Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“မိခင်နှင့်တူသော”

“မိခင်နှင့်တူသော”

အေးဆေးတည်ငြိမ်စွာနေတတ်ပြီး အရာရာမှာ နားလည်ပေးခဲ့သူ၊ မိသားစုတွေအပေါ်မှာ သိတတ်သူ ဘ၀ကပေးလာတဲ့ဝန်ထုပ်ဝန်ပိုးဆိုပေမယ့်လည်း ကျွန်မအတွက်တော့ ကုသိုလ်တစ်ခုလို့မှတ်ယူတတ်ခဲ့ပါပြီ၊ မိခင်ဆိုတဲ့နေရာလေးကို မရောက်လာသေးမယ့်လည်း မိခင်နဲ့တူသောစိတ်တွေ၊ စေတနာတွေ၊ မေတ္တာတွေ အရာအားလုံးက ကျွန်မကို ရင့်ကျက်စေခဲ့သူတစ်ယောက် ဖြစ်စေခဲ့ပါပြီ…
ခုလည်း ကျွန်မအတွက် မမျှော်လင့်သော ကံကြမ္မာတရားတစ်ခုက ရိုက်ခတ်လို့လာပြန်ပါပြီ၊ တနေမကုန်ခင် မောင်လေးပြန်မလာတဲ့အခါ စိုးရိမ်ပူပန်တဲ့စိတ်တွေက မီးတောက်တစ်ခုလို ပူဆွေးနေရပါပြီ… ဘယ်များသွားလိုက်တာလဲ.. ဘယ်သူတွေနဲ့များသွားနေသလဲ… ဘာတွေများလုပ်နေသလဲဆိုတဲ့စိတ်တွေက ကျွန်မရင်ကို လှုတ်ခတ်စေခဲ့ပါတယ် အချိန်တွေသာစောင့်ရင်းကုန်ဆုံးခဲ့ပြီ မောင်လေးပြန်မလာတော့ပါ၊

ကျွန်မ ငိုရမှာလား၊ ဒါမှမဟုတ် ရယ်နေရမလားဆိုတာလည်း ဝေခွဲမရတော့ပါ…ဒီအချိန်မှာဘဲ ကျွန်မဆီကို ရောက်လာခဲ့သူတွေကတော့….
“ပန်းဝေနဲ့တွေ့ချင်လို့ပါရှင်…”
“ဟုတ်ကဲ့…ကျွန်မ ပန်းဝေပါရှင်”
“ညည်းမောင်လေးရော….”
ကျွန်မသိလိုက်ပါပြီ ဘယ်သူဘယ်ဝါဆိုတာ အတိအကျမပြောနိုင်ပေမယ့် သမီးတွေရဲ့ မိခင်တစ်ဦးဆိုတာကို နားလည်လိုက်ပါပြီ….။
“ဟုတ်ကဲ့ပါ အန်တီ…”
“ကျွန်မလည်း တစ်နေ့လုံး စိတ်ပူနေခဲ့တာပါ၊ အပြင်ကိုခဏဆိုပြီးထွက်သွားတာပါပဲ၊ အန်တီ့သမီးနဲ့ အောင်စာရင်းသွားကြည့်မယ်ဆိုပြီး ထွက်သွားတာပါ..ခုချိန်ထိဆိုရင်တော့ သေချာသလောက်ပါပဲ… ခိုးရာလိုက်ပြေးသွားပြီထင်ပါတယ်”
“ဘယ်လိုလုပ်ကြမလဲ…”
“အန်တီရယ်….ကျွန်မလည်းမတတ်နိုင်ဘူးလေ….သူတို့က ဖုန်းလေးတောင်မှ ဆက်ဖော်မရခဲ့တာ… ကျွန်မ တို့လည်းလိုက်ရှာပါတယ်…သတင်းရတာနဲ့ ချက်ချင်းအကြောင်းပြန်ပေးပါ့မယ်နော်”
သမီးရှင်ဆိုပြန်တော့လည်း ပူပန်နေမယ်ဆိုတာ ကျွန်မစာနာမိပြန်ပါတယ်၊ ဒါပေမယ့်လည်း လိုက်သွားသူတွေကလည်း ကလေးသာသာ၊ ကျွန်မဆီကိုလိုက်လာကြတဲ့သူတွေက ယောက်ျားတွေအများကြီး ၀ိုင်းလာပြီး ကျွန်မမောင်လေးကိုများ ရိုက်ကြတော့မလား ထုကြတော့မလားဆိုတဲ့ပုံစံတွေ၊ ခုချက်ချင်းသာတွေ့ခဲ့ရင် သူတို့ ဘာလုပ်ကြမည်နည်း၊ သမီးရှင်က လိုက်ရှာတာ ဒီလိုအမူအယာတွေနဲ့ ကျွန်မရဲ့ ဘ၀မှာ မမြင်တွေ့ဘူးခဲ့လို့ အထူးအဆန်းဖြစ်ပြီး သောကတွေရော၊ ဗျာပါဒတွေပါ ရောထွေးနေခဲ့ပြီး ခေါင်းငိုက်စိုက်သာချလိုက်မိပါတော့သည်….
ကျွန်မရဲ့စိတ်ထဲ အတွေးတွေဝင်လာမိပြန်သည်၊ မောင်လေးရယ် ဟိုးငယ်စဉ်တည်းက မမက ဒါဆိုဒါပဲလုပ်တတ်တဲ့မောင်လေး ခုတော့ ဘာလို့များ ဒီလိုလုပ်သွားခဲ့ရတာလည်းဟင်၊ မမတို့ ဘယ်လောက်တောင် စိတ်ပူနေမလဲဆိုတာကို သိခဲ့ရင် ဘယ်လောက်များကောင်းမလဲနော်…. တွေးရင်းနဲ့ဆိုသလို မထိန်းချုပ်နိုင်သောမျက်ရည်စတွေက မျက်ဝန်းအိမ်မှာစိုရွှဲနေသလို ရှိုက်ကြီးတငင်နဲ့ပင် ကျွန်မငိုကြွေးခဲ့ရပါတော့သည်….
အလုပ်ထဲကနေအိမ်အပြန် ရောက်လာကြသော သမီးရှင်တွေက တညလုံးဆိုသလိုပင်၊ သမီးရှင်တို့ပြုသမျှ အမူအယာတွေက ကျွန်မအတွက်တော့ ခါးသီးတဲ့အပြုအမူမျိုးတွေပင်….
“အစ်မ..အစ်မတို့သိရင်လည်း ပြောပြပါ၊ ကျွန်တော်တို့ဘက်က ကလေးတွေကို ပေးစားမှာပါ၊ ဘာမှလည်းမလုပ်ပါဘူး”
“မဟုတ်ပါဘူးရှင်…ကျွန်မတို့က ဘာကြောင့်ဒီလိုလုပ်ရပါ့မလဲ”
ကျွန်မရဲ့မိဘတွေ သမီးရှင်တွေရဲ့အလယ်မှာ မျက်နှာငယ်ရတာကိုကြည့်ပြီး စိတ်ထဲမချမ်းမမြေ့ဖြစ်လာရသည်၊ မောင်လေးကိုစိတ်ဆိုးရမလား၊ ဘယ်သူ့ကိုအပြစ်တင်ရမလဲဆိုတာ ကျွန်မအတွက်တော့ အစိုင်အခဲတစ်ခုပင်… တစ်ညလုံးပဲဆိုသလို ပြန်လာလေမလားဆိုတဲ့အသိစိတ်၊ စိုးရိမ်စိတ်တွေနဲ့အတူ မစားနိုင်မသောက်နိုင် ဖြစ်ခဲ့ရသည်က ကျွန်မနဲ့အတူ မိဘတွေပေါ့၊ မောင်လေးတွေကို သိပ်ချစ်ခဲ့တာ မိဘတွေအသိဆုံး ဖြစ်ခဲ့တာမို့ မိဘတွေလည်း မကြည့်ရက်နိုင်ကြပြီ…။
နောက်တစ်နေ့မနက်ခင်းလေးမှာတော့…ကျွန်မမောင်လေးရဲ့သူငယ်ချင်းဆိုသူ ကျော်ဇင်သော် ရောက်လာခဲ့ သည်…
“အစ်မ..”
“ဟယ်..မောင်လေး…လာ…လာ…ထိုင်ပါအုံး”
“ဟုတ်ကဲ့…အစ်မ”
“ညကလေ အစ်မမောင်လေးတို့ ကျွန်တော့်အိမ်ကိုလာကြတယ်…သူတို့ တခြားမြို့ကို ဆက်သွားမယ်ပြောတယ်..၊ ပိုက်ဆံကလည်းမပါဘူးတဲ့၊ ကျွန်တော့်ဆီက ပိုက်ဆံချေးသွားတယ်၊ လူကြီးတွေကိုလည်း ကြောက်လို့တဲ့လေဗျာ….ကျွန်တော်ကတော့ တားပါသေးတယ်…ဒါပေမယ့် နောက်နေ့မှ ပြန်လာမယ်ပြောကြတယ်ဗျ..”
“ဖြစ်မှဖြစ်ရလေမောင်လေးရယ်….”
“ဒါဆိုလေ မောင်လေး…အမကို တခုလောက်ကူညီပါနော်”
“ဒီမှာရော့ ပိုက်ဆံ…သူတို့ကိုပေးပေးပါနော်….လောလောဆယ်တော့ အစ်မမှာ ဒါပဲပါလာတယ်၊ မောင်လေးဆီက ချေးထားတာရော ဘယ်လောက်လဲ၊ အစ်မပြန်ပေးမယ်နော်”
“ရပါတယ် အစ်မရယ်”
ပြောပြောဆိုဆိုနှင့်ပင် ကျွန်မ၀မ်းသာသွားခဲ့ရသည်၊ ချက်ချင်းဆိုသလိုပင် ကျွန်မမိဘတွေကို ဖုန်းလေးတစ်ချက်ဆက်ခဲ့ပြီး မောင်လေးကို ရှာပုံတော်ဖွင့်ခဲ့ရတော့ပါသည်…။
နောက်တစ်နေ့အိမ်ပြန်ချိန်မှာတော့….
“အစ်မရေ…”
ကျွန်မ နားစွင့်မိလိုက်သည်၊ ဒါ ..ကျွန်မမောင်လေးရဲ့အသံမဟုတ်လား..
“ဘယ်သူလဲဟေ့…..မောင်လေးမဟုတ်လားဟင်…”
“အစ်မရေ…အစ်မယောင်းမကလေ…အစ်မကိုကြောက်လို့တဲ့လေ”
ကျွန်မအပြေးကလေးတက်သွားတော့…ဟုတ်ပါသည် မောင်လေးနဲ့ညီမလေးကိုတွေ့ရသည်….ကျွန်မရင်တွေ ဒိုင်းကနဲနေအောင် ပျော်ရွှင်ခဲ့ရသည်..ကျွန်မတောင် ဒီလောက်ဖြစ်နေရင်…ကျွန်မမိဘတွေ ဘယ်လောက်များ ပျော်လိုက်မလဲလို့ တွေးရင်း ပီတိမျက်ရည်ကျခဲ့ရသည်….
“ဘာလို့လဲ ညီမလေးရယ်၊ အစ်မက မောင်လေးနဲ့ညီမလေးကို ဘာမှမလုပ်ပါဘူး၊ ဆူလည်းမဆူဘူး၊ စိတ်လည်းမဆိုးဘူးနော်”
ကျွန်မပြောလိုက်သည်မှ မောင်လေးနဲ့ညီမလေးတို့ အပြုံးပန်းမျက်နှာဝေဆာနေခဲ့ကြသည်…. သမီးရှင်တို့ရဲ့အပြုအမူတွေ ကြမ်းတမ်းခဲ့ပေမယ့် ကျွန်မဘ၀မှာ ယောင်းမဆိုတဲ့သင်္ကေတလေးကို စာသားလို့သာ ထင်မှတ်ခဲ့ရပြီး ညီမလေးတစ်ယောက်ရလိုက်ပါလားဆိုတဲ့အသိတွေက အပျော်တွေကိုပေး စေခဲ့ပါတယ်…..။
ပြဿနာတစ်ခုပြီးသွားခဲ့ပေမယ့် တစ်ခုကဆက်ရအုံးမယ်ဆိုတာ ကျွန်မဦးနှောက်ထဲမှာ ၀င်ရောက်နေရာယူခဲ့ပြန်ပါပြီ၊ အရာရာမှာ ဦးဆောင်နေခဲ့ရတဲ့ ကျွန်မတစ်ယောက် ဦးနှောက်တွေ၊ စိတ်တွေ၊ ပညာတွေ အားလုံးကိုအသုံးချရတော့မယ်၊ သမီးရှင်တွေ ဘာတွေပြောလာမယ်၊ ဘယ်လိုတွေဖျက်ဆီးကြအုံးမယ်ဆိုတာ ကျွန်မမသိနိုင်ခဲ့ပါဘူး….
နောက်တစ်နေ့ရဲ့နံနက်ခင်းမှာတော့…ကျွန်မမြင်တွေ့လိုက်ရသည်က သမီးရှင်တို့…
“ကဲ သားလေး၊ ဦးတို့နဲ့တခါတည်းလိုက်ခဲ့မလား၊ ဒါမှမဟုတ် ဦးသမီးကိုပဲခေါ်သွားရမလား..”
မျက်နှာငယ်လေးဖြင့်ကြည့်နေရှာသော မောင်လေးက ကျွန်မဆီကို ဦးတည်ပြီးကြည့်နေပါပြီ… ကျွန်မစဉ်းစားနေမိသည်က..မိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက် ခိုးရာလိုက်ပြေးခဲ့လျှင် ပြန်လည်အပ်နှံ ပေးပြီး မင်္ဂလာဆောင်ပေးကြသည့်အစီအစဉ်လုပ်ဆောင်ပေးခြင်းဟာ ဓလေ့ထုံးစံတစ်ခုပါ..ခုတော့ ယောက်ျားလေးတစ်ယောက်က မိန်းကလေးကို ပြန်လည်အပ်နှံဖို့ရာ မစီစဉ်ရသေးဘဲ လာခေါ်ကြတယ်ဆိုတော့ ကျွန်မစိတ်ထဲ အံ့အားသင့်ခဲ့ရသည်…ဟူး…ကျွန်မ သက်ပြင်းရှည်လေးတွေ မသိမသာချလိုက်မိပြီး မပြောသာတော့ပြီ…..
မိသားစုကိစ္စအရေးတွေရှိနေခဲ့ပေမယ့်လည်း ကျွန်မကိုထမင်းကျွေးတဲ့အလုပ်ကိုတော့ ကျွန်မလုပ်ရအုံးမည်၊ ကျွန်မအလုပ်သွားဖို့သာပြင်နေမိပါတော့သည်…။
အလုပ်ထဲရောက်ချိန်မှာတော့ စိတ်ကမပျော်နိုင်…ဘာတွေများဖြစ်လာအုံးမည်လည်းဆိုတဲ့စိတ်တွေက စိုးရိမ်ခြင်းတွေကိုဖြစ်စေခဲ့ပါပြီ…သောကတွေ၊ ဗျာပါဒတွေက ကျွန်မကိုနှိပ်စက်ခဲ့တာ နှစ်လဆိုတဲ့အချိန်ကာလ လေးကိုတောင် ရောက်လာခဲ့ပါပြီ…။
နှစ်လအကြာမှာတော့……
“အစ်မရေ….အစ်မယောင်းမ အိမ်ပေါ်ရောက်နေပြီ”
“ဟင်…”
အံ့သြမှုတို့က ကျွန်မဆီမှာ…အကြောင်းစုံကိုသိချင်စိတ်က ရင်ထဲမှာအပြည့်…
“အစ်မ…အစ်မယောင်းမကိုချစ်တယ်မလား”
“အင်းပေါ့ မောင်လေးရယ်….မောင်ကိုချစ်တယ်ဆိုမှတော့ ယောင်းမကိုလည်းချစ်ရမှာပေါ့…ပြီးခဲ့တာတွေကို နောက်ပြန်လှည့်မကြည့်ဘဲ ခွင့်လွှတ်အပြုံးတွေနဲ့ပဲ ကြိုဆိုကြတာပေါ့နော် မောင်လေး….”
“ဒါဆို…အစ်မတို့ဘဲ…မင်္ဂလာရက်သတ်မှတ်လိုက်တော့နော်..”
“အေးပါ..မောင်လေးရယ်”
မောင်လေးနဲ့ညီမလေးတို့ မင်္ဂလာဆောင်တော့မယ်ဆိုတော့ ၀မ်းသာသည်ကတစ်မျိုး၊ ၀မ်းနဲသည်ကတစ်မျိုးနဲ့ ခံစားနေရသည်က ကျွန်မမဟုတ်ပါလား..ငယ်စဉ်တည်းက မိဘနဲ့မခြား မိဘထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ ကျွေးမွေးစောင့်ရှောက်လာခဲ့တာ..ခုတော့လည်း အတောင်တွေစုံလာတော့ ပြန်ကြတော့မှာပေါ့လေဆိုပြီး တွေးရင်းနဲ့ မျက်ရည်စတွေက၀ဲလို့လာခဲ့ပြန်ပါသည်….။
မင်္ဂလာဆောင်မယ်ဆိုပြန်တော့…တကယ်ဆို ကျွန်မက အတွေ့အကြုံမရှိသူ…ကျွန်မရဲ့မောင်လေးက ပထဦးဆုံးဈေးဦးဖောက်သူဆိုပြန်တော့ ရှိလာတဲ့တာဝန်ဝတ္တရားတွေက ကျွန်မခေါင်းပုံခဲ့ရသည်… မထူးတော့ပါဘူးလေဆိုပြီး ကျွန်မကိုယ်တိုင်ပဲ သတို့သမီးဝင်လုပ်နေမိပါတော့သည်….။
မင်္ဂလာဆောင်ဆိုတာကတော့ ထင်ထားသလောက်မလွယ်ပါဘူး..ကျွန်မအတွက်တော့ ကိုယ်တိုင် ကိုယ်ကျဆောင်နေရသလိုပါပဲ အရမ်းကိုပင်ပန်းလွန်းပြီး၊ အကွက်ကျအောင်စီစဉ်နိုင်ကာရယ်မှ တော်လောက်ရုံပင်၊ ဈေးဝယ်ထွက်သည်ကမှအစ သတို့သမီးတို့ရဲ့ ဝေယျာဝစ္စသည့်တိုင်အောင် မလွယ်ကူပါဘူး၊ ဘာတွေများလိုအပ်မလဲလို့…ပြည့်စုံမှပြည့်စုံရဲ့လားလို့ စိုးရိမ်စိတ်တွေကတစ်မျိုးပေါ့… မင်္ဂလာပွဲလေးရောက်လာသူဧည့်သည်တွေကတော့ ခန်းမလေးဝင်ပြီဆိုကတည်းက ဝေဖန်မျက်လုံးလေးတွေက ထိပ်ဆုံးကနေရာယူထားကြသည်သာပေါ့….ကျွန်မက သတို့သမီးရဲ့အ၀တ်အစားအရောင်အသွေးကမှအစ စီစဉ်ပေးခဲ့ရသူအဖို့ အဆင်မှပြေလေရဲ့လားလို့ တွေးရတာ ရင်အမောပါပဲ….ဟယ်…သတို့သမီးဝတ်စုံလေးက လှလိုက်တာ….အဲ့ဒီလိုအသံလေး၊ စကားလေးတစ်ခွန်းကြားနိုင်ဖို့အရေး ကျွန်မခေါင်းတွေခဲခဲ့ရပါသည်… ဒီကြားထဲ ကျွန်မနဲ့စရိုက်မတူတဲ့ သမီးရှင်တွေက ဘာတွေများပြောကြမလဲ…ကျွန်မရဲ့ညီမလေးကရော ဘာပြောမလဲ…..“ဟင် အစ်မဆင်ပေးထားတာက” အဲ့ဒီလို လူအများရဲ့ဝေဖန်ပြောဆိုမှု အဆိုးဆုံးတွေက လွတ်မြောက်အောင်လည်း ဖန်တီးပေးခဲ့ရသည်သာ….ဧည့်ခံပွဲမှာ လာရောက်ကြတဲ့ဧည့်သည်တွေအတွက် စားရေးသောက်ရေးအပြင် ဧည့်ခံရေးပိုင်းမှာအဆင်ပြေပါ့မလား….မောင်လေးနဲ့ညီမလေးကို တာဝန်တွေမလစ်ဟင်းစေရအောင် ဧည့်သည်တွေကို ဧည့်ခံတတ်ဘို့ သွန်သင်ပေးမိတာတစ်မျိုးရယ်နဲ့ အရာရာကို စိတ်ပူပင်တတ်မိနေခဲ့ပါပြီ…..။
“အစ်မကြီးတော့ အမိအရာ”ဆိုသလိုပါပဲ ကျွန်မအတွက်တော့ အရာရာမှာ မိခင်ဆိုတဲ့ မေတ္တာတရားတွေနဲ့အတူ မောင်လေးညီမလေးတို့အပေါ် စေတနာဗလပွတွေနဲ့ ရှေ့ဆက်ရမယ့် သူတို့ရဲ့အနာဂါတ်လမ်းတွေမှာ မိခင်နှင့်တူသောကျွန်မပန်းဝေ အနာဂါတ်အတွက် မျှော်လင့်ချက်တွေနဲ့ မျိုးဆက်သစ်တွေကို ဆုံးမသွန်သင်ရင်း ဆက်လှမ်းလို့လျှောက်ရအုံးမည်သာပေါ့…….။

နေခြည်သစ်နွယ်(ပြည်)

No comments: