Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“တန်ဘိုးရှိသော အမေ့ရဲ့အမွေ”


 
 ဒီနေ့ အမေနေမကောင်း၍ အမေ့ရဲ့ကိုယ်စား ကျွန်မ ဈေးကူထွက်ပေးရတော့မည်၊ ကျွန်မရဲ့အလုပ်တွေက တဖက်၊ အမေနေမကောင်းတာကတမျိုး၊ ဈေးထွက်ဖို့တွေနဲ့ ကျွန်မ အစောကြီးထရပေအုံးမည်၊ ဈေးထွက်တယ် ဆိုပေမယ့်လည်း အခြားသူတွေလို ဆိုင်ခန်းကြီးကြီးတွေဖွင့်ပြီး ရောင်းချရခြင်းမျိုးမဟုတ်၊သာမာန်ခေါင်းရွက်ဗျက်ထိုးရောင်းရသော ဈေးသည်ဘ၀သာဖြစ်သည်၊ ဒါပေမယ့် ကျွန်မတို့ကို အမေက မိုးမလင်းခင် အိပ်ရာထပြီး ရွာရိုးကိုးပေါက်လျှောက်၊ ရာသီဥတုမရွေး၊ ခြေထောက်ပေါက်အောင် ရောင်းချခဲ့ပြီး ဘွဲ့ရပညာတတ် တစ်ယောက်ဖြစ်လာအောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်၊ အဖေပင်ရှိခဲ့သော်လည်း အမေ့ရဲ့ မောင်တထမ်း၊ မယ်တရွက်ဆိုသလို မိန်းမကောင်းပီသတဲ့စိတ်နဲ့၊ ခြေဆုံးခေါင်းဆုံးသနပ်ခါးအဖွေးသားနှင့် အခန့်သား ထိုင်မစား ဘဲ၊ အမေတတ်သည့် ဈေးရောင်းအတတ်ပညာလေးဖြင့် ဟင်းဘိုးရရ၊ ထမင်းဘိုးရရဆိုသလို ရှာဖွေကျွေးမွေး ခဲ့သည်…အမေရောင်းချသည့် ကုန်ပစ္စည်းက “စားတော်ပဲပြုတ်”…

“စားတော်ပဲပြုတ်”ဆိုလျှင်ပင် လူတွေကအထင်အမြင်သေးခဲ့ကြသည်၊ သို့ပေမယ့် ကျွန်မတို့မိသားစုအတွက် တော့ ပုံမှန်ဝင်ငွေလေးပင် နေ့စဉ်လိုအိမ်စရိတ်လေးကို အမေက ထိန်းသိမ်းပေးခဲ့သည်၊ အမေရောင်းချတဲ့ ပဲပြုတ်က အခြားဈေးသည်တွေရောင်းချတဲ့ အရသာနဲ့မတူဘဲ အရသာအရမ်းရှိကြောင်း စားသုံးသူတွေ ပြောပြခဲ့ တာ ကျွန်မကြားဘူးခဲ့သည်…။
ဒီနေ့တော့ အမေသင်ပေးတဲ့ နည်းလမ်းလေးအတိုင်း “စားတော်ပဲပြုတ်”ကို ကျွန်မကိုယ်တိုင်ပြုတ်၍ ရွာရိုး ကိုးပေါက်လျှောက်လည်ပြီး ရောင်းရပေအုံးတော့မည်..အမေနေမကောင်း၍ စားသုံးသူဖောက်သည်ပျက်သွား မည်စိုးတာကတကြောင်း၊ နေ့စဉ်ပုံမှန်ဝင်ငွေရရှိရေးအတွက်ကတကြောင်းမို့ ဈေးရောင်းထွက်ခဲ့ရတော့သည်..။
ငယ်စဉ်ကတည်းက အိမ်မှုကိစ္စ၊ ကျောင်းတက်ရသည့်ကိစ္စတွေမှလွဲ၍ ဘာမှမလုပ်ခဲ့ရသော ကျွန်မအတွက် အခက်အခဲကြုံလာရတော့ပါသည်..ပဲပြုတ်တောင်းကိုရွက်ဖို့ အခက်အခဲတခုဖြစ်ရသည်…ကျွန်မအမေက ပဲပြုတ် တောင်းကို လက်ကမကိုင်ဘဲ အသာကလေးခေါင်းပေါ်တင်လို့ အဆင်ပြေပေမယ့်..ကျွန်မမှာတော့ ဈေးတောင်း တခုကို ပြုတ်ကျမှာစိုး၍ လက်နှစ်ဖက်ဖြင့် သေသေချာချာလေး ကိုင်ထားခဲ့ရသည်… ပဲပြုတ်တောင်းလေးကို ခေါင်းပေါ်တင်လိုက်တဲ့အချိန်မှာတော့ ကျွန်မစိတ်ထဲ ရှက်သလိုပင်ဖြစ်လာတဲ့စိတ်တစ်ခုက ကျွန်မရင်ထဲ အလိုလိုရောက်လာခဲ့သည်..သို့ပေမယ့်..“ငါ့အမေအတွက် လုပ်နေတာပဲ”ဆိုတဲ့ အသိစိတ်တွေက ရှက်တဲ့ စိတ်တွေကိုပင် ဖုံးလွှမ်းနေခဲ့ပါသည်…ကျွန်မဈေးရောင်းသွားမယ့်အချိန် အမေ အိပ်ရာကမနိုးသေး… အမေ့ ခြင်ထောင်လေးထဲဝင်ပြီး….
“အမေ…သမီး ဈေးရောင်းသွားတော့မယ်နော်”
“အေးအေး သမီးလေး”
ရွာထဲအ၀င်အစကနေ ကျွန်မ အောက်လိုက်သည်..
“စားတော်ပဲပြုတ်…”
ဟိုဘက်အိမ်က၊ ဒီဘက်အိမ်ကဆိုသလို ခေါ်ကြသည်..
“လာပါအုံး…”
“ဟင်…ဒီနေ့ ညည်းအမေ မလာဘူးလား”
“ဟုတ်ကဲ့…အမေ နေမကောင်းလို့ပါ အန်တီ”
“ဟယ်..ဒါဆို ဒီနေ့ ညည်းပြုတ်တာပေါ့…ဟယ် ပြုတ်တတ်သားပဲ”
“ဟုတ်ကဲ့ပါအန်တီ”
ဒီလိုနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ရောင်းလိုက်တာ ကျွန်မဈေးတောင်းလေးထဲက ပဲပြုတ်တွေကုန်သွားပြီး ပိုက်ဆံလေးတွေရလာလို့ ကျွန်မအရမ်းပျော်ခဲ့ရသည်…ရွာထဲမှ ၀ယ်သူတွေက တတွတ်တွတ်နဲ့ဆိုသလို ကျွန်မကို ချီးမွမ်းစကားဆိုကြသည်..အမေ့အတွက် မုန့်ဟင်းခါးတစ်ထုပ်ဝယ်ပြီး အိမ်ပြန်လာခဲ့သည်…။
“အမေရေ…အမေ”
“သမီး…ဈေးရောင်းရတာ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ် အမေရဲ့”
“အမေ့သမီးကိုလေ ရွာထဲကလူတွေက ပြောကြတယ်”
“ဘာများလဲသမီးရဲ့”
“အော်”…“ဟယ်.. အမေ့သမီးက ဘွဲ့ရပညာတတ်ဆိုပေမယ့် ဒီလိုခေတ်ကြီးထဲမှာ ဈေးတောင်းခေါင်းပေါ်ရွက်ပြီး လည်း ရောင်းရဲသားပဲတဲ့လေ…ပြီးတော့လေ ခုလိုခေတ်ကြီးမှာ ပညာတတ်ပြီး ဒီလိုလုပ်ရဲတဲ့သူမရှိဘူးတဲ့လေ… သမီးကိုတော်တယ်တဲ့လေ…ပြီးတော့ လိမ္မာတယ်တဲ့လေ”
“အမေ့သမီးလေးက လိမ္မာသလို တော်လည်းတော်ပါတယ်ကွယ်”
ကျွန်မအတွက် ပထမဦးဆုံးနဲ့ တသက်တာအတွက် ပီတိတစ်ခုဖြစ်ခဲ့ရသည်..အမေ့ရဲ့နာမည်ဂုဏ်ပုဒ်လေးနဲ့သာ ဈေးရောင်းကောင်းခဲ့သည်..အမေ့ရဲ့သမီးဖြစ်ခွင့်ရတာ ဂုဏ်ယူခဲ့မိသည်…ကျွန်မအလုပ်ချိန်တွေမှာ အမေ့အလုပ် တွေကို စာနာဘို့ အသိတရားတခုရခဲ့ပြန်သည်၊ အမေ့နေရာမှာဝင်နေရသလို ခံစားခဲ့ရသည်၊ ငွေကြေးတွေကို လည်း စနစ်ကျစွာ သုံးတတ်ခဲ့သည်၊ ခက်ခက်ခဲခဲနဲ့ရှာဖွေခဲ့ရတဲ့အတွက်လည်း ပိုပြီးတန်ဘိုးထားခဲ့ရသည်..။
ကျွန်မတို့အမေ…နွေရာသီနေပူပူ၊ မိုးရွာချိန် အခြားသူတွေ လမ်းမပေါ် မိုးရေစိုမည်စိုး၍ အပြင်မထွက်ချိန်တွေမှာ အမေက ခမောက်ကလေးဆောင်းပြီး တကိုယ်လုံးမိုးရေတွေဖြင့်… ဆောင်းရာသီအေးမြတဲ့အချိန် အခြားသူတွေ အိပ်ရာထဲအိပ်စက်ချိန်ကောင်းနေတုန်း အမေကတော့ မီးဖိုဘေးမှာ၊ ဥတုသုံးပါးမရွေး ရှာဖွေကျွေးမွေးခဲ့တဲ့ အမေ့ရဲ့ကျေးဇူးတွေ၊ မေတ္တာတွေက ကျွန်မအတွက်တော့ အနှိုင်းမဲ့ဖြစ်ခဲ့ရပါသည်…၊ ရောင်းခဲ့ရသမျှဈေးဘိုးတွေ ကို အရင်းနှုတ်၊ အမြတ်ချန်၊ စုဘူးလေးထဲထည့်၊ စားဘို့လည်းချန်နဲ့၊ အမေ့ရဲ့နေရာမှာ အမေ့ကိုယ်စား ကျွန်မ အချိန်ခဏလေးဝင်ခဲ့ရသည်…။
ရက်သတ္တပတ်ဆိုသလို ဈေးရောင်းတဲ့အလုပ်လေးမှာ ကျွန်မပျော်မွေ့လာခဲ့သည်..ရှက်တဲ့စိတ်တွေလည်း မရှိခဲ့တော့ပါ..ကျွန်မဟာ အမေသင်ပေးတဲ့ အတတ်ပညာတွေနဲ့အတူ အမေ့ရဲ့ တန်ဘိုးရှိတဲ့အမွေဖြစ်တဲ့ အမေ တသက်လုံးလုပ်ခဲ့တဲ့ ဒီအလုပ်လေးကို အမေကပေးတဲ့အမွေတစ်ခုရယ်လို့ သတ်မှတ်ခဲ့မိပါသည်..။
တစ်နေ့…ကျွန်မ ဈေးရောင်းအပြန်မှာတော့ အမေက…
“သမီး”
“ရှင်..အမေ”
“မနက်ဖြန်ကစပြီး အမေဈေးထွက်တော့မယ်၊ သမီး အလုပ်ပြန်ဆင်းတော့နော်”
“အို..အမေကလည်း ရပါတယ်…ဈေးရောင်းပြန်တာက (၇)နာရီလေအမေရဲ့…ရေမိုးချိုးပြီး အလုပ်သွားလည်း ရပါတယ်..ထမင်းချိုင့်လည်း သမီး အစောကြီးလုပ်ပြီးပြီလေ”
“သမီးလေးရယ်…အမေ့စကားနားထောင်စမ်းပါ၊ အမေက နေမကောင်းလို့သာ ငါ့သမီးလေးကို ခိုင်းရတာပါ၊ တကယ်ဆို ငါ့သမီးလေးနဲ့ ဒီအလုပ်နဲ့ မတန်ပါဘူး၊ အမေသင်ပေးထားတဲ့ပညာတွေနဲ့ ငါ့သမီးလေးဘ၀ကို မြှင့်တင်ပါ..ပြီးတော့ ငါ့သမီးလေးက ဘွဲ့ရပညာတတ်တစ်ယောက်၊ လက်ရှိမှာလည်း အလုပ်အကိုင်နဲ့လေ၊ အမေတို့ဆိုတာက ပညာမတတ်ခဲ့လို့သာ ခုလိုဈေးရောင်းနေရတာ…”
“အမေရယ် ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ…အဲ့ဒီလိုမပြောပါနဲ့နော်…အမေ ဒီအလုပ်လေးနဲ့ ရှာဖွေကျွေးမွေးခဲ့လို့ သမီးလည်း ဒီလိုနေနိုင်တာပါ…ဒီလိုသူများနည်းတူနေနိုင်တာက အမေ့ကျေးဇူးတွေပါ…သမီး အခု ဈေးရောင်းရ တာ ပျော်ပါတယ်အမေရဲ့…ပိုက်ဆံလည်းရတယ်လေ”
“သမီးလေး…အမေ့စကားကိုနားထောင်ပါ..အမေ့သမီးက အဆင့်အတန်းမြင့်တဲ့အလုပ်အကိုင်ရှိတယ်နော်… အမေ့သမီးလေး ဈေးရောင်းစရာမလိုပါဘူး…အမေပဲရောင်းမယ်..ဟုတ်ပြီလား”
“အမေရယ်….”
ကျွန်မလေ အမေ့ရဲ့ရင်ခွင်လေးကို တိုးဝင်ရင်း အမေ့ရဲ့မေတ္တာတွေကို ပိုပိုပြီးနားလည်လာခဲ့ရသည်… ပိုပြီးတော့လည်းလေးစားပြီး ချစ်ခဲ့ရသည်..အမေဟာ ဘာတွေပဲဖြစ်ဖြစ် ကျွန်မကို အမြင့်ဆုံးရောက်အောင် ပို့ပေးခဲ့သည်၊ အမေ့ရဲ့မေတ္တာတွေကြောင့်သာ ကျွန်မ လူ့လောကမှာ ပြီးပြည့်စုံခဲ့ရသည်၊ အမေပေးခဲ့တဲ့ အမွေဟာ ကျွန်မအတွက်တော့ ဘ၀တသက်လုံးအတွက် ထာဝရအလင်းရောင်လေး ဖြစ်နေခဲ့ပါပြီ…ကျွန်မ အတွက်တော့ အမေပေးတဲ့ အမေ့ရဲ့မေတ္တာအမွေအနှစ်တွေကို ခံယူခွင့်ရခဲ့တဲ့အတွက် ဘ၀မှာလျှောက်လှမ်းဖို့ ခရီးလမ်းတွေထဲမှာ ခက်ခဲနေခဲ့ပေမယ့်လည်း မေတ္တာတရားဆိုတဲ့ အမေ့ရဲ့ အသီးအပွင့်လေးတွေကြောင့် ကျွန်မဘ၀လေး ဖြောင့်ဖြူးသာယာလို့နေခဲ့ပါတော့သည်…အဲ့ဒီအသီးအပွင့်လေးတွေဟာ…ကျွန်မခံယူမိခဲ့တဲ့ အမေ့ဆီကရခဲ့တဲ့…. အမေကပေးခဲ့တဲ့ တန်ဘိုးမဖြတ်နိုင်တော့တဲ့ အမွေအနှစ်တစ်ခုဖြစ်နေခဲ့ပါတော့သည်။
“ချစ်သောအမေများကို ဤ၀တ္ထုတိုလေးဖြင့် လက်ဆယ်ဖြာထား ဦးထိပ်မှာထားလျှက်ဖြင့်”……
“ကိုယ်တိုင်ခံစားရေးဖွဲ့သည်”
နေခြည်သစ်နွယ်(ပြည်)

No comments: