Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“သူ့ကိုမှ ချစ်မိနေပါတယ်”

“သူ့ကိုမှ ချစ်မိနေပါတယ်”

မိုးဥတုရဲ့ ၀ဿန်ကာလကုန်ဆုံးချိန်နဲ့အတူ ရာသီအကူးအပြောင်းဖြစ်တဲ့ ပွင့်လင်းရာသီကိုရောက်ရှိလို့လာခဲ့ပြီ ရခိုင်ကမ်းရိုးတန်းရဲ့အလှအပက လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေကို စိတ်နှလုံးကြည်လင်စေပါတယ် သာယာလှပတဲ့ ညနေဆည်းဆာပင်လယ်ပြင်ကြီးနဲ့အတူ စားသောက်ဖွယ်ရာ ပင်လယ်စာ၊မြင်တွေ့ဘူးခဲ့ကြပေမယ့်လည်း အသွင်ထူးစရာကောင်းလှတဲ့ ချိုမြတဲ့အုန်းရေလေးကိုမှ သောက်ချင်သူတွေအတွက် စိတ်အပန်းဖြေစရာ ကမ်းခြေလေးတစ်ခုမဟုတ်ပါလား ကြည်နူးတို့မိသားစုလေးကတော့ မြို့နဲ့အလှမ်းဝေးတဲ့ မာန်အောင်ကျွန်းလေးမှာ တံငါလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်နေကြရသူတွေပေါ့…မိုးမလင်းခင် ကြည်နူးရဲ့ ဖခင်ဖြစ်သူက အပေါင်းအသင်းတွေနဲ့ ပိုက်ကွန်ကိုယ်စီယူဆောင်ပြီး စက်လှေအသီးသီးတွေနဲ့ ငါးဖမ်းတဲ့အလုပ်ကို တစ်နေကုန်ဆိုသလို လုပ်ကြရပါတယ် ကြည်နူးတို့ကတော့ အဖေ ငါးဖမ်းကပြန်လာတိုင်း စက်လှေတွေတန်းစီပြီးဝင်လာတာနဲ့အမျှ ရွာထဲမှာရှိကြတဲ့
သူငယ်ချင်းကောင်မလေးများအားလုံး ငါးတွေကို ကူသယ်ပေးကြရတယ်…
ကြည်နူးတို့နေတဲ့ကျွန်းလေးက ရွာနဲ့ဆိုရင်အဝေးကြီးပါပဲ လူကြီးသူမတွေက ရွာထဲမှာပဲ နေကြပြီး ကြည်နူးတို့လိုအရွယ်ကောင်းတဲ့သူတွေက ပင်လယ်ကမ်းစပ်နားမှာ တဲထိုးပြီးနေရတာပေါ့…
ညနေစောင်း နေ၀င်ရီရောဆို ကြည်နူးတို့ရွာလေးက ယောက်ျားလေးတွေရော မိန်းကလေးတွေရော ဗီဒီယိုတွေကြည့် စကြ နောက်ကျသည်များလည်း ရှိကြသည်သာ…..ရွာလေးက လျှပ်စီးမီးရောင်မရှိပေမယ့် ကြည်နူးတို့ နေ့စဉ်သွားနေကျလမ်းနေမို့ အမြဲသွားတတ်နေသည်….
တစ်နေ့တော့…..အမှတ်မထင်ဆိုသလို ကြည်နူးတို့ရွာလေးကို မြို့သားကြီးတစ်ယောက် အလည်ရောက်လို့လာပါတော့တယ်…. သူ့ကိုကြည့်ရတာ သိပ်ပြီးချောလှတယ်မဟုတ်ပေမယ့် ရုပ်တော့မဆိုးလှပါဘူး….သူက ရန်ကုန်ကနေ အလည်လာတယ်ဆိုပဲ သူ့နာမည်ကတော့ အောင်ဇေယျာတဲ့ သူက ကြည်နူးနဲ့ အသက်တူတူလောက်မို့ သူ့ကို ဇေယျာလို့ပဲ ခေါ်မိပါတယ်…..သူဘာကိစ္စနဲ့လာပါလိမ့်လို့ စပ်စုကြည့်မိတယ် အလည်သက်သက်ပဲဆိုတယ် သူယူဆောင်လာတဲ့ပစ္စည်းတွေထဲမှာ ကွန်ပျူတာဆိုလား မော်နီတာဆိုလား ပါလာပုံရတယ်…..အမြဲတမ်းဆိုသလို အားနေရင် တယောက်ယောက်နဲ့စကားပြောနေသလို ကြည်နူးတွေ့ရတယ်…..
တစ်နေ့တော့ ကြည်နူးရဲ့အဖေက….
“သမီးရေ…ကြည်နူး”
“အဘ ဘာလဲရှင့်”
“ဇေယျာက မြို့ကိုသွားချင်လို့တဲ့ကွယ်”
အားလားလား…..မြို့ဆိုတာ ကြည်နူးတို့နေတဲ့ရွာလေးနဲ့ အဝေးသားလား….သူ ဘာသွားလုပ်မှာပါလိမ့်လို့ ကြည်နူး စဉ်းစားမိလိုက်တယ်…ကြည်နူး ငါးခြောက်လှန်းရာကနေ ဖတ်သီဖတ်သီနဲ့ပြေးလာမိတယ်….
“ဇေယျာ မြို့ကို ဘာသွားလုပ်မလို့လဲ…”
“အရေးမကြီးဘူးဆိုရင် မသွားပါနဲ့လား..”
“မရဘူး ကြည်နူးရဲ့….သူနဲ့က တွေ့ရမှဖြစ်မှာ…”
“ဗုဒ္ဓေါရေ….ဘာများသွားလုပ်ပါလိမ့်နော်….”
ကြည်နူး တားလို့မရတော့…..သူ့ကိုကြည့်ရတာ အရေးကြီးကိစ္စရှိနေသည့်ပုံပင်…. ဂနာမငြိမ်….တလှုပ်လှုပ်တရွရွဖြစ်နေသည်သာ…ပြီးတော့ သူ့လက်ကိုကြည့်ပြန်တော့ လက်ထဲမှာ….ဟို သေတ္တာပုံစံလိုမျိုးအရာဝတ္ထုတစ်ခု ကိုင်လာသည်….ဘာကြီးပါလိမ့်နော်ဆိုပြီး..ကြည်နူးတစ်ယောက်…သူ့ကို မြို့လိုက်ပို့ဖို့ရာ ပြင်ဆင်ရပါတော့သည်…။
မြို့ကိုရောက်တော့ သူခေါ်တဲ့ဆိုင်တစ်ဆိုင်ကို ၀င်ပြီး ကြည်နူးလည်း လိုက်လာမိသည်…..
“ကြည်နူး…..ဒီဆိုင်က ကွန်ပျူတာဆိုင်လေ”
“ဒီဆိုင်က အင်တာနက်ဆိုင်…”
အင်တာနက်ဆိုတာ ကြည်နူးတို့အတွက် နားမလည် ကြည်နူးတို့က ငယ်စဉ်တည်းက ကျောင်းကို လေးငါးတန်းလောက်သာနေရသည်….ကျောင်းထွက်ပြီး လူသူမနီးတဲ့ ကျွန်းလေးမှာနေခဲ့ရတာမို့….ဘာရယ်မှ ခေတ်မီလှသည်မရှိ…သူများပြောမှ…အော်….ဒါရယ်ဆိုပြီး သိကြတဲ့လူတွေသာ…..တုံးတုံးအအဆိုလည်း မမှားနိုင်ဘူးပေါ့….
“အခု ဇေယျာ ဘာလုပ်မလို့လဲဟင်……”
“အော်….ရန်ကုန်က သူငယ်ချင်းနဲ့ စကားပြောမလို့လေ”
“ဟင်…..အဲလိုပြောလို့ရတယ်လား…”
“ရတာပေါ့ ကြည်နူးရဲ့”
“ကြည်နူးကိုလည်း သင်ပေးပါလားဟင်”
“နောက်တော့သင်ပေးမှာပေါ့…နော်”
သူဘာတွေလုပ်နေလဲ ကြည်နူးကြည့်နေမိသည်…..သူ့ရဲ့ ကွန်ပျူတာဆိုတာလေးကိုဖွင့်ပြီး….နားပေါ်ကိုလည်း ဘာလဲမသိဘူး စွပ်လိုက်ပြန်ပြီ……ဟော….ပြီးတော့ အ၀ိုင်းလေးလိုလို လေးထောင့်လေးလိုလို…အဲဒါလေးကို ဖွင့်လိုက်ပြန်တော့…သူ့ပုံကြီးကို မြင်ရပြန်တယ်…ဘာတွေလုပ်နေတာပါလိမ့်နော်လို့….စူးစမ်းပြီး ကြည့်နေမိတယ်….
ခဏအကြာမှာတော့…စာလုံးလေးတွေဆိုသလိုပါပဲ ပေါ်လာတော့တယ်….
 “ကြည်နူး ….နင် ခဏထိုင်အုံးနော်”
“ငါ စကားပြောလိုက်အုံးမယ်…”
“အင်းအင်း…ပြော”
ကြည်နူးတစ်ယောက် ဇေယျာပြောတာကို ကြည့်နေရင်း….ခဏအကြာမှာတော့….
“ပြန်မယ် ကြည်နူး…”
“ဟင်…ဘာတွေဖြစ်လို့တုန်း…”
“ဒီကောင်ကွာ….”
“တောက်…..”
ဇေယျာတစ်ယောက် စိတ်ဆိုးမာန်ဆိုး ဆိုသလိုပင် ဒေါသတွေထွက်နေတော့သည်…..သူ့၏သူငယ်ချင်းနဲ့ ရန်ဖြစ်နေခဲ့ပုံရသည်…. ပြန်မယ်ဆိုပြီး ကောက်ခါငင်ကာပင်  ကြည်နူးတို့နှစ်ယောက်လုံး ရွာကို ပြန်လာခဲ့ကြသည်….။
ဒီလိုနဲ့ ဇေယျာတစ်ယောက် ကြည်နူးတို့ရွာလေးကိုရောက်တာ ဘာလိုလိုနဲ့ ၃လတောင်ပြည့်သွားခဲ့ပြီပေါ့….တစ်နေ့တော့…ကြည်နူး ငါးခြောက်လှန်းဖို့ ပင်လယ်ကမ်းစပ်ကိုထွက်လာချိန်မှာတော့……ဇေယျာတစ်ယောက် နောက်ကနေ ရိပ်ခနဲဆိုပေါ်လာပြီး
“ဟေ့ ကြည်နူး..”
“အမလေး…ဇေယျာရယ်…လန့်လိုက်တာ”
“နင်ကလည်းလေ….ဘာလို့ အဲလောက်တောင်လန့်ရတာလဲဟ”
“အော် စဉ်းစားနေလို့ပါ….”
“အမယ် နင်က ဘာတွေများစဉ်းစားနေတာလဲ….ဘာလဲ ရည်းစားရှိလို့လား”
“မဟုတ်ပါဘူးဟယ်…..”
ကြည်နူးနဲ့ဇေယျာ ရင်းရင်းနှီးနှီးဆိုသလိုပင်ရှိနေကြသည်…။
“ဒါဆိုရင် ကြည်နူး နင့်ကိုငါ ရည်းစားစကားပြောမယ်ဟာ…”
“ဟင်…..ဇေယျာ..”
“ပေါက်ကရတွေမပြောနဲ့နော်….”
“တကယ်ပြောနေတာဟ….နင့်ကိုငါ ချစ်မိနေပြီ သိလား…”
“ဇေယျာ နင် ရူးနေပြီလား….မရူးလို့ပြောနေတာပေါ့ဟ”
“နင် စဉ်းစားကြည့်ပါအုံးဟယ်…..နင်နဲ့ငါ အဆင့်အတန်းချင်းမတူဘူးလေ…”
“ဘာအဆင့်အတန်းလဲ…..နင့်ကိုငါချစ်တာ ဘာအဆင့်အတန်းမှမပါဘူး ကြည်နူး”
“နင့်ရဲ့ ရိုးသားမှုကို သဘောကျလို့ ငါချစ်တာ”
“ပြော နင် ငါ့ကိုအဖြေမပေးဘူးလား…”
“ဇေယျာရယ်…..နင်ကလေ ဇွတ်ကြီးပါလား”
“ဟုတ်တယ် ငါက လိုချင်တာရှိရင် ဇွတ်ပဲ….မရဘူး…”
ကြည်နူးတစ်ယောက်တော့ ဇေယျာ့ကြောင့် ခေါင်းကြိမ်းနေခဲ့ရပြီ……ဇေယျာက ပညာလည်းတတ် ရုပ်ရည်ကလည်းရှိ…ကြည်နူးနဲ့များကွာတယ်လေ…..ကြည်နူး မမှန်းရဲပါဘူး…..သူ့ကိုတော့ ကြည်နူး စိတ်ဝင်စားမိပါတယ်….သူနဲ့တွေ့တိုင်းအချိန်တိုင်းဆို ရင်ဘတ်ထဲမှာ တဒိန်းဒိန်းနဲ့ပါပဲ…..အဲဒီစိတ်ဝင်စားခြင်းဆိုတာ ရင်ခုန်ခြင်းဆိုတာများလား…..အဲဒီလိုဖြစ်လာရင်ရော…..အဲဒါကို ချစ်တယ်ခေါ်တာလား….အို….ဘာတွေမှန်းကိုမသိတော့ပါဘူး…..
ဒီနေ့ဟာဆိုရင် မာန်အောင်မှာရှိတဲ့ သကျမာရဇိန်ဘုရားပွဲလေးပေါ့….ကြည်နူးတို့ ရွာသူမတွေက ညနေစောင်းဆိုရင် ဘုရားကို သွားကြဖို့ ပြင်ဆင်နေကြပြီ…..ရွာထဲမှာရှိကြတဲ့ ကာလသားတွေကလည်း တရုံးရုံးပေါ့….မိန်းကလေးတွေရော…ယောက်ျားလေးတွေရော ရှေ့ကတစ်ဖွဲ့….နောက်ကတစ်ဖွဲ့ဆိုသလို စီကာရီကာပျော်ပျော်ပါးပါးသွားကြသည်ပေါ့……ကာလသားအဖွဲ့ဆိုလို့….. ကာလသားတွေထဲမှာ ဇေယျာတစ်ယောက်ကိုလည်း ကြည်နူးမြင်လိုက်မိသည်…..သူလည်း ဘုရားပွဲကို လိုက်လာသည်ထင်မိသည်…။
“ကြည်နူး နင် ဒီနေ့လှတယ်သိလား”
“နင်ကလည်း ဟယ်…..”
“ဘယ်လိုလဲ ငါတောင်းထားတဲ့အဖြေလေ…”
“ငါ ရင်တွေခုန်နေတယ် ကြည်နူးရယ်…”
ဇေယျာက မြို့ကြီးသား ပညာတတ်ဆိုပေမယ့် သဘောထားဖြူလှသည်….စိတ်မနောကောင်းသည်….ဖော်ရွေခင်မင်တတ်သည်… အဆင့်အတန်းမခွဲခြား….ရိုးရိုးသားသားပင်…..။
“ကြည်နူးရော ဘယ်လိုမှ မခံစားရဘူးလား”
“ဟင့်အင်း….မခံစားရပါဘူး”
“ကြည်နူး ကျွန်တော့်အပေါ်ဆို ရက်စက်နိုင်တယ်နော်”
“တဖက်လူကိုလည်း သနားပါအုံး ကြည်နူးရယ်…”
“ဗုဒ္ဓေါရေ”
“ကြည်နူး ဘယ်သူ့ကိုမှ မရက်စက်ပါဘူး”
 “ကျွန်တော်က ကြည်နူးကို နူးညံ့တဲ့အချစ်တွေပဲပေးတာပါ”
“ကြည်နူးကရော ဘာပြောနေလို့လဲ ဇေယျာ့ကို”
“ကြည်နူးရယ် ပြန်ချစ်ပေးပါနော်….ဆန္ဒတွေပြင်းပြလို့ တောင်းဆိုနေတာပါ”
“ချစ်လွန်းလို့ပါ ကြည်နူးရယ်”
“ကြည်နူးရယ် …. ကျွန်တော့်မှာလည်း ကျွန်တော်မာနတော့ရှိပါတယ် ဘယ်မိန်းမမှအောက်မကျို့ဘူးဆိုတဲ့မာနပါ အခုတော့ ကြည်နူးရှေ့မှာကျွန်တော်…… ကြည်နူးသိပါတယ် အားလုံးကိုအရူံးပေးထားတာပါ ဘေးလုတွေတောင်မသိပါဘူး သိရင် ကျွန်တော်အပြောခံရမှာ …. အဲလောက်ထိ ကျွန်တော်ကြည်နူးအပေါ်ကိုချစ်တာ ကြည်နူးသိလား ကျွန်တော် အခုအချိန်အထိ ရည်းစားလုံးဝမရှိခဲ့ဘူး မိန်းမတွေကိုအောက်ကျို့ရမှာစိုးလို့ ကြည်နူး နဲ့တွေ့မှ ကျွန်တော့်မာနတွေ ဘယ်ရောက်မှန်းကိုမသိတော့တာ သိလား”
“ကလေးဆိုးကြီးပါလား ဇေယျာရယ်”
“အင်း ဟုတ်တယ်”
ဇေယျာက ကြည်နူးနားမှာ တဖွဖွပြောနေလာတော့ ကြည်နူး မနေနိုင်တော့ပါ…ဇေယျာရယ်….ကြည်နူးနဲ့ ဇေယျာက အဆင့်အတန်းချင်းမတူဘူးလေ…..ကြည်နူးရဲ့ရင်ထဲမှာ….တဒိုင်းခုန်နေတဲ့နှလုံးခုန်သံဟာ  ဇေယျာ့ကိုချစ်နေတယ်ဆိုရင်…ဒါဟာအချစ်ပေါ့နော်….သေချာတာပေါ့…..ဒါပေမယ့်လည်း ဇေယျာ့ကို ကြည်နူး ဘယ်တော့မှ အဖြေပေးမှာမဟုတ်တော့ပါဘူး……အဆင့်အတန်းချင်းမတူကြတဲ့ ကြည်နူးတို့နှစ်ယောက် လက်တွဲဖို့ဆိုတာ မဖြစ်နိုင်တော့လို့ပါ…..။
တရွေ့ရွေ့နဲ့ အချိန်တွေက ကုန်ဆုံးလို့ ဇေယျာတောင် ဒီနေ့ မြို့ကိုပြန်တော့မှာပါလား….အထုပ်တွေအပိုးတွေ ပြင်နေတဲ့ဇေယျာ့ကို ကြည်နူး သနားနေမိသည်….
“ကြည်နူး….”
“ရှင်…..”
“ကြည်နူးရယ်…..နှုတ်ဆက်ခဲ့ပါတယ်နော်….“
“ဒါပေမယ့် ကြည်နူး တစ်ခုတော့မှတ်ထားပေးပါ…”
“ကျွန်တော် ကြည်နူးကို သိပ်ချစ်ခဲ့တာပါ…”
“ကျွန်တော့်အတွက် အဖြေတစ်ခုမရခဲ့ပေမယ့်…ကြည်နူးကို တစ်သက်လုံးချစ်နေမှာပါ…”
ပြောပြောဆိုဆိုနဲ့ပင် ဇေယျာတစ်ယောက်မြို့ကိုပြန်သွားတော့သည်…..နှစ်တွေကကြာလာတော့လည်း အချစ်ဆိုတဲ့အရာတွေက မေ့လို့များသွားလေသလားမသိ….ကြည်နူးတယောက်တော့ ဝေးသီခေါင်ဖျားလှတဲ့ ရွာလေးမှာဘဲ တံငါအလုပ်လေးလုပ်ကိုင်ရင်း…. ဘ၀ကိုဖြတ်သန်းနေရသည်မဟုတ်ပါလား…အချစ်ဆိုတာ တစ်ကယ်တော့ ပိုင်ဆိုင်ခြင်းဆိုတာမရှိကြပေမယ့်လည်း ရင်ထဲမှာ မြတ်မြတ်နိုးနိုးရှိနေသည်က သူ့ကိုတကယ်ချစ်နေတာပါလားလို့….ကြည်နူးတစ်ယောက် နားလည်သွားခဲ့မိသည်……သူ့ကိုမှချစ်မိနေတဲ့ ကြည်နူးတယောက် မပိုင်ဆိုင်ရပေမယ့်လည်း…..ထာဝရချစ်နေအုံးမယ်ဆိုတာ…….ဟောဒီပင်လယ်ပြင်ကြီးက သက်သေတည်ထားလို့…. သစ္စာစကားတွေနဲ့အတူ….သူ့ကိုသိစေချင်ပါသေးတယ်….

“ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

No comments: