Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“မွေးရပ်မြေမှ အဖေ့ဆီသို့”

“မွေးရပ်မြေမှ အဖေ့ဆီသို့”

 မရောက်ခဲ့တာ နှစ်(၂၀)ကျော်လောက်ကြာပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ မွေးရပ်မြေလေးကို အလည်ရယ်ဆိုသလို ကျွန်မထွက်လာခဲ့မိပါတယ် အနှစ်(၂၀)ဆိုတဲ့အချိန်ကာလတွေက တော်တော်ကိုပဲကြာခဲ့ပါပြီ ကလေးဘ၀တည်းက ပညာတွေသင် ပညာတွေ ဆုံးခန်းတိုင်ပြန်တော့ ဘ၀အတွက် နေရေး ၀တ်ရေး စားရေးဆိုတဲ့အရေးသုံးပါးအတွက် ရှာရ ဖွေရ အလုပ်လုပ်ကိုင်ကြရသည်မဟုတ်ပါလား ဒီတော့လည်း မွေးရပ်မြေဆိုတာ အချိန်ပေးဖို့ထက် စိတ်အပန်းဖြေဖို့အတွက် ခရီးလေးတစ်ခေါက်လောက်ပင် မထွက်နိုင်ခဲ့ကြပါလား ဒီတစ်ခါတော့ လုပ်ငန်းခွင်တွေကလည်း ရပ်နားတဲ့အချိန်အခါမို့
နွေဦးရဲ့ သင်္ကြန်ကာလမတိုင်မီမှာဘဲ ကျွန်မ အပန်းဖြေခရီးရယ်ဆိုသလို ထွက်လာခဲ့မိတော့သည်….
မနက်ခရီးထွက်ဖို့အတွက် ကျွန်မ ညတည်းက အထုတ်အပိုးတွေပြင်ဆင်နေမိသည် မနက်ဖြန်မနက် (၈)နာရီကားနဲ့လိုက်ပါရမည်မို့  အစောကြီးထရပေအုံးမည် ….
မနက်မိုးလင်းတာနဲ့ ကပျာကယာ အထုပ်အပိုးတွေ ဆွဲယူပြီး ကားဝန်းကြီးရှိရာကို ထွက်လာခဲ့ရသည် မနက်(၈)နာရီထိုးပြီဆိုတော့ ကျွန်မစီးနင်းလိုက်ပါတဲ့ကားကြီးက တအိအိနဲ့ဆိုသလို ပြည်မြို့ကနေ ထွက်ခွာလာခဲ့ပါပြီ လမ်းတစ်လျှောက်မှာ ရွာငယ်လေးများ မြို့ငယ်လေးများကို ဖြတ်ကျော်ရင်း တောင်တွင်းကြီးဆိုတဲ့ မြို့လေးကို နေ့လည် (၁၁)နာရီခွဲလောက်မှာ ရောက်ခဲ့ပါတယ် တောင်တွင်းကြီးမြို့လေးမှာ တညတာ တည်းခိုခဲ့ပြီး မနက်မိုးအလင်းမှာတော့ ကျွန်မရဲ့ မွေးရပ်မြေလေးကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်….
မွေးရပ်မြေလေးက ဟိုးအရင်က ကားလမ်းခရီးဆိုတာ အင်မတန်မှ ရှားပါးလွန်းပါတယ် ရထားရယ်တတန် လှည်းရယ်တတန်နဲ့သာ သွားကြရတာမို့ ခရီးမတွင်ခဲ့ပါဘူး ခုတော့လည်း အနှစ်(၂၀)ကြာပြီဖြစ်တော့ ပြောင်းလဲမှုတွေက နဲနဲချင်းစီဆိုသလို ပြောင်းလဲလာခဲ့ပါတယ်
ကျွန်မ ကားဂိတ်ဘက်ရှိရာကို ထွက်လာခဲ့မိတယ် ကားဆရာတွေက…
“ဘယ်ကိုသွားမလဲ ဘယ်ကိုသွားမလဲအစ်မ”
“အော် ဒါ နတ်မောက်မြို့ကိုထွက်တဲ့ ကားလားမသိဘူးနော်”
“ဟုတ်ကဲ့ တက်လေ အစ်မ”
ကားသမားက ပြောပြောဆိုဆိုပါပဲ အတင်းတက်ခိုင်းနေပြီ ဘယ်ကားကိုတက်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး ဒါနဲ့ပဲ ကားဆရာကို
“ဟေ့ မောင်လေး ဘယ်ကားလဲကွယ်”
“အော် ဟုတ် ဒီကားပဲခင်ဗျ”
ကားဆရာပြောလိုက်လို့ ကျွန်မလှည့်အကြည့်မိမှာ အင်မတန်မှ မြင့်မားပြီး ကြီးမားတဲ့ ကုန်တင်ကားကြီးပေါ့ ကျွန်မတို့ မြို့လေးမှာဆို အဲဒီလိုကားမျိုးတွေကို ကုန်တင်တဲ့နေရာတွေမှာ အသုံးချချတာပါ ခုတော့ ဒီမြို့လေးမှာတော့ လူစီးယာဉ်ဆိုပြီး အထူးတလည်ကို စီးနေကြတာပေါ့ ဒါနဲ့ပဲ ကျွန်မ ကားပေါ်ကို မမှီမကမ်းနဲ့ ဟိုကတွဲလွဲ ဒီကတွဲလွဲတွေနဲ့ ကားပေါ်ကို မရောက်ရောက်အောင် တက်ခဲ့ပါတယ် ကားပေါ်ရောက်ပြန်တော့ ကျွန်မ ဘယ်နေရာမှာ ထိုင်ရမယ်မသိတော့ပါ ကားပေါ်မှာလည်း ဆန်အိတ်တွေက ပြည့်ပြည့်နှက်လို့ပေါ့ ကားအပြည့်ဆိုသလိုပါပဲ ကားထဲတစ်နေရာကိုကြည့်လိုက်ပြန်တော့လည်း အဘွားအိုတွေရော ကလေးတွေရော မိန်းမငယ်တွေရော ဆူဆူညံညံတွေနဲ့ပေါ့ သူတို့တွေကိုကြည့်ပြန်တော့လည်း ခေါင်းမှာ ဖျင်ကြမ်းမျက်နှာသုတ်တွေကို ပေါင်းထားကြတယ် ဒီလိုနဲ့ အဲဒီကုန်တင်ကားကြီးက တအိအိနဲ့ထွက်လာခဲ့ပါတော့တယ် ကားကြီးလည်းထွက်လာချိန်မှာတော့ ကျွန်မရဲ့ဘေးမှ အဖော်က…..
“အစ်မ သေချာကြည့်ထားနော်”
“ဘာလို့လဲ ညီမလေး”
“ဒီဘက်က အဘွားကြီးတွေက ကားစီးရင် နေရာလုကြတယ် တလမ်းဆင်း တလမ်းရပ်ကြတယ် သူတို့နေရာကို လုထိုင်ရင်လည်း မကြိုက်ဘူး အဲတော့ အစ်မ ကိုယ့်နေရာကိုယ်နေ”
“သြော်….ဒီလိုလား”
ဘာကြောင့်လဲလို့ စဉ်းစားမိတယ် သူတို့ဓလေ့များလားပေါ့ ဟုတ်မယ်ထင်ပါတယ် ကျွန်မကြည့်မိတယ် ကားလမ်းအတက်အဆင်းတွေမှာ နတ်မောက်မြို့လေးကို မရောက်ခင်စပ်ကြား ကုန်တွေကလည်းတင် လူတွေကလည်းတင်ပေါ့ လမ်းပေါ်မှာ ကတ္တရာလမ်းဆိုတာ မမြင်ဘူးခဲ့ပါဘူး ဖုံလုံးတွေက တလိမ့်လိမ့် နွားတွေများ ရွာထဲဝင်ရင် ပြေးလာသလားမှတ်ရပါတယ် ပါးစပ်တွေထဲဝင် ခေါင်းတွေပေါ်တင်နဲ့ မလွယ်လှပါဘူး သူတို့တွေ ဒါ့ကြောင့် ခေါင်းပေါင်းတွေပေါင်းထားတာလို့ ခုမှသိလိုက်ရတယ်
“ဟဲ့ ကောင်မလေး”
“ညည်း ဟိုဘက်တိုးစမ်း”
“ရှင်…. သမီးကိုပြောတာလား အဘွား”
“အေး..”
အဘွားအိုတယောက်က ကျွန်မကို အော်လိုက်တော့ ကျွန်မလည်း အော်..ခုနကညီမလေးပြောတဲ့ နေရာလုတာထင်ပါတယ်ဆိုပြီး ရယ်ချင်စိတ်တွေဖြစ်လာမိပါတော့တယ် လမ်းတလျှောက်မှာ ရာသီဥတုကလည်း ပူပြင်းခြောက်သွေ့လွန်းတော့ ရေတွေကလည်းဆာ ထမင်းတွေကလည်းဆာပေါ့ မနက်ပိုင်းဝတ်စားလာတဲ့ အ၀တ်အစားတွေကလည်း ဖုံတွေတင် မဲနက်နေတဲ့ဆံပင်တွေဆိုတာကလည်း အသက်များကြီးလားသလားမှတ်ရပါတယ် ဖွေးဖွေးဖြူလို့ပေါ့ ကားဂိတ်က၀ယ်လာတဲ့ ရေသန့်ဘူးလေးကို ကျွန်မ သောက်နေရပြီပေါ့ လမ်းပေါ် လမ်းဘေးဝဲယာတွေမှာ သစ်ပင်အိုကြီးတွေ ထန်းပင်တွေ ပြီးတော့ အသီးတွေပြိုင်ပြိုင်ထနေတဲ့အပင်ကြီးတွေ တွေ့ရတတ်ပါတယ် ကျွန်မတို့မြို့မှာရှိတဲ့ သစ်ပင်တွေကိုတော့ ခေါ်ဝေါ်တတ်ပြီး အညာမြေရဲ့ သစ်တောတွေကိုတော့ ကျွန်မနားမလည်ခဲ့တာအမှန်ပါ…ဒါနဲ့ပဲ ကျွန်မက ကျွန်မဘေးက အဖော်ညီမလေးကို
“ညီမလေး….ဟိုးမှာကြည့်စမ်း တွေ့လား”
“ဘာလဲ အစ်မရဲ့”
“အော်….ညီမလေးကလည်းလေ”
“ဟိုမှာလေ အသီးတွေ တွေ့လား….”
“အင်း….တွေ့တယ်လေ”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမလဲ ညီမလေးရဲ့ အဲဒါ ကင်ပွန်းသီးပင်လို့ခေါ်တယ်လေ”
“အမလေး…မြို့မှာဆို ဘယ်လောက်တန်ဘိုးရှိလိုက်မလဲနော့ ညီမလေးရာ”
“ခေါင်းလျှော်လို့ သိပ်ကောင်းပေါ့”
“ဟား….ဟား…ဟား… ဟား….ဟား…ဟား…”
ကျွန်မကို ချက်ချင်းဆိုသလို တဟားဟားနဲ့ လူပုံကြားမှာ ထရယ်လိုက်တော့ ကျွန်မဖြင့် အံ့အားသင့်မိသွားပါတယ် ဘာကြောင့် ဒီညီမလေး ရယ်ရတာလဲ ကျွန်မ မမှားပါဘူးဆိုပြီး ဆိတ်ဆိတ်လေးနေလိုက်မိသည် ကြာတော့မှ အဲဒီညီမလေးက
“အစ်မရယ် အဲဒါ ကင်ပွန်းသီးပင်မဟုတ်ဘူးအစ်မရဲ့”
“အဲဒါ ညီမလေးတို့အညာမှာ နေရာတိုင်းရှိတတ်တဲ့ ရှားသီးပင်လို့ခေါ်တယ်လေ”
“ဟင် ဟုတ်လား ညီမလေး”
“ဟား….ဟား…ဟား… ဟား….ဟား…ဟား…”
ကျွန်မလည်း ချက်ချင်းဆိုသလိုပါပင် ရှက်ရှက်နဲ့ ထရယ်လိုက်မိပါတော့တယ်
တဖြည်းဖြည်းနဲ့ နတ်မောက်မြို့လေးကို ရောက်တော့မှာပါလား အချိန်ကလည်း နေ့လည် (၁၁)နာရီထိုးတော့မည် ဗိုက်တွေကလည်း ဆာလှပြီပေါ့ တနေရာရောက်မှာတော့ ကြိုးတံတားလိုလို ဘာလိုလို တံတားလေးတစင်းတွေ့လိုက်မိပါတယ် အဲဒီတံတားလေးရဲ့ ညာဘက်ခြမ်းကနေ ကျွန်မစီးနင်းလာတဲ့ကားကြီးက ဖြတ်ကြရတာပါ ကျွန်မ မသိဘူးပေါ့ အဖော်ညီမလေးကို မေးကြည့်မိတယ်…
“ညီမ ဒါက ဘာတံတားလဲဟင်”
“အော် ဒါက ညီမတို့ ငယ်ငယ်ကဖြတ်ခဲ့တဲ့ ယင်းချောင်းတံတားပေါ့ အစ်မရဲ့”
“ဟင် ဟုတ်လား”
“ဟုတ်တယ်အစ်မ ခု တံတားလေးဆောက်နေတာထင်တယ်”
“မိုးတွင်းဆိုရင် ရေတွေကြီးလို့လေ လှည်းတွေ နစ် နွားတွေသေပေါ့ အစ်မရယ်”
“ခုတော့ နွေရာသီဆိုတော့ သဲတွေ သောင်တင်နေတာပေါ့”
“အော်….”
ကျွန်မတို့ကားကြီး တံတားနားကိုရောက်တော့ ကားပေါ်က သေသေချာချာကြည့်မိလိုက်ပါတယ် ဟုတ်ပါရဲ့ တံတားရဲ့အောက်မှာလည် သဲတွေကအများကြီးပါပဲ လက်ရှိဆောက်နေတဲ့တံတားပေါ်ကို ထိလုနီးပါးပါပဲ ရှေ့ဆက်ခရီးဆက်ခဲ့ကြပါတယ် (၂)မိုင်လောက်အကြာမှာတော့…..ဟောဟိုမှာ ကတ္တရာလမ်းကြီးပါလား.. လမ်းတလျှောက်လုံး နတ်မောက်မြို့လေးကိုသာ ရောက်လာတော့မယ် ကတ္တရာလမ်းဆိုတာ မမြင်ဘူးခဲ့ပါဘူး ကတ္တရာလမ်းမကြီးကိုတွေ့တော့ ကျွန်မဖြင့် ပျော်လိုက်ရပါသည်
“ညီမ ဒီလမ်းက ဘယ်မြို့ကို ဖောက်ထားတာလဲဟင်”
“အဲဒါ မကြာသေးမီက ဖောက်လိုက်တဲ့ နတ်မောက်-ပျော်ဘွယ် ကားလမ်းပေါ့အစ်မရယ်”
“အော် ဒါဆို အစ်မတို့ ဟိုတလောက သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ ဖွင့်ပွဲလုပ်တယ်ဆိုတဲ့ လမ်းပေါ့နော်”
“အင်း ဟုတ်တယ်လေ”
အဲဒီညီမလေးက သူ့ကိုဘာမေးမေး အကုန်သိဆိုသလိုပင် စကားပြောတာ အညာသံပါနေပေမယ့် ပညာတတ်ထားပုံတော့ရသည် သူလည်းပဲ သူမရဲ့မွေးရပ်မြေကို ကျောင်းပိတ်တုန်း အလည်လာတယ်ဆိုပဲ…..
အိပဲ့အိပဲ့နဲ့ဆိုသလို နတ်မောက်မြို့လေးကို နေ့လည် (၁၁)နာရီခွဲလောက်မှာ ဆိုက်ရောက်လာခဲ့ပြန်ပါတယ် အဖေတို့ရွာကို ခရီးဆက်ရအုံးမည်သာ ခရီးမဆက်ခင် ကျွန်မ ဒီမြို့လေးကို စပ်စုမိခဲ့သည် နေ့လည်ထမင်းစားချိန်ဆိုတော့ ကျွန်မ ထမင်းစားဘို့ ပြင်ဆင်သည် ထူးခြားတာကတော့ နတ်မောက်မြို့ဆိုတာ တကယ်တော့ တောနယ်လေးပါ အထက်အညာမြို့လေးတမြို့ပေါ့ လူတွေက ကျွန်မကို ၀ိုင်းအုံပြီး ဟိုဘက်က ကြည့်လိုက် ဒီဘက်ကကြည့်လိုက်ဖြင့် မနေတတ်တော့သည်အထိပင် စဉ်းစားမိသည် အော်….တောသားဆိုတာ ဒါကိုခေါ်တာလားမသိဘူးဆိုပြီးပေါ့…နှိမ်ချခြင်းရယ်မဟုတ်ပါဘူး ထိုတောမြို့လေးက လူတွေရဲ့ ၀တ်စားဆင်ယင်ပုံက ကျွန်မတို့မြို့မှာလိုမဟုတ် လုံချည်ဝတ်ရင်တောင် ၀တ်ပုံချင်းမတူပါဘူး ကွာခြားလှပါတယ် ကျွန်မ ထမင်းစားဘို့အတွက် ဆိုင်ထဲဝင်ထိုင်လိုက်မိပါတယ် ဆိုင်ရှင်က ထမင်းတွေဟင်းတွေ လာချပေးသည် ကျွန်မလည်း အားပါးတရစားမယ်ဆိုပြီး ဟန်ပြင်လိုက်သည် ထမင်းဝိုင်းကိုကြည့်လိုက်တော့ ချလာတဲ့ဟင်းလျာတွေက ကျွန်မတို့မြို့မှာမရှိတဲ့ ဗမာချဉ်ပေါင်ရွက်လို့ခေါ်တဲ့ ဖြူနေတဲ့အရွက်လေးတွေပေါ့ ပြီးတော့ ကြက်သားဟင်းတခွက် ကြက်သားဆိုပြီး ခတ်ကြည့်လိုက်တော့ မြို့ကလို စီပီဆိုတဲ့ကြက်မျိုးမဟုတ် ဗမာကြက်တွေသာ အဲ… ငါးပိရည်ဆိုတာတော့မပါ ငရုတ်သီးစားထောင်းပေါ့ ကျွန်မစားချင်စိတ်တွေဖြစ်မိသည် ကြက်သားဟင်းဆိုတာကလည်း မြို့နဲ့မတူ ဆီပြန်အောင်ချက်ထားသည် ဗမာကြက်မို့လို့လားမသိ ကြက်သားနံ့မွှေးနေသည် စားကြည့်လိုက်တော့လည်း အရသာကရှိနေသည်….ဒါနဲ့ပဲ အဖော်ညီမလေးက
“အစ်မရေ ညီမကတော့ ခုမှဘဲ ထမင်းစားကောင်းတော့တယ်ဟေ့”
“ဘာလို့လဲ ညီမလေးရ”
“အော် အညာဟင်းအညာထမင်းမို့လို့ပေါ့”
အဲဒီညီမလေးပြောသလိုပင် တကယ်ကိုစားကောင်းသည် ချက်ထားတဲ့ဆန်က ကျွန်မတို့မြို့မှာလို ပေါ်ဆန်းမွှေးဆိုတာမျိုးမဟုတ် မမာမကြမ်းမို့ ဟင်းနဲ့ပင် လိုက်ဖက်လွန်းသည် စားသောက်ပြီးမှာတော့ ထမင်းဆိုင်လေးရဲ့ ရှေ့ကို ကျွန်မ ထွက်လာခဲ့မိသည် အဲဒီမြို့လေးမှာ နေထိုင်ကြတဲ့သူတွေက ရိုးသားသည် ဖျင်အင်္ကျီ ဖျင်ထမီ ရိုးရိုးကြီးတွေပင် အစားအသောက် ခေတ်မီလှသည်မဟုတ် အပြင်အဆင်မခမ်းနားပေမယ့် စေတနာကောင်းသည် ရိုးစင်းသည် ကျွန်မတို့ မွေးရပ်မြေရွာလေးကို ကားစောင့်ရင်း လျှောက်ကြည့်ဖို့ ထွက်လာခဲ့မိပြန်သည်
ဈေးဆိုပါလား ဗိုလ်ချုပ်အောင်ဆန်းဈေးတဲ့ ကျွန်မတို့အဖေရဲ့ဈေးပေါ့ ဈေးရဲ့အကျယ်အ၀န်းက တော်တော်ကျယ်ဝန်းလှသည် ကျွန်မတို့ရောက်သွားတဲ့အချိန်လေးက ခုဆို နေ့လည် (၁)နာရီလောက်ရှိနေပြီပေါ့ ဒါပေမယ့်လည်း တောသူတောင်သားတွေက မနက်အစောကြီး ဈေးလာပြီး ညနေစောင်းမှ ၀ယ်စရာရှိသည်များကို ၀ယ်ခြမ်းပြီးပြန်ကြသည်သာပေါ့ ရွာနဲ့ မြို့နဲ့က အလှမ်းဝေးလွန်းသည် ဈေးထဲကို ပတ်ကြည့်မိသည် စုံစုံလင်ဆိုသလောက်ပါပဲ အဲ….တခုထူးခြားတာကတော့ ကျွန်မတို့ ထမင်းဆိုင်မှာစားခဲ့ရတဲ့ ဗမာချဉ်ပေါင်ရွက်လို့ခေါ်တဲ့ ချဉ်ပေါင်ရွက်တွေကို အများကြီးတွေ့ရတာပါပဲ တောသူတောင်သားတွေကလည်း တပွေ့တပိုက်ဆိုသလို ၀ယ်ခြမ်းကြပါတယ် အဲဒီချဉ်ပေါင်ရွက်တွေက ကျွန်မတို့မြို့မှာလို အစည်းလေးတွေလို ရောင်းတာမဟုတ်ပါဘူး ကျွန်မဈေးသည်ကို သွားမေးကြည့်မိတော့ ဒါတွေက အချိန်နဲ့ရောင်းတဲ့ချဉ်ပေါင်ရွက်တွေပေါ့….ဒီလိုနဲ့ ကျွန်မ ဈေးဘက်ကနေ မြောက်ဘက်ကို တည့်တည့်လျှောက်လာတဲ့အခါမှာတော့ ဗိုချုပ်အောင်ဆန်းပန်းခြံဆိုတာကို တွေ့လိုက်ရပါတယ် ကျွန်မလျှောက်လည်ကြည့်ချင်ပေမယ့် အချိန်မရနိုင်ခဲ့တော့ဘူးလေ ကျွန်မတို့မွေးရပ်မြေရွာလေးကို ရောက်ဖို့အတွက် ကားဂိတ်ဝန်းကို သွားတဲ့အခါမှာတော့ ကားဂိတ်က လူကြီးတယောက်က…

“ကလေးမတို့ ဒီနေ့က လပြည့်နေ့ကွဲ့….အခါကြီးရက်ကြီးဆိုတော့ ဘယ်ကားမှမထွက်ကြဘူးလေ”
“ဟာ ခက်ပြီ….”
“တခုတော့ရှိတယ် လုံမလေး”
“ဘာလဲဦးကြီး…ပြောပါရှင်”
“ဟိုဘက်မှာတဖွဲ့ရှိတယ်…မင်းတို့ရွာနဲ့ တလမ်းတည်းသွားရမှာ”
“သူတို့နဲ့ ညှိပြီး ကားငှားရင်တော့ အဆင်ပြေမယ်ကွဲ့”
“ကဲ မထူးတော့ပါဘူး ငှားလိုက်တာပဲကောင်းပါတယ်” ဆိုပြီး
ကျွန်မနဲ့အတူအဖော်ညီမလေး အခြားမိတ်ဆွေများ ကားတစ်စီးတည်း ခရီးနှင်ခဲ့ကြသည် ကျွန်မတို့မြို့က ကားတွေလိုမဟုတ် ထော်လာဂျီယာဉ်ငယ်လေးတွေသာဖြစ်သည် ထော်လာဂျီကားလေးက တအိအိနဲ့ဆိုသလိုပါပဲ ခရီးလမ်းတစ်လျှောက် သူ့အစွမ်းရှိသလောက်ပြေးဆွဲခဲ့သည်သာ ကျွန်မငေးကြည့်မိသည် လမ်းဆုံးတစ်လျှောက်မှာ ထန်းပင်အမြင့်ကြီးတွေ ယာတောတွေ ရွာလေးတွေ သာယာလွန်းသည် ထန်းပင်တွေကြည့်လိုက်ပြန်တော့ ထန်းရည်အိုးလေးတွေ တွဲလောင်းချိတ်ထားပြီး အသီးတွေကလည်း ဝေဆာပြွတ်သိပ်နေတာပေါ့ ထန်းတောတွေရဲ့ကြားတွေမှာ ထန်းတက်သမားတွေ ယာယီနေထိုင်တဲ့ တဲလေးတွေက သဘာဝအလျောက်ပင် ထန်းရွက်လေးတွေကို ကာမိုးပြီး ဆောက်လုပ်ထားသည်သာ တောရွာအညာဒေသဆိုတာ ဒါပါပဲလားလို့ ခံစားမိပါတယ် အညာဒေသလေးရဲ့ ပကတိသဘာဝရိုးစင်းလွန်းတဲ့ ကျွန်မတို့မွေးရပ်မြေလေးကို ဂုဏ်ယူမိပါတော့တယ်….အချိန်တွေက တဖြည်းဖြည်းနဲ့ဆိုသလို နေ၀င်ရီရောချိန်ရောက်လို့လာပါပြီ မွေးရပ်မြေရွာလေးကို ဘယ်ချိန်များရောက်တော့မလဲလို့ လည်ပင်းတရှည်ရှည်နဲ့ မျှော်ကြည့်မိပါသည် ပြွတ်ကျပ်သပ်နေတဲ့ ထော်လာဂျီကားသေးသေးလေးထဲမှာ များပြားတဲ့လူတွေကလည်း ပြည့်ပြည့်နှက်ပေါ့ ခရီးကကြာသည်သာ နတ်မောက်မြို့နဲ့ ကျွန်မတို့မွေးရပ်မြေရွာလေးက ခရီးမိုင်အားဖြင့် (၁၂)မိုင် သာသာရှိသည်ထင်မည် တလိမ့်လိမ့်နဲ့ ခရီးနှင်ခဲ့တာ ခုတော့လည်း ည(၁၀)နာရီခန့်လောက်မှာဘဲ မွေးရပ်မြေရွာလေးကို ရောက်ခဲ့ကြပါပြီ ကျွန်မတို့ရောက်ရှိချိန်က လပြည့်နေ့ဆိုတော့ ပြည့်ဝန်းနေတဲ့လမင်းကြီးက ရွာရဲ့အမှောင်ထုကို ဖုံးလွှမ်းစေပါတယ် လျှပ်စစ်မီးဆိုတာ ဘာမှန်းမသိတဲ့ ရွာကလေးအတွက်တော့ လမင်းကြီးက သူတို့အတွက်တော့ တန်ဘိုးထားစရာပါ ရွာထဲကို ကျွန်မတို့ ခြေလှမ်းတွေလှမ်းနေပါပြီ ရွာတောင်လား မြောက်လားဆိုတာ မသိသလောက်ပါပဲ အနှစ်(၂၀)ကြာပြီဖြစ်လို့ အရာရာလည်း ပြောင်းလဲနေခဲ့ပါပြီ…..ခြေလှမ်းကျဲကျဲလေးနဲ့ လှမ်းလာချိန်မှာတော့…. ရွာမှ ဆွေမျိုးတွေက ခရီးဦးကြိုဆိုလို့ပေါ့ သူတို့တွေက ကျွန်မကို နွေးထွေးစွာကြိုဆိုခဲ့ပါတယ် တွေ့ဆုံခိုက်လေးမှာ စကားတွေ ပြောကြရင်း မနက်မိုးစင်စင်လင်းတဲ့အခါမှာတော့ ကျွန်မ ရွာလေးကို လေ့လာကြည့်ခဲ့မိသည် အေးချမ်းခြင်းတွေပြည့်စုံနေပါတယ် ခြောက်သွေ့လွန်းတဲ့ ရာသီဥတုမှာ သဘာအတိုင်းသာပင် ရွာရဲ့အခေါ်အဝေါ် စကားလေးတွေကလည်း ကျွန်မအတွက် အသစ်အဆန်းလိုပါပင်…..
“ဟေ့ အစ်မ ဘာတွေလုပ်နေတုန်း”
“ပျင်းနေပြီလား….”
“ကျုပ်တို့ရွာကတော့ ဒီလိုဘဲအေ့….ဘာမှရှိတာမဟုတ်ဘူး…”
“ခုတောင် တော်တော်ခေတ်မှီလာတာ…..”
သူတို့ပြောသလိုပါပဲ တစ်ရွာလုံးခြုံကြည့်မှ ဗွီဒီယိုလေးတစ်လုံးသာရှိကြသည် မိုးလင်းမိုးချုပ် ယာတောထဲမှာ ပင်ပန်းဆင်းရဲစွာနဲ့ အလုပ်လုပ်ကြရပြီး နေ၀င်ရီမှောင်တော့မှ ဗွီဒီယိုလေးအပြေးအလွားကြည့်ကြရသည် ညနေစောင်းဆိုသလို ရွာထဲက ရုပ်ရှင်ပြစားတဲ့အိမ်မှ အသံချဲ့စက်ကြီးဖွင့်ပြီး ဒီနေ့တော့ ဘာကားပြမယ် မင်းသမီးကဘယ်သူ မင်းသားကဘယ်သူပေါ့ ရုပ်ရှင်ပြတဲ့အချိန်ဆိုရင်လည်း မြေကြီးပေါ်တွေမှာ သစ်သားထိုင်ခုံအနိမ့်လေးတွေကို ခုထိုင်ပြီး သူတို့နှုတ်ဖျားကလည်း တတွတ်တွတ်ဆိုသလိုပါပဲ
ထိုးလိုက်ပါကွ ချလိုက်ပါကွဆိုတဲ့အသံတွေနဲ့ သူတို့ကြိုက်တဲ့မင်းသားမင်းသမီးများဆို အပြေးအလွှားနဲ့ပါပဲ ဒါကလည်း ကျွန်မတို့မွေးရပ်မြေရဲ့ သဘာဝတွေပဲပေါ့….
ကျွန်မစဉ်းစားမိလိုက်ပါသည် ကျွန်မတို့မွေးရပ်မြေလေးဟာ အင်မတန်မှ ချစ်စရာကောင်းပြီး သဘာဝအတိုင်းလှပနေတဲ့ ဒီနေရာလေးဟာ ယခု ကျွန်မတို့ရဲ့အဖေ ကမ္ဘာကနေအသိအမှတ်ပြု ကျွန်မတို့ အေးအေးချမ်းချမ်းနေနိုင်ရအောင် ဖန်တီးကြိုးစားပေးခဲ့တဲ့ အဖေ့ရဲ့ မွေးရပ်မြေလေးမဟုတ်ပါလား ဒီနေရာ ဒီဒေသလေးကို ရောက်လာမိတိုင်း အဖေ့ကို သတိရလွမ်းဆွတ်နေရပါတယ် အဖေရယ်….အဖေ့ရဲ့အိမ်လေးကလည်း အရင်ကအတိုင်းပါပဲ လှည်းလေးနဲ့သွားပြီး ယင်းချောင်းရဲ့တစ်နေရာမှာ အဖေရှိနေခဲ့တယ်နော် အဖေ့ရဲ့မွေးရပ်မြေနဲ့ထပ်တူ ကျွန်မကို လောကကြီးက မွေးဖွားခွင့်ပေးခဲ့အတွက် ကျေးဇူးတွေတင်နေမိပါတယ် ဒီနေ့ဟာ အဖေ့ရဲ့ မွေးနေ့ပေါ့ အဖေ့ရဲ့ တေးသံတွေ အဖေ့ရဲ့သီချင်းတွေ အဖေ့ရဲ့သမိုင်းတွေ အဖေ့ရဲ့ စွန့်စားမှုတွေက
ကျွန်မတို့ရဲ့ ရင်ထဲနှလုံးသားထဲမှာ ကမ္ဘာတည်နေပါတယ်အဖေ….. အဖေမရှိတော့ပေမယ့်လည်း အဖေ့ရဲ့မွေးရပ်မြေကိုရောက်တိုင်း အဖေ့ရဲ့ ဆွေမျိုးတွေက ဖော်ရွေပျူငှာစွာနဲ့ ကြိုဆိုနေကြတယ်အဖေ….အဖေလည်း ၀မ်းသာပီတိဖြစ်ပြီး ဂုဏ်ယူနေမှာပါနော်…

“ံHAPPY BIRTHDAYပါ အဖေ”

“ပြည်ထောင်စုမှာ တည်ထောင်ပြုတဲ့
ဗိုတေဇ (ခ) ဗိုလ်အောင်ဆန်း
ဓားကိုကိုင်စွဲ ၀ံ့ကြွားဟန်နဲ့
တည်ကြည်တဲ့စိတ်ထား အစဉ်လာတရားနဲ့
ညီညာကြိုးစား လွတ်လပ်ရေးအား
ရယူခဲ့သည် ဤမြန်မာပြည်……
အောင်ဆန်းခေါင်းဆောင် ဇာနည်(၉)တောင်
လိုက်ပါမည်သား ညီညာအားနဲ့
ရည်ရွယ်ကာထားခဲ့ပေမယ့်
ပီပီပြင်ပြင်စိတ်ထား ကြိုတင်ကာကြံရွယ်လို့ထား
မသမာသူ ဤစိတ်ထားတွေကြောင့်
ကျည်ဆံမှန်(၁၃) နေရာတွင်ဗုန်းဗုန်းကျ မြေခလို့သေခဲ့ရပေမယ့်
အသက်တွေပေး ချွေးတွေလည်းဆပ်ခဲ့ရသည်
ခုချိန်ထိ ဤမြန်မာပြည် လွတ်လပ်လို့နေပါသည်….
သူတို့အတွက် ပုံထု ဂုဏ်ပြုလို့ကြိုဆိုပါမည်
ဒီနေ့မှာကျရောက်ပါသည်
သူတို့အတွက် ဒိုင်ယာရီ
မှတ်တမ်းတင်ကမ္ဗည်းထိုး ရေးထိုးဖို့ ကျရောက်လာပြီ
ဒီပြည်ထောင်စုရဲ့ တည်ထောင်ပြုတဲ့ ဤနေ့ရက်မှာ
ကြိုဆိုကာလက်ကမ်း ၀မ်းပန်းတသာနဲ့ကြိုနေပါမည်
အောင်ဆန်းရဲ့ မွေးနေ့ရာသီ
ဖေဖော်ဝါရီ(၁၃) ကုန်လွန်ကာမမေ့စေချင်သည်
ကြိုဆိုကာ နေလေအုံးမည်
အောင်ဆန်းအတွက် သီးသန့်ဖြစ်တည်
ချစ်ကြည်စွာစိတ်ထား ညီညာအားဖြင့် ဂုဏ်ပြုကြမည်
လာ…အတူ အရောက်သွားကြမည်
ဒီဖေဖော်ဝါရီ(၁၃)ဆီ……..
“အဖေ့ရဲ့ မွေးနေ့အတွက် ဂုဏ်ပြုကဗျာလေးတစ်ပုဒ်ကို ကျွန်မတတ်မြောက်ထားတဲ့ ရင်ထဲကစာသားတွေနဲ့ ဂုဏ်ပြုခဲ့ပါရစေအဖေ……အဖေ့ရဲ့ မွေးနေ့မှာ အဖေနဲ့အတူ အသက်ပေးခဲ့ကြတဲ့ အဖေ့ရဲ့ ရဲဘော်ရဲဘက်သူငယ်ချင်းတွေနဲ့အတူ ကောင်းကင်ဘုံတစ်ခွင်မှာ ပျော်ရွှင်နိုင်ကြပါစေသားလို့ ကျွန်မတစ်ယောက် တောင်းဆုတွေပြုရင်း အဖေ့ရဲ့ မွေးရပ်မြေလေးကို လွမ်းဆွတ်တမ်းတခြင်းတွေနဲ့အတူ ပြန်လည်ထွက်ခွာလို့ နှုတ်ဆက်ခဲ့လိုက်ပါရစေသားအဖေရယ်……”


”ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

No comments: