Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“အဖြူရောင်ခြယ်နှလုံးသား”

“အဖြူရောင်ခြယ်နှလုံးသား”

လူတကာတွေကြားမှာ အမူအရာတွေနဲ့ စံတင်ထားစရာကောင်းခဲ့တဲ့ ကျွန်မတို့ကို စုံတွဲလေးလို့ အများက ထင်ခဲ့ကြသလို….တကယ့်ကိုစုံတွဲဖြစ်ရလောက်အောင် ချစ်ခြင်းတွေနှောင်ဖွဲ့ သံယောဇဉ်တွေရစ်ပတ်ခဲ့လို့ ခုတော့ ပါးစပ်ရာဇ၀င်လေးတစ်ခုဖြစ်ခဲ့ပြီပေါ့ရှင်…..
အချစ်ဆိုတဲ့အရာဟာ ထူးခြားဆန်းကြယ်လွန်းလို့ ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေ လိုက်လို့မမီနိုင်တော့ပါဘူး.. ကျွန်မလည်း အချစ်ဆိုတာတွေထက် အချစ်ကို တန်ဘိုးထားခဲ့ပေမယ့်…ကံကြမ္မာရဲ့လှည့်စားချက်တွေက နှလုံးသားနှစ်ခုကို တစစီကွဲကြေမွစေခဲ့ပါပြီ….အိပ်မက်တွေမဟုတ်တဲ့ ချစ်ခြင်းတရားတွေဟာ ဘ၀နဲ့ယှဉ်လာတဲ့ အခါ အရှုံးပေးရစမြဲပါပဲ….
လူအများပြောကြတဲ့(၁၅၀၀)ဆိုတာကိုမှ အချစ်ရယ်လို့ ခေါ်ဆိုခြင်းမဟုတ်။ (၅၂၈)သွယ်စီးဆင်းခြင်းမေတ္တာ သည်လည်း အချစ်တစ်ခုပါပဲ။ ထပ်ပြီးတိုးလိုက်ရင် (၂၀၂၈)လို့ခေါ်တဲ့ အချစ်ကလည်း မွန်မြတ်လှပါသည်။ ချစ်ခြင်းအပေါ် ထားရှိသည့်စေတနာ၊ မေတ္တာတွေကသာ မှန်ကန်သောအချစ်တွေကို တုန့်ပြန်ပေးတတ်ပါသည်။
စာပေတွေကိုချစ်မြတ်နိုးသူ၊ အနုပညာစိတ်ရှိသူ၊ ခံစားတတ်သူဆိုပေမယ့်…အရာရာမှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ကျွန်မဆိုတဲ့မိန်းမသားတို့မှာ ခက်ခဲလှပါပြီလား…အချစ်ဆိုတဲ့အရောင်လေးက အဖြူရောင်လေး တစ်ခု ရယ်ပါ… ကျွန်မတို့တွေ အရောင်တွေဆိုးခဲ့ကြလို့ အချစ်တွေက အပြစ်တွေဖြစ်သွားတတ်သည်သာ… တကယ် ဆိုတော့ အချစ်ဆိုတာ ရိုးရိုးလေးပါပဲ….ကမ္ဘာပေါ်မှာရှိကြတဲ့ ကျွန်မအပါအ၀င် လူသားတိုင်း အချစ်ကို မြတ်နိုးကြ၊ ခုံမင်ကြ၊ ရူးသွပ်ကြနဲ့ အလုပ်တွေရှုတ်တတ်ကြခဲ့ပါရောလား…ချစ်ခဲ့မိကြတဲ့ကျွန်မတို့ စိတ်တစ်ခုရဲ့ ခံစားမှု၊ ဒဏ်ရာဆိုတာတွေက မမျှော်လင့်သော ကံကြမ္မာတွေက ရိုက်ခတ်လာပြန်တော့ မခံစားနိုင်သူတွေက ကျွန်မတို့ရဲ့နှလုံးသားတွေဖြစ်လာခဲ့ပါတော့သည်။
“ဘယ်လိုလဲ….ချစ်ကြအုံးမလား”လို့ မေးခဲ့ရင်ဖြင့်….ပိုးဖလံလို မီးကိုတိုးဆိုသလို ပူလောင်မှန်းသိရက်နဲ့ ၀င်တိုးနေခဲ့ကြတဲ့ ကျွန်မတို့တွေမှာသာ အပြစ်တွေရှိကြတာပေါ့…ကျွန်မလည်း အချစ်ဆိုတဲ့အရာကို ရူးရူး မိုက်မိုက်ဝင်တိုး ခဲ့ပြန်မိပါပြီ။
ကျွန်မတို့ငယ်ငယ်က heartထိတယ်ကွာဆိုတဲ့ အသုံးအနှုံးလေးကို ခုတော့ဖြင့် နားလည်ခဲ့ရပါပြီ… ဘယ်ဘက်ရင်အုံရဲ့ နှလုံးခုန်သံစည်းချက်တိုင်းမှာ တဒိန်းဒိန်းနဲ့ မြည်နေတာကို အချစ်လို့ ခုံမင်တတ်ကြပါတယ် တကယ်ဆိုတော့ နှလုံးသားနှစ်ခုစီရဲ့ ပွင့်ဖတ်လွှာတွေဟာ အပြစ်ဆိုတဲ့မြူမှုန်မျှမရှိအောင် ချစ်နေတတ်သည် ကသာ အချစ်လို့ ခေါ်ဆိုနိုင်ပါလိမ့်မည်…။
ဒေါသတွေ၊ လောဘတွေ၊ မောဟမီးတွေတောက်လောင်နေခဲ့ပြီး အချစ်ဆိုတဲ့အရာကို ခုတုံးလုပ်ပြီး နာကျည်းမှု၊ မုန်းတီးမှုတွေဟာအချစ်ဆိုသည်မမည်နိုင်ပါဘူး…ကျွန်မရဲ့ ဘယ်ဘက်ရင်ခုန်သံစည်းချက်တွေဟာ ရာဇ၀င်လေး တစ်ခု တွင်ကျန်ရစ်ခဲ့ရလောက်အောင် နှလုံးသားရဲ့ရှုထောင့်တနေရာမှာ အသားကျသွားခဲ့ပါပြီ။
ထာဝရပန်းကလေးတစ်ပွင့်လို လန်းဆန်းရှင်သန်နေအုံးမယ့် အဖြူရောင်ပန်းကလေးတစ်ပွင့်…. အရောင်တွေ လွင့်ပြယ်နေတဲ့ပန်းကလေးတွေကြားမှာ တောက်ပ၀ံ့ကြွားစွာနဲ့ လှချင်တိုင်း လှနေခဲ့ပြီ။ စွန်းထင်းမှုမရှိသော အဖြူရောင်ပန်းကလေးတစ်ပွင့်….ကျွန်မမြတ်နိုးခဲ့သည်…အချစ်ဆိုသည်မှာ အဖြူရောင်သဘောမျှသာ… ချောခြင်း၊ လှခြင်း၊ ခန့်ညားခြင်း၊ စတဲ့ပုံသဏ္ဍာန်များနှင့်မတူညီ….ရွေးချယ်ခြင်းမဟုတ်၊ အပြုသဘောမျှသာဖြစ် သည်။
ကျွန်မရဲ့နှလုံးသားသည်လည်း ဤအဖြူရောင်ပန်းကလေးနှင့် ထပ်တူထပ်မျှပင် လန်းဆန်းရှင်သန်ခဲ့ရသည်။ အရောင်တွေစွန်းထင်းကင်းမဲ့သည့် အဖြူရောင်ပန်းကလေးသည် ကျွန်မရဲ့ အဖြူရောင်နှလုံးသားပင်ဖြစ်နေ တော့သည်။
နေခြည်သစ်နွယ်(ပြည်)

No comments: