Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“လိပ်ပြာလွင့် ရင်ခုန်သံအချစ်”

“လိပ်ပြာလွင့် ရင်ခုန်သံအချစ်”

နေ၀င်ရီရောစအချိန်တိုင်း အလုပ်မှပြန်လာနေကြဖြစ်တဲ့ ကျွန်မ… ထုံးစံအတိုင်း အိမ်သို့ပြန်လာခဲ့ပြီး..ကျွန်မရဲ့ မောင်ငယ်လေးဖြစ်သူ မင်းသွင်က..
“မမရေ…အကိုကြီးကို ပြန်ကြိုလိုက်အုံးနော်၊ ကားဂိတ်မှာ မျှော်နေလိမ့်မယ်”
“အေးပါ မောင်လေးရယ်…မမ သွားကြိုလိုက်မယ်နော်”
ပြောပြောဆိုဆိုနှင့်ပင် ကျွန်မမောင်လေးကို သွားကြိုရန် ဆိုင်ကယ်စက်ကလေးနှိုးပြီး ထွက်လာခဲ့သည်… ဆိုင်ကယ်ကိုမစီးခဲ့တာ ကြာပြီဖြစ်နေလို့ မိသားစုတွေက စိတ်မချနိုင်၊ အိမ်ကထွက်သည်နှင့်ပင်…
မိဘတွေကတမျိုး၊ မောင်နှမတွေကတမျိုးနဲ့ တတွတ်တွတ် မှာနေရှာကြသည်။ သို့ပေမယ့် ကျွန်မကလည်း ကျွန်မရဲ့ယုံကြည်ချက်တစ်ခုနှင့်သာ…စားစား၊ သွားသွား၊ အိပ်အိပ်ဆိုသလို…မြတ်စွာဘုရားရဲ့ ဟောကြားတော် မူခဲ့သော ဂါထာလေးတစ်ခုခုကို ရွတ်ဆိုလေ့ရှိသည်။ ယခုလည်း ကျွန်မ အိမ်မှထွက်သည်နှင့် ကျွန်မယုံကြည် ပူဇော်နေကျဖြစ်တဲ့ နမော(၅)ချက်ဂါထာတော်လေးကို ရွတ်ဆိုရင်း ဆိုင်ကယ်လေးကို တဖြည်းဖြည်း မောင်းနှင် ထွက်လာခဲ့ပါတော့သည်…။
ကျွန်မတို့ရဲ့အိမ်ကလေးဟာ ဟိုက်ဝေးလမ်းမကြီးဘေးမှာ ရှိနေခဲ့တာကြောင့် ကားကြီး၊ ကားငယ် အသွယ်သွယ် တွေက ဤလမ်းမကြီးမှ မောင်းနှင်ကြသည်။ ကားကြီးတွေသာ မောင်းနှင်ကြပေမယ့် လမ်းကတော့ တိမ်းရှောင် ဖို့အတွက် ခက်ခဲလှပါသည်။ လမ်းဘေးကိုရှောင်ပြန်လျှင်လည်း မညီမညာရှိသော မြေကြီးတချို့နဲ့၊ မညီမညာ ရှိသော ကတ္တရာလမ်းတစ်ခုက ကျွန်မအတွက် အဆင်မပြေခဲ့ပါဘူး။
ညနေစောင်းအချိန်ဟာ ဤလမ်းမကြီးပေါ်မှာ အန္တရာယ်တွေက များလွန်းပါတယ်…ဒီလိုနဲ့ ကျွန်မမောင်လေးရှိရာ ကားဂိတ်ဆီသို့ ရောက်လာခဲ့ပြီး ကျွန်မ မောင်လေးကို အော်ခေါ်လိုက်မိသည်။
“မောင်လေးရေ…မောင်လေးမင်းဇင်ရေ”
“သြော်…မမ…ကျွန်တော်လာပြီ”
“အေးအေး…မမ အပြင်ကစောင့်နေမယ်နော်…”
“ဟုတ်ကဲ့ မမ”
ကားဂိတ်အပြင်ဘက်မှ စောင့်နေခဲ့ပြီး ဟိုကြည့်ဒီကြည့်ဖြင့် မောင်လေးကို စောင့်နေခဲ့တော့သည်။ ခဏအကြာ မှာတော့ မောင်လေးလည်း ထွက်လာခဲ့သည်။
“မမ…ကျွန်တော် မောင်းရမှာလား၊ မမ မောင်းမှာလား”
“မမပဲ မောင်းမယ်လေ…”
“အင်း…ဒါဆိုလည်းပြီးရော…”
ကျွန်မရဲ့ မောင်လေး မင်းဇင်ကို ဆိုင်ကယ်ပေါ်တင်စီးရင်း ကားဂိတ်မှတဆင့် ဟိုက်ဝေးလမ်းမကြီးပေါ်သို့ မောင်းနှင်လာခဲ့ကြသည်။ ညနေ ကျွန်မတို့အိမ်ပြန်ချိန်က (၇)နာရီဝန်းကျင်၊ မှောင်စပျိုးလို့…ကားကြီးကားငယ် တွေကလည်း မီးရောင်စုံတွေ ထွန်းလင်းနေခဲ့ပြီ။ ကျွန်မတို့မောင်နှမ မောင်းနှင်လာတဲ့ စီးတော်ယာဉ်လေး ကလည်း မီးရောင်တွေဖွင့်လို့ထားခဲ့ပါသည်….။
ခရီးတ၀က်ခန့်အကြာမှာတော့ ကျွန်မတို့ရှေ့မှ ဆယ့်နှစ်ဘီးကားယာဉ်တွေက များပြားလှသည်။ အသွားက တစ်စီး၊ အပြန်ကတစ်စီးဆိုသလို ဖြတ်သန်းနေကြသည်။ ကျွန်မလည်း အတော်လေးကို သတိထားပြီး မောင်းနှင်ခဲ့ရသည်…။ ယာဉ်မောင်းသူများမှလည်း စည်းကမ်းမရှိစွာမောင်းနှင်နေကြသည်။ ဟိုက်ဝေးလမ်းမကြီး ဆိုပေမယ့်  လူသွားလမ်းမျှသာမို့ ကားကြီးတွေက လမ်းဘေးဝဲယာမှာဆိုသလို ရပ်တန့်နေကြသည်။ ထို့အပြင် ယာဉ်မောင်းသူတွေက ကားကြီးတွေ အပြိုင်အဆိုင်ရပ်ပြီး လမ်းမကြီးပေါ်တွင် စကားစမြည်နှုတ်ဆက် ပြောဆိုနေကြသေးသည်။ ကျွန်မတို့အရှေ့မှ ကျော်တက်သွားသော ဆယ့်နှစ်ဘီးကားကြီး(၂)စင်းကလည်း ထိုနည်းတူစွာပင်၊ တဖြည်းဖြည်းနှင့် ကျွန်မတို့မောင်နှမနှစ်ယောက်ဆိုင်ကယ်လေးက ကားကြီး(၂)စင်း ရပ်ထားသောနေရာလေးကို ရောက်နေခဲ့ပါပြီ…ကျွန်မ ဆိုင်ကယ်ကို ဘရိတ်ဖမ်းလိုက်ခဲ့ပေမယ့် ဘယ်လိုမှ မမှီနိုင်တော့ပါ…ထိုအချိန်တွင် လမ်းဘေးဝဲယာကို ရှောင်ဖို့လည်း နေရာလွတ်ဆိုတာ မရှိတော့ပါ… ကျွန်မ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပဲ… ကားကြီးရဲ့ နောက်ပိုင်း သစ်သားချောင်းများတင်ထားရာသို့ ဆိုင်ကယ်က ဦးတည်လို့လာခဲ့ပါပြီ…။
“အား….”
ဘာမှန်းမသိတော့တဲ့ နေရာသစ်တစ်ခုကို ကျွန်မ ရောက်သွားခဲ့ရသည်။ မျက်လုံးကလေးကိုစုံမှိတ်ပြီး ကိုင်ထားခဲ့သော ဆိုင်ကယ်လက်ကိုင်များအားလုံးကို လွှတ်ပစ်လိုက်ပြီး…ဘယ်သူမှမရှိတော့တဲ့ နေရာတစ်ခုကို ကျွန်မရောက်သွားခဲ့ပါသည်..။ ထိုအချိန် ကျွန်မရဲ့စိတ်တွေက ဟိုးအဝေးဆုံးက ကျွန်မရဲ့ချစ်သူဆီကို ရောက်ရှိသွားခဲ့ပြီ…။ တစ်ဆယ့်ငါးမိနစ်ခန့်အထိ ကျွန်မရဲ့စိတ်တွေ ငြိမ်သက်သွားခဲ့ပြီး အဝေးဆီကို ရောက်သွားခဲ့ရသည်။ အတန်ကြာတဲ့အခါ ကျွန်မရဲ့မျက်လုံးကလေးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့… ဆိုင်ကယ်လေးက ဟိုက်ဝေးလမ်းမကြီးပေါ်တွင် တရွေ့ရွေ့နဲ့ရွေ့လျားနေခဲ့သည်.. ကျွန်မ ဘာတွေဖြစ်သွား ခဲ့ပြီလည်း…ဘာဖြစ်သွားတာလဲလို့ အဖြစ်အပျက်တစ်ခုကို စဉ်းစားမိချိန်…
“မမရယ်…ကျွန်တော် မစီးရဲတော့ဘူး”
“ကျွန်တော်ပဲ မောင်းတော့မယ်….မမ နောက်ကလိုက်ခဲ့တော့”
“အခန့်မသင့်လို့ပါ မောင်လေးရယ်…အဲ့လောက်လည်းတွေးကြောက်မနေပါနဲ့နော်၊ မမဘဲ မောင်းပါ့မယ်”
အချိန်ခဏလေးအတွင်းမှာ ကျွန်မ သေသွားခဲ့သလို ခံစားလိုက်ရသည်…ကျွန်မ ဘာကြောင့်မသေခဲ့လည်း ဆိုတာကိုလည်း နားလည်ခဲ့ရသည်….ကျွန်မ ယုံကြည်စွာနဲ့ပူဇော်ခဲ့တဲ့ ဗုဒ္ဓရဲ့ ထက်မြက်တဲ့ဂါထာတော်တွေ ကြောင့်ဆိုတာ သိခဲ့ရသည်…ထိုအချိန်… ကျွန်မရဲ့ စိတ်လို့ပြောလို့ရတဲ့ လိပ်ပြာလေးတစ်ကောင်သည်လည်း…. ကျွန်မရဲ့ နောက်ဆုံးရင်ခုန်သံရှိရာဆီသို့ ပြေးထွက်ခဲ့တော့သည်။ အကယ်၍သာ ကျွန်မ အချိန်တိုအတွင်းမှာ သေဆုံးသွားခဲ့လျှင် ကျွန်မရဲ့ လိပ်ပြာကလေးဟာ ချစ်သူရဲ့အနားမှာ ရင်ခုန်သံအစစ်တွေနဲ့အတူ ၀ဲပျံနေပါတော့ မည်လား….. ရင်ခုန်သံလိပ်ပြာလေး ၀ဲပျံနေခဲ့ရင် ကျွန်မရဲ့ချစ်သူကရော သိနိုင်ပါအုံးမည်လား….။

နေခြည်သစ်နွယ်(ပြည်)

No comments: