တဲ့အခါ အမေ့ကို ပြောပါ့မယ်နော်…”
“လိမ္မာလိုက်တဲ့ သမီးလေးရယ်”
ကျောင်းတက်သည်မှစလို့ ကျောင်းပြီးချိန်၊ ကျောင်းပြီးချိန်မှစလို့ လုပ်ငန်းခွင်ဝင်ချိန်ထိ သူမနဲ့ တိုးတိုးဖော်ရယ်ဆိုလို့ အမေတစ်ယောက်တည်းသာရှိခဲ့တာမို့ အစစအရာရာဆိုသလို ကိုယ်ရေးကိုယ်တာကိစ္စမှအဆုံး သူမရဲ့မိခင်ကိုသာ မညာတမ်း တိုင်ပင်ခဲ့ရသည်သာ  သူမမိခင်ကလွဲလို့ တိုင်ပင်စရာဆိုလို့ သူငယ်ချင်းစစ်လွန်းသာရှိသည်။
တစ်နေ့မှာတော့….
“ဟေ့ လ၀န်း”
“ဘာလဲ စစ်လွန်း”
“နင် ကွန်ပျူတာသင်တန်းလေးများ မတက်ချင်ဘူးလား”
“ကွန်ပျူတာသင်တန်းက ဘာတက်ရမှာလဲဟ”
“လ၀န်းအိမ်ရယ် နင်ကလေ ရိုးသားဆို တော်ရုံပေါ့ဟာ…ခု သူများတွေတက်နေကြတဲ့ အင်တာနက်သင်တန်းပေါ့ဟ”
“ဟဲ့…စစ်လွန်း…အဲဒါတွေက ဘာတွေသင်ရတာလဲ”
“အင်း…ငါလဲမသိဘူးဟ…တက်ကြည့်မှဘဲသိမှာ”
“စစ်လွန်းရယ် နင့်ဟာကလည်း မရေရာ မသေချာနဲ့များ ငါ့ကို တက်ဖို့ခေါ်နေသေးတယ်…တော်ပါပြီဟာ… ငါမတက်ချင်တော့ပါဘူး… နင့်ဘာသာပဲ တက်ပါတော့”
“ဒါဆိုလည်း မတိုက်တွန်းတော့ပါဘူး လ၀န်းအိမ်ရယ်”
သူမတစ်ယောက် သူမရဲ့ စာရင်းကိုင်အလုပ်လေးထဲမှာ ပျော်မွေ့နေပြီ နေ့စဉ်အလုပ်သွား အလုပ်ပြန် သူမရဲ့အလုပ်လေးကို မြတ်နိုးနေတတ်သူပင် ဒီလိုနဲ့ မထင်မှတ်တဲ့ နေ့လေးတစ်နေ့မှာတော့ သူမရဲ့ လုပ်ငန်းလေးထဲကို ပြောင်းရွှေ့လာသူ ချစ်ခွန်းဆိုတဲ့ လူငယ်တစ်ယောက် ရောက်လာသည်ပင် သူရောက်လာသည်နှင့်ပင် လ၀န်းအိမ်ရဲ့ ရိုးသားမှုတွေကို ရိုက်ချိုးဖျက်ဆီးလိုက်သလိုပင်….။
သူနဲ့ သူမတို့က လုပ်ငန်းတူတွေပင် ဒါကြောင့်လည်း နေ့စဉ်ဆိုသလိုပင် ဆုံဆည်းနေကြရသည် သူမ မထင်မှတ်တဲ့ နေ့တစ်နေ့မှာတော့ သူက သူမကို ချစ်စကားဆိုလာသည် ဘာရယ်ကြောင့်ရယ်မသိ သူမ ချစ်ခွန်းကို အဖြေပေးလိုက်မိသည် ပထဦးဆုံး အချစ်ရယ်မို့လားမသိ ရူးရူးမူးမူးဆိုသလိုပင် ချစ်ခဲ့မိသည် သူကလည်း သူမကို ချစ်သည် သူများတွေပြောကြတဲ့ အချစ်ဦးဆိုတာ မြေးဦးရတဲ့အထိ မမေ့နိုင်ဘူးဆိုတဲ့စကားကို သူမ လက်ခံလာခဲ့မိသည် ဒါပေမယ့်လည်း ဘယ်လောက်ပဲချစ်ခဲ့ကြပေမယ့် သူမနဲ့ ချစ်ခွန်းရဲ့ဇာတ်လမ်းကတော့ အဆုံးမသတ်ဘဲနဲ့အဆုံးသတ်ခဲ့ရပါတော့တယ်….
“လ၀န်း…ရှင်…”
“ဒီနေ့… ချစ်ခွန်း အလုပ်ပြောင်းရတော့မယ်နော်…”
“ချစ်ခွန်း…ဘယ်နေရာပဲရောက်ရောက် လ၀န်းကို အဆက်အသွယ်လုပ်ဖို့ မမေ့ပါနဲ့နော်”
“လ၀န်း မျှော်နေပါ့မယ်…”
“အင်းပါ…လ၀န်းရယ်…ချစ်ခွန်း ရောက်ရာအရပ်ကနေ ဆက်သွယ်ပါ့မယ်”
အချိန်တွေက ပြောင်းလဲသွားသည်သာ နွေမိုးဆောင်း ရာသီတွေသာပြောင်းနေပေမယ့် သူမရဲ့ နှလုံးသားမှာတော့ ချစ်ခွန်းဆိုတဲ့သူတစ်ယောက်တည်းသာ မပြောင်းလဲဘဲချစ်နေခဲ့သည် ချစ်ခွန်းစီမှ စာလွှာတစ်စောင်လေးများ ရောက်လာလေမလား မျှော်နေမိတတ်သူပင်…
သူမတစ်ယောက် ချစ်ခွန်းရှိရာ ရုံးလေးသို့ ဖုန်းလေးတွေဆက်မိနေသလို တုန့်ပြန်မှုအဖြေတွေကလည်း လွဲချော်နေခဲ့တာမို့ ဘာတွေများ မှားယွင်းနေခဲ့ပါလိမ့် သူမ ဘာအမှားတွေများလုပ်မိခဲ့ပါလိမ့်…ချစ်ခွန်း သူမကို မချစ်တော့လို့များ… ဒါမှမဟုတ် နောက်တစ်ယောက်များ ချစ်သွားလေသလား သူမစိတ်ထဲ စိုးစိတ်နဲ့အတူ ပူလောင်လွန်းတဲ့အတွေးစများ တစ်ခုပြီးတစ်ခုဆိုသလို ၀င်ရောက်လာသည် ချစ်နေကြတဲ့အခိုက်အတန့်လေးမှာ သံသယဆိုတဲ့စကားလုံးတွေမရှိစေရဘဲ အမြဲတမ်း ချစ်ခဲ့ကြသူ သူမတို့နှစ်ဦး ဘာရယ်မဟုတ်တဲ့ လက်ပြနှုတ်ဆက်ခြင်းကတစ်ဆင့် ဝေးခဲ့ကြတာ တစ်နှစ်တာကာလဆိုတဲ့အချိန်ကာလလေးတောင် အကြာကြီးဆိုပေမယ့် မနေ့တစ်နေ့ကလိုပါပဲလား….။
သူမတစ်ယောက် ချစ်ခွန်းကို ချစ်ခဲ့မိသည်ကစလို့ နောက်ထပ်ဆိုတာမရှိစေရ ၊ သူသာအရှင်သခင် သူသာလက်တွဲဖော်ဆိုတဲ့ဆန္ဒတွေ၊ ရည်ရွယ်ချက်တွေ၊ စိတ်ကူးတွေနဲ့ ပုံဖော်ပြီး ချစ်ခဲ့ရသည်မဟုတ်ပါလား ဘယ်ဆီကိုရောက်လို့နေမှန်းမသိတဲ့ ချစ်သူကို လွမ်းရင်း ရင်ထဲမှာမျိုသိပ်ကာ ရှာဖွေနေရတဲ့ သူမအဖို့တော့ နေ့စဉ်ရက်ဆက်ဆိုသလို ပင်ပန်းလွန်းလှသည်သာ…။
“လ၀န်းရေ….လ၀န်း….”
“ဟေ့…လ၀န်း…နင်ကလည်းဟာ အိမ်ထဲမှာပဲ တမှိုင်မှိုင် တတွေတွေနဲ့ဟာ အပြင်လေးဘာလေးလည်း ထွက်ပါအုံးဟာ…”
“ဟင့်အင်း…ငါမထွက်ချင်ပါဘူး စစ်လွန်းရာ…နင်ပဲသွားပါ”
“ဟုတ်သားပဲ သမီးရယ်…သမီးကိုကြည့်ရတာ အမေဖြင့် ပင်ပန်းလွန်းလှပါပြီ”
“သွားသွား…စိတ်လက်အပန်းဖြေရအောင် စစ်လွန်းနဲ့ လိုက်သွားလိုက်နော် သမီးလေး…”
“လာပါဟာ…နင်ကလည်း”
စစ်လွန်းက လက်ကိုအတင်းဆွဲခေါ်၍သာ သူမပါလာရသည် သူမအဖြစ်က ပုံကျနေတဲ့ သတ္တ၀ါတစ်ကောင်ကို ကြိုးနဲ့ချည်တုတ်ပြီး ပြတိုက်ကို ခေါ်လာနေရသလိုပင်…
“လ၀န်း…လာ…”
“ဒါက ခု ငါတက်နေတဲ့ အင်တာနက်ကွန်ပျူတာသင်တန်းဆိုတာလေ”
“နင့်ကို ဒီသင်တန်းတက်ရအောင် ခေါ်လာတာ”
“အင်း…”
သူမပုံစံက မလှုပ်မယှက်သာ “အင်း”လို့သာ ပြန်ဖြေလိုက်ရသည်သာ သူမပုံစံက မလှုပ်မယှက် အရူးတစ်ယောက်ပမာ စိတ္တဇဆေးရုံကများ ဆင်းလားလေသလား၊ ကွန်ပျူတာအခန်းတွင်းမှ သင်တန်းသား/သူများကလည်း သူမကို အံ့သြနေသလိုလို ဝေဖန်ချင်သလိုလို စိတ်ဝင်စားသလိုလို စသော မျက်လုံးများဖြင့် မှင်သက်မိပြီး ကြည့်နေကြသည်သာ သူတို့ရဲ့အကြည့်တွေက သူမအပေါ်ကို စူးစိုက်နေကြသည်သာ…
“အော်…ဆရာ…ဒါက ကျွန်မရဲ့သူငယ်ချင်း လ၀န်းအိမ်တဲ့…”
“ဆရာ့သင်တန်းမှာ အင်တာနက်သင်တန်းတက်ဖို့ပါ…”
“အော်….အင်း…ဒါဆို အခန်းထဲခေါ်ခဲ့ပါ”
“ဟုတ်ကဲ့ပါ ဆရာ…”
“ဟဲ့….လ၀န်း…လ၀န်း”
“ဟင်…”
စစ်လွန်း လက်ကလေးကုတ်လိုက်မှပင် သူမရဲ့အတွေးဆတို့ ရပ်တန့်သွားခဲ့တော့သည်….။
“နင်ကလည်းလေ…ပျော်ပျော်ရွှင်ရွှင်နေမှပေါ့…ဟန်ဆောင်ပန်ဆောင်လေးလည်းနေမှပေါ့”
“အေးပါဟာ….”
မပြောချင်သလိုလို ပြောချင်သလိုလိုဖြင့် သူမ ပြန်ပြောလိုက်မိသည်…။
အင်တာနက်သင်တန်းရောက်တော့ သူမစိတ်ထဲ မပျော်နိုင်သေးပါ…ဘာလိုနေမှန်းမသိ အချိန်တိုင်းလိုပင် သူမရင်ထဲမှာ ချစ်ခွန်းကိုသာ သတိရနေမိတော့သည် …။
“စစ်လွန်း…နင့်ဟာကြီးကလည်းဟာ ငါဖြင့် ပျင်းတောင်လာပါပြီဟာ”
“အမလေး လ၀န်း….နင် ဟိုသင်ခန်းစာမသင်ရသေးလို့… ဟိုသင်ခန်းစာများရောက်ရင် အင်တာနက်ဆိုင်ကို ခြေလှမ်းတွေသွက်လာလိမ့်မယ်သိလား…”
“ဟ…စစ်လွန်းရယ် ဟုတ်မှလည်းလုပ်ပါအုံး နင့်ဟာက ဟိုသင်ခန်းစာဆိုတာ ဘာတုန်း….”
“ခု …ငါတို့သုံးနေတဲ့ Gtalkလို့ခေါ်တဲ့ စကားပြောတဲ့ သင်ခန်းစာပေါ့…အဲဒီအခါကျရင် နင်ပျော်လိမ့်မယ်သိလား…”
“အင်း…အင်း…ဒါဆိုလည်းပြီးရောဟာ”
တစ်ပတ်လောက်အကြာမှာတော့ စစ်လွန်းတို့ရောက်နှင့်ပြီးဖြစ်တဲ့ သင်ခန်းစာကို သူမလည်း ရောက်လို့လာပါပြီ သူမအတွက် စစ်လွန်းက သူငယ်ချင်းတွေရှာပေးပေါ့ သူမရဲ့ အကောင့်လေးထဲမှာ သူငယ်ချင်းတွေဆိုသလို ပြည့်လာပါတော့တယ် တဖြည်းဖြည်းနဲ့ သူမရဲ့စိတ်တွေ ၊မသိစိတ်လေးတွေက ချစ်ခွန်းကိုမေ့သယောင်ယောင်ဖြစ်နေသလိုပေါ့ သူမပျော်လာသည် နေ့စဉ်ဆိုသလိုပင် အွန်လိုင်းအမြဲတမ်းလာနေတတ်သူပင် တစ်နေ့မှာတော့ အွန်လိုင်းပေါ်မှ သူမအား ချစ်စကားဆိုလာသူတစ်ဦး ပေါ်လာခဲ့ပြန်တော့သည်…သူကတော့…
“အိမ်လေး…ရှင်”
“အိမ်လေးကို ကို အရမ်းချစ်တယ်သိလား”
“အိမ်လေးဟာ ရိုးသားတယ် အပြစ်ကင်းစင်တယ်”
“အိမ်လေးမှာ ချစ်သူရှိလားဟင်”
သူ့နာမည်က နှောင်ကြိုးတဲ့ သူမနဲ့ သူနဲ့အသက်က ၅နှစ်လောက်ကွာသည် သူက သူမကို ချစ်ရေးဆိုပုံက ထူးဆန်းသည် အတည်ယူမယ်ပြောသည် သူမရဲ့ မိခင်ကို လိုက်ပြောမည် တောင်းရမ်းမည် ပြီးတော့ သူကပြောသေးသည် အချစ်ဆိုတာ ရွေးချယ်ခြင်းတဲ့ သူမစဉ်းစားကြည့်သည် သူပြောတဲ့စကားတွေက ဖြစ်နိုင်လား မဖြစ်နိုင်လား မဖြစ်နိုင်ဘူးဆိုတာသိပါသည်……။
“အိမ်လေး…ရှင်”
“ဘာတွေ စဉ်းစားနေတာလဲ”
“အော်…ဟုတ်ကဲ့…ရှိပါတယ်”
“ဒါပေမယ့် လ၀န်းနဲ့သူနဲ့ ဝေးနေတာ ကြာခဲ့ပါပြီ…အဆက်အသွယ်လည်း မရခဲ့ပါဘူး”
“အော်…”
“အဲဒါတွေ ထားလိုက်ပါတော့…ခုဟာက ကျွန်တော်က အိမ်လေးကိုချစ်တာပဲသိတယ်”
“အိမ်လေးစီက အဖြေကို ကျွန်တော်စောင့်နေမယ်နော်”
သူပြောလိုက်တဲ့စကားတစ်ခွန်းက သူမအတွက်တော့ မလွယ်ပါဘူး ရင်ထဲမှာရှိနေတဲ့ ချစ်ခွန်းကို ဖယ်ဖျောက်ပြီး တခြားသူကိုအစားထိုးဖို့ရာပေါ့ သူမ နှောင်ကြိုးကို တကယ်ပဲချစ်ခဲ့သလား မချစ်ခဲ့ဘူးလားဆိုတာကိုလည်း သူမစဉ်းစားတွေဝေနေမိသည် အချစ်ဆိုတဲ့အရာကလည်း ဆန်းကြယ်သားလားပဲ ဒီလိုနဲ့ အချိန်တွေက ကြာမြင့်သထက်ကြာမြင့်လာခဲ့ပြီ နှောင်ကြိုးနဲ့ သူမ နေ့စဉ်လို အွန်လိုင်းပေါ်မှာတွေ့ဆုံရင်း ချစ်ကြိုးတွေ သီခဲ့ကြသည်…
“အိမ်လေး….ရှင်”
“ကိုကြီးကို တကယ်ချစ်လားဟင်”
“ဟုတ်ကဲ့ ချစ်ပါတယ်….”
ချစ်ပါတယ်လို့ တစ်ခွန်းပြောမိတိုင်း သူမ ချစ်ခွန်းကိုသာ သတိရမိသည် ရင်ထဲမှာ ဆို့နင့်နေသည် ရင်ကွဲမတတ်ခံစားရသည် မကြာတော့မယ့် အချိန်ကာလတွေအတွင်း သူမကိုယ်သူမ သူမရဲ့စိတ်ကို သိလိုက်ရပြီ သူမ နှောင်ကြိုးကို မချစ်ဘူးဆိုတာကိုပေါ့ ဒါပေမယ့်လည်း လွန်နေတဲ့ဇာတ်လမ်းကို ဖြတ်ဖို့ သူမမှာ ခွန်အားတွေမရှိခဲ့ပြီ ငယ်စဉ်တည်းက ပျော့ညံ့တတ်တဲ့ သူမရဲ့ အားနည်းချက်က သူမကို အချစ်ရဲ့လှည့်စားမှုနောက်သို့ မာယာရှင်အဖြစ်ကို တွန်းပို့နေခဲ့သည်သာ….
သူမရဲ့အချစ်သည် ဖြူစင်သည် မြင့်မြတ်သည် ချစ်ခွန်းကို မမေ့နိုင်သေးပေမယ့်လည်း နှောင်ကြိုးကိုလည်း မချစ်လို့တော့မဟုတ် ချစ်ခဲ့သည်သာ ဘာတွေများပါလိမ့် သူမ နေ့စဉ်ဆိုသလို ဒွိဟတွေ တွေဝေမှုတွေ ဖြစ်နေခဲ့သည် သူမဘာလုပ်ရမည်နည်း နှောင်ကြိုးကိုဇာတ်လမ်းဖြတ်ဖို့ရာ နှောင်ကြိုးမှာ အပြစ်မရှိ ပိုဆိုးသည်…သူမစိတ်တွေ တွေဝေနေတဲ့အချိန်မှာဘဲ နှောင်ကြိုးတစ်ယောက်…..
“ဟေ့…လ၀န်း…”
“မင်းကောင် ဟို…နှောင်ကြိုးလေ”
“အွန်လိုင်းမှာ ဆော်တစ်ပွေနဲ့ကြူနေတယ်ကွ”
“ဘာလဲ စစ်လွန်း….ကြူနေတယ်ဆိုတာက…ငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်းပါဟာ”
“ဟာ နင်ကလည်း နင့်အပြင် နောက်တစ်ယောက်နဲ့လို့ပြောတာပေါ့ကွ…ဟင်”
“စစ်လွန်း…တကယ်ရောဟုတ်ရဲ့လားဟာ…ကြိမ်းသေပဲ လ၀န်းအိမ်”
စစ်လွန်းပြောသလိုပင် အမှန်တကယ်ပင်ဖြစ်နေသည်….
“ကိုကြီးရယ် လုပ်ရက်လိုက်တာနော်…အိမ်လေးမှာ ဘာအပြစ်များရှိလို့လည်းဟင်”
“စကတည်းက မချစ်နိုင်ရင် လာမချစ်နဲ့ပေါ့…”
“ခုတော့ အိမ်လေးကို ဒဏ်ရာတွေပေးခဲ့နေတာလား”
ငိုကြွေးခြင်းတွေသီနေတဲ့ သူမတစ်ယောက် ရင်ထဲမှာ ဆို့နင့်လာခဲ့သည် သူမဘယ်လိုဖြေရမည်နည်း ယောက်ျားတွေကို အပြစ်တင်ရမှာလား၊ ဒါမှမဟုတ် အချစ်ကိုပဲ အပြစ်တင်ရမှာလား ၊ဒါမှမဟုတ် သူမရဲ့ အားနည်းချက်ရှိတဲ့စိတ်ကိုလား ၊ သူမ နှောင်ကြိုးကို လမ်းခွဲဖို့ပြင်ခဲ့သည်…သို့သော် နှောင်ကြိုးနဲ့တွေ့တိုင်း သူမ သာယာမေ့မျောနေတတ်ခဲ့သည် သူမရဲ့သိစိတ်တွေမှာ လမ်းခွဲရမှန်းသိခဲ့ပေမယ့် သူမနှုတ်ဖျားက ပြောမထွက်နိုင်ခဲ့ဘူးလေ…..။
“အိမ်လေး…ကိုကြီး တောင်းပန်ပါတယ်နော်”
“နောက်တစ်ခါ ဒါမျိုးမဖြစ်စေရတော့ပါဘူး…အိမ်လေးကို စိတ်ချမ်းသာအောင်ထားမယ်…အိမ်လေးနဲ့အတူ ဟိုးအရင်ကလိုပဲ ပျော်ပျော်ရွှင်ရွှင် နေသွားကြရအောင်နော်…”
သူမတစ်ယောက် စိတ်ဆိုးနေတဲ့အချိန် နှောင်ကြိုးကို အပြစ်လုပ်မိတာကလွဲပြီး ဘာမှပြန်မပြောနိုင်ခဲ့ရှာဘူး ဒီလိုနဲ့ပဲ နှောင်ကြိုးနဲ့ ပြဿနာတွေလုံးထွေးရင်းနှင့်ပင် နောက်တစ်ယောက်ဆိုသလိုပင် သူမကို ချစ်ရေးဆိုလာခဲ့ပြန်သည်….
သူမဘာလုပ်ရမည်နည်း၊ သူကလည်းပြောသည် သူမကို ချစ်သည်တဲ့ သူမ နှောင်ကြိုးနဲ့ ချစ်ကြိုက်သည်ကိုလည်း သိခဲ့သည်၊ နှောင်ကြိုးနဲ့ပဋိပက္ခဖြစ်ခဲ့သည်ကိုလည်း သိသည် ဘာကြောင့်ဆိုသော် သူမရဲ့ ရိုးသားတဲ့စိတ်တွေက မပြောဘဲမနေနိုင်သာ ပွင့်လင်းစွာပြောပြတတ်သည၊် သို့သော် ပွင့်လင်းစွာ တစ်ပါးသူကို မပြောရက်နိုင်ခဲ့တာကတော့ သူမရဲ့အားနည်းချက်ပင်မဟုတ်ပါလား….။
သူ့နာမည်က လင်းသစ္စာတဲ့ သူကတစ်ဖန် သူမကို ပြောပြန်တယ် သူမကို ဘ၀လက်တွဲဖော်အထိ ရည်ရွယ်ပါတယ် သူ့အတွက် သူမရဲ့အချစ်တွေသာလိုအပ်ပါတယ် သူမစဉ်းစားမိသွားတယ် သူမစိတ်ထဲမှာ သူမရင်ထဲမှာ ဖြစ်ချင်တာတွေက ဘာတွေလဲ ၊ သူမလိုချင်တာကရော အချစ်တွေလား ၊ ဒါမှမဟုတ် မိန်းမသားတို့ရဲ့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ အိမ်ထောင်မှုအလုပ်တွေလား ၊ ဒါမှမဟုတ် ယောက်ျားတွေရဲ့အချစ်တွေကို သွေးတိုးစမ်းချင်နေတာလား၊ သေချာတွေးပြန်တော့လည်း ဒါလည်းပဲမဟုတ်သေးဘူးဆိုတာ သူမသိခဲ့ပြန်တယ် ပတ်ဝန်းကျင်ကတော့ သူမကို မာယာများသူ လှည့်စားသူလို့ ထင်ကောင်းထင်ကြလိမ့်မယ်ပေါ့ ဒါပေမယ့် သူမအတွက်ကတော့ သူမသိနေခဲ့တာဟာ ရိုးသားမှုတစ်ခု၊ သူမကိုယ်သူမအသိပင်….
“လ၀န်းအိမ်…”
“ရှင်….”
“ကိုနဲ့မင်းနဲ့က အသက်အရွယ်သိပ်ပြီးမကွာဘူးလေ…အဲဒါကြောင့် မင်းနဲ့ကိုနဲ့ကြားမှာ နာမည်တွေခေါ်နေရတာ သူစိမ်းဆန်နေသလိုပဲကွာ…”
“အဲတော့ ရှင်က ဘယ်လိုခေါ်စေချင်လဲ ကိုလင်းသစ္စာ”
“လ၀န်းအိမ် ခေါ်ချင်သလိုခေါ်ပါ…နာမည်တွေမခေါ်ရင် ပြီးတာပါပဲ”
သူမ အတွေးတစ်ချက်ဝင်လာမိသည် အော်…သူမချစ်ရတဲ့အချစ်တွေက မလွယ်ပါလား၊ သူမကရော ဘာကြောင့် တစ်ယောက်ပြီးတစ်ယောက်ချစ်နေတာလဲ၊  မူယာမာယာများနေတာလား၊ ဒါမှမဟုတ် အချစ်စစ်ကို ရှာဖွေနေတာလား၊ ယောက်ျားအမျိုးမျိုးကိုချစ်ရတာနဲ့ ဟိုလိုခေါ်ရ ဒီလိုခေါ်ရနဲ့ သူမစိတ်တွေ မွန်းကျပ်နေခဲ့ပြီ လောကကြီးကနေ ရုန်းထွက်နေချင်ခဲ့မိပြီ….“ဟင်း…” မလွယ်ပါလား…ဆိုပြီး တီးတိုးညင်သာစွာနဲ့ ရေရွတ်လိုက်မိသည်….။
“လ၀န်းအိမ်….ရှင်…..”
“ဘာတွေစဉ်းစားနေတာလဲ….အော်…အင်း”
“ဟို….ကိုလင်းသစ္စာက ဘယ်လိုခေါ်စေချင်လို့လဲ”
“ကျွန်တော်ကတော့ “မောင်”လို့ ခေါ်စေချင်တယ်ဗျာ”
“အော်…“မောင်” ဆိုပါရောလား”
“မောင်”ဆိုတာ တစ်ချိန်က သူမခေါ်ဝေါ်ခဲ့ဘူးတဲ့ “ချစ်ခွန်း”ဆိုတဲ့ ကောင်လေးရဲ့ နာမ်စားမဟုတ်ပါလား “မောင်”ဆိုတဲ့ အသုံးအနှုန်းကို ချစ်ခွန်းကလွဲပြီး ဘယ်သူ့ကိုမှ မခေါ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေက အရာရာပြောင်းလဲလာခဲ့ပါရော့လား…ချစ်ခွန်းရေ တစ်နေရာရာမှာ ရှိနေခဲ့ပေမယ့် ပြောင်းလဲတတ်တဲ့ နှလုံးသားရဲ့စေညွှန်ရာကို သူမ သုံးရပေအုံးတော့မည်…”
“ဘယ်လိုလဲ….လ၀န်းအိမ်…ခေါ်မယ်မဟုတ်လား”
“အင်း…”
သူမတစ်ယောက် “အင်း”ဆိုသော တစ်လုံးမှလွဲပြီး ဘာမျှပြန်မပြောနိုင်ခဲ့တော့ချေ… သူမတစ်ယောက် လင်းသစ္စာနဲ့အတူ နေ့တွေအချိန်တွေ ကုန်ဆုံးခဲ့ပေမယ့် သူမရဲ့ သိစိတ်ထဲမှာတော့ လင်းသစ္စာကို လက်မခံနိုင်တာ အသေအချာဖြစ်နေခဲ့ပါတယ် လမ်းဆုံးထိတိုင် လက်မတွဲခဲ့ပေမယ့် သူမရဲ့ အတွေးစိတ်ထဲမှာ လက်မခံနိုင်တော့တာကို သူမကိုယ်သူမ သိလာခဲ့ပါတော့တယ် ဒါပေမယ့်လည်း သူမ လင်းသစ္စာကို တလုံးတပါဒမျှ ဖွင့်မပြောပြဘဲ ချစ်လို့သာနေခဲ့မိပါတော့တယ်….
တစ်နေ့သောအခါမှာတော့ သူမတစ်ယောက် အင်တာနက်ဆိုင်ကို အစောကြီးဆိုသလို ခြေလှမ်းတွေက ရောက်လာခဲ့မိပါတော့တယ်…သူမ အင်တာနက်ကို သုံးတတ်သည်က ဖေ့ဘွတ်နဲ့ ဂျီတော့လောက်ကလွဲပြီး ဘာမျှမတတ် အင်တာနက်ဆိုတာကို ပျင်းတဲ့အခါရယ် စိတ်အပန်းပြေစရာတခုရယ်အတွက်သာ ဒီသင်တန်းကို တက်ရောက်ခဲ့ခြင်းမဟုတ်ပါလား သူငယ်ချင်းစစ်လွန်းရဲ့ ခေါ်ဆောင်မှုတွေကြောင့်သာ ရောက်ရှိလာခဲ့ပေမယ့် သူမအတွက်တော့ ပျော်စရာတွေ ဘာတစ်ခုမှ ဖြစ်မလာခဲ့တာ သူမကိုယ်တိုင်ပင် အသိဖြစ်နေပါရောလား….။
ဇာတ်သိမ်းပိုင်းသို့….ဆက်လက်ဖတ်ရှုပါရန်…..
နေခြည်သစ်နွယ်(ပြည်)

No comments: